အခန်း (၇၂၇-၇၂၈)
Vol. 54 Ch. 727-728
အပိုင်း ၇၂၇ - ပြန်လည်ဝင်စားရာ လမ်းခြောက်သွယ်
"ဘာ...မင်းရဲ့ ကိုယ်ပွားက အထဲကို ပြုတ်ကျသွားတာ သေချာလား"
ထိုက်ဝေ၏ ဝိညာဥ်သည် အံကြိတ်လျက် ယွမ်ရှောင်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"သေချာတယ်"
"တကယ်ပါပဲ။ တစ်ယောက်ယောက်က ဒဏ္ဍာရီလာနေရာမျိုးကို ဒီလိုနည်းလမ်းနဲ့ ရောက်သွားနိုင်တာလား"
ယွမ်ရှောင်က အတည်ပြုပေးလိုက်သောအခါ ၎င်းသည် ရှုံ့မဲ့သွားကာ အချိန်အတန်ကြာပြီးနောက် ပြန်လည် လှောင်ပြောင်ခဲ့သည်။
"မင်းရဲ့ ကိုယ်ပွား ပြန်လာနိုင်ဖို့ မစဥ်းစားနဲ့တော့"
"ဘာကြောင့်လဲ"
"ပြောစရာမရှိဘူး"
၎င်းသည် သေလျှင်လည်း သေပါစေဟူသော သဘောထားဖြင့် မကြောက်မလန့် အာခံနေသောအခါ ယွမ်ရှောင်က ဆက်ပြော၏။
"နားခိုရာတုတ်လည်း အထဲကို ပါသွားတယ်"
"မင်း...မင်း အဖိုးတန်ရတနာကို ဒီအတိုင်း ဖျက်ဆီးပစ်လိုက်ပြီလား"
ထိုက်ဝေ၏ ဝိညာဥ်သည် စိတ်ပျက်လက်ပျက်ဖြင့် ဒေါသတကြီး ကျိန်ဆဲနေသည်။
"ဒါဆိုရင် မင်းရဲ့ ဘိုးဘေးတွေကို ဒီအကြောင်း ပြောပြဖို့ အသက်ရှင်ချင်တယ်မလား"
၎င်း တွေးနေသော အချက်ကို ယွမ်ရှောင်က များစွာ စဥ်းစားစရာပင် မလိုအပ်ဘဲ ထောက်ပြလိုက်သည်။
"ပြောစမ်း။ အဲ့တာက ဘယ်နေရာလဲ။ ငါ့ကိုယ်ပွားက ဘယ်လိုပြန်လာရမလဲ။ မဟုတ်ရင်တော့ မင်းက အသုံးမဝင်ဘူး။ လုဖန်နဲ့ မတိုက်ခင် မင်းကို ညှင်းပန်းနှိပ်စက်ပြီး သတ်ပစ်ဖို့ အချိန် ရှိပါသေးတယ်"
ယွမ်ရှောင်က ခြိမ်းခြောက်လိုက်သော်လည်း တစ်ဖက်လူမှာ တင်းခံနေသဖြင့် ရှန်ရီလည်း သည်းမခံနိုင်တော့ပေ။
"နှိပ်စက်ချင်လည်း အခု လုပ်လိုက်စမ်းပါ။ ဘာတွေစောင့်နေတာလဲ"
"ငါ စဥ်းစားထားတဲ့ နည်းလမ်းက နှစ်ယောက်ဆိုရင် ပိုပြီး အလုပ်ဖြစ်တယ်။ အခုက လူမစုံသေးတော့ စောင့်နေရလို့ပါ။ မလောနဲ့"
ထိုစကားကို ကြားသောအခါ ထိုက်ဝေ၏ ဝိညာဥ်က မျက်မှောင်ကြုတ်၍ တိတ်ဆိတ်နေသည်။ ယွမ်ရှောင်က သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်သောကြောင့် လုဖန်နှင့် တိုက်ပွဲတွင် နှစ်ယောက်လုံး သေသွားရန် ဆုတောင်းနေခဲ့၏။
"အနောက်နန်းဆောင်ကို တွေ့ပြီ"
ထိုအချိန်တွင် မိစ္ဆာမျက်လုံးက သတင်းပို့လာသောအခါ ယွမ်ရှောင်သည် မိုးကြိုးနတ်သင်္ဘောကို မောင်းနှင်နေသော ချောင်ရူအား အမြန်ဆုံးနှုန်းဖြင့် ခရီးဆက်ရန် အမိန့်ပေးခဲ့လေသည်။
အရောင်အသွေးစုံလင်ပြီး စွမ်းအင်များ ရေစီးကြောင်းပမာ စီးဆင်းနေသော မြစ်ကြီးထဲတွင် ထူးထူးဆန်းဆန်း အလင်းရောင်များ ရှိပြီး သာယာနာပျော်ဖွယ် ဂီတသံတို့ ပြည့်နှက်နေသဖြင့် လက်တွေ့မဆန်သော အိပ်မက်ကမ္ဘာအလား တူညီ၏။ ယွမ်ရှောင်၏ နတ်ဆိုးကိုယ်ပွား ဖြစ်သော လနတ်သားက ၎င်းအတွင်း မျောပါနေပြီး ပုံပျက်နေသော အချိန်နှင့် ဟင်းလင်းပြင်အကြား ဒလိမ့်ကောက်ကွေး ဖြစ်နေသည်။ ၎င်းအထက်တွင် မရေမတွက်နိုင်သော ကြယ်များဖြင့် ဖွဲ့စည်းထားသည့် အမိုးတစ်ခု ရှိနေသောကြောင့် မြေအောက်ဥမင်လှိုဏ်ခေါင်းကဲ့သို့ပင်။ ထူးကဲလှပသော အလင်းရောင်များကြောင့် ၎င်းတို့သည် သေမျိုးကမ္ဘာများ မဖြစ်နိုင်ဘဲ အစွမ်းထက် နယ်မြေဓာတ်လုံးများ ဖြစ်နိုင်ချေ ရှိသည်။
"သံသရာ နဂါးငွေ့တန်း၊ လူဝင်စားတွေနဲ့ ဒဏ္ဍာရီလာ နယ်မြေ"
ယွမ်ရှောင်က ကိုယ်ပွား၏ မျက်လုံးမှတဆင့် ဤနယ်မြေကို ကြည့်နေရင်း အတွေးများနေမိသည်။
"အရှင်၊ စက်ကွင်းတစ်ခု တွေ့တယ်"
အနားတွင် စောင့်ရှောက်ကာကွယ်ပေးနေသော ပိုင်စုစုထံမှ စိတ်လှုပ်ရှားနေသော စကားသံ ထွက်ပေါ်လာသည်။ မြစ်၏ ဗဟိုချက်တွင် အဝါရောင် အလင်းစက်ကွင်းတစ်ခု ခပ်မှိန်မှိန် ထွက်ပေါ်လာပြီး ရေစီးကြောင်းများအတိုင်း သူတို့က ၎င်းထံ တည့်တည့်မတ်မတ် ရောက်ရှိသွား၏။
"တစ်ယောက်နဲ့တစ်ယောက် လူမကွဲစေနဲ့"
လနတ်သားက ပြောပြောဆိုဆိုနှင့် ဘယ်ညာနှစ်ဖက်ရှိ အလောင်းနတ်ဆိုးများကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး ဘုန်းခနဲ အသံနှင့်အတူ အလင်းစက်ကွင်းကို ဝင်တိုက်မိခဲ့သည်။ ပြင်းထန်သော ဆောင့်အားက သူ့ကို သတိလစ်မတတ် ဖြစ်စေကာ အမြင်အာရုံတစ်ခုလုံး ကပြောင်းကပြန် လည်ပတ်သွားကာ တစ်စုံတစ်ခုကြောင့် မျောပါနေသော အရှိန်လည်း ပို၍ မြန်ဆန်လာ၏။ အချိန်တစ်ခု ကြာသောအခါတွင်မှ အရှိန်က လျော့ကျသွားကာ ပတ်ဝန်းကျင်ရှိ အလင်းရောင်များလည်း ပျောက်ကွယ်စပြုလာသည်။
"ဘုန်း"
ပိုင်စုစုသည် အဝါရောင် အလင်းနံရံကို ကျောဖြင့် တိုက်မိသွားသောကြောင့် ညည်းသံသဲ့သဲ့ ရေရွတ်လိုက်ပြီး အရှိန်ကြောင့် အစွမ်းထက် အလောင်းနတ်ဆိုးခန္ဓာကိုယ်ဖြင့်ပင် နာကျင်သွားသည်။ ရေတံခွန်ပမာ ရှည်လျားဖြောင့်စင်းသော အနက်ရောင်ဆံပင်များနှင့် သူမသည် လနတ်သားကို အကာအကွယ်ဖြစ်စေရန် ကွေးကွေးလေးနေ၍ တင်းကြပ်စွာ ပွေ့ဖက်ထားသည်။
"လွှတ်တော့"
"ဟုတ်ကဲ့"
ရင်ခွင်အတွင်းမှ အမိန့်သံ ထွက်ပေါ်လာသောအခါ သူမက လက်များကို ဖြေလျှော့လိုက်ပြီး လနတ်သားလည်း အပြင်ထွက်လာခဲ့သည်။ သူကလည်း မတ်တပ် ထရပ်ပြီး ရင်ခွင်ထဲရောက်နေသော ပိုင်အာကို အပြင်သို့ ဆွဲထုတ်ခဲ့၏။ နောက်ဆုံးတွင် သုံးယောက်လုံး မျောပါမနေတော့ဘဲ ထူးဆန်းသော အမည်မသိနေရာသို့ ရောက်လာသောအခါ စိုးရိမ်မကင်းဖြစ်နေသည့် သူမထံမှ အသံထွက်လာ၏။
"အရှင်၊ ဘယ်ရောက်နေတာလဲဟင်"
ပိုင်စုစုကမူ ပတ်ဝန်းကျင်အပေါ် သတိမပြတ်ဘဲ စောင့်ကြည့်ရင်း လနတ်သားနှင့် ပိုင်အာကို အနီးကပ် စောင့်ရှောက်ပေးနေသည်။ လနတ်သား၏ မျက်နှာအထက်တွင် ရှောင်နှင့် နီအန်၏ အမှတ်သညာဖြစ်သော အနီရောင်နှင့် အဝါရောင် မျက်လုံးတစ်စုံစီ ထပ်မံ ပေါ်ပေါက်လာကာ အရပ်မျက်နှာအနှံ့ စူးစမ်းလိုက်ကြသည်။
"ဒီအဝါရောင်က စွမ်းအင်တစ်မျိုးပဲ။ အရမ်းထူထပ်နေတော့ အမြင်ကွယ်စေတယ်။ ဒါပေမယ့်..."
လနတ်သားက စကားစပြတ်သွားကာ ခြေထောက်အောက်ရှိ မြေပြင်ကို စစ်ဆေးရန် ငုံ့လိုက်၏။ အနီးကပ် ကြည့်လိုက်လျှင် မြေပြင်မှာ မရေမတွက်နိုင်သော ရုန်းများဖြင့် ဖွဲ့စည်းထားသည့် အစီအရင်မျက်နှာပြင်မျိုး ဖြစ်နေကာ မည်မျှကျယ်ဝန်းကြောင်း မသိရပေ။
"အဆုံးမရှိတဲ့ ရှေးဟောင်းနယ်မြေကို ရောက်လာသလိုမျိုးပဲ။ ငါတို့က ဒီနေရာမှာ ဖုန်မှုန့်တွေလို သေးငယ်နေလောက်တယ်"
ဤနေရာမှ မည်သည်ကိုမျှ မမြင်ရသောကြောင့် နေရာပြောင်းရန် လနတ်သားက ဆုံးဖြတ်သည်။ ထိုက်ဝေ၏ ဝိညာဥ် ပြောခဲ့သော သတင်းအချက်အလက်များကြောင့် သူက သတိကြီးကြီးထားနေပြီး အလောင်းနတ်ဆိုးများကိုလည်း ဖြည်းဖြည်းချင်းသာ လှုပ်ရှားစေခဲ့သည်။
"ဟိုဘက်က နယ်မြေဓာတ်လုံးတစ်ခု မဟုတ်ဘူးလား။ မဟာတာအိုနယ်မြေရဲ့ ဓာတ်လုံးထက်တောင် ကြီးနေသလိုပဲ"
သူတို့က အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ခြေထောက်အောက်ရှိ အစီအရင်ကို ဖြတ်သန်း၍ အနီရောင်သန်းနေသော စွမ်းအင်စက်လုံးတစ်ခုကို ဝေဝေဝါးဝါး မြင်ခဲ့ကြသည်။ တောက်ပ၍ ထိုးဖောက်နိုင်စွမ်းရှိသော အနီရောင်အလင်းသည် ခြေထောက်အောက်ရှိ ရုန်းများကို ဖြတ်သန်း၍ လင်းလက်နေ၏။
"တကယ်ကို နယ်မြေဓာတ်လုံးတစ်ခုပဲ"
ပိုင်စုစုက လနတ်သား၏ အမြင်ကို ခေါင်းညိတ်၍ ထောက်ခံသည်။
"ဒါဆိုရင် ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေ ရှိနိုင်တယ်။ ဒါပေမယ့် နယ်မြေဓာတ်လုံးက ရုန်းတွေရဲ့ အောက်မှာ ရှိနေပြီး ငါတို့က အပေါ်ရောက်နေတယ်။ အဲ့ဒီကို သွားဖို့ဆိုရင် ရုန်းတွေရဲ့ အစွန်းကို ရှာရမယ်"
"မဟုတ်သေးဘူး။ နယ်မြေဓာတ်လုံးက ဒီအစီအရင်ကို စွမ်းအားပေးနေတာရော မဖြစ်နိုင်ဘူးလား။ ကျွန်မတို့ကို ဒီနေရာအထိ ဆွဲခေါ်လာတာက အစီအရင်ပဲလေ"
ပိုင်စုစုက ခေါင်းတစ်ချက်ယမ်း၍ လနတ်သား၏ ထင်မြင်ချက်ကို ကန့်ကွက်၍ မှတ်ချက်ပေးသည်။
"မင်းက တော်တော်လေး သိထားတာပဲ"
"နာရကချောက်နက်မှာလည်း နယ်မြေဓာတ်လုံး ပိုင်ဆိုင်တယ်။ အဲ့တာက ဖွဲ့စည်းပုံ ပျက်စီးနေတာပဲ ရှိတယ်"
သူတို့က စကားတပြောပြောနှင့် ရှေ့ဆက်လာကြရင်း အံ့သြစရာကောင်းလောက်အောင် ခြေထောက်အောက်တွင် နောက်ထပ် နယ်မြေဓာတ်လုံးတစ်ခုကို မြင်လိုက်ရသည်။ ထပ်မံ ပေါ်ပေါက်လာသော အရာတစ်ခုချင်းစီက အရောင်ရော စွမ်းအင်ပါ ကွာခြား၍ အရွယ်အစားလည်း မတူချေ။
"ဒီအစီအရင်ကို စွမ်းအင်ထောက်ပံ့ပေးဖို့ နယ်မြေဓာတ်လုံးတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ဒါက ဘယ်လိုနေရာမျိုးလဲ"
ယေဘူယျသဘောအရ မြစ်ကြောင်းအတွင်းမှ သူတို့ကို ဆွဲခေါ်လိုက်သော အစီအရင်သည် ဖြတ်သန်းရေးဂိတ်တစ်ခုသာ ဖြစ်လျှင် ဤမျှလောက်စွမ်းအင် မလိုအပ်နိုင်ပေ။ လနတ်သားတို့အဖွဲ့က အရှိန်တင်လိုက်ပြီး နီအန်နှင့် ရှောင်၏ မျက်လုံးများမှတဆင့် အစီအရင်၏ အဆုံးတွင် အရေးကြီးသော အရာတစ်ခု ရှိနေမည်ဟု အာရုံခံမိနေသည်။ အဆုံးအစ မရှိသကဲ့သို့ ကြာမြင့်လောက်အောင် လျှောက်လှမ်းပြီးနောက် အဝါရောင် အလင်းများ၏ အဆုံးတွင် နယ်မြေဓာတ်လုံးများထက်ပင် ပို၍ ကြီးမားသော သွေးရောင်စာလုံးကြီးများ မြင်ကွင်းအတွင်း ဝင်ရောက်လာ၏။ ၎င်းတို့က ကောင်းကင်တွင် ကြယ်များပမာ တည်ရှိ၍ ပတ်ဝန်းကျင်တစ်ခုလုံးကို အနီရောင်သန်းစေသည်။
"ဘာတွေ ရေးထားတာလဲ။ ကျွန်မ မဖတ်တတ်ဘူး"
ပိုင်အာက မေးခွန်းထုတ်လိုက်သောအခါ လနတ်သားသည် အသက်ပြင်းပြင်းရှူ၍ တစ်လုံးချင်း ဖတ်ပြလိုက်လေသည်။
"ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်"
အပိုင်း ၇၂၈ - တတိယမြောက် ခေါင်းတလား
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို မသိသော်လည်း မြင်လိုက်ရုံဖြင့် အလောင်းနတ်ဆိုးများ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားကြသည်။ သွေးများ ရွှဲနစ်နေသကဲ့သို့ ရဲရဲနီလျက် ရှိသော စာလုံးများက ကျောချမ်းစရာကောင်းလှပြီး နယ်မြေဓာတ်လုံးများထက် ပို၍တောက်ပနေကာ အနီးကပ်လေလေ၊ အရွယ်အစား ကြီးမားကြောင်း သိလေလေ ဖြစ်၏။ ၎င်းတို့က စာလုံးအနည်းငယ်သာ ဖြစ်သော်လည်း မမျှော်လင့်ဘဲ ရောက်ရှိလာသော ဧည့်သည်သုံးယောက်၏ ဦးခေါင်းအထက် တောင်ကြီးပမာ ဖိနှိပ်ထားကာ အသက်ရှူရခက်စေသည်။
လနတ်သားက ဦးဆောင်၍ စာလုံးများထံ ခြေလှမ်းဆက်လိုက်သောအခါ အလောင်းနတ်ဆိုးများလည်း တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာကြသည်။ စာလုံးများသည် ကောင်းကင်တွင် တွဲလွဲခိုနေကာ တစ်ခုချင်းစီသည် တော်ဝင်နန်းတော်လောက် ကြီးမား၍ ကြောက်မက်ဖွယ်စွမ်းအားတို့ ပေါက်ကွဲလျက် ရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်က ကျင့်ကြံသူများ နေထိုင်ရန် မဟုတ်ဘဲ နယ်မြေကြေညာသော ဆိုင်းဘုတ်တစ်ခုသာဖြစ်သော်လည်း နယ်မြေဓာတ်လုံးများဖြင့် ဖန်တီးထား၏။ မဟာတာအိုနယ်မြေသို့ ရောက်လာသောကြောင့် အမြင်ကျယ်ပြီဟု ထင်မှတ်ထားသော်လည်း ဤနေရာက ပို၍အံ့သြစရာကောင်းနေသည်။
"အဲ့ဒီမှာ..."
လနတ်သားတစ်ယောက်တည်း မဟုတ်ဘဲ ပိုင်စုစုရော ပိုင်အာပါ သွေးနီရောင် စာလုံးများအောက်တွင် အရိပ်မည်းကြီးတစ်ခု ရှိနေကြောင်း မြင်လိုက်ရသည်။ ၎င်းက ကြီးမားလွန်း၍ အစွန်အဖျားကို မမြင်နိုင်သကဲ့သို့ အရာရာကို ဖုံးကွယ်ထားသည့် အနက်ရောင်နံရံကြီးနှင့် ဆင်တူ၏။ ရှေးကျ၍ ကြီးမားကျယ်ပြန့်သော ကြောက်မက်ဖွယ် အန္တရာယ်စွမ်းအားသည် ထိုနံရံမှ ဆူပွက်လာခဲ့ပြီး ဝမ်းနည်းကြေကွဲဖွယ် အငွေ့အသက်များ သယ်ဆောင်လာကာ တစ္ဆေများ၏ ကျောချမ်းစရာ ညည်းသံများလည်း ဖြစ်တည်လာသည်။ ပိုင်စုစုက ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းရင်း ပိုင်အာ စိတ်မလွတ်သွားစေရန်လည်း လက်ဖြင့် ထိန်းချုပ်ထားမိ၏။
"ခေါင်းတလားပါလား"
ထိုအချိန်တွင် ဤသို့ ရေရွတ်လိုက်သည်မှာ ရှောင်ဖြစ်နေပြီး လနတ်သား၏ အကြည့်လည်း ထူးဆန်းသွားသည်။
"မင်း မပြောချင်လည်း ဘေးဖယ်စမ်း။ ငါ ပြောမယ်"
နီအန်က ချက်ချင်း နာမည်ကောင်းယူလိုက်သဖြင့် ရှောင်၏ မျက်လုံးများ အမုန်းဖြင့် ပြည့်နှက်လာ၏။ သူက လှောင်ပြောင်၍ အထင်သေးစွာ ကဲ့ရဲ့နေသည်။
"မင်းရဲ့ မှုန်ဝါးဝါး မျက်လုံးတွေက ဘာမြင်နိုင်မှာလဲ။ ခွေးကောင် တုံးလွန်းတယ်"
"မင်းလည်း ဘာထူးလို့လဲ။ ခေါင်းတလားဆိုတာကလွဲရင် ဘာသိလဲ"
နီအန်၏ ရယ်သံကြောင့် ရှောင်က ဒေါသထွက်သွားကာ အနီရောင်မျက်လုံးများ တလက်လက် တောက်ပ၍ အရိပ်မည်းကြီးကို စိုက်ကြည့်ကာ ဆက်ပြောသည်။
"ဒါက ခေါင်းတလားနဲ့ တူတဲ့ စတုဂံ နယ်မြေဓာတ်လုံး ဖြစ်ရမယ်။ အထဲမှာ အနက်ရောင် မရဏချီတွေ များလွန်းလို့ အဝေးကကြည့်ရင် အခေါင်းတစ်ခုလို မြင်ရတာပဲ"
အရိပ်မည်းကြီးသည် ယွမ်ရှောင် ပိုင်ဆိုင်ထားသော ရှေးဟောင်းခေါင်းတလားများကဲ့သို့ မဟုတ်ဘဲ အခြေခံအားဖြင့် မူကွဲသဏ္ဍာန်ကွဲ နယ်မြေဓာတ်လုံး ဖြစ်ကာ ထူးခြား၏။ စက်လုံးသဏ္ဍာန် နယ်မြေဓာတ်လုံးက အတွင်းပိုင်း ဖွဲ့စည်းပုံ ပျက်စီးသွားလျှင် ဤကဲ့သို့ ပြောင်းလဲသွားနိုင်ပြီး ကျင့်ကြံသူများ ရှင်သန်ရန် ပိုမိုခက်ခဲသော ပတ်ဝန်းကျင် ပေါ်ပေါက်လာသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းက နယ်မြေဓာတ်လုံးတစ်ခု တဖြည်းဖြည်း သေဆုံးသွားခြင်း ဖြစ်ကာ ကြာချိန်သည် အရွယ်အစားအပေါ် မူတည်၏။ အချို့က လျင်မြန်စွာ ပျက်စီးပျောက်ကွယ်၍ အချို့မှာမူ ဖွဲ့စည်းပုံအသစ်ဖြင့် ကာလရှည် တည်ရှိနိုင်ကြသည်။
"ဒါဆိုရင် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်က နာရကချောက်နက်လို ပျက်စီးနေတဲ့ နယ်မြေမျိုးလား"
လနတ်သားက တီးတိုးရေရွတ်ရင်း စဥ်းစားခန်းထုတ်နေကာ ၎င်းသည် ပြန်လည် မွေးဖွားခြင်းနှင့် ပတ်သက်နေပေလိမ့်မည်။ ဧရာမ ခေါင်းတလားကြီးနှင့် ဆင်တူသော စတုဂံသဏ္ဍာန် နယ်မြေဓာတ်လုံးက လျှို့ဝှက်ဆန်းကြယ်၍ ကြီးမားကာ ကြောက်စရာကောင်းနေသည်။ ထိုအခိုက်တွင် သူ၏ အမူအရာသည် မယုံကြည်နိုင်သော အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသဖြင့် ပိုင်အာက စပ်စုသည်။
"ဘာဖြစ်လို့လဲဟင်"
"ဘာမှတော့ မဟုတ်ပါဘူး။ အခု ငါတို့မှာ ပစ်မှတ်တစ်ခု ရှိသွားပြီလေ"
လနတ်သား၏ ထူးဆန်းသော စကားကို ပိုင်အာ၊ ပိုင်စုစု၊ ရှောင်နှင့် နီအန်အပါအဝင် မည်သူမျှ နားမလည်နိုင်ကြပေ။ သူက နယ်မြေဓာတ်လုံး အနားသို့ ချဥ်းကပ်မိသောအခါ မဟာတာအိုနယ်မြေရှိ မူလကိုယ်တွင် ပိုင်ဆိုင်ထားသည့် တတိယမြောက် ခေါင်းတလား တုန်ခါသွားကြောင်း ခံစားမိခဲ့သည်။
"ဒီနေရာက ငါ့အတွက် တာအိုရင်းမြစ်တစ်ခုပဲ"
၎င်းသည် ကောင်းကင်ထောက်တိုင်နှင့် နတ်ဆိုးတိုက်ကြီး ပြီးလျှင် ယွမ်ရှောင် ကြုံတွေ့ရသော တတိယမြောက် တာအိုရင်းမြစ် ဖြစ်၏။ ယခင် တာအိုရင်းမြစ်များက ဓားဝိညာဥ်နှင့် အသက်တံဆိပ် ဖြစ်လာကာ ဖန်ဆင်းရှင် အင်မော်တယ်၏ အရင်ဘဝကို ကျော်လွန်နိုင်ရန် အစွမ်းထက် အကူအညီများအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အရင်ဆုံး နားလည်ဖို့ လိုတယ်။ ပြီးရင် ပေါင်းစပ်ရမယ်"
လောလောဆယ်အခြေအနေအရ မူလကိုယ် မရှိသကဲ့သို့ လနတ်သားနှင့် အနက်ရောင်ခေါင်းတလားအကြား ကွာခြားချက်သည် မနည်းမနောပင်။
"ရှောင်၊ ဒီခေါင်းတလားကမ္ဘာက နာရကချောက်နက်နဲ့ ယှဥ်ရင် ဘယ်လောက်ပိုကြီးလဲ"
သူက လေးနက်သော မေးခွန်းကို ပြောလိုက်ပြီး ရှောင်သည်လည်း နီအန်၏ ရည်ရွယ်ချက်များကို နားလည်စပြုနေသည်။ တစ်ဖက်လူ၏ ဝါးမျိုခြင်း ခံလိုက်ရသော်လည်း ပို၍ ကြီးမားကျယ်ဝန်းသော နယ်မြေများနှင့် စကြဝဠာအတွင်း နက်ရှိုင်းစွာ ရောက်နိုင်စွမ်း ရှိသောကြောင့် အမြင် ပြောင်းလဲသွား၏။ အကျဥ်းထောင် အပြောင်းအလဲ လုပ်ခြင်းသာ ဖြစ်သော်လည်း လနတ်သား၏ ကိုယ်တွင်း၌ လွတ်လွတ်လပ်လပ် နေထိုင်ရသည် မဟုတ်ပါလော။ နားခိုရာ လက်နက်အတွင်း၌မူ အထီးကျန်ဆန်လွန်းကာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်၍ အခြားအကျဥ်းသားများ၏ ဟိန်းသံများကိုသာ ကြားနိုင်လေသည်။
"အဆပေါင်းသုံးထောင်လောက် ပိုကြီးတယ်"
ထို့ကြောင့် သူက လနတ်သား၏ မေးခွန်းကို မှန်မှန်ကန်ကန် ဖြေပေးလိုက်၏။ ထိုအဖြေက အံ့သြစရာကောင်းပြီး မဟာတာအိုနယ်မြေနှင့် နာရကချောက်နက်သည် အရွယ်အစား ခပ်ဆင်ဆင် တူညီသောကြောင့် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကမ္ဘာသည် အလွန့်အလွန် ကြီးမားနေပြီဖြစ်သည်။
"ဒါကြောင့်လည်း စွမ်းအင်အငွေ့အသက်ကို ငါ အဝေးကြီးကနေ အာရုံခံနိုင်တာပဲ။ ချီက အရိုင်းဆန်ပြီး ကြမ်းတမ်းပေမယ့် မဟာတာအိုနယ်မြေထက် အနည်းဆုံး ဆယ်ဆလောက် ပိုသိပ်သည်းတယ်"
"အထဲဝင်နိုင်ရင် အဆတစ်ထောင်လောက်တောင် ပိုများလိမ့်မယ်။ ကမ္ဘာချင်း အဆင့်မတူတာက တော်တော်များတယ်"
ရှောင်က သူ၏စကားထဲမှ အမှားကို ထောက်ပြလိုက်ပြီးနောက် နီအန်နှင့် ရန်ဖြစ်နေပြန်သည်။
"အသုံးမကျတဲ့ မျောက်က ဒါတွေတော့ သိသားပဲ"
"ဘယ်သူမှ မင်းကို မမေးဘူးကွ။ ခွေးကောင်"
ကောင်းကင်ဒုစရိုက်နှစ်ပါး၏ ပဋိပက္ခက ကြီးမားလာသော်လည်း လနတ်သားက လျစ်လျူရှုထားလိုက်ပြီး အလောင်းနတ်ဆိုးများကို ပြောပြခဲ့သည်။
"ငါတို့ မဟာတာအိုနယ်မြေကို ပြန်သွားလို့ မရဘူး။ ဒါပေမယ့် ဒီနေရာမှာ အသားကျဖို့ ကြိုးစားကြည့်ရအောင်။ မူလကိုယ်က လုဖန်ကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်။ မင်းတို့က တာဝန်အသစ်တစ်ခုအတွက် ငါနဲ့ နေရမယ်"
"တာဝန်အသစ် ဟုတ်လား"
ပိုင်အာ၏ မျက်ဝန်းလေးများက လက်ခနဲ တောက်ပသွားသည်။
"တာဝန်အသစ်က ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကမ္ဘာကို ဝါးမျိုဖို့ပဲ"
လနတ်သားက အလွန်တရာ ကြီးမားသော အရိပ်မည်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ရင်း လောဘကြီးသော အငွေ့အသက်တို့ မျက်လုံးအတွင်း ပြည့်နှက်နေ၏။
"သခင်လေးယွမ်၊ အနောက်နန်းဆောင်က ဟိုမှာပဲ"
ကျန်တစ်ဖက်တွင် မိစ္ဆာမျက်လုံး၏ အစွမ်းထက်သော အမြင်အာရုံက အတော်ဝေးဝေးသို့ လှမ်းမြင်နိုင်ခဲ့သည်။
"ငါလည်း တွေ့ပြီ"
မိုးကြိုးနတ်သင်္ဘောကို ပဲ့ကိုင်နေသည့် ချောင်ရူသည်လည်း ညွှန်ပြလိုက်ကာ စိတ်လှုပ်ရှားစပြုလာ၏။ မကြာမီ ဖြစ်ပွားတော့မည့် တိုက်ပွဲသည် မဟာတာအိုနယ်မြေရှိ သက်ရှိအားလုံး၏ ကံကြမ္မာအတွက် အဆုံးအဖြတ်ဖြစ်ကြောင်း သူမ သိထားသည်။ ယွမ်ရှောင်၏ မြင်ကွင်းအတွင်းသို့ မိုးကြိုးနတ်သင်္ဘောထက် သုံးဆခန့် ပိုမိုကြီးမား၍ ငှက်ပြာတစ်ကောင်သဏ္ဍာန် အနောက်နန်းဆောင်က ဝင်ရောက်လာသည်။
"အနောက်နန်းဆောင်ကို ငှက်ပြာအစီအရင်နဲ့ ကာကွယ်ထားတယ်။ အခု တိုက်ခိုက်ရင် အစီအရင်က ငါတို့ကို ဖိနှိပ်ပြီး အားနည်းသွားစေလိမ့်မယ်"
သူတို့ ရင်ဆိုင်ရမည့် ဖရိုဖရဲ မူလဝိညာဥ်၏ စွမ်းအားကို မသိရသေးသဖြင့် ဂရုမစိုက်ဘဲ တိုက်ခိုက်လျှင် ညံ့ဖျင်းသော အကြံအစည်သာ ဖြစ်ပေလိမ့်မည်။
"နတ်သင်္ဘောကို အမြန်ဆုံး မောင်းနှင်ပြီး ငှက်ပြာအစီအရင်ရဲ့ အနောက်ကနေ တိုက်ပစ်လိုက်"
"ဒါဆိုရင် ငှက်ပြာအစီအရင်ကြောင့် သင်္ဘောက တစ်စစီ ပေါက်ကွဲသွားလိမ့်မယ်နော်။ ဒါပေမယ့် အမြန်ဆုံး အရှိန်နဲ့ ဝင်တိုက်ရင်တော့ ဖြစ်နိုင်ချေ ရှိတယ်"
ထို့ကြောင့် ယွမ်ရှောင်၏ ညွှန်ကြားချက်က သူမကို ဇဝေဇဝါ ဖြစ်သွားစေသည်။
"ရတယ်။ စွန့်စားကြတာပေါ့"
"မင်းတို့တွေ အရင်ဆုံး ဆင်းထားလိုက်ကြ"
ချောင်ရူက နတ်သင်္ဘောကို တစ်ကိုယ်တော် မောင်းနှင်ရန် ဆုံးဖြတ်လိုက်သောကြောင့် ယွမ်ရှောင် စိုးရိမ်မကင်း ဖြစ်သွား၏။
"ဝင်မတိုက်ခင်မှာ ထွက်ပြေးနိုင်ပါ့မလား"
"အရေးပေါ် အခြေအနေဆိုရင် ငါ ခုန်ချလို့ ရတယ်။ ပြဿနာ မရှိဘူး"
ချောင်ရူ၏ နှလုံးသားက ထိုစိုးရိမ်မှုကြောင့် နွေးထွေးသွားတော့သည်။
"သင်္ဘောပေါ်က ခုန်ချပြီးရင် ဝေးဝေးမှာ သွားနေ။ ကျန်တာကို ငါတို့ ကိုင်တွယ်မယ်။ အစ်မကြီးက ဓားစာခံ အဖြစ် အဖမ်းခံလို့ မရဘူး"
"အရူးလေး၊ ငါက ငတုံး မဟုတ်လို့ ဒီအချိန်အထိ အသက်ရှင်နေတာလေ။ မင်းတို့ သေသေကြေကြေ တိုက်ခိုက်နေကြတာကို ငါက ဝင်ပြေးရလောက်အောင် မိုက်ရူးရဲမဆန်ဘူး"
ချောင်ရူက ခါးသက်သက် ရယ်မော၍ ယွမ်ရှောင်ကို ကြောင်တောင်တောင်ဟု သဘောထားသော အကြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ လုပ်လိုက်တော့"
ယွမ်ရှောင်၊ မိစ္ဆာမျက်လုံးနှင့် ရှန်ရီသည် စကားထပ်မပြောတော့ဘဲ နတ်သင်္ဘောအထက်မှ ဆင်းသက်ကာ အနောက်နန်းဆောင်ထံ ခိုးကြောင်ခိုးဝှက် ချဥ်းကပ်လိုက်ကြ၏။ ထို့နောက် သင်္ဘောကြီးက မိုးချုန်းသံများအောက်တွင် အသက်ဝင်လာပြီး လျှပ်စီးတန်းတစ်ခုကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းကာ ပြေးထွက်သွားတော့သည်။ ၎င်းသည် လေထဲတွင် ငြိမ်သက်၍ အစောင့်အရှောက် မရှိဟန်ဖြင့် ရပ်တည်နေသော အနောက်နန်းဆောင်ထံ တဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။