အခန်း (၇၂၃-၇၂၄)
Vol. 54 Ch. 723-724
အပိုင်း ၇၂၃ - မရဏတံခါးအတွင်းမှ လူသတ်မှု
လနတ်သားကို မယ်တော်ကြီးထံ လမင်းသခင်မက ဆက်သခဲ့သော်လည်း အဖိုးတန် အစားအသောက်တစ်ခု အဖြစ်သာ သဘောထားခံခဲ့ရသောကြောင့် သတင်းများကြားရသလောက် အတွေ့အကြုံမှာ ရွံစရာမကောင်းပေ။ လက်ရှိတွင် ယွမ်ရှောင်၏ အသက်တံဆိပ်က သူမကို သေသေချာချာ သန့်စင်ပေးပြီးဖြစ်သောကြောင့် အပုပ်အငွေ့အသက်များ ပျောက်ကွယ်သွားသောအခါ ပိုင်အာကဲ့သို့ လူသားတစ်ယောက်နှင့် ပိုမိုဆင်တူလာခဲ့သည်။
"ဆောင့်ကြောင့်ထိုင်လိုက်"
လနတ်သား၏ အမိန့်အတိုင်း ပိုင်စုစုက ထိုင်ချလိုက်ရာ ရှည်လျားသော ခြေတံများကြောင့် တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်နိုင်ရန် အနည်းငယ် ကွေးညွှတ်ပေးလိုက်ရသည်။ လနတ်သားက သူမရှေ့မှောက်တွင် ကလေးတစ်ယောက်ကဲ့သို့ သေးငယ်သော်လည်း ထိတ်လန့်ဖွယ် အရှိန်အဝါကို ပေးစွမ်း၏။ အနီးကပ် ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် သာမန်ယောကျ်ားများကို မျက်လုံးများ ဗလာဖြစ်၍ ရူးသွပ်သွားစေနိုင်လောက်သော အလှတရားမျိုး ပိုင်ဆိုင်ထားသည်။
"ရပြီ။ အတိတ်ကြောင့် ကြောက်နေစရာ မလိုပါဘူး။ ပိုင်အာလိုမျိုး ငါ့နောက်လိုက် ဖြစ်လာရင် အဆင်ပြေတယ်"
ထို့နောက် သူက ပိုင်စုစု၏ ပါးကို အသာအယာ ဆွဲလိမ်၍ ပြောလိုက်သောအခါ သူမ၏ မျက်ဝန်းများတွင် စိတ်အေးသွားပုံပေါ်သည်။ ဤကတိကို ပေးနေသည်မှာ နတ်ဆိုးကိုယ်ပွား ဖြစ်သော်လည်း ယွမ်ရှောင်၏ လေသံနှင့် အမူအရာအတိုင်း တစ်ထပ်တည်း ဖြစ်နေသည် မဟုတ်ပါလော။
"ကျေးဇူးတင်ပါတယ် သခင်လေးယွမ်"
သူမက ဒူးထောက်၍ လေးစားစွာ ဦးညွှတ်ပြီး လှိုက်လှိုက်လှဲလှဲ စကားဆိုလိုက်သည်။ ထိုအချိိန်တွင် ဓားယာဥ်အတွင်း၌ စစ်မင်းသမီးသည် မြင်ကွင်းကို စောင့်ကြည့်နေပြီး မှတ်ချက်ပေးခဲ့သည်။
"အနောက်ဆောင်ထဲကို နောက်ထပ် အစွမ်းထက် မိန်းမတစ်ယောက် ထပ်ရောက်လာတာ ဂုဏ်ယူပါတယ်။ အရပ်က ငါ့ထက်တောင် ရှည်နေတော့ နင် စွမ်းဆောင်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်မှာပါ"
ညနတ်ဘုရားနယ်ပယ်ကို မည်သို့ ထိုးဖောက်ရမည်ကို စဥ်းစားခန်းဝင်နေသော ယွမ်ရှောင်က ထိုစကားကြောင့် အောင့်သီးအောင့်သက် ဖြစ်သွားသည်။
"တော်စမ်းပါကွာ။ အလောင်းနတ်ဆိုးက ဘာလဲဆိုတာတောင် မင်း သိလို့လား။ အမြဲတမ်း ဒီကိစ္စတွေချည်း ခေါင်းထဲ ရောက်မနေနဲ့ဟ"
"နင့်အကြိုက် ဘယ်လိုဆိုတာ ငါ ဘယ်သိနိုင်မှာလဲ"
သူမက နှုတ်ခမ်းလေး ဆူလျက် သိသိသာသာ မကျေမနပ်ဖြစ်နေပုံရပြီး ဆက်ပြောသည်။
"ငါ ပွင့်ပွင့်လင်းလင်း ပြောလို့ရမလား"
"ရတယ်။ ငါက ကိုယ့်လူတွေအပေါ် သဘောကောင်းပါတယ်။ ခေါင်းပုံမဖြတ်ဘူး။ လွတ်လွတ်လပ်လပ်သာ ပြောပါ"
"ဖြစ်နိုင်ရင် ငါ့ကို နင်နဲ့အတူ ဘေးချင်းကပ် တိုက်ခိုက်ခွင့်ပေးပါလား။ နေရာတကာ ခေါ်သွားခံရတဲ့ ယာဥ်တစ်ခုလို ဆက်ဆံခံချင်တာ မဟုတ်ဘူး။ ဒါက သိက္ခာကျစရာပဲ"
"လက်တစ်ချောင်းတောင် မလှုပ်ရဘဲ အနိုင်ရနေတာကို မင်းက အလုပ်လုပ်ချင်နေတာလား"
သူမ၏ သဘောထားကြောင့် ယွမ်ရှောင်က တစ်ချက် ပြုံးလိုက်သည်။
"မရဘူးလား။ တိုက်ပွဲတိုင်း ငါက အသေကောင်ကြီးလို ဖြစ်ဖြစ်သွားတာပဲ။ အခု စမ်းသပ်ကြည့်ချင်တယ်လေ"
"အတည်ပြောနေတာလား"
"အင်း။ အမြဲတမ်း ခြောက်ကပ်သွားလို့ ခန္ဓာကိုယ်က ပိန်တောင်ပိန်နေပြီ။ ဒါကို သည်းမခံနိုင်တော့ဘူး"
သူမက ခေါင်းညိတ်ပြ၍ မျက်နှာကို ဘေးသို့လွှဲကာ တီးတိုးရေရွတ်လျက် ရှိသည်။
"ငါတော့ ဘာမှပြောင်းလဲသွားတယ် မထင်ပါဘူး"
ယွမ်ရှောင်က သူမ၏ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် ကြည့်၍ ကောက်ချက်ချသည်။
"နင် ဘာသိလို့လဲ။ ငါက ငယ်သေးတယ်။ ဆက်ပြီး ကြီးထွားရဦးမယ်။ ခနခန အိပ်နေရမယ်ဆိုရင် ဘယ်လိုလုပ် ကြီးလာတော့မှာလဲ"
ယင်မိစ္ဆာမလေးသည် လွတ်လပ်ခွင့်အတွက် ပြောဆိုနေခြင်း ဖြစ်ကြောင်း သူ သဘောပေါက်၍ တိတ်ဆိတ်သွားသည်။ သွေးကျွန်တစ်ယောက်၏ ဆန္ဒကို အလေးထားစရာ မလိုအပ်သော်လည်း သူက အမှန်တကယ် ဂရုစိုက်မိပုံရ၏။
"ကောင်းပြီလေ။ အခုကစပြီး ကျင့်ကြံတာ ဖြစ်ဖြစ်၊ တိုက်ခိုက်တာ ဖြစ်ဖြစ် မင်းကို ပစ်မထားခဲ့ပါဘူး"
"တကယ်လား"
သူမ၏ မျက်ဝန်းလေးများ လက်ခနဲ ဖြစ်သွားသည်။
"ယောကျ်ားကတိ"
"ကောင်းတယ်။ ကျေးဇူးတင်ပါတယ်နော်"
သူမက ပျော်လွန်း၍ တင်းကြပ်စွာ ဖက်လိုက်သောအခါ သူ့ကို အသက်ရှူကြပ်မတတ် ဖြစ်သွားစေသည်။ ထို့နောက် သူမသည် လွတ်လပ်မှု၏ ချိုမြိန်သော အရသာကို ခံစားရန် ဓားယာဥ်အပြင်သို့ ချက်ချင်း ပြေးထွက်သွားတော့၏။ ၎င်းက မိစ္ဆာမျိုးနွယ်၏ သဘာဝနှင့် ကိုက်ညီပြီး အထိန်းအကွပ် မဲ့ခြင်း၊ ပွင့်လင်းခြင်း၊ ခံစားချက် ပြင်းထန်ခြင်း စသည့် စရိုက်များ ပိုင်ဆိုင်ပေသည်။ အလောင်းနတ်ဆိုးများကမူ သူ့အတွက် နောက်လိုက်သာ ဖြစ်၍ သွေးအခြေတည်သော ဤဆက်ဆံရေးနှင့် အလွန် ကွဲပြားခြားနားလေသည်။
"မရဏတံခါး"
ထို့နောက် သူက အတွေးရတနာ ဝိညာဥ်ကို ထိန်းချုပ်၍ ကောင်းကင်သို့ ပျံတက်ကာ ၎င်းထံ ဦးတည်လိုက်သည်။ လက်ရှိတွင် သူက ညနတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနေခြင်း ဖြစ်ကာ ဝိညာဥ်သည် မရဏတံခါးအတွင်းသို့ သေချာပေါက် ဝင်ရပေလိမ့်မည်။
"ဝုန်း"
ဝိညာဥ်များ၏ ဧကရာဇ်ပမာ ခမ်းနားထည်ဝါသော အတွေးရတနာ မူလဝိညာဥ်သည် မရဏတံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်၍ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် မရဏချီ မြူခိုးများ ပြင်းထန်စွာ ရောက်ရှိလာကြ၏။
"ဘာတွေ ဖြစ်နေတာလဲ"
"ငါလည်း မသိဘူး"
မရဏတံခါးအတွင်း မစိမ်းသက်သော မိန်းမသံနှစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဝိညာဥ်သည် မရဏချီမြူခိုးများနှင့် အသားကျပြီးနောက် အသံထွက်ပေါ်လာရာသို့ ရွေ့လျားလိုက်၏။ တစ်ဖက်လူမှာလည်း မြူခိုးများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၍ စပ်စုလိုစိတ်ဖြင့် အနားကပ်လာရာ မြူခိုးများအကြား ထိပ်တိုက်တွေ့ဆုံသွားကြသည်။ တစ်ယောက်က အင်ပါယာထိုက်ဝေ၏ မိဖုရားခေါင်ကြီး ကျောက်ရီဖြစ်ကာ နောက်တစ်ယောက်သည် အိမ်ရှေ့စံ ကြင်ယာတော် ယောင်ရှီ ဖြစ်နေ၏။ ယောင်ရှီ၏ ဝိညာဥ်က အနီရောင်သန်းကာ ရမ္မက်ခိုးဝေနေသဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မည်သည့်အရာ လုပ်နေကြောင်း သိနိုင်သည်။
"လူငယ်လေး၊ မင်း ဘယ်သူလဲ"
"ကောင်းကင်ရုံးတော်မှာ ဒီဝိညာဥ်ကို တစ်ခါမှ မမြင်ဖူးပါဘူး"
ကျောက်ရီက သာမန်ကာလျှံကာ ပုံစံမျိုး ရှိသော ယွမ်ရှောင်၏ ဝိညာဥ်ကို အထက်စီးမှ မေးခွန်းထုတ်လိုက်သကဲ့သို့ ယောင်ရှီမှာလည်း မှတ်ချက်ချလိုက်၏။ ယွမ်ရှောင်သည် အနည်းငယ် အံ့သြသွားကာ အသက်ငယ်ရွယ်သော အိမ်ရှေ့စံကြင်ယာတော်မှာ ညနတ်ဘုရားနယ်ပယ်သို့ ရောက်နေမည်ဟု မထင်ထားသောကြောင့် ဖြစ်သည်။ သူမသည်လည်း မရဏတံခါးကို ယခုတင် ထိုးဖောက် ဝင်ရောက်လာပုံရကြောင်း သူ စဥ်းစားနေစဥ် ကျောက်ရီက အေးစက်တင်းမာစွာ အမိန့်ပေးလိုက်သည်။
"ဘာမှပြန်မပြောဘူးပေါ့ ဟုတ်လား။ ဘယ်သူဖြစ်ဖြစ် ဒီနယ်မြေရဲ့ မရဏတံခါးထဲကို ရောက်လာပြီဆိုရင် အင်ပါယာကို သတင်းပို့ရမယ်"
"ဘယ်သူက အင်ပါယာလဲ"
"အရှင်လု..."
ယောင်ရှီ၏ စကားမဆုံးခင် ကျောက်ရီက ဖြတ်ပြောလာခဲ့သည်။
"မဟာတာအိုနယ်မြေရဲ့ တက်လှမ်းခြင်း ရေကန် အပြင်ကို သွားပြီး အနောက်နန်းတော် ဆင်းသက်လာမှာကို စောင့်နေစမ်း"
"သြော်၊ မင်းတို့ ပြောချင်တာ လူယုတ်မာ အောက်တန်းစား လုဖန်လား"
ယွမ်ရှောင်၏ ဝိညာဥ်က တစ်ချက်ပြုံး၍ ကောက်ချက်ချလိုက်သောအခါ နူးညံ့သိမ်မွေ့ချင်ယောင်ဆောင်နေခဲ့သော ကြင်ယာတော်မှာ လုဖန် အစော်ကားခံရသဖြင့် ဒေါသထွက်သွားသည်။
"ရိုင်းစိုင်းလှချည်လား"
သူမ၏ ဝိညာဥ်က စွမ်အားများ စုစည်း၍ လက်ဦးမှုယူရန် တိုက်ခိုက်လိုက်သော်လည်း ယွမ်ရှောင်၏ ဝိညာဥ်သည် ရွှေရောင်ဓားမြှောင်တစ်လက်ကို ဦးစွာ ပစ်ခတ်လိုက်နိုင်၏။
"အင်ပါယာ လက်သုံးတော်ဓားသိုင်းက ဝိညာဥ်တစ်ခုဆီ ဘယ်လိုလုပ် ရောက်နေရတာလဲ"
ဓားချက်ကို မြင်သောအခါ တည်ငြိမ်နေသော ကျောက်ရီက သိသိသာသာ တုန်လှုပ်သွားတော့သည်။ ထိုအချိန်မှာပင် ထောင်ပေါင်းများစွာ ကွဲထွက်လာသော ဓားအလင်းတန်းများက ယောင်ရှီ၏ ဝိညာဥ်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်လိုက်သဖြင့် အသံနက်ကြီး ထွက်ပေါ်လာ၏။
"အား..."
ယောင်ရှီ၏ ဝိညာဥ်က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသောအခါ ကျောက်ရီသည် ကြောက်စိတ်ကြောင့် ဝိညာဥ်ကို ဖြတ်ခနဲ ရုတ်သိမ်း၍ တစ်ကိုယ်လုံး ဇောချွေးပြန်နေသည်။
"အရှင်"
မက်မွန်အိမ်တော်အတွင်းရှိ လုဖန်၏ ရင်ခွင်ထဲတွင် ဝတ်လစ်စားလစ် ရှိနေသော ယောင်ရှီသည် ရုတ်တရက် အနက်ရောင်သွေးတစ်လုတ် အန်ထွက်ကာ ချက်ချင်း အသက်မဲ့သွား၏။
"ဘာဖြစ်တာလဲ"
လုဖန်၏ အေးစက်စက် အကြည့်က ဝိညာဥ်ပြန်ရောက်လာသော ကျောက်ရီထံ ကျရောက်လာသည်။
"မရဏတံခါးထဲမှာ လူစိမ်းတစ်ယောက်ရဲ့ ဝိညာဥ် ပေါ်လာပြီး အင်ပါယာ လက်သုံးတော်ဓားသိုင်းနဲ့ သတ်ပစ်လိုက်တာပါ အရှင်"
ထိုစကားကြောင့် လုဖန်က မျက်နှာပျက်သွားသကဲ့သို့ မက်မွန်အိမ်တော်အတွင်း ခြေတော်တင်စရာအဖြစ် ကိုယ့်ကိုကိုယ် ဆက်သနေကြသည့် အင်မော်တယ်မိန်းမများသည်လည်း ကြောက်လွန်း၍ တဆတ်ဆတ် တုန်ရီကုန်သည်။
"နောက်ကွယ်က လူတွေ ထပ်ပြီး ထွက်လာပြန်ပြီ။ ဘာဖြစ်ဖြစ် အရင်ဆုံး ကိုယ့်ကိုကိုယ် အစာဝအောင် ကျွေးထားရမယ်။ ဘယ်သူဖြစ်ဖြစ် ငါ သတ်ပစ်ရမယ်"
လုဖန်သည် မက်မွန်အိမ်တော်အပြင်ဘက်သို့ ငေးကြည့်ရင်း လက်ထဲတွင် သက်ရှိအားလုံး၏ မိခင် ကူပိုးကောင်ကို ကစားနေကာ ကောက်ကျစ်သော လေသံဖြင့် ရေရွတ်လိုက်လေသည်။
အပိုင်း ၇၂၄ - ဘိုးဘေးများ စိုက်ပျိုးခဲ့သော သစ်ပင်များကို နောက်လူများက အမြစ်ဆွဲနှုတ်ကြလေပြီ
အနောက်နန်းဆောင်သည် တော်ဝင်နန်းတော်အောက်မှ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ခရီးနှင်လာခဲ့ပြီး တောင်ပံများဖြင့် လေထုအား အံ့မခန်း အမြန်နှုန်းနှင့် ခွဲထွက်လျက် ရှိသည်။ ၎င်းအထက်တွင် ငှက်ပြာအစီအရင်က ခိုင်ခိုင်မာမာ တည်ရှိနေပြီး အတွင်းဘက်တွင် ခြေလက်များ ဖြတ်ထောက်ခံထားရသည့် ထိုက်ယုကို ချုပ်နှောင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်က သွေးထွက်လွန်သွားသောကြောင့် ဖြူစွတ်နေပြီး မျက်လုံးများမှာ အရောင်အဆင်း ကင်းမဲ့၍ တစ်ချိန်က နက်မှောင်နေသော ဆံပင်များ စတင် ခြောက်ကပ်လာ၏။ နှစ်ထောင်ပေါင်းများစွာ ကြာအောင် ထိပ်ပိုင်းတွင် စိုးစံခဲ့သော အိမ်ရှေ့စံ ပျောက်ကွယ်သွားပြီဖြစ်ကာ သေချင်သော်လည်း မသေနိုင်ဘဲ လှုပ်ရှားရန်ပင် အနိုင်နိုင်ဖြစ်နေသည့် အိုမင်းရင့်ရော်သော အဘိုးအိုတစ်ယောက်အဖြစ် အစားထိုးခံလိုက်ရတော့သည်။
ထိုက်ဝေကို ဖမ်းချုပ်ထားသည့် အစီအရင်ဘေးတွင် အဆင့်တစ် ကောင်းကင်အရာရှိ တိုက်ပွဲဧကရီ စောင့်ကြပ်နေကာ ကောင်းကင်ရုံးတော်တွင် နောက်ဆုံး ကျန်ရစ်သော အဆင့်တစ် အရာရှိလည်း ဖြစ်သည်။ သူမသည် ဘဝတလျှောက်လုံး ယောကျ်ားများအပေါ် အရှုံးမပေးဘဲ ကြိုးစားကျင့်ကြံခဲ့သောကြောင့် ထိုအဆင့်အထိ ရောက်လာနိုင်ခဲ့၏။ အခြားမိန်းမများက မက်မွန်အိမ်တော်တွင် လုဖန်နှင့် ပျော်ပါးနေစဥ် သူမသည် အစောင့်အကြပ်အဖြစ် တာဝန်ယူနေရသည်။ သူမက ကာမဂုဏ်ကို မနှစ်မြို့ဘဲ နူးညံ့သိမ်မွေ့၍ ကောက်ကျစ်သော အင်မော်တယ်မိန်းမများနှင့် မတူညီဘဲ ဤပူးပေါင်းကြံစည်မှုအတွင်း ကိုယ့်စိတ်နှင့်ကိုယ် ပါဝင်ခဲ့သည်။
"အင်ပါယာထိုက်ဝေကို ယွမ်ရှောင်နဲ့ သတ္တမမင်းသမီးက သတ်ပစ်လိုက်ပြီ"
တိုက်ပွဲဧကရီက လေးနက်စွာ ပြောလိုက်သောအခါ နောက်ဆုံး မျှော်လင့်ချက် ပျက်စီးသွားမည့် သတင်းဆိုးဖြစ်သော်လည်း အိမ်ရှေ့စံ ထိုက်ယု၏ မျက်နှာတွင် ကြိုတင်မျှော်လင့်ထားသည့်အလား မျက်ရည်နှစ်စက် ကျဆင်းလာရုံမှလွဲ၍ တုံ့ပြန်မှု မရှိခဲ့ပေ။
"ဒီလိုဆိုရင် ထိုက်မင်းဆက် လုံးဝ ပျက်စီးပြီး သမိုင်းမှတ်တမ်းထဲမှာပဲ ကျန်ရစ်တော့မယ်"
သူမက အမှန်တကယ် ဝမ်းနည်းစိတ်ဖြင့် ရေရွတ်လိုက်ပြီး ထိုက်မင်းဆက်သည် မဟာတာအိုနယ်မြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အုပ်ချုပ်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ ၎င်းသည် ဘိုးဘေးများလက်ထက်တွင် မည်သည့်ရန်စွယ်မျိုးနှင့်မျှ ရင်မဆိုင်ခဲ့ရသော်လည်း ထိုက်ဝေ အုပ်ချုပ်သောအခါ မကောင်းမှုများကြောင့် ပျက်ကိန်းဆိုက်တော့သည်။ အကယ်၍ ပူဇော်သက္ကာရ ကိစ္စများသာ မရှိခဲ့လျှင် မယ်တော်ကြီး ဖြစ်တည်လာမည် မဟုတ်သကဲ့သို့ ယွမ်ရှောင်နှင့် ရှန်ရီသည်လည်း ကောင်းကင်ရုံးတော်၏ ရန်သူများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် လုဖန်ဆိုသော ကျင့်ကြံသူတစ်ယောက်က ရှိနေမည်ဖြစ်ပြီး ထိုက်မင်းဆက် ပျက်စီးစေရန် နည်းအမျိုးမျိုးဖြင့် ကြံစည်ပေလိမ့်မည်။
"အရှင်မင်းသား၊ အင်ပါယာကို ယွမ်ရှောင်က သတ်လိုက်တယ်ဆိုတော့ သူ ပိုပြီးအားကောင်းလာတာ ဖြစ်ရမယ်။ ဒါက လုဖန်ကို ယှဥ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဝမ်းသာစရာလား ဒါမှမဟုတ် မင်း ဝမ်းမသာဘူးလား"
"ထွက်သွားစမ်း"
တိုက်ပွဲဧကရီက အနားကပ်၍ ခပ်တိုးတိုး မေးမြန်းလိုက်သောအခါ ထိုက်ယုသည် မျက်လုံးများမှိတ်၍ မောင်းထုတ်ပစ်လိုက်သည်။ ပုံမှန်အားဖြင့် ရိုင်းစိုင်းမောက်မာ၍ အထက်စီးဆန်သော အိမ်ရှေ့စံကို မထီမဲ့မြင် လုပ်ရခြင်းက သူမအတွက် ပျော်စရာ ဖြစ်နေပုံရ၏။ ထိုအချိန်တွင် မှတ်ဉာဏ်များအတွင်းမှ ဖုန်တက်နေသော အစိတ်အပိုင်းတစ်ခုက စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်သည်။ သူမသည် သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်သော်လည်း ပါရမီရှိကြောင်း ပြသနိုင်သောအခါ တော်ဝင်နန်းတော်သို့ ဆင့်ခေါ်ခံရပြီးနောက် ဘဝအခြေအနေ မြင့်မားလာခဲ့သည်။ ကောင်းကင်ရုံးတော်သည် ထိုက်ဝေလက်ထက်တွင် အမှောင်ထုသာ ကြီးစိုး၍ တစ်ကိုယ်ကောင်းဆန်သော တိုက်ပွဲဧကရီကဲ့သို့ ရည်မှန်းချက်ကြီးသူများသာ ဖြည်းဖြည်းချင်း အထက်ရောက်လာကြ၏။ ယနေ့တွင် အမြဲတမ်း မောက်မာနေခဲ့သော အထက်လူကြီးတစ်ယောက် ယခုကဲ့သို့ ကျဆင်းသွားသောအခါ စိတ်ထဲတွင် လက်စားချေလိုသော ဆန္ဒများ ပြည့်နှက်၍ ထိုက်ယုကို ခွေးတစ်ကောင်ပမာ နင်းခြေ၍ စိတ်ရောကိုယ်ပါ ဖျက်ဆီးချင်နေသည်။
"ယွမ်ရှောင်က အင်ပါယာလုကို အနိုင်ယူနိုင်မယ်လို့ ထင်နေတုန်းလား။ သူ့အကြောင်းကို နင် အခုထိ နားမလည်သေးပါဘူး။ ယွမ်ရှောင်က ကောင်းကင်ကို ဆန့်ကျင်နိုင်ပေမယ့် သူ့ပြိုင်ဘက်ကတော့ အစစ်အမှန် ကောင်းကင် ဖြစ်နေခဲ့တယ်"
တိုက်ပွဲဧကရီသည် မက်မွန်အိမ်တော်သို့ အကြည့်ရောက်သွားပြီး လုဖန်ထံ အနီးကပ် ခစားဖူးသောအခါ မည်မျှ အစွမ်းထက်ကြောင်း နားလည်နေသည်။ တစ်ဖက်လူ၏ စွမ်းအားသည် စိတ်ကူးနိုင်သမျှထက် ကျော်လွန်ကာ ကိုးကွယ်ဆည်းကပ်ထိုက်သော နတ်ဘုရားတစ်ပါးပမာ ဖြစ်၏။ ထို့ကြောင့် လုဖန်အပေါ် သူက လုံးဝဥဿုံ ယုံကြည်ပြီး မယိမ်းယိုင်သော နောက်လိုက်တစ်ဦး ဖြစ်လာခဲ့သည်။
ထိုက်ယုသည် တစ်ဖက်လူ၏ မျက်လုံးအတွင်းမှ မိုက်မဲသော ကိုးကွယ်ယုံကြည်မှုကို မြင်နိုင်သော်လည်း ခါးသက်သက် ပြုံးနေရုံသာ တတ်နိုင်သည်။ သူ့အတွက် မျှော်လင့်ချက် မရှိတော့ဘဲ မသေသေးသော်လည်း ဘဝတလျှောက်လုံး အမှောင်ကျနေပေလိမ့်မည်။ ထိုအချိန်တွင် နဂါးကျားအရှင်၏ ဇနီးဖြစ်သော ကံကြမ္မာ ကြင်ယာတော်က မက်မွန်အိမ်တော်အပြင်သို့ ထွက်လာကာ လတ်လတ်ဆတ်ဆတ် အလောင်းကောင်တစ်ခု သယ်ဆောင်လာခဲ့သည်။
"ဘယ်သူ သေသွားတာလဲ"
တိုက်ပွဲဧကရီက တုန်လှုပ်သွား၍ စိုက်ကြည့်လိုက်သောအခါ အလောင်းသည် လုဖန် အကြိုက်ဆုံး မိန်းမများအနက် တစ်ယောက် အပါအဝင်ဖြစ်သော အိမ်ရှေ့စံ ကြင်ယာတော် ယောင်ရှီ ဖြစ်နေ၏။ ထိုမြင်ကွင်းကြောင့် ထိုက်ယု၏ ခံစားချက်များ ရုတ်တရက် ပြောင်းလဲသွားကာ မျက်လုံးတွင် အရောင်တစ်ချက် လက်သွားသည်။
"ဘာဖြစ်သွားတာလဲ"
"ယောင်ရှီက ညနတ်ဘုရားနယ်ပယ်ကို တက်ပြီး မရဏတံခါးထဲကို ဝင်သွားခဲ့တယ်။ အဲ့ဒီမှာ အင်ပါယာ လက်သုံးတော်ဓားသိုင်းကို အသုံးပြုနိုင်တဲ့ ဝိညာဥ်တစ်ခုနဲ့ တွေ့ပြီး ချက်ချင်း အသတ်ခံလိုက်ရတာပဲ"
တိုက်ပွဲဧကရီသည် ပြင်ပအဆက်အသွယ်များမှတဆင့် ထိုက်ဝေနှင့် တိုက်ပွဲတွင် ယွမ်ရှောင်က အင်ပါယာ လက်သုံးတော်ဓားသိုင်းကို အသုံးပြုနိုင်ကြောင်း သိထားသဖြင့် အံကြိတ်လိုက်မိသည်။
"ဒါပေမယ့် မိဖုရားကြီး ပြောသလိုဆိုရင် ဝိညာဥ်က ယွမ်ရှောင် မဟုတ်ဘူး"
ကံကြမ္မာ ကြင်ယာတော်က ဆက်ပြောသည်။
"ငါတို့နယ်မြေရဲ့ မရဏတံခါးကို အပြင်လူတွေ မဝင်နိုင်ဘူး။ သေချာပေါက် ယွမ်ရှောင် ဖြစ်ရမယ်။ ဝိညာဥ် ပုံသဏ္ဍာန် ပြောင်းလဲထားတာ နေမှာပဲ"
မျက်လုံးများ ပြူးထွက်၍ ထိတ်လန့်စရာ သေဆုံးသွားသော ယောင်ရှီ၏ အလောင်းကို စစ်ဆေးရင်း တိုက်ပွဲဧကရီမှာ ဦးရေပြားပင် ကျိန်းသွားခဲ့သည်။ ယောင်ရှီက တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ရုတ်တရက် အသတ်ခံလိုက်ရသည်မှာ ထင်ရှားပြီး လူသတ်သမားသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပုံပေါ်၏။ နှစ်ယောက်လုံး စကားဆက်မပြောဘဲ တိတ်ဆိတ်နေစဥ် ထိုက်ယု၏ ရယ်သံက ခပ်တိုးတိုး ထွက်ပေါ်နေရာမှတဆင့် ဟားတိုက်ရယ်မောသည်အထိ ကျယ်လောင်စွာ ဟိန်းထွက်လာခဲ့သည်။
"ဒီကောင်မ ဝဋ်လည်တာပဲ။ မင်းတို့လည်း အကြွေးဆပ်ရလိမ့်မယ်။ ဟား...ဟား..."
ရယ်မောနေရင်း ဒဏ်ရာများမှ သွေးပန်းထွက်လာသော်လည်း သူက ရပ်တန့်မသွားပေ။ ထိုက်ဝေ သေဆုံးပြီးနောက် မျှော်လင့်ချက်မဲ့ပြီဟု ထင်ထားသော်လည်း အမှန်တကယ် ရယ်မောနိုင်သော နေ့တစ်နေ့ ရှိလာခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း"
"မင်းတို့ ကြောက်နေပြီမလား။ ဟုတ်တယ်။ ကြောက်ရမှာပေါ့။ မင်းတို့ကလည်း လူကောင်းတွေ မဟုတ်ဘူး။ လုဖန်ကြောင့် မင်းတို့ ပျော်ရွှင်နေပေမယ့် သူကိုယ်တိုင်က မကောင်းမှုတစ်ခုပဲ။ ကံကြမ္မာ ဒဏ်ခတ်ရင် သူလည်း ရူးသွပ်သွားတဲ့အထိ သေမတတ် ခံစားရလိမ့်မယ်"
ထိုက်ယု၏ ယုံကြည်ချက်များက အခိုင်အမာ ဖြစ်တည်လာပြီး ဝဋ်လည်သော ခံစားချက်ကို သူ့ထက်ပို၍ နားလည်နိုင်သူ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ အမြင်တွင် ကံကြမ္မာ ဒဏ်ခတ်ခြင်းအောက်တွင် လုဖန်လည်း လွတ်မြောက်စရာ အကြောင်း မရှိချေ။
"နင်က ယွမ်ရှောင်ကို အထင်ကြီးလွန်းနေတာပဲ"
ကံကြမ္မာ ကြင်ယာတော်က လှောင်ပြောင်လိုက်၏။
"မင်းတို့ရဲ့ ဝိညာဥ်တွေကို လုဖန်က ဖမ်းစားထားတာ ငါ သိတယ်။ ကိစ္စမရှိပါဘူး။ ဒီကောင်လည်း အခုလောက်ဆို ကြောက်နေရောပေါ့"
ထိုက်ယုသည် လုဖန်၏ အဆုံးသတ်ကို အမှန်တကယ် မြင်ချင်ခဲ့သောကြောင့် မျက်ဝန်းများ တောက်ပနေသည်။ ယောင်ရှီ သေဆုံးခြင်းက အစသာ ဖြစ်ပြီး တိုက်ပွဲဧကရီနှင့် ကံကြမ္မာ ကြင်ယာတော်သည်လည်း စိုးရိမ်မကင်း ဖြစ်နေကြ၏။
"ဒီဒုက္ခိတကို ဂရုမစိုက်နဲ့"
ထို့နောက် သူတို့သည် ယောင်ရှီ၏ အလောင်းကို အနောက်နန်းဆောင်ရှိ အခန်းတစ်ခုသို့ ပြောင်းရွှေ့လိုက်ကာ လူမသိအောင် ဖုံးကွယ်ထားခဲ့ကြသည်။ ထိုအချိန်ထိတိုင်အောင် ထိုက်ယု၏ ရယ်သံများက ပဲ့တင်ထပ်နေဆဲပင်။
"မင်းတို့လည်း ငါ့လို လူယုတ်မာတွေပါပဲ။ လက်ရှိအချိန်လေးမှာ ပျော်နေလိုက်ဦး။ မကြာခင် သေရတော့မယ် ဟား ဟား"
အနောက်နန်းဆောင်၏ ပျံသန်းရာ လမ်းကြောင်းတွင် ရောင်စုံအလင်းတစ်ခု မြေပြင်မှ ကောင်းကင်အထိ ရုတ်တရက် မြင့်တက်လာသောကြောင့် လမ်းပိတ်ခံလိုက်ရ၏။
"ဘာကြီးလဲ"
ကံကြမ္မာ ကြင်ယာတော်နှင့် တိုက်ပွဲဧကရီသည် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မဟာတာအိုနယ်မြေမှ ဟင်းလင်းပြင်အထိ ထိုးဖောက်ဝင်ရောက်လာသော အလင်းတန်းကြောင့် မျက်မှောင်ကြုတ်နေခဲ့ကြသည်။
"ဆင့်ခေါ်အမိန့်တော်"
ရယ်မောနေဆဲဖြစ်သော ထိုက်ယုက ဆတ်ခနဲ တုန်ခါသွားကာ ထိုအလင်းတန်းကို စိုက်ကြည့်လျက် ရှိသည်။
"ခမည်းတော်က ဒီလောက်လွယ်လွယ်နဲ့ ကျရှုံးသွားမှာ မဟုတ်ဘူးလို့ ငါ ထင်သားပဲ"
သူက အရူးတစ်ပိုင်းဖြစ်အောင် ရယ်မောလိုက်သဖြင့် မျက်ရည် ထွက်ကျလာသော်လည်း အောင်ပွဲခံလိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ လုဖန်၊ မိဖုရားကျောက်နှင့် အခြားမိန်းမများသည် မက်မွန်အိမ်တော်အပြင်သို့ ဝရုန်းသုန်းကား ပြေးထွက်လာကြပြီး အလင်းတန်းကို မြင်သွားခဲ့၏။
"မိဖုရားကြီး၊ ဆင့်ခေါ်အမိန့်တော်က ဘာလဲ"
မိဖုရားကျောက်၏ မျက်နှာက မည်းနက်ပြီး ရင်ဘတ်ကို လက်ဖြင့် ဖိ၍ နောက်ဆုတ်သွားရာ အခြားမိန်းမများသည် စိတ်ရှုပ်ထွေးစွာ မေးခွန်းထုတ်လာကြသည်။
"ဘိုးဘေးတွေနဲ့ ထိုက်မင်းဆက်ရဲ့ တည်ထောင်သူတွေကို ဆင့်ခေါ်လိုက်တာပဲ"
ကြောက်စိတ်ကြောင့် အသံများပင် တုန်နေသော သူမ၏ အဖြေကြောင့် နားလည်နိုင်စွမ်း ရှိသူများက သွေးဆုတ်ဖြူရော်ကာ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိသူများမှာမူ နားမလည်နိုင်ကြပေ။ သူတို့အားလုံး၏ အကြည့်က အားကိုးတကြီးဖြင့် လုဖန်ထံ ရောက်သွားသောအခါ သူသည် အလင်းတန်းကို အေးအေးဆေးဆေး စောင့်ကြည့်၍ ဤအခိုက်အတန့်ကို ကြိုသိထားကြောင်း မြင်လိုက်ရ၏။
"သူတို့သာ ဒီအကျဥ်းထောင်ကို စောစောမဖွင့်လိုက်ဘူးဆိုရင် ငါက ဒီခွေးလှောင်အိမ်ထဲမှာ ထာဝရ ပိတ်မိနေလိမ့်မယ်။ အခုတော့..."
သူ၏ စကားကို မည်သူမျှ နားမလည်သော်လည်း အနည်းဆုံး လုဖန်တွင် အကြံအစည်ရှိကြောင်း သိသွားကြသည်။
"အရှင်၊ သေမျိုးကမ္ဘာအတွက် အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ အဆင်သင့်ပါပဲ"
ထို့ကြောင့် တင်းမာနေသော သူတို့၏ စိတ်များ သက်သာရာရသွားကာ လျှောက်တင်လိုက်ကြ၏။
"ကောင်းပြီလေ။ ဆင့်ခေါ်အမိန့်တော်လည်း ထွက်လာမှတော့ လုပ်ကြတာပေါ့။ အချိန်က အရေးကြီးတယ်။ မြန်မြန်လုပ်စမ်း"
လုဖန်သည် မိခင်ကူကောင်ကို လက်မှမချတမ်း ဆုပ်ကိုင်ထားရင်း သေမျိုးကမ္ဘာများထံ လောဘတကြီး ကြည့်နေခဲ့သည်။ ကျောက်ရီနှင့် အင်မော်တယ်မိန်းမများက ပြိုင်တူ ဦးညွှတ်လိုက်ကြပြီး တပြိုင်နက်တည်း လှုပ်ရှားရန် ပြင်ဆင်ခဲ့ကြ၏။
"မှတ်ထား။ ငါက သူတို့ ကိုးကွယ်ယုံကြည်တာကို လိုချင်တာ မဟုတ်ဘူး။ ဝိညာဥ်တွေကို လိုချင်တာပဲ"
"အရှင်၊ သေမျိုးတွေကို မက်မွန်ပင်တွေလို နှစ်စဥ် ရိတ်သိမ်းလို့ ရပေမယ့် ဝိညာဥ်တွေကို ယူမယ်ဆိုရင်တော့ တစ်ခါသုံး ဖြစ်သွားမှာပါ"
ကျောက်ရီက အကြောင်းပြချက်ပေးလိုက်သော်လည်း လုဖန်၏ တစ်ချက်လွှတ်အမိန့်တော်က ဆက်လက် တည်ရှိနေသည်။
"ငါတစ်ယောက် တက်လှမ်းဖို့ မရေမတွက်နိုင်တဲ့ သက်ရှိတွေ ပေးဆပ်ရလည်း ဘာဖြစ်လဲ။ ဘိုးဘေးတွေ စိုက်ပျိုးခဲ့တာကို ငါတို့လို နောင်လာနောက်သားတွေက အမြစ်ကနေ ဆွဲနှုတ်ပစ်သင့်တယ်"
သူ၏ ရယ်သံက အဆင့်အတန်းမရှိဘဲ ပေါ့ပျက်ပျက်နိုင်ကာ နားကြားပြင်းကပ်စရာ ကောင်းနေသည်။
"ဒါက ဘာကြီးလဲ"
တစ်ဖက်တွင်လည်း ရုတ်တရက် ထွက်ပေါ်လာသော ဆင့်ခေါ်အမိန့်တော်၏ အလင်းရောင်ကြောင့် လနတ်သား၊ ပိုင်အာနှင့် ပိုင်စုစုတို့ သတိကြီးကြီးထားခဲ့ကြသည်။ ထိုက်ဝေအင်ပါယာနန်းဆောင် အောက်ဘက်မှ ထွက်ပေါ်လာသော အလင်းတန်းအောက်တွင် သူတို့က ရောင်ပြန်ဟပ်ခံနေရလေသည်။