← Chapters

အခန်း (၇၂၅-၇၂၆)

Vol. 54 Ch. 725-726

အခန်း (၇၂၅-၇၂၆)

Vol. 54 Ch. 725-726

အပိုင်း ၇၂၅ - သေမျိုးကမ္ဘာမှ နောက်ထပ်ရန်စွယ်

လနတ်သားသည် အလင်းတန်း ထွက်ပေါ်လာသော အရပ်မျက်နှာသို့ ဝှစ်ခနဲ ခုန်ထွက်သွားသောအခါ အလောင်းနတ်ဆိုးများက ဘယ်ညာရံလျက် လိုက်ပါလာခဲ့ကြသည်။ နတ်ဆိုးကိုယ်ပွားနှင့် ငယ်သားများက အခြေအနေကို စုံစမ်းနေစဥ် မူလကိုယ်သည် ဓားယာဥ်အတွင်း နေရစ်ခဲ့ပြီး ဆက်လက်ကျင့်ကြံနေသည်။ မကြာမီ လနတ်သားက အလင်းတန်း မြစ်ဖျားခံလာသော အရပ်တွင် အစီအရင်တစ်ခုကို မြင်လိုက်ရပြီး အင်ပါယာထိုက်ဝေ သေဆုံးခဲ့သော နေရာအတိအကျပင် ဖြစ်၏။ အလောင်းက အမှုန့်ဖြစ်၍ လွင့်ပြယ်သွားပြီဖြစ်သော်လည်း မြေပြင်တွင် အရောင်ခြောက်မျိုးနှင့် ခြောက်ထောင့်ကြယ်သဏ္ဍာန် အစီအရင် ရှိနေကာ မျက်စိကျိန်းမတတ် တောက်ပ၍ ရှေးကျသော စွမ်းအားတို့ ထွက်ပေါ်နေသည်။ အင်ပါယာအစီအရင်သည်လည်း ၎င်းထံ စွမ်းအင်များ ထောက်ပံ့ပေးနေသဖြင့် ရောင်စုံအလင်းတန်းကို ပို၍ အားကောင်းလာစေသည်။

"မကောင်းတော့ဘူး"

ထိုက်ဝေနှင့် ပတ်သက်နေသော မည်သည့်အရာမဆို ကောင်းကျိုး မရှိနိုင်ကြောင်း သေချာ၍ လနတ်သားက နှစ်ခါပြန်စဥ်းစားမနေဘဲ ခြောက်ထောင့်ကြယ် အစီအရင်ထံ နားခိုရာတုတ်ကို ပစ်ထုတ်လိုက်၏။ ပစ်မှတ်ကို ထိမှန်သွားသော်လည်း ရေပြင်နှင့် ရိုက်နှက်မိသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော စုပ်အားတစ်ခု ထွက်ပေါ်လာကာ သူ့ကို ဆွဲချသွားတော့သည်။

"အရှင်"

ပိုင်စုစုနှင့် ပိုင်အာက စိုးရိမ်တကြီး ဖြစ်သွားကာ အစီအရင်အတွင်း ပြိုင်တူ ခုန်ဆင်း၍ လိုက်ပါသွားကြပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့ သုံးယောက် ဝင်ရောက်ပြီးနောက် အစီအရင်က ပေါက်ကွဲသွားသကဲ့သို့ ရှန်ရီသည်လည်း အင်ပါယာအစီအရင်နှင့် ခြောက်ထောင့်ကြယ် အစီအရင် ဆက်သွယ်ချက်ကို အချိန်ကိုက် ဖြတ်တောက်ပစ်လိုက်၏။ ရောင်စုံတောက်ပနေသော အစီအရင်က အက်ကြောင်းများ ထင်လာကာ နောက်ဆုံးတွင် မီးရှူးမီးပန်းကဲ့သို့ နောက်ဆုံးတစ်ကြိမ် ပေါက်ကွဲ၍ မှေးမှိန်လာခဲ့သဖြင့် ပတ်ဝန်းကျင်သည် ပုံမှန်အတိုင်း ဖြစ်သွားသည်။

"ဒါက ဘာလဲ"

ထို့နောက် ယွမ်ရှောင်ကိုယ်တိုင် ရောက်ရှိလာကာ မြေပြင်ကို ရှင်းလင်းလိုက်သောအခါ ခြောက်ထောင့်ကြယ်အစီအရင် ပျောက်ကွယ်နေပြီး မီးလောင်ပြင်တစ်ခုသာ ကျန်ရစ်တော့သည်။

"ပျောက်သွားတာလား"

ရှန်ရီလည်း အနားသို့ ရောက်လာပြီး မျက်နှာအထက်တွင် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။

"နင့်ကိုယ်ပွားက အထဲကို ရောက်သွားတာလား။ ဘာတွေဖြစ်ကုန်တာလဲ"

"အခု သူက မြစ်တစ်စင်းထဲကို ကျသွားပြီး အဆုံးမရှိတဲ့ ရေစီးကြောင်းတွေထဲမှာ မျောနေတယ်။ ပြန်လာဖို့ နည်းနည်း ခက်လောက်မယ်။ တခြားနည်းလမ်း စဥ်းစားရမယ်။ အလောင်းနတ်ဆိုးတွေလည်း ရှိပြီး အချင်းချင်း ကာကွယ်ပေးထားကြတယ်"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ လနတ်သား၏ အခြေအနေကို ပြောပြလိုက်သည်။ ထိုက်ဝေက သေဆုံးခဲ့သည့်တိုင်အောင် လျှို့ဝှက်ဆန်းကြယ်သော အစီအရင်တစ်ခုကို အသက်သွင်းသွားကာ ဤမျှ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေနိုင်မည်ဟု ထင်မထားပေ။ ရန်သူက ကြိုတင်ပြင်ဆင်ထားသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ထိုက်မင်းဆက်ရဲ့ ဇစ်မြစ်က ဘိုးဘေးနယ်မြေတစ်ခုလို့ ငါ ကြားဖူးတယ်။ အဲ့တာက ဘယ်နေရာလဲဆိုတာကိုတော့ မသိဘူး။ ဒီအစီအရင်က သူတို့ကို ပင့်ဖိတ်နိုင်တဲ့ ဆင့်ခေါ်အမိန့်တော် ဖြစ်လိမ့်မယ်။ ဒါပေမယ့် လူတွေကို စုပ်ယူသွားနိုင်တယ်ဆိုတာကတော့ တစ်ခါမှ မကြားဖူးပါဘူး"

ရှန်ရီက ခဏတာ စဥ်းစား၍ ကြားဖူးသမျှ အရာရာ ပြောပြလိုက်သည်။

"ဒါဆိုရင် ပြဿနာ ကြီးသွားပြီပေါ့"

လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခု ထပ်တိုးလာခြင်းက ရန်သူတစ်ယောက် ကျန်ရစ်နေသဖြင့် ခေါင်းကိုက်​နေရသည့် ယွမ်ရှောင်အတွက် သတင်းကောင်း မဟုတ်ချေ။

"ဆင့်ခေါ်အမိန့်တော် အသက်ဝင်ဝင်ချင်း ငါက ချက်ချင်းဖြတ်တောက်လိုက်နိုင်လို့ အချက်ပြ မရောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နင့်ကိုယ်ပွားနဲ့ အလောင်းနတ်ဆိုးတွေက ဘယ်လိုလုပ် အထဲရောက်သွားတာလဲ"

ရှန်ရီက သူ စိတ်အေးအောင် နှစ်သိမ့်နေစဥ် စစ်မင်းသမီးသည် တစ်ချက်ပြုံး၍ ဝင်ထောက်ခဲ့သည်။

"ဆင့်ခေါ်အမိန့်တော် မအောင်မြင်ဘူးဆိုရင်တောင် တိုက်ခိုက်ရေးသမား သုံးယောက် ဆုံးရှုံးလိုက်ရပြီနော်"

ယွမ်ရှောင်သည် လုဖန်နှင့် နောက်ဆုံးတိုက်ပွဲအတွက် ရနိုင်သမျှ အင်အားများ စုဆောင်းနေစဥ် လနတ်သားနှင့် အလောင်းနတ်ဆိုးများက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည့်အပြင် နားခိုရာလက်နက်ပင် ပါသွားသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းသည်။ သူတို့က ဖရိုဖရဲ မူလဝိညာဥ်နှင့် ရင်ဆိုင်ရန် အားသာချက်များ ဖြစ်သော်လည်း လက်ရှိတွင် ယွမ်ရှောင်၊ ရှန်ရီနှင့် စစ်မင်းသမီး သုံးယောက်တည်းသာ ကျန်ရစ်၏။

"ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ နတ်ဆိုးကိုယ်ပွား ပြန်ရောက်မလာနိုင်ပေမယ့် အချက်ပြ ရောက်သွားလို့ ထိုက်မင်းဆက်ရဲ့ ဘိုးဘေးတွေ ဆင်းသက်လညရင်တော့ ငါတို့ တကယ် အဆုံးသတ်ပြီ"

"အဲ့လောက် အဆိုးမြင် မနေစမ်းပါနဲ့"

စစ်မင်းသမီး၏ စကားအဆုံးတွင် ရှန်ရီက သည်းမခံနိုင်ဟန်ဖြင့် တစ်ချက်ငေါက်လိုက်၏။ မိန်းကလေးနှစ်ယောက်က မျက်စောင်းတထိုးထိုးဖြင့် ရန်စောင်နေသောကြောင့် ယွမ်ရှောင် အနေကြပ်သွားသည်။

"မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ အချင်းချင်း ရန်ငြှိုးရှိနေတာလားဟ"

"နင် ဘေးဖယ်နေစမ်း"

နှစ်ယောက်လုံးက ပြိုင်တူ အော်ထုတ်လိုက်သည်။

"ထိုက်ဝေရဲ့ ဝိညာဥ်ကို မေးကြည့်ရအောင်"

အချိန်တစ်ခုအကြာတွင် ခံစားချက်များကြောင့် အချိန်မဖြုန်းချင်သော ရှန်ရီက ဤသို့ အကြံပေးလာသည်။ ထိုအချိန်တွင် မိုးကြိုးနတ်သင်္ဘောကြီးလည်း ဆိုက်ကပ်လာကာ ဝင်ခွင့်တောင်းနေပြန်၏။ ၎င်းက ယွမ်ရှောင်၏ မွေးရပ်မြေနှင့် သေမျိုးကမ္ဘာများကို စောင့်ရှောက်ရန် တာဝန်ယူထားသော ချောင်ရူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။ ရှန်ရီသည် ​အစီအရင်ကို ဖွင့်လှစ်၍ ဝင်ခွင့်ပေးလိုက်သောအခါ ဆွဲဆောင်မှုပြင်းထန်သော ဆံပင်ကောက်ကောက်၊ လှပဖြောင့်စင်းသော ခြေတံများနှင့် ကောက်ကြောင်းအလှတို့ ပိုင်ဆိုင်ထားသည့် ချောင်ရူက ချက်ချင်း ဆင်းသက်လာခဲ့သည်။

"အချစ်ရေ"

သူမက ရောက်ရောက်ချင်း ကျောက်စိမ်းပမာ ဖြူဖွေးသော လက်ကလေးများဖြင့် ယွမ်ရှောင်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။

"အဟမ်း"

သူက ချောင်းတစ်ချက်ဟန့်၍ အလျင်အမြန် ရုန်းထွက်လိုက်သော်လည်း ရှန်ရီ၏ မျက်နှာထား တင်းမာသွားကြောင်း မြင်ဖြစ်အောင် မြင်လိုက်ရ၏။

"နှစ်ယောက်လုံးက လူသားမျိုးနွယ်ကပဲ။ ဒါပေမယ့် ဆွဲဆောင်မှုချင်းက ဘာလို့ ကွာခြားနေရတာလဲ"

စစ်မင်းသမီး၏ စကားက အဆင်းတွင် ဘီးတပ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်လာသည်။ သူမက ရှန်ရီကို လှောင်ပြောင်ရဲသည်အထိ သတ္တိများ ရှိနေမည်ဟု တစ်ခါမှ မတွေးထားမိချေ။

"ဒီနိမ့်ကျတဲ့ အင်မော်တယ်က သတ္တမမင်းသမီးကို ဂါရဝပြုပါတယ်"

အခြေအနေကို နားလည်သွားသော ချောင်ရူက မျက်နှာပိုးသတ်ကာ ရှန်ရီကို လေးစားစွာ အရိုအသေပေးလိုက်၏။

"နင် ဘာလို့ ပြန်လာတာလဲ။ တစ်ခုခု ဖြစ်လို့လား"

ရှန်ရီ၏ မျက်ဝန်းများတွင် သေမျိုးကမ္ဘာများအပေါ် စိုးရိမ်မကင်းသော ကြောင့်ကြမှုတို့ ထင်ဟပ်နေသည်။ မေးခွန်းထုတ်နေစဥ်မှာပင် သင်္ဘောပေါ်မှ မိစ္ဆာမျက်လုံးလည်း ဆင်းလာခဲ့ပြီး ချောင်ရူက အဖြေပေးလိုက်သည်။

"မိစ္ဆာမျက်လုံးနဲ့ ပူးပေါင်းပြီး သေမျိုးကမ္ဘာတွေကနေ ထိုက်မင်းဆက်ရဲ့ လက်အောက်ခံတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ သာမန်လူတွေ ကပ်ဘေးကနေ လွတ်မြောက်ကာစလေးမှာပဲ နောက်ထပ် ပြဿနာတစ်ခု ရောက်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေပါပြီ"

"လုဖန်နဲ့ အနောက်နန်းဆောင် ရောက်လာတာလား"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ဖြတ်မေးလိုက်သည်။

"ဟုတ်ကဲ့။ လုဖန်က ပူဇော်သက္ကာရတွေကို ထိန်းချုပ်နိုင်တဲ့ မိခင်ကူကောင်ကို ထိုက်ယုလက်ထဲကနေ လုယူထားတယ်။ အဲ့တာက စနေပါပြီ။ တကယ်လို့ သေမျိုးကမ္ဘာတွေကို ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိစေချင်ရင် အခုပဲ စပြီး လှုပ်ရှားရလိမ့်မယ်"

မိစ္ဆာမျက်လုံးက လေးနက်စွာ လျှောက်တင်လိုက်သောအခါ အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် သူတို့အားလုံး မိုးကြိုးနတ်သင်္ဘောအထက် ချက်ချင်း တက်သွားခဲ့သည်။ ကျယ်လောင်သော မိုးချုန်းသံနှင့်အတူ ၎င်းသည် ချောင်ရူ၏ မောင်းနှင်မှုဖြင့် လေခွင်းကာ လျင်မြန်စွာ ထွက်ခွာသွားသဖြင့် သန်းချီသော လက်အောက်ငယ်သားများကို အံ့အားသင့်စေသည်။

"သူတို့က ဘာကိစ္စရှိလို့ ချက်ချင်း ထွက်ခွာသွားတာလဲ"

ကောင်းကင်ရုံးတော်၏ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်သောကြောင့် ယွမ်ရှောင်နှင့် သတ္တမမင်းသမီး ရှိနေရန် အလိုအပ်ဆုံး ဖြစ်၏။

"ငါ ရှင်းပြမယ်"

ထွက်မသွားခင် အချိန်ကလေးတွင် ရှန်ရီသည် လှေဦးပိုင်းတွင် ပေါ်လာပြီး အင်မော်တယ်သန်းပေါင်းများစွာနှင့် မဟာတာအိုနယ်မြေတစ်ခုလုံးကို လုဖန်၏ အောက်တန်းကျသော အကြံကို ဖွင့်ချပစ်လိုက်သည်။ ထို့ကြောင့် လူတိုင်း ဒေါသတကြီး ဖြစ်ကာ ​နောက်တစ်ကြိမ် စည်းလုံးသွားပြန်၏။ ဆိုးယုတ်သော ထိုက်မင်းဆက်ကို ဖြေရှင်းပြီးကာစမှာပင် နောက်ထပ် အပြစ်သားတစ်ယောက်က ထပ်မံသောင်းကျန်းနေပြန်ရာ မည်သူမျှ လက်မခံနိုင်ကြပေ။

"လုဖန် ခွေးမသား၊ တစ်မိသားစုလုံး အသေဆိုးနဲ့ သေပါစေ"

တစ်စုံတစ်ယောက်က စိတ်မထိန်းနိုင်ဘဲ အော်ဟစ် ဆဲဆိုနေစဥ် အဖော်ဖြစ်သူမှာ ကမန်းကတန်း ဝင်တားလိုက်ရသည်။

"ငတုံးကောင်၊ သခင်လေးလုက လုဖန်နဲ့ ပတ်သက်တယ်လေ"

၎င်းက သူတို့ သိထားသော ဖခင်နှင့် သားအကြားမှ ပြဿနာ မဟုတ်တော့ဘဲ သေမျိုးကမ္ဘာများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။

"သခင်လေးလု၊ သတ္တမမင်းသမီးက ထိုက်ဝေကို ရှင်းပစ်လိုက်သလို လုဖန်ကို သတ်ပေးပါ"

"ဆွေမျိုးဖြစ်နေရင်တောင် လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြတ်ပစ်သင့်တယ်။ ကျုပ်တို့အားလုံး အရှင့်ကို ထောက်ခံပါတယ်"

အင်မော်တယ်များ၏ တောင်းဆိုသံက ကောင်းကင်တစ်ခွင် ဟိန်းထွက်သွားသည်။

"သေမျိုးကမ္ဘာတွေကို အနိုင်ကျင့်ချင်တဲ့ ဘယ်သူမဆို၊ ဘယ်လောက်အစွမ်းထက်တဲ့ နတ်ဘုရား ဖြစ်ပါစေ၊ ရက်ရက်စက်စက် သတ်ပစ်မယ်။ ငရဲကျရင်တောင် နောက်ဘဝမှာ လူပြန်ဝင်စားခွင့် မရစေရဘူး"

ရှန်ရီသည် ဒေါသထွက်နေသော မျက်နှာအားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြတ်ပြတ်သားသား ကြေညာလိုက်လေသည်။

အပိုင်း ၇၂၆ - သံသရာ နဂါးငွေ့တန်း

သန်းပေါင်းများစွာသော အင်မော်တယ်များ၏ အကြည့်အောက်တွင် မိုးကြိုးနတ်သင်္ဘောသည် သေမျိုးကမ္ဘာများထံ အလျင်အမြန် ခရီးထွက်သွားသည်။ ၎င်းသည် ပင်လယ်အတွင်းမှ ဧရာမ ဝေလငါးကြီးပမာ မဟာတာအိုနယ်မြေ၏ နယ်စပ်မျဥ်းကို ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ထိုးဖောက်နေပြီး မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှ၏။

"လုဖန်ကို သတ်ပြီး ကောင်းကင်ရုံးတော်ကို သန့်စင်မယ်"

"သခင်လေးလု အောင်မြင်ပါစေ၊ သတ္တမမင်းသမီး အောင်မြင်ပါစေ"

အဆုံးမရှိသော အားပေးသံများက တော်ဝင်နန်းတော်မှတဆင့် မဟာတာအိုနယ်မြေတစ်ခုလုံးသို့ ရိုက်ခတ်ပြီး ပြည်သူလူထု၏ အသံ ဖြစ်တည်လာသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ယွမ်ရှောင်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ထိုက်ဝေ၏ ဝိညာဥ်ကို ပိတ်လှောင်ထားသော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်၏။ ရှန်ရီ၊ စစ်မင်းသမီး၊ ချောင်ရူနှင့် မိစ္ဆာမျက်လုံးတို့လည်း အနားတွင် ရှိသည်။ ထိုက်ဝေ၏ ဝိညာဥ်က လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောပြီး နောက်ဆုံးတွင် စကားပြောလာခဲ့၏။

"ဘာလို့ ဒီလောက်အလုပ်ရှုပ်ခံနေကြတာလဲ။ လောကကြီးက ဒီလိုပါပဲ။ နောက်ဆုံးကျရင် မင်းတို့က ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အကုန်လုံး အလကားဖြစ်မှာပဲ"

"နင်က ဘာကို ဆိုလိုတာလဲ"

ရှန်ရီက ဒေါသမထိန်းနိုင်သောကြောင့် မျက်ဝန်းအတွင်းမှ မိုးကြိုးနှင့် မီးတောက်များ ရောယှက်၍ ထိုက်ဝေ၏ ဝိညာဥ်ကို စားမတတ် ဝါးမတတ် စိုက်ကြည့်လိုက်သည်။

"ငါ ဘာဆိုလိုချင်တာလဲ မင်းတို့ သိပါတယ်။ ငါ့ကို သတ်သတ်၊ နှိပ်စက် နှိပ်စက်၊ အရေးမကြီးဘူး။ ဆင့်ခေါ်အမိန့်တော် ထွက်ပေါ်လာရင် အရာအားလုံး ပြီးပြီ"

ထိုက်ဝေ၏ ဝိညာဥ်က ခဏ တန့်သွားကာ ယွမ်ရှောင်ကို လှမ်းကြည့်ပြီးမှ ဆက်ပြောသည်။

"မင်းလည်း ပြန်လည်ဝင်စားသူတစ်ယောက်ဆိုတာ သိသာတယ်။ ဘယ်လိုလုပ် ဒီလောက်အထိ တုံးအနေတာလဲ။ အစီအရင် အသက်ဝင်သွားပြီဆိုရင် ဆင့်ခေါ်အမိန့်တော်ကို ဘယ်သူမှ မတားနိုင်ဘူး။ မင်းတို့ မယုံလည်း သဘောပဲ။ အချိန်ကျရင် အဖြေပေါ်လာလိမ့်မယ်။ ဒီကစားပွဲမှာ ငါက အစပြုပေးလိုက်တဲ့ လူတစ်ယောက်သက်သက်ပဲ။ စစ်မီးက အမြင့်ဆုံးအထိ ကူးစက်သွားရင် အထက်လူကြီးတွေ ရောက်လာကြတော့မယ်"

"ဂရုမစိုက်ဘူး။ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ အဆင့်ကိုး စီရင်သူတစ်ယောက်က မင်းရဲ့ ထိုက်မင်းဆက်ကို သတ်ဖြတ် ဖျက်ဆီးဖို့ အချိန်ဆယ်ရက်တောင် မကြာလိုက်ဘူး။ ဘယ်သူလာလာ မရေးပါဘူး။ သူတို့က ကိုယ့်ခေါင်းကို ခေါင်းဖြတ်စက်ဆီ လာပို့ချင်ရင်လည်း ပျော်ပျော်ကြီး ကြိုဆိုနေလိုက်မယ်"

ယွမ်ရှောင်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သော်လည်း ထိုက်ဝေ၏ ဝိညာဥ်သည် အားပါးတရ ရယ်မောနေဆဲ ဖြစ်သည်။ ၎င်းက သူ့ကို ငတုံးတစ်ယောက်ပမာ အထင်သေးစွာ စိုက်ကြည့်၍ နောက်ဆုံးတွင် ရပ်တန့်သွားကာ တစ်လုံးချင်း ပြောလာခဲ့၏။

"မင်းနဲ့ လုဖန်၊ နှစ်ယောက်လုံးက လူဝင်စားတွေပဲ။ တိုးတက်မှုအပိုင်းမှာဆိုရင် မင်းက သူ့ထက် အရင်ဘဝကို အမီလိုက်နိုင်ပုံပဲ။ ဒါပေမယ့် အကြံအစည်ပိုင်းမှာတော့ သူ့ကို မမီဘူး။ ငါ့ကို သတ်လိုက်နိုင်တာကလည်း အရင်ဘဝမှာ မင်းက ငါ့ထက် ကျင့်ကြံဆင့်မြင့်နေလို့ ဖြစ်ရမယ်။ ဟုတ်တယ်မလား"

"မင်းက ငါ့ကို ကြောက်တာ ဝန်မခံရဲတာနဲ့ ဆင်ခြေပေးနေတာလား"

ယွမ်ရှောင်၏ စကားကို ကြားသောအခါ ဝိညာဥ်သည် စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။

"ယွမ်ရှောင်၊ မင်းလို လူဝင်စားတွေက မဟာတာအိုနယ်မြေမှာ ရှားပေမယ့် သံသရာနဂါးငွေ့တန်းနဲ့ ယှဥ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး"

"မယုံဘူး။ ကောင်းကင်အောက်မှာ ငါက အကြီးအကျယ်ဆုံးပဲ"

ယွမ်ရှောင်က သတင်းများ နှိုက်ထုတ်ရန် ထိုက်ဝေ၏ ဝိညာဥ်ကို ဆက်တိုက်ရန်စနေပြီး စိတ်ထဲတွင်သံသရာ နဂါးငွေ့တန်းဆိုသော စကားလုံးအား မှတ်သားခဲ့သည်။

"သံသရာ နဂါးငွေ့တန်းဆိုတာ အဆုံးအစမရှိတဲ့ ပြန်လည်ဝင်စားခြင်း နယ်မြေပဲ။ ငါ့ဘိုးဘေးတွေ အုပ်ချုပ်တဲ့ နေရာမှာဆိုရင် လူဝင်စားတွေက သဲတွေအတိုင်း ရေတွက်မရနိုင်အောင် များတယ်။ ကောင်းကင်လမ်းစဥ်မှာ အစစ်အမှန် ပါရမီရှင်တွေက ဘဝသုံးခုကို ပုံမှန်အတိုင်း ရှင်သန်ကြတယ်။ ခြောက်ခုမြောက်မှာ ဉာဏ်အလင်းရတယ်။ ကိုးခုမြောက်ကျရင် ပြန်လည်မွေးဖွားဖို့ ကောင်းကင်ကို အာခံတယ်။ မင်းက ဘဝတစ်ခုတည်းမှာပဲ အစွမ်းထက်နေတာကို ပျော်ပြီး ငါ့ရှေ့မှာ လာကြွားနေသေးတယ်။ ပြန်လည်ဝင်စားခြင်း ပါရမီရှင်တွေ ပေါများတဲ့ နေရာမှာဆိုရင် မင်းက မြက်တစ်ပင်လောက်တောင် တန်ဖိုး မရှိဘူး"

ထင်ထားသည့်အတိုင်း အသုံးဝင်သော သတင်းအချက်အလက်များ ရလိုက်သော်လည်း ထိုက်ဝေဝိညာဥ်၏ စကားလုံးများက ယွမ်ရှောင်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။ သူ ကြုံတွေ့ခဲ့ဖူးသော အစစ်အမှန် လူဝင်စားသည် သတ်ဖြတ်ခံလိုက်ရပြီးနောက် ပြန်လည်မွေးဖွားလာခြင်း မပြုမီ နှစ်သန်းပေါင်းများစွာ ဝိညာဥ် လေလွင့်နေခဲ့သော ကောင်းကင်ဓားဧကရာဇ် လင်းချန် ဖြစ်၏။ ဤအရာက သံသရာနဂါးငွေ့တန်းဆိုသော လူဝင်စားများ ပြည့်နှက်နေသည့် နယ်မြေနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုတော့ မသိနိုင်ပေ။

"ဒါဆိုရင် လူဝင်စားတစ်ယောက်က အရင်ဘဝရဲ့ ကျင့်ကြံခြင်းတွေကို မြန်မြန်ထုတ်ဖော်နိုင်လေလေ၊ အလားအလာက နိမ့်ကျလေလေပေါ့ ဟုတ်လား။ အရင်ဘဝမှာ သူက စွမ်းအား နိမ့်ကျနေတာပေါ့"

"ဒီလောက်သေချာနေတာကိုတောင် မင်းက မသိဘူးလား။ ပြန်လည်မွေးဖွားတယ်ဆိုတာ နောက်ထပ် ဘဝတစ်ခုစာ အတွေ့အကြုံကို လိုချင်လို့ပဲ။ ပါရမီရှင်အစစ်အမှန်တွေက ကိုးကြိမ်အထိ ဝင်စားပြီး ဘဝတိုင်းမှာ ကျင့်ကြံရေးလမ်းစဥ် မတူညီကြဘူး။ ဘဝကိုးခု နောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားရင် အမြင့်ဆုံးအဆင့်ကို ရောက်လိမ့်မယ်။ မင်းလို အရင်ဘဝရဲ့ လမ်းစဥ်ကို အားကိုးပြီး ​ကျင့်ကြံနေတဲ့ လူစားမျိုးက သူတို့ရဲ့ မျက်လုံးထဲမှာ အမှိုက်ပဲ။ ပြန်လည်ဝင်စားခြင်း လမ်းစဥ်မှာ အနိမ့်ဆုံး ဖြစ်တယ်"

နိမ့်ကျသော လူဝင်စားတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်ဟု ထင်နေသော ထိုက်ဝေ၏ ဝိညာဥ်က ဒေါသပေါက်ကွဲနေပြီး သတင်းအချက်အလက်များ ထပ်မံ ထွက်ကျလာသည်။

"သေမျိုးတွေကို ဝါးမျိုပြီး အသက်ဆက်နေရတဲ့ ခွေးကောင်က ငါ့ကို လှောင်ရဲတယ်ပေါ့။ အနည်းဆုံးတော့ ငါက လူကောင်းတွေကို အန္တရာယ်မပေးခဲ့ဘူး"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ မှတ်ချက်ချလိုက်သောအခါ ထိုက်ဝေမှာ ပို၍ ဒေါသထွက်လာပြီး မကျေမနပ်ဖြစ်နေကြောင်း ထင်ရှားသည်။

"မင်းကိုယ်မင်း ဂုဏ်ယူနေတာလား။ ဆင့်ခေါ်အမိန့်တော် ရောက်လာရင် မင်းက ဘာမှမဟုတ်တော့ဘူး။ သူရဲကောင်းဆန်ပြမနေနဲ့"

"ငါက ပူဇော်သက္ကာရ မလိုအပ်ဘဲ ဘဝအသစ်တစ်ခု ပိုင်ဆိုင်နိုင်ခဲ့လို့ မင်းက မနာလိုဖြစ်နေတာပဲ။ မင်းရဲ့ ဝိညာဥ် ကျန်နေတော့ ပြန်လည်ဝင်စားပြီး ဆက်ရှင်သန်ဖို့ စိတ်ကူးယဥ်နေတာလား။ ငါ့ဆီမှာ အဲ့တာ ရှိတယ်"

ယွမ်ရှောင်က ကျောခိုင်း၍ လှည့်ထွက်သွားဟန် ပြင်လိုက်သောအခါ ထိုက်ဝေ၏ ဝိညာဥ်သည် မူလတွင် တုန်လှုပ်သွားသော်လည်း ခဏအကြာတွင် ဆက်လက် လှောင်ပြောင်ခဲ့သည်။

"မင်းက ငါးစာ သုံးပြီး ဆင့်ခေါ်အမိန့်တော်နဲ့ ဖြေရှင်းဖို့ ငါ့ကို အသုံးချချင်နေတာလား။ မဆိုးဘူး၊ ဉာဏ်ကောင်းတယ်။ ကံဆိုးတာက မင်းဟာ ပြန်လည်ဝင်စားခြင်း လမ်းစဥ်ကို မတော်တဆ ရောက်လာတဲ့ ဝိညာဥ်တစ်ခု မဟုတ်လား။ သံသရာနဂါးငွေ့တန်းအကြောင်းတောင် မသိဘူးလေ...ဟား...ဟား"

ယွမ်ရှောင်သည် တစ်ဖက်လူကို လှည့်စားချင်ခဲ့သော်လည်း ကျရှုံးသွားသဖြင့် အခြေအနေကို နားလည်နိုင်ရန် ကြယ်ပြာနှင့် ဆက်သွယ်လိုက်၏။

"​လူဝင်စားတွေ အများကြီး ရှိတယ်ဆိုတာ ဘာသဘောလဲ"

"ဒီအခြေအနေက ရှားပါးတယ်။ သံသရာနဂါးငွေ့တန်းမှာ ထူးခြားတာ တစ်ခုခု ရှိလိမ့်မယ်။ တာအိုက သတ်မှတ်ထားတဲ့ သေခြင်းရှင်ခြင်း သံသရာကို အစားထိုးနိုင်တဲ့ အရာမျိုးပေါ့။ တကယ်တမ်း ဘာလဲဆိုတာ သိချင်ရင် အနီးကပ် ​လေ့လာရလိမ့်မယ်"

အနက်ရောင် သားရဲလေးသည် ထိပ်ဆုံးတွင် ရှိနေသော ဖန်ဆင်းရှင် အင်မော်တယ်ဖြင့်သာ နေခဲ့ရသောကြောင့် လူ့သဘောသဘာဝကို နားမလည်သကဲ့သို့ အောက်ခြေကိစ္စများနှင့် အလှမ်းဝေးပုံပေါ်သည်။

"ဒီကောင်က ပါးနပ်တယ်။ ထပ်ပြီး လှည့်စားဖို့ မဖြစ်နိုင်တော့ဘူး"

ထိုက်ဝေသည် ယွမ်ရှောင်ကို အရင်ဘဝ၏ ကျင့်ကြံခြင်းများ မတော်တဆ ရလိုက်သော ကံကောင်းသူတစ်ယောက်အဖြစ်သာ ထင်နေသည်။ သူ၏ အမြင်တွင် လက်ရှိဘဝသည် ကွဲပြားသော လမ်းစဥ်ကို မကျင့်ကြံခဲ့သောကြောင့် နိမ့်ကျသည့် လူဝင်စားဟု သတ်မှတ်ထား၏။ ဤဘဝမှာ ထိုက်ဝေအတွက် အထွတ်အထိပ်ဖြစ်နေသောကြောင့် ဝင်စားခြင်းလမ်းစဥ်ကို မတော်တဆ ရောက်လာသော ယွမ်ရှောင်အပေါ် မနာလို၍ မုန်းတီးလျက် ရှိသည်။

ဘဝတစ်ခုတွင် လမ်းစဥ်တစ်ခု ကျင့်ကြံပြီး ကိုးဘဝ ရှင်သန်မည်ဆိုလျှင် သွေးသားတော်စပ်မှုများ ပရမ်းပတာ ဖြစ်နိုင်သည်။ "ငါက မင်းအဖေ၊ မင်းကလည်း ငါ့အဖေ" ဟူသော ကမောက်ကမ အခြေအနေများ ပေါ်ပေါက်လာပေလိမ့်မည်။ လက်ရှိအခြေအနေအရ ကောက်ချက်ချရလျှင် ဆင့်ခေါ်အမိန့်တော်ကြောင့် စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ယောက် မဟာတာအိုနယ်မြေသို့ ရောက်လာနိုင်သည်။

"ယွမ်ရှောင်၊ ကောင်းကင်ရုံးတော်ရဲ့ အစီအရင်တွေ အားလုံးကို ဘိုးဘေးတွေ ချီးမြှင့်ထားတာပဲ။ ငါ့ဘိုးဘေးတွေက ကမ္ဘာအဆက်ဆက် အုပ်စိုးခဲ့တယ်။ ဒီနယ်မြေရဲ့ တစ်လက်မတောင် ထိုက်မင်းဆက်ရဲ့ မြင့်မြတ်နယ်မြေပဲ။ အခုက မင်းကြောင့် ဆင့်ခေါ်အမိန့်တော် အသက်ဝင်သွားပြီ။ ဒီနေ့ကစပြီး သေဖို့ စောင့်နေလိုက်တော့"

ထိုက်ဝေ၏ ဝိညာဥ်က ခြိမ်းခြောက်လိုက်သော်လည်း ယွမ်ရှောင်က အလေးမထားပေ။

"သေဖို့ ထိုင်စောင့်တာကလွဲရင် လုဖန်ရဲ့ ခေါင်းကို ဖြတ်လို့ရော မရဘူးလား။ ဒီတိုက်ပွဲပြီးရင် မင်းရဲ့ ဘိုးဘေးတွေအတွက် ကြိုဆိုလက်ဆောင်လေး ပြင်ပေးနိုင်တာပေါ့"

ယွမ်ရှောင်၏ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများတွင် တိုက်ပွဲဝင်စိတ်ဓာတ်များ မီးတောက်ပမာ တောက်လောင်နေခဲ့သည်။ ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး ဘိုးဘေးနတ်ဘုရား ခြောက်ပါးထံ သွားရာလမ်းသည် ရိုးရှင်းမည် မဟုတ်ကြောင်း သူ နားလည်၏။ ရှေ့တွင် လမ်းကြောင်းများ ဖြည်းဖြည်းချင်း ပွင့်လာသောအခါ ကြောက်လန့်နေရမည့်အစား စကြဝဠာအတွင်း လွတ်လပ်စွာ ဖြန့်ကျက်၍ ရန်သူများကို သတ်ဖြတ်လိုသည့် ဆန္ဒသာ ပြင်းပြင်းပြပြ ဖြစ်တည်လာသည်။ သူ၏ ရည်မှန်းချက်က အလွန်ကြီးမားလာသောအခါ မဟာတာအိုနယ်မြေကဲ့သို့ နေရာမျိုးလောက်ဖြင့် မတင်းတိမ်တော့ပေ။ ထိုက်ဝေ၏ ဝိညာဥ်က သူ၏စိတ်ထဲသို့ အကြောက်တရား ရိုက်သွင်းပေးချင်ခဲ့သော်လည်း သံသရာနဂါးငွေ့တန်းကို တိုက်ခိုက်ရန် တိုက်ပွဲဆာလောင်နေသော ဓားတစ်လက်သာ ပေါ်ပေါက်လာသည်။

"ဒါနဲ့ တစ်ခုလောက် မေးရဦးမယ်။ ငါ့ကိုယ်ပွားတစ်ခုက အစီအရင်ထဲကို ပြုတ်ကျသွားတယ်။ အဲ့တာက ဘယ်ကို ရောက်သွားနိုင်လဲ။ ပြန်လာနိုင်မလား"

ထို့နောက် သူက ပေါ့ပေါ့ပါးပါး ရှိနေဟန်ဖြင့် ထိုက်ဝေ၏ ဝိညာဥ်ကို ဆက်၍ မေးခွန်းထုတ်ခဲ့လေသည်။

All Chapters