← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 54 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 54 Ch. 721-722

အပိုင်း ၇၂၁ - ဝိညာဥ်ပိုင်းဆိုင်ရာ ပတ်သက်မှု

ယွမ်ရှောင်၏ စကားအဆုံးတွင် ရှန်ရီနှင့် အလောင်းနတ်ဆိုးများသည် ထိုက်ဝေ၏ အလောင်းကို ဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်ကြသည်။ ခန္ဓာကိုယ်ကြီးက ပျက်စီး ကြေမွ၍ ဘာမှမရှိသည့်အဖြစ်သို့ ကျုံ့ဝင်သွားသည့်အပြင် ဖုန်မှုန့်များအဖြစ် လွင့်ပြယ်ကုန်သည်။ သူ၏ ဓားအရိုးကို ဝါးမျို၍ ဓားဝိညာဥ်အား သိမ်းယူရန်ပင် အချိန်မရလိုက်ပေ။

"သေပြီလား"

သတ္တမမင်းသမီးသည် စိတ်ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း အသံတုန်ယင်လာ၏။

"လုံးဝတော့ မဟုတ်ဘူး"

ယွမ်ရှောင်၏ လက်ဖဝါးအတွင်း အကြွင်းအကျန် ဝိညာဥ် ရှိနေပြီး ရှောင်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသောအခါ ခေါက်ဆွဲဖတ်တစ်ခုလို ပျော့ဖတ်သွားခဲ့သည်။ ၎င်းက ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လာသောအခါ မှုန်ဝါးဝါးမြင်ကွင်းအတွင်း လူငယ်စုံတွဲ ရှိနေသည်။ သူ၏ မျက်နှာက စိတ်ပျက်မှုကြောင့် တွန့်လိမ်သွားပြီး ဝိညာဥ်သည် ခံစားချက်ကို ထုတ်ပြခဲသော်လည်း နောင်တရနေပုံပေါ်၏။

"နောက်ဆုံးစကား ဘာပြောချင်သေးလဲ"

"ရတနာလေးပါက ကြယ်တာရာအကာအကွယ်ကို ထိန်းချုပ်နိုင်တယ်။ ငါ ခံစားမိနေတယ်။ အဲ့တာ ပြန်ရောက်လာပြီ"

"နင်က နောင်တရတာကို ပြချင်နေတာလား။ အခုကျ အေးအေးချမ်းချမ်း အနားယူပြီး မဟာတာအို နယ်မြေကို ငါတို့လက်ထဲ ထားခဲ့ချင်နေပြီပေါ့"

ရှန်ရီ၏ အသံက ရေခဲတောင်ကြီးပမာ အေးစက်တင်းမာလျက်ရှိသည်။

"ငါ..."

အဖြူရောင်ဧကရာဇ် ထိုက်ဝေက စကားဆက်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။

"နောင်တရချင်သလို ဟန်ဆောင်နေလို့လည်း ဘာမှမထူးဘူး။ နင် ယုတ်မာခဲ့တာ လုံလောက်တာထက် ပိုနေပြီ။ နောက်ဆုံး သေကာနီးမှာတောင် ငါ့ကို ရွံအောင် လာလုပ်နေတယ်"

သူမက အဆက်မပြတ် ကဲ့ရဲ့ပြစ်တင်လိုက်သောအခါ အကြွင်းအကျန် ဝိညာဥ်မှာ မှေးမှိန်စပြုလာသည်။

"သူ့ကို လွယ်လွယ်နဲ့ မသေစေနဲ့"

ထို့နောက် သူမသည် ယွမ်ရှောင်ကို မှာကြားကာ ပြတ်သားသော ခြေလှမ်းများဖြင့် ရတနာလေးပါး ရှိရာသို့ ချာခနဲ လှည့်ထွက်သွားတော့၏။

"လုဖန်ကို အနိုင်ယူပြီး ငါ့ထက် ပိုဆိုးအောင် သတ်ပေးနိုင်မလား"

ထိုက်ဝေသည် ယွမ်ရှောင်ကိုလည်း နောက်ဆုံးဆန္ဒအား တောင်းဆိုခဲ့သည်။

"ကိစ္စမရှိဘူး။ ဒီအောက်တန်းစားကို ကိုင်တွယ်ဖို့ ငါ စဥ်းစားထားပြီးသားပဲ။ အချိန်ကျလာရင် လူယုတ်မာ အကုန်လုံး ခံစားရမှာပါ"

ယွမ်ရှောင်က စကားဆက်ပြောရန် စိတ်မဝင်စားတော့ဟန်ဖြင့် ကျောက်စိမ်းပုလင်းအတွင်း အကြွင်းအကျန်ဝိညာဥ်ကို ထည့်သွင်း အကျဥ်းချထားလိုက်သည်။ ထိုအခိုက်အတန့်တွင် နောက်လိုက်ပေါင်း သန်းချီ၏ အမုန်းမျက်လုံးများက ထိုပုလင်းထံ ပြိုင်တူ ကျရောက်နေ၏။

"သူ့ကို ပြစ်ဒဏ်ပေးလိုက်ပြီ။ မင်းတို့က ဘာကြောက်နေတာလဲ။ အောင်ပွဲခံလိုက်ကြတော့လေ"

ဤကြေညာချက်ကြောင့် အစပိုင်းတွင် တိတ်ဆိတ်နေသော လူအုပ်ကြီးထံမှ ဝမ်းသာမျက်ရည်များ ကျဆင်းလာကြ၏။ သူတို့သည် အပြစ်သားဖြစ်သော ထိုက်ဝေကို ဘဝတလျှောက်လုံး ကြောက်ရွံ့ခဲ့ရပြီး နားခိုရာလက်နက်ကြောင့် အခြေအနေ ပြောင်းလဲသွားမည့်အပေါ် စိုးရိမ်လွန်နေခြင်း ဖြစ်သည်။ သာမန်အင်မော်တယ်များအတွက် ထိုက်ဝေ အရှုံးကြီးရှုံးကာ ဝိညာဥ်ပင် ချုပ်နှောင်ခံလိုက်ရသည်အထိ အဖြစ်ဆိုးသွားသည်မှာ ယုံနိုင်ဖွယ် မရှိပေ။ လက်ရှိတွင် သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်၍ ခန္ဓာကိုယ်ပင် အကောင်းအတိုင်း မကျန်ရစ်ဘဲ အကြွင်းအကျန်ဝိညာဥ်သာ ကျန်ရစ်ခဲ့သည်။ ဖိအားများကို တစ်သက်လုံး ခံစားနေရသော လူအုပ်ကြီးသည် သတင်းကောင်းကို နောက်ဆုံးတွင် လက်ခံလိုက်ကြပြီး ခဏအတွင်းမှာပင် တော်ဝင်နန်းတော် တစ်ခုလုံး အောင်ပွဲခံ ဟစ်ကြွေးသံများ ပဲ့တင်ထပ်သွားတော့၏။ စကားလုံးအများစုသည် ထိုက်ဝေအစား ယွမ်ရှောင်ကိုသာ သူတို့၏ ဧကရာဇ်အဖြစ် အုပ်ချုပ်စေလိုကြောင်း ပြောပြနေသည်။

"ကြယ်တပ်မတော် တစ်ခုလုံးနဲ့ တော်ဝင်မျိုးဆက်တွေ သေပြီ"

"ဌာနဆိုင်ရာ တပ်မဟာတွေရဲ့ အရာရှိတွေလည်း သေကုန်ပြီ"

"အဖြူရောင် ဧကရာဇ် သေပြီဆိုတော့ ဒါက ကောင်းကင်ရုံးတော်ကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းဖို့ အချိန်ကောင်းပဲ"

"စီရင်သူလု၊ မဟာတာအိုနယ်မြေကို အုပ်ချုပ်ပြီး ကောင်းချီးပေးပါ"

ကောင်းကင်ရုံးတော်တစ်ခွင် ပျံ့နှံ့နေပြီးဖြစ်သော သတင်းများကြောင့် သူတို့၏ အမြင်တွင် အဖြူရောင် ဧကရာဇ်ကို သတ်ပစ်ခဲ့သည့် လူငယ်လေးမှာ ကောင်းကင်ပျံသန်းမြို့တော်မှ စီရင်သူ ဖြစ်နေဆဲပင်။ သို့ရာတွင် အစစ်အမှန် ရန်သူဖြစ်သော ဖရိုဖရဲ မူလဝိညာဥ် ကျန်ရစ်နေကြောင်းကိုမူ သူတို့ မသိကြဘဲ ဧကရာဇ်အသစ် ဘိသိက်ခံပွဲကျင်းပရန် ဆော်သြောနေကြ၏။

"ခဏလောက် နေကြပါဦး"

ယွမ်ရှောင်က ရုတ်တရက် လက်မြှောက်၍ တိတ်တိတ်ဆိတ်ဆိတ် နေရန် အချက်ပြလိုက်သောအခါ ပတ်ဝန်းကျင်သည် ဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့သည်။

"အင်မော်တယ်အပေါင်းတို့၊ ငါက ခရီးသည်တစ်ယောက်ဖြစ်ပြီး တိုက်ခိုက်တာ ထူးချွန်ပေမယ့် ပြည်သူတွေကို အုပ်ချုပ်ပြီး လမ်းညွှန်ပေးဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ညံ့တယ်။ ငါ့မှာ ဒီလိုအရည်အချင်းမျိုး မရှိဘူး"

ထိုကြေညာချက်ကြောင့် လူတိုင်း၏ အပြုံးများ တောင့်တင်းသွားကာ အံ့သြတကြီး ဖြစ်ကုန်သည်။ သူက အခွင့်အရေးကို ဖမ်းဆုပ်၍ ရှန်ရီထံ ညွှန်ပြကာ ဆက်ပြောလိုက်၏။

"မင်းတို့အားလုံး ​မမြင်ကြဘူးလား။ နေနဲ့ လကိုတောင် ယှဥ်နိုင်လောက်တဲ့ ဧကရီတစ်ပါးရဲ့ အရှိန်အဝါ ပိုင်ဆိုင်ထားသူ တစ်ယောက်ရှိတယ်။ ဒီမိန်းကလေးက ပြိုင်ဘက်ကင်း အုပ်ချုပ်သူတစ်ယောက် ဖြစ်ပြီး မဟာတာအိုနယ်မြေရဲ့ အစစ်အမှန် အနာဂတ်လည်း ဖြစ်တယ်"

ယွမ်ရှောင်၏ တောင်းဆိုချက်အတိုင်း အင်မော်တယ်များသည် ရှန်ရီကို ဧကရီအဖြစ် လက်ခံလိုက်ကြပြီး ငြင်းစရာ မရှိချေ။ တိုက်ပွဲတလျှောက်လုံး သူမ၏ လုပ်ရပ်များသည် ချီးကျူးထိုက်၍ တိုက်ပွဲစွမ်းရည်တွင်သာ ယွမ်ရှောင်အောက် အားနည်းခြင်း ဖြစ်သည်။

"အရုဏ်ဦးဧကရီ"

ရင်းနှီးနေသော ဘွဲ့အမည်က နောက်တစ်ကြိမ် မြည်ဟီးသွားပြန်သည်။ ထိုခေါ်သံသည် သူမကို ချန်ရီ အုပ်စိုးခဲ့ဖူးသော သေမျိုးကမ္ဘာအား အမှတ်ရသွားစေ၏။ သို့သော် အတိုင်းမသိ ကျယ်ဝန်းလှသော ဤနယ်မြေကြီးနှင့် ယှဥ်လျှင် ၎င်းက အစက်အပြောက်ပမာ သေးငယ်သွားပေလိမ့်မည်။

"နင် ဘာတွေ ကြံနေပြန်ပြီလဲ"

"ငါက နောက်ကွယ်မှာ နေပြီး မင်းရဲ့အောင်မြင်မှုကို ပံ့ပိုးပေးနိုင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတာပါ"

"ဟွန့် အကြောင်းမသိရင် ခက်မယ်"

ရှန်ရီသည် ယွမ်ရှောင်အကြောင်း ကောင်းစွာ သိထားပြီး တစ်နေရာတည်းတွင် ငြိမ်ငြိမ်လေး နေထိုင်၍ တာဝန်ယူရမည်ကို သေမတတ် ကြောက်သူဖြစ်ကြောင်း နားလည်နေသည်။

"ကောင်းကင်ရုံးတော်ကို ပြန်လည် ထူထောင်ဖို့က စောပါသေးတယ်။ လုဖန်က သေချာပေါက် ပြဿနာဖြစ်လာမှာပဲ။ အဆုံးအဖြတ် တိုက်ပွဲက မပြီးသေးဘူး။ အခုမှ အစရှိသေးတယ်"

ချစ်သူနှစ်ယောက်က ဤရန်သူအကြောင်း ကောင်းကောင်း နားလည်၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"မင်းက ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် လုပ်ပေးလိုက်။ လုဖန်ကို ငါ လိုက်ရှာမယ်"

"ကောင်းပြီ"

ယွမ်ရှောင်၏ အကြံကို သူမက ချက်ချင်း သဘောတူခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရာ၌ အမြဲတမ်း ချောမွေ့ကြသည်။ လက်ရှိတွင် မဟာတာအို နယ်မြေတစ်ခုလုံးက ထိုက်မင်းဆက် ပြိုကျသွားသဖြင့် ဆူပူသောင်းကျန်းသူများ ရှိလာပေလိမ့်မည်။ ယွမ်ရှောင်အနေဖြင့် ဤမိန်းကလေးက ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်လိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်ထား၏။ သူက သူမနှင့်အတူ အချိန်ဖြုန်းချင်သော်လည်း ရန်သူတစ်ယောက် ကျန်ရစ်နေသဖြင့် ထွက်သွားရန် ခြေလှမ်းပြင်လိုက်သည်။

"ခဏလေး"

"ဘာလို့လဲ"

"လန်ရီက နင့်ကို ပြောခိုင်းလိုက်တယ်။ သူ ခွင့်လွှတ်ပါတယ်တဲ့"

"အခု ခန္ဓာကိုယ်ကို ထိန်းချုပ်နေတာ မင်းပဲ မဟုတ်လား၊ လန်အာ"

ရှက်သွေးဖြာ၍ ခေါင်းငုံ့ထားသော မိန်းကလေး၏ အမူအရာကြောင့် မည်သူ၏ စရိုက်ဖြစ်ကြောင်း ယွမ်ရှောင်က ချက်ချင်း သဘောပေါက်သွားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ စောင့်ကြည့်နေသော မျက်လုံးများစွာ ရှေ့မှောက်တွင် သူက ပွေ့ဖက်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ထိုက်မင်းဆက် တံဆိပ်တော်ဖြင့် ရင်ဘတ်တွင် ထောက်ထားခံလိုက်ရ၏။

"နေစမ်းပါဦး။ နင်က ငါ့ကို တကယ်ကြိုက်တာလား"

ထိုအမူအရာနှင့် ပြောင်းလဲမှုကြောင့် သူမသည် လန်ရီ၏ စရိုက် မဟုတ်တော့ဘဲ ထိုက်ဝေကို အငြှိုးကြီးစွာ သတ်ပစ်လိုက်သော သတ္တမမင်းသမီး ရှန်ရီဖြစ်သွားကြောင်း ရှင်းလင်းနေ၏။

"အေး"

ယွမ်ရှောင်က ခပ်ပြတ်ပြတ် ဖြေလိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် ငါတို့အကြားမှာ ဝိညာဥ်ရေးရာ ပတ်သက်မှုပဲ ရှိရမယ်"

သူမက ဤသို့ ပြောလိုက်သော်လည်း တံဆိပ်တော်ကို သတိဖြင့် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"အဲ့တာက ဘာလဲ"

"ငါ့ကို ထိဖို့ ဘယ်တော့မှ မကြိုးစားနဲ့လို့ ပြောတာ"

ယွမ်ရှောင်က ရယ်ရအခက် ငိုရအခက် ဖြစ်သွား၍ မေးခွန်းထုတ်လိုက်သောအခါ သူမသည် မျက်စောင်းတစ်ချက်ဝင့်၍ ရှင်းပြလိုက်၏။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအရ စရိုက်သုံးမျိုးသည် ဖြည်းဖြည်းချင်း ပေါင်းစပ်နေကာ တစ်လှည့်စီ ဖြစ်နေတတ်သော်လည်း မှတ်ဉာဏ်များက တူညီနေပုံရသည်။

"ဒီလောက်အထိ ဖြစ်စရာ လိုအပ်လို့လား။ ငါ တစ်ခုခု စဥ်းစားပါဦးမယ်"

ရိုးရိုးသားသား ပြောရလျှင် လန်ရီသည် အလှဆုံးနှင့် အပြစ်အကင်းဆုံး ဖြစ်ကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အထိအတွေ့ အရသာကို သူက အမှန်တကယ် တမ်းတနေမိ၏။

"မလိုဘူး။ နင် အောက်တန်းကျတာတွေ လုပ်ချင်ရင် ငါ့ကို လာမရှာနဲ့။ ချောင်ရူဆီ သွားပါလား"

ရှန်ရီက တင်းမာနေသော မျက်ဝန်းများဖြင့် ဒေါသသံကလေးစွက်၍ ပြောလိုက်သောအခါ ယွမ်ရှောင်၏ ပါးစပ် ပိတ်သွားရလေတော့သည်။

အပိုင်း ၇၂၂ - ငွေရောင် အကျဥ်းထောင်

လက်ရှိတွင် ကျောက်ရန်ရန်က ကိုယ်ဝန် လွယ်ထားရပြီး သတ္တမမင်းသမီးကလည်း အထိပင်မခံသောကြောင့် ယွမ်ရှောင်၏ အချစ်ရဆုံး မိန်းမနှစ်ယောက်သည် ထိကိုင်မရသော တားမြစ်အသီးများ ဖြစ်သွားခဲ့သည်။ ကိုယ်ဝန်ဆောင်ကာလသည် တိုတောင်းသော်လည်း သွေးသားဆူဖြိုးလွယ်သော လူငယ်ယောကျ်ားလေးတစ်ယောက်အတွက် အလွန်ပင်ရှည်လျားလှသည်။

"ဓားယာဥ် ယူလာစမ်း"

သတ္တမမင်းသမီးက ကောင်းကင်ရုံးတော်ကို ပြန်လည်ဖွဲ့စည်းရန် အလုပ်များနေစဥ် သူသည် ထွက်ခွာသွားရန် ပြင်ဆင်ခဲ့သည်။ မကြာမီမှာပင် မိုးပြာရောင် ဓားယာဥ်သည် ကောင်းကင်မှ ဆင်းသက်လာကာ အင်ပါယာနန်းဆောင် အပျက်အစီးများ ရှေ့မှောက်တွင် ရပ်နားလိုက်၏။ တံခါးပွင့်သွားသောအခါ ကူစုဝမ်နှင့် ယုရင်သည် အစောင့်များပမာ ထွက်၍ ကြိုဆိုနေကြသော်လည်း မျက်နှာဖြူဖပ်ဖြူရော်နှင့် ကြောက်စိတ်ကို ထိန်းချုပ်မရလောက်အောင် တုန်ရီနေသည်။

"ဘာဖြစ်ကုန်တာလဲ။ ထိုက်ဝေ သေသွားတာက မင်းတို့အတွက် ဒီလောက်ကြောက်စရာကောင်းနေတာလား"

"ကျွန်မတို့..."

နှစ်ယောက်လုံးက အရိုအသေပေးလိုက်ကြသော်လည်း ကြောက်စိတ်ကြောင့် စကားများပင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်ကုန်သည်။

"သွား သွား။ ကူညီနိုင်တာရှိရင် လုပ်ပေးလိုက်။ ကောင်းကင်အရာရှိတွေ အကုန်လုံး သေကုန်ပြီဆိုတော့ အုပ်ချုပ်ဖို့ လူ လိုအပ်နေတယ်"

"ဟုတ်ကဲ့"

အခြေအနေက ဤအထိ ရောက်လာပြီဖြစ်သောကြောင့် သူတို့၏ နောင်တနှင့် ကြောက်စိတ်ကို နားလည်သော ယွမ်ရှောင်က ညွှန်ကြားခဲ့သည်။ အလုပ်များနေလျှင် စိတ်ဖိအားများကို မေ့လျော့၍ ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေလိမ့်မည်။

နောက်လိုက်များ ထွက်ခွာသွားသောအခါ သူသည် ဓားယာဥ်အတွင်း ဝင်ရောက်၍ သုံးပိုင်း ကွဲထွက်သွားခဲ့သည်။ ဘယ်ဘက်တွင် ငွေရောင်စွမ်းအင် စီးကြောင်းတစ်ခုသည် မြေခွေးနတ်ဆိုးကိုယ်ပွား လနတ်သားအဖြစ် ပြောင်းလဲလိုက်၏။ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဒုစရိုက်နှစ်ပါးက အပြည့်အဝ ပေါင်းစပ်သွားပြီဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသော ရှောင်ထံမှ အာမေဋိတ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒီလောက်ကြောက်စရာကောင်းတဲ့ နတ်ဆိုးခန္ဓာကိုယ်က မင်းရဲ့ ကိုယ်ပွားသက်သက်လား"

ထို့နောက် ယွမ်ရှောင်၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာသွေးများ စီးထွက်လာကာ ဖန်ခေါင်းတလားအတွင်း ဝင်ရောက်သွားကြ၏။ အတွင်းဘက်ရှိ ခြောက်ကပ်နေသော အလောင်းက ဖြည်းဖြည်းချင်း ပြည့်ဖြိုးလာကာ အရေပြား ပန်းရောင်သန်း၍ လှပစွာ ရှင်သန်လာခဲ့သည်။

"ဒါက ဘာလဲ"

ရှောင်သည် သူ့ကို နှိမ်နင်းခဲ့သော မိစ္ဆာသွေးများလည်း ခွဲထုတ်ခံလိုက်ရမည်ဟု ထင်မထားပေ။

"မင်း...မင်းရဲ့ မူလဇစ်မြစ်က ဘာလဲ"

၎င်းသည် အချိန်ကြာကြာ စိုက်ကြည့်ချင်သော်လည်း လနတ်သားက ယွမ်ရှောင်၏ အမိန့်အရ ဓားယာဥ်အပြင်ထွက်လာသောအခါ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ချေ။

"အပေါ်ထပ်ကကောင် အော်နေတာ ရပ်လိုက်စမ်း။ ဒီလောက်ကြာတာတောင် ငါ့ကို မပြောပြဘူး။ မင်းလည်း သိရမှာ မဟုတ်ဘူး"

"အသုံးမကျတဲ့ ခွေးကောင်၊ မင်း တိတ်တိတ်နေစမ်း"

နီအန်က ဝင်ရောက်လှောင်ပြောင်လိုက်သောအခါ ရှောင်ကလည်း အော်ဟစ်ပစ်လိုက်သည်။ အခြေအနေက တင်းမာနေပြီး လနတ်သား၏ မျက်နှာပေါ်ရှိ အနီရောင်နှင့် အဝါရောင် မျက်လုံးများသည် အချင်းချင်း ရန်စောင်လျက် ရှိ၏။

"တော်ကြစမ်း"

သူက စိတ်ပျက်သွားဟန်ဖြင့် နှစ်ကောင်လုံးကို ဖိနှိပ်၍ ရုတ်သိမ်းပစ်လိုက်ပြီး အလောင်းနတ်ဆိုးများထံ လျှောက်လှမ်းသွားသည်။ ပိုင်အာသည် အစေခံသဏ္ဍာန် ဝတ်ဆင်ထားပြီး မျက်ဝန်းများက ပင်လယ်ပမာ နက်ရှိုင်းသော အပြာရောင် ဖြစ်ပြီး ပိုင်စုစု၏ မျက်လုံးများမှာမူ စိုစွတ်နေခဲ့သည်။ လနတ်သားက သူတို့ ထိန်းသိမ်းစောင့်ရှောက်ထားသော နားခိုရာလက်နက်ထံ ရောက်ရှိသွားကာ အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်၏။ ၎င်းသည် အနက်ရောင် တုတ်ဖြစ်ကာ အဆစ်၁၈ခု ပါဝင်ပြီး တစ်ခုချင်းစီတွင် ပြတင်းပေါက်ငယ်လေးများ ဖောက်ထားသည်။ မြေပြင်တွင် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသော်လည်း ထိပ်ဖျားနှင့် အဆုံးပိုင်းမှ မြူခိုးများ တလူလူ ထွက်ပေါ်ကာ အဆစ်နှစ်ခုသည် လစ်လပ်နေဟန်ဖြင့် ဟာလာဟင်းလင်း ဖြစ်ပြီး နောက်ထပ် ၁၆ဆစ်သည် ကောင်းကင်ဒုစရိုက်များကို ပိတ်လှောင်ထားရန် ရုန်းများဖြင့် စီရင်ထားသည်။

"လေးလွန်းတယ်"

လနတ်သားက အသက်ပြင်းပြင်းရှူ၍ ၎င်းကို မြေပြင်အတွင်းမှ ဆွဲနှုတ်ရန် ကြိုးစားရင်း မျက်မှောင်ကြုတ် ရေရွတ်လိုက်၏။ အဖြူရောင် ဧကရာဇ် ထိုက်ဝေသည် နားခိုရာ အင်မော်တယ် အကျဥ်းထောင်ကို တုတ်တစ်ချောင်းသဏ္ဍာန် ပြောင်းလဲနိုင်ခဲ့သဖြင့် လက်နက်အဖြစ် အသုံးချနိုင်ဖွယ်ရှိသည်။ သို့သော် ရှောင်၏ သွေးအဆီအနှစ် အားလုံးကို စုပ်ယူထားသော သူက ၎င်းကို ဆွဲမထုတ်နိုင်ခဲ့သဖြင့် ဒုစရိုက်ဝိညာဥ်များထံ ခပ်တင်းတင်း မေးလိုက်ရသည်။

"ရှောင်၊ ငါက ဘာလို့ ဒီတုတ်ကို မယူနိုင်တာလဲ"

"ဟား ဟား..."

ရှောင်က ရယ်မော၍ လှောင်ပြောင်နေသဖြင့် အဖြေပေးရန် ဆန္ဒရှိဟန် မတူချေ။

"မင်းမှာ ဒုစရိုက်နှစ်ပါးတောင် ရှိနေပြီလေ။ ဒီတုတ်ကို ယူနိုင်ဖို့ သွေးစက်ချကြည့်ပါလား"

"သောက်သုံးမကျတဲ့ကောင်၊ မင်းက ဘာမဟုတ်တဲ့ နတ်ဆိုးလေးကို ဖိနပ်လျက်နေရလောက်အောင် နိမ့်ကျသွားပြီလား"

နီအန်ကမူ အဖြေပေးလာသောကြောင့် ရှောင်ကို ဒေါသတကြီး ပေါက်ကွဲသွားစေသည်။ လနတ်သားသည် နီအန်၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် တစ်ချက်ပြုံးလိုက်၏။ ၎င်းက မာနကြီးပြီး ယဥ်ပါးစေရန် မလွယ်သော်လည်း နောက်ထပ် ဒုစရိုက်တစ်ခု တိုးလာသောအခါ ခေါင်းဆောင်ရာထူး ရရန် အသည်းအသန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်သည်။ နီအန်နှင့် ရှောင်၊ သဘောထားကွဲလွဲကာ ရန်ဖြစ်နေသမျှ ကာလပတ်လုံး သူက အမြတ်ထွက်ပေလိမ့်မည်။

လနတ်သားက လက်ဖဝါးကို ထိုးဖောက်၍ ငွေရောင်သွေးစက်များကို နားခိုရာတုတ်အပေါ် ကျဆင်းစေလိုက်သည်နှင့် တပြိုင်နက် စုပ်ယူခံလိုက်ရပြီး ဆက်သွယ်ချက်တစ်ခု ဖြစ်တည်လာသည်။ ဤလုပ်ငန်းစဥ်အတွင်း တုတ်က ငွေရောင်တောက်ပလာကာ ယခင် သွေးနီရောင်ထက် များစွာပို၍ ကျော့ရှင်းလှပနေ၏။

"အခု ဒါကို ကိုင်ရတာ လွယ်သွားပြီ"

ထို့နောက် သူက တုတ်ကို မြေကြီးထဲမှ ဆွဲထုတ်ကာ ဝှေ့ယမ်းကြည့်လိုက်သောအခါ အဆုံးအစမရှိသော အကျဥ်းထောင်တစ်ခု၏ ဖိအားမျိုး ထွက်ပေါ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက နတ်ဆိုးကိုယ်ပွားသာဖြစ်၍ မူလကိုယ်နှင့် ပေါင်းစပ်လိုက်လျှင် ယွမ်ရှောင်လည်း လက်နက်ကို အသုံးချနိုင်စွမ်း ရှိလာပေလိမ့်မည်။ သို့သော် နတ်ဆိုးတစ်ကောင်ဖြစ်၍ ခန္ဓာကိုယ်ခွန်အားကို အဓိက အသုံးပြုသော သူ့အတွက် တိုက်ပွဲအတွင်း လူသားအသွင်ဖြင့် တုတ်ကိုင်ဆောင်ရခြင်းမှာ အခက်တွေ့စရာ ဖြစ်လာပေလိမ့်မည်။ သွေးချင်း ချိတ်ဆက်ထားသော နားခိုရာလက်နက်က သဘော​ပေါက်သွားဟန်ဖြင့် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။

"ဒါက ငါ့အတွေးကို နားလည်ပြီး အသက်ဝင်နေသလိုပဲ"

လနတ်သားသည် မူလပုံစံဖြစ်သော အမြှီးခြောက်ချောင်း နတ်ဆိုးမြေခွေးသဏ္ဍာန် ပြောင်းလဲလိုက်သောအခါ ကြောက်စရာအကောင်းဆုံး နတ်ဆိုးများအနက် ပါဝင်နိုင်စွမ်း ရှိလာခဲ့သည်။ မြေခွေးမျက်လုံးများဖြင့် စစ်ဆေးလိုက်သောအခါ နားခိုရာတုတ်သည် အပိုင်း ၁၈ပိုင်း ခွဲထုတ်၍ သေးငယ်သော ငွေရောင်တုတ် ၁၈ ချောင်း ဖြစ်သွား၏။ ထို့နောက် ၎င်းတို့သည် ငွေရောင်အစက်များအဖြစ် အရည်ပျော်ကျ၍ ခြေသည်းလက်သည်းများထံ စီးဆင်းလာသည်။ ခြေလက်လေးဖက်ရှိ ခြေသည်းလက်သည်း ၁၆ခုတွင် အရည်များက ပေါင်းစပ်ပျော်ဝင်နေကာ တစ်ခုချင်းစီသည် ပိုမိုထက်ရှလာပုံပေါ်ကာ တဖြတ်ဖြတ် လင်းလက်တောက်ပ၍ အစွမ်းများ ပြည့်နှက်သွားတော့သည်။ အကြီးဆုံး ငွေရောင်အစက် နှစ်စက်ကမူ လနတ်သား၏ မြေခွေးသွားစွယ်များအထက်တွင် ဖုံးအုပ်၍ နှုတ်ခမ်းအပြင်သို့ ဓားသွားကဲ့သို့ ရှည်ထွက်လာကြ၏။

နားခိုရာလက်နက်သည် ကိုယ်ပိုင်အသိဉာဏ်ရှိ၍ ဤမျှလိုက်လျောညီထွေဖြစ်စွာ ပေါင်းစပ်နိုင်မည်ဟု လနတ်သားကိုယ်တိုင်ပင် မျှော်လင့်မထားပေ။ လူသားပုံစံဖြင့် ကိုင်ဆောင်လျှင် ၎င်းက တုတ်တစ်ချောင်းဖြစ်ပြီး နတ်ဆိုးသားရဲအသွင်၌ အစွယ်နှင့် လက်သည်းများကို ပိုမို သန်မာစေသည်ဖြစ်ရာ အကျွမ်းကျင်ဆုံး လက်နက်သွန်းလုပ်သူများပင် မတတ်စွမ်းနိုင်သော အရာမျိုး ဖြစ်၏။ သူက ၎င်း၏ စွမ်းအားကို စမ်းသပ်ရန် မြေပြင်တွင် ပြုတ်ကျနေသော ကောင်းကင်လက်နက်တစ်ခုကို လက်သည်းဖြင့် ကုတ်ချလိုက်ရာ ပဲပြားကဲ့သို့ အလွယ်တကူ ပဲ့ကျသွားသည်။ နားခိုရာ အကျဥ်းထောင်၏ လျှို့ဝှက်ချက်များက ပဟေဠိအဖြစ် ရှိနေသော်လည်း အနည်းဆုံး ယွမ်ရှောင်၏ အစွမ်းထက် လက်နက်များအနက် တစ်ခု အပါအဝင် ဖြစ်လာလေသည်။

နားခိုရာလက်နက်က ငွေရောင်မြေခွေး၏ ပိုင်ဆိုင်မှု ဖြစ်သွားသောအခါ အနားရှိ အလောင်းနတ်ဆိုးများပင် ဖိအားကြီးမားစွာ ခံစားလိုက်ရသည်။ အထူးသဖြင့် ပိုင်စုစု၏ အတွေးများ ရှုပ်ထွေးနေပြီး တစ်ချိန်က လနတ်သားကို မျိုချဖူးသော်လည်း ယွမ်ရှောင်၏ နတ်ဆိုးကိုယ်ပွား ဖြစ်နေမည်ဟု လုံးဝ ထင်မှတ်မထားချေ။ ထိုအချိန်တွင် သူမသည် လနတ်သားနှင့် မျက်နှာချင်းဆိုင်ရန် ကြောက်လန့်နေမိသည်။

"စိတ်ဝင်စားစရာပဲ"

လနတ်သားက လူအသွင် ပြန်ပြောင်းလိုက်သောအခါ နားခိုရာလက်နက်သည်လည်း တုတ်တစ်ချောင်း ဖြစ်သွားသည်။ ကောင်းကင်ရုံးတော် ရောက်သည်အထိ သေမျိုးကမ္ဘာမှ လိုက်လာခဲ့ရသော်လည်း နောက်ဆုံးတွင် ၎င်းသည် သူ့အပိုင် ဖြစ်လာခဲ့၍ ယွမ်ရှောင်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပင်။

"ပိုင်အာ၊ စုဆောင်းစရာ ရတနာတွေ ကျန်နေသေးတယ်။ သွားယူလိုက်"

လနတ်သားကို ပိုင်အာက ယွမ်ရှောင်၏ ကိုယ်ပွား ဖြစ်ကြောင်း သိထား၍ ချက်ချင်း အမိန့်နာခံသည်။ ကျန်တစ်ဖက်တွင် မယ်တော်ကြီး တစ်ဖြစ်လည်း ပိုင်စုစုသည် ဤအချက်ကို အသားကျရန် ရုန်းကန်နေရဆဲဖြစ်ပြီး စိုးရိမ်တကြီးဖြင့် တောင်းပန်လာ၏။

"ဝါးမျိုမိတာအတွက် တောင်းပန်ပါတယ်"

"အရင်တုန်းကဆိုရင် မင်းက ယောကျ်ားတွေကို ပျော်ပါးပြီး စားသောက်တတ်တယ်ဆို။ အဲ့တာ တကယ်လား"

လနတ်သားသည် တစ်ဖက်လူကို စူးစမ်းလိုဟန်ဖြင့် ကြည့်ရင်း အသိချင်ဆုံး မေးခွန်းကို စပ်စုလိုက်သည်။

"မဟုတ်ပါဘူး အရှင်။ ငါက စားချင်စိတ်ပဲ ရှိတာပါ။ ကာမဂုဏ်အပေါ် မသာယာနိုင်ပါဘူး"

ပိုင်စုစုက ထင်မထားသော မေးခွန်းကြောင့် ခဏတန့်သွားသော်လည်း လေးလေးစားစား ဖြေလိုက်လေသည်။

All Chapters