မင်း ဘယ်သူလဲ…
Vol. 025 Ch. 1221
“နှစ်ရာချီကြာတိုင်း အဆင့်ကိုးဒေသဟာ ကျင့်ကြံသူစစ်တပ်တစ်ခုကို ဖွဲ့စည်းပြီး ဆန်းကြယ်တဲ့ကြယ်အဖွဲ့အစည်းက ကြမ်းကြုတ်တဲ့သားရဲတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ စေလွှတ်ကြတယ်။ ချန်မေ အဲ့ကို သွားရတော့မှာ သိပ်မကြာတော့တာတောင် ဖြစ်နိုင်တယ်…”
လီချန်မေ၏ အပြာရောင်ဆံပင်များသည် တလွင့်လွင့် ဖြစ်နေ၏။ ဆံပင်စအနည်းငယ်ကို သူမက ညာလက်ဖြင့် လှမ်းကိုင်ကာ ပြုံးသည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေသည်။
“အဲ့နေ့ရောက်လာခဲ့ရင် အစ်ကိုလုက ချန်မေကို လိုက်ပို့ရမယ်…” လီချန်မေသည် မျက်တောင် ပေကလတ်ပေကလတ် ခတ်ကာ ရယ်၏။သူမ၏ ရယ်မောဟန် အပြုံးမှာ ဖူးပွင့်စသစ်ခွပန်းအလား၊ ကျက်သရေဖြာ၍ ကျော့ရှင်းလှသည်။
ဝမ်လင်းနှင့်လီချန်မေတို့ ထွက်ခွာသွားချိန်၌ မူလကလန်တွင် လုယန်ဖေသည် သူမ၏ နေအိမ်ထက်တွင် ရပ်နေလျက် မိုလျိုကုန်းမြေကနေ ထွက်သွားသည့် ဝမ်လင်းကို ကြည့်လို့နေခဲ့သည်။ သူမ၏ နူးညံ့သောအသံမှာလည်း ပဲ့တင်ထပ်သည်။
“ပင်မကလန်မှာ ကျင်းပမဲ့ နှစ်တစ်ရာပြိုင်ပွဲကို စီနီယာလာခဲ့ဖို့ မျှော်လင့်ပါတယ်…”
လုယန်ဖေ၏ ဉာဏ်ရည်ဖြင့် သူမသည် မိုလျိုကုန်းမြေမှာ ဝမ်လင်းကို ဆက်ထိန်းသိမ်းမထားနိုင်မှန်း ပြောနိုင်ပေသည်။ တကယ်တော့ သည်နေရာမှာ ဝမ်လင်းအတွက် ဖြတ်သွားဖြတ်လာ ခြေကုပ်နေရာတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
သူမသည် မူလကလန်နှင့် ကိစ္စကို ဖြေရှင်းပြီးနောက် သူ ထွက်သွားမည်ကို သိထားသည်။ ခရမ်းရောင်တာအိုကလန်နှင့် ပြဿနာကို ဖြေရှင်းပြီးပြီးခြင်း သူ အခုလို ထွက်သွားပြီ မဟုတ်လား။ သူ ထွက်သွားသည်နှင့် သူမအဖို့ သူ ပြန်လာတာကို မတွေ့ရတော့မှာပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဝမ်လင်းနှင့်အတူ ထွက်ခွာသွားသည့် ဆံပင်အပြာနှင့်အမျိုးသမီး(လီချန်မေ)သည်လည်း လုယန်ဖေ၏ မျက်လုံးကို ဖမ်းစားနိုင်ပေသည်။ လီချန်မေသည် ဖြည်းဖြည်းခြင်း ခေါင်းငုံ့သွားသည်။
ဝမ်လင်းက ထိုမြင်ကွင်းနှင့်သူမ၏စကားကို ကြားခဲ့ပေ၏။ သူက နောက်သို့ ပြန်လှည့်မကြည့်ဘဲ အဝေးသို့သာ ဆက်ပျံသန်းသွားသည်။ သို့သော် မိုလျိုကုန်းမြေကနေ ထွက်လာချိန်၌ ဝမ်လင်း၏ စကားသံမှာ လေပြေတစ်ခုကဲ့သို့ လုယန်ဖေထံ တိုက်ခတ်သွားသည်။
“ငါ ပြန်လာကောင်း လာမှာပါ…”
ဤအခိုက်၌ ဝမ်လင်းသည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေသော လီချန်မေကို ကြည့်နေ၏။ သူမသည် ထိုအဆင့်သို့ ရောက်နေသော်လည်း မောက်မာမှု အနည်းငယ်မျှ မရှိ၊ တံခါးဝဘေး၌ ရပ်နေသော ညီမငယ်တစ်ယောက်ကဲ့သို့သာ ရှိနေသည်။
ဝမ်လင်းက သူမ ပြောပြသည့် အဆင့်ကိုးဒေသ၏ လျှို့ဝှက်ချက်ကို နားထောင်ခဲ့သည်။သူက သူမ ပြောပြသည့် ကြမ်းကြုတ်သောသားရဲများနှင့် တိုက်ခိုက်မှုများကို နားထောင်ခဲ့သည်။ သူက သူမ သူ့ကို လိုက်ပို့ပေးနိုင်မလား မေးသည်ကိုလည်း နားထောင်နေခဲ့သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ခပ်တိုးတိုး ပြောသည်။ “ငါ လိုက်ပို့ကောင်း လိုက်ပို့ပေးနိုင်မှာပါ…”
လီချန်မေသည် ပြုံး၏။ သူမ ပြုံးချိန်၌ သူမ၏ မျက်ဝန်းတို့မှာ လမင်းကဲ့သို့ပင်။
လေလံပွဲဒုတိယမြောက်နေ့တွင် ဝမ်လင်းနှင့်လီချန်မေတို့သည် ဖန်းလိုင်ကုန်းမြေအပြင်ဘက်သို့ ရောက်လာခဲ့ပေပြီ။လီချန်မေက သူမ၏ တာအိုမန္တာန်ကို အသုံးပြုကာ သူမ၏ဆံပင်အပြာရောင်များကို နက်မှောင်စေလိုက်သည်။
ထို့ကြောင့် သူမကို လူအများ မည်သူမှန်း သိသွားမှာ ပူနေစရာ မလိုတော့ပေ။နက်မှောင်သောဆံပင်တို့ဖြင့် သူမသည် ပို၍ပင် ကျော့ရှင်းသွားသည်။ ဝမ်လင်းဘေးတွင် သူမ ရပ်နေခြင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာ၏ အာရုံကို စွဲဆောင်နေတော့၏။
ရတနာကျောက်စိမ်းကလန်သည် ရောက်ရှိလာသည့် ကျင့်ကြံသူများကို လက်ခံဖို့ တပည့်များစွာကို နေရာချထား၏။ ကုန်းမြေထံ ဝင်ကြေးပေးပြီးနောက် သူတို့က အစီအရင်ကို ဖွင့်ပေးကာ ကျင့်ကြံသူများကို အတွင်းသို့ ဝင်ခွင့်ပြုမည် ဖြစ်သည်။
အခုအကြိမ်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသို့ ရောက်ရှိလာပြီးနောက် ဝမ်လင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို တွေ့မြင်ရခြင်းပင်။ သည်ဂြိုဟ်က တစ်ဝက်ပဲ ဖြစ်နေတာကလွဲ၍ပေါ့။ သို့ရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို တွေ့မြင်ရသည့် အခြားကျင့်ကြံသူများ၏ တုန်လှုပ်မှုနှင့် ယှဉ်ပါက ဝမ်လင်းသည် အလွန်အမင်း တည်ငြိမ်သည်။
တိမ်ပင်လယ်၌ ကျင့်ကြံသူအများအပြားမှာ အရင်က ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို မမြင်ဖူးကြချေ။ သူတို့သည် လွင့်မြောနေသည့် ကုန်းမြေများထံက လာကြသည့်မဟုတ်လား။ ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို တွေ့မြင်ရသည့် တုန်လှုပ်မှုက သူတို့မျက်နှာများထက်တွင် ထင်ဟပ်နေကြ၏။
သို့ရာတွင် ဝမ်လင်းအတွက် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုမှာ ဘာမှ မဟုတ်ပေ။ သူသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် မွေးဖွားခဲ့သူ မဟုတ်လား။ သူ့ထံ၌ ကိုယ်ပိုင်ကျင့်ကြံခြင်းဂြိုဟ်ပင် ရှိခဲ့သူ မဟုတ်လော။
ရတနာကျောက်စိမ်းကလန်မှ ကျင့်ကြံသူများသည် အစစ်အမှန်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဂုဏ်ယူနေကြ၏။ သို့ရာတွင် ဝမ်လင်းရှေ့၌ ထိုဂုဏ်ဝင့်မှုက ဘာမှ မဟုတ်ပေ။
ကျင့်ကြံသူတိုင်းက သူတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးကာ ဖန်းလိုင်ကုန်းမြေထဲသို့ ဝင်သွားနေကြရင်း နောက်ဆုံးတွင် ဝမ်လင်းနှင့်လီချန်မေတို့အလှည့် ရောက်လာကြသည်။ သို့ရာတွင် သူတို့ကို ခေါ်ဆောင်လာသည့် ကျင့်ကြံသူမှာ မထင်မှတ်စွာဖြင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လို့နေသည်။
“ရတနာကျောက်စိမ်းကလန်က လူအများကို ကြိုဆိုဖို့အတွက် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ထားထားတာဟာ နာမည်ကောင်း ယူချင်တာ သေချာတယ်…”
ဝမ်လင်းသည် ခေါင်းယမ်း၏။ သူသည် ထိုကလန်၏ လုပ်ဆောင်မှုများကို လွယ်ကူစွာ ဖြတ်မြင်နိုင်ပေသည်။ သူတို့သည် စွမ်းအားကို ပြသခြင်း ဖြစ်၏။
စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးပြီးနောက် ဝမ်လင်းနှင့်လီချန်မေတို့က ဖန်းလိုင်ကုန်းမြေထဲသို့ ဝင်လာကြသည်။
လီချန်မေက ပြုံး၍ ခပ်တိုးတိုး ဆို၏။ “ဒီတစ်ကြိမ် လေလံပွဲက အများကြီး ပိုကောင်းတာပဲ။ နောက်ဆုံးအကြိမ် ချန်မေ ဒီကို လာခဲ့တုန်းက သူတို့က ကြိုဆိုဖို့အတွက် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ထားထားတာ။ ညီမ အဆင့်ကိုးကလန်တစ်ခုကို ရောက်သွားသလားတောင် တွေးမိပြီး အဆင့်ငါးဒေသကို ရောက်လာတာတောင် မေ့သွားခဲ့မိတယ်…”
ဝမ်လင်းသည် ခေါင်းသာ ယမ်းပြ၏။
လူအများသည် ရတနာကျောက်စိမ်းကလန်မှာ အရှက်မဲ့သည်ဟု ခံစားရသော်လည်း ဖန်းလိုင်ကုန်းမြေကတော့ အလွန်လှပ၏။ မြေပြင်သည် စိမ်းစိုကာ မြို့များရှိ သေမျိုးများက ကျင့်ကြံသူများ ပျံသန်းသွားကြသည်ကို တလေးတစား မော့ကြည့်နေကြသည်။
လေလံပွဲက ဖန်းလိုင်၏ အရှေ့ဘက်ပိုင်းတွင် ကျင်းပသည်။ လေထဲ၌ ကျောက်တုံးများ လွင့်မြောကာ ၎င်းတို့အထက်၌ အဆောက်အဦများကို တည်ဆောက်ထားသည့် မြင်ကွင်းမှာ ခမ်းနားးလှပေသည်။
ကောင်းကင်ထက်၌ အဖြူရောင်တိမ်စိုင်တိမ်တိုက်များ ပြည့်နေရင် ပတ်ပတ်လည်ရှိ ကျောက်တုံးများက ဖန်းလိုင်ကုန်းမြေ၏ အရှေ့ခြမ်းကို ကောင်းကင်ဘုံနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေစေတော့သည်။
သည်ကျောက်တုံးများ ပေါ်ရှိ တည်ဆောက်ထားသည့် မြို့အရွယ်အစားများမှာ မတူညီသည့် ကျောက်တုံးအရွယ်အစားအပေါ်တွင် အခြေခံထားခြင်းပင်။
ဗဟို၌ မြောလွင့်နေသော ကျောက်တုံးများစွာနှင့်အတူ ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ရှိနေ၏။ ၎င်းတို့မှာ အသေမဟုတ်ဘဲ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။
ထိုကျောက်တုံးများထံကနေ ဂီတသံစဉ်စီးချက်တို့လည်း ထွက်ပေါ်နေ၏။ ကျောက်တုံးများ၏ ထိပ်၌ လှပသောသားရဲကောင်များပင် ပျံဝဲလျက်ရှိကြ၏။ ၎င်းတို့က တိမ်များကြား၌ ပေါ်လိုက်၊ပျောက်လိုက် ရှိနေသည်။
ထိုအခြင်းအရာများကို ကြည့်နေလျက် ဝမ်လင်း၏အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိ၏။ သို့သော် သူ့စိတ်ထဲကနေတော့ သက်ပြင်းချမိ၏။ သည်ကျောက်တုံးများ ပျံဝဲနေဖို့အတွက် ကျောက်တုံးတစ်ခုချင်းစီမှာ စိတ်ဝိညာဉ်ကျောက်တုံးများစွာကို သုံးစွဲထားရသည့် အစီအရင်များ ရှိနေသည်။
“ဒီရတနာကျောက်စိမ်းကလန်က သုံးဖြုန်းတာမှာ ကျော်ကြားတာပဲ။ ဒါပေမဲ့ ဒီအခင်းအကျင်းဟာ ကောင်းကင်ဘုံနယ်မြေနဲ့ တူတယ်ထင်ရပေမယ့်လည်း စိတ်ဝိညာဉ်ကျောက်တုံးတွေကိုသာ အသုံးပြုထားလို့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ကင်းမဲ့နေတယ်။ ဒါက တုပထားတာပါပဲ။ ရတနာကျောက်စိမ်းကလန်က ကောင်းကင်ဘုံကျောက်စိမ်းပြား အများကြီး မတတ်နိုင်ရုံတင် မဟုတ်ဘဲ မူလသလင်းကျောက်တွေကိုရော များများစားစား မသုံးနိုင်ဘူးပဲ…”
လီချန်မေက ရယ်မောကာ ပြော၏။
လီချန်မေက ကောင်းကင်ဘုံကျောက်စိမ်းပြားများအကြောင်း ဖော်ညွှန်းသည်ကို ကြားသည့်အခါ ဝမ်လင်းမျက်နှာမှာ တစ်မျိုးဖြစ်သွား၏။ သူသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကောင်းကင်ဘုံကျောက်စိမ်းပြားများ အတော်လေး ကင်းမဲ့သည်ကို မူလကလန်၏ မှတ်တမ်းများကနေ သိထားခဲ့ပြီး ဖြစ်၏။
ထိုသို့ဖြစ်ရခြင်းမှာ ခြင်သားရဲများ သိမ်းပိုက်ထားသည့် လေကောင်းကင်ဘုံနယ်မြေနှင့် များစွာ ပတ်သတ်နေရပေမည်။ သူတို့သာ ထိုလေကောင်းကင်ဘုံနယ်မြေသို့ မဝင်ရောက်နိုင်ပါက မည်သည့်ကောင်းကင်ဘုံကျောက်စိမ်းကိုမှ ရနိုင်လိမ့်မည် မဟုတ်ပေ။ ရတနာကျောက်စိမ်းကလန်သည်ပင် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်သာ အစီအရင် ခင်းကျင်းဝံ့ကာ ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပတ်သတ်၍ အလွန်တွန့်တိုနေသည် မဟုတ်လား။
ခရမ်းရောင်တာအိုကလန် လူငယ်ကလန်ခေါင်းဆောင်၏ သိုလှောင်အိတ်ထဲတွင်ပင် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ရာပြည့်အောင် ရှိမနေခဲ့ချေ။ထိုအချက်က ၎င်းတို့ မည်မျှရှားပါးကြောင်းကို ပြသနေ၏။
အလားတူပင် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ မူလသလင်းကျောက် ဟုခေါ်သည့် ရင်းမြစ်က ပို၍ပင် အဖိုးတန်၏။ ကောင်းကင်ဘုံကျောက်စိမ်းပြားများက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန်နှင့် ယင်၊ယန်ကျင့်ကြံသူများက သူတို့၏ အစီအရင်များ၊ရတနာများအတွက် အသုံးပြုရုံသာ ရှိ၍ မူလသလင်းကျောက်များကတော့ ဒုတိယအဆင့်ကျင့်ကြံသူများအတွက် ပို၍ပင် အရေးပါလှသည်။
မူလသလင်းကျောက်များက တိမ်ပင်လယ်၌သာ တည်ရှိ၍ ဒုတိယအဆင့်ကျင့်ကြံသူများကလည်း နှစ်သက်ကြ၏။ ၎င်းတို့ကို စုပ်ယူခြင်းဖြင့် ဒုတိယအဆင့်ကျင့်ကြံသူများအတွက် မူလစွမ်းအင်များ မြန်မြန်ဆန်ဆန် ပြန်ကောင်းမွန်စေနိုင်သည်။ ၎င်းတို့က ကျင့်ကြံခြင်းအမြန်နှုန်းကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်သည်။
မူလသလင်းကျောက်တစ်ခုကို အစီအရင်များ နေရာချချိန် သို့မဟုတ် ရတနာများသန့်စင်မွန်းမံချိန်တွင် အသုံးပြုပါက ၎င်းတို့၏စွမ်းအားကိုပါ တိုးတက်စေနိုင်၏။
သို့ရာတွင် မူလသလင်းကျောက်များမှာလည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများကဲ့သို့ ရှားပါးသည်သာ ဖြစ်၏။ ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် မတူသည်က လေကောင်းကင်ဘုံနယ်မြေ၌ ယင်းတို့ကို ပြုလုပ်ရန် မဖြစ်နိုင်သလောက် ရှိ၏။ မူလသလင်းကျောက်များကိုတော့ အများစုကို အဆင့်ရှစ်ကလန်များနှင့် အဆင့်ကိုးကလန်တို့က အများဆုံး ထိန်းချုပ်ထားကြသည်။
ထိုသို့ဖြစ်ရခြင်းကား မူလသလင်းကျောက်များ၏ အစီအရင်ကြောင့် ဖြစ်၏။ ၎င်းကျောက်တို့ကို တူး၍မရ၊ မြူများအဖြစ်သို့ ပြောင်းလဲနိုင်သည့် အဆင့်ဆယ့်နှစ်သားရဲများကနေသာ ဖြစ်ပေါ်ခြင်းပင်။ အဆင့်ဆယ့်နှစ်သားရဲတစ်ကောင်သည် ကြယ်မြူများကြား၌ ရှည်ကြာလွန်းစွာ ရှင်သန်နေပြီးနောက် မူလသလင်းကျောက်တစ်ခုအဖြစ် တဖြည်းဖြည်းချင်း ဖြစ်ပေါ်၏။ အဆင့်ဆယ့်နှစ်သားရဲများ ပိုင်ဆိုင်သည့် ကလန်များနှင့်ကျင့်ကြံသူများကသာ မူလသလင်းကျောက်များကို ရရှိနိုင်ကြ၏။
သို့ရာတွင် အဆင့်ဆယ့်နှစ်သားရဲများကလည်း သိပ်မများလှပါ။ ၎င်းတို့ထဲမှအနည်းငယ်ကသာ မြူများအဖြစ်သို့ ပြောင်းကြ၏။ ထို့အတွက်ကြောင့် အဆင့်ရှစ်ကလန်များကသာ ၎င်းတို့ကို ပို၍ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
မူလသားရဲတစ်ကောင် အဆင့်နိမ့်ဒေသတွင် ပေါ်လာခဲ့ပါက ၎င်းအတွက် တိုက်ပွဲကြီး အပြင်းအထန် ဖြစ်သွားနိုင်၏။ တကယ်တော့ မူလသားရဲမှာ မူလသလင်းကျောက်ဖြစ်သည်ဟု ဆိုလိုနေရင်း မဟုတ်လား။
ဝမ်လင်းက လီချန်မေနှင့်အတူ မြောလွင့်ကျောက်တုံးများထဲမှ တစ်ခုအပေါ်ရှိ မြို့တစ်မြို့ထံသို့ ခြေချ၏။ ထိုမြို့ထဲ၌ ကျင့်ကြံသူများစွာလည်း ရှိနှင့် နေကြ၏။ အချို့မှာ ရတနာကျောက်စိမ်းကလန်ကို စိတ်ဝိညာဉ်ကျောက်တုံးများ ပေး၍ သူတို့၏ ယာယီပွဲရုံများကို ဆောက်ကာ စီးပွားရေး လုပ်နေသည်။
“ဒီနားပတ်လည်မှာတင် စည်ကားနေတယ်…” လီချန်မေသည် ဝမ်လင်းဘေးသို့ လျှောက်လာကာ အနားပတ်လည်သို့ ကြည့်၏။
ဒီနေရာက သက်ဝင်လှ၏။ ရောင်းသံဝယ်သံများ မြို့ထဲ၌ ပြည့်နေ၏။ သည်နေရာက သေမျိုးများ အရောင်းအဝယ်လုပ်သည့်နေရာဖြင့်ပင် တူနေသေး၏။
အခုလိုနေရာမျိုးကို ဝမ်လင်း မရောက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူက မြို့ထဲတွင် လျှောက်နေရင်း သူ့အကြည့်က သိပ်မဝေးသောနေရာရှိ ဆိုင်ငယ်တစ်ခုထံ ကျရောက်သွားသည်။
“ရောင်းရင်းကျင့်ကြံသူတို့…ငါ့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတော့ အများကြီး မရှိဘူး။ ငါ ဒီဆေးလုံးတစ်လုံးကို ထပ်ပေါင်းထည့်ပေးရင်ရော အဆင်ပြေလား…”
ထိုဆိုင်ခန်းငယ်၏ နောက်တွင် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက သူ့ရှေ့ရှိ သက်လတ်ပိုင်းလူကို ကြည့်နေသည်။သူ့အသွင်က သုန်မှုန်နေသည်။
ထိုစကားများက အနှီသက်လတ်ပိုင်းလူထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
“ငါ့ ဆေးလုံးကို ငါ့ဘာသာ သန့်စင်နိုင်တယ်။ မင်း ဆေးလုံးတွေက အသုံးမဝင်ဘူး။ မူလသလင်းကျောက်တစ်ခုအတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား ခုနစ်ဆယ် ပေးရမယ်။ ဒါက ငါ့အကန့်အသတ်ပဲ…”
ထိုသို့ ပြောနေရင်း အဘိုးအို၏ အကြည့်သည် အေးစက်သွားသည်။ထို့နောက် သူက ထိုသက်လတ်ပိုင်းလူကို ဆက်၍ အရေးမစိုက်တော့ပေ။
တိမ်ပင်လယ်၌ ကျင့်ကြံသူများသည် ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့်မူလသလင်းကျောက်တို့ကို လွတ်လပ်စွာ ရောင်းဝင်နိုင်ကြ၏။ ထိုစကားများကို ကြားသည့်နောက် ဝမ်လင်းက သူ့သိုလှောင်အိတ်ကို အလိုလို ထိကြည့်မိ၏။ ၎င်းအိတ်ထဲ၌ ဘာတစ်ခုမှ မရှိသော်လည်း သူသည် တစ်မျိုးကြီး ခံစားမိ၏။ သူ့သိုလှောင်နေရာလွတ်ထဲတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားမည်မျှ ပိုင်ဆိုင်မှန်းပင် သူ မသိ ဖြစ်ရသည် မဟုတ်လား။
ထိုစဉ်မှာပင် အံ့အားသင့်ဟန်အသံတစ်ခု အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာ၏။
“ချန်မေ…တကယ် နင်လား…”
အသံထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူသုံးယောက် လှမ်းလာ၏။ ရှေ့ဆုံးမှသူက အသက်သုံးဆယ်ပတ်လည်လောက် ရှိမည်။ သူက အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားကာ ချောမော၏။ သူက လှမ်းလျှောက်လာရင်း သူ့မျက်လုံးထဲတွင် အံ့အားသင့်ဟန် ဖြစ်ပေါ်နေသည်။ သူ့နောက်ကနေ လိုက်ပါလာသည့် နှစ်ယောက်မှာလည်း ချောမောကြသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က ဖြာထွက်နေရာ အားမနည်းလှကြောင်းကို ဖော်ညွှန်းနေ၏။
လီချန်မေသည် အနည်းငယ်မျက်မှောင်ကြုံ့သွား၏။ သို့သော် သူမက ချက်ခြင်း ပြန်ဖြေလျှော့ကာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူယန်ပဲ…”
အစိမ်းရောင်အင်္ကျီနှင့်သူက အနားရောက်လာ၏။ သူက ဝမ်လင်းကို ကြည့်ပင်မကြည့်ဘဲ ချန်မေကိုသာ ပြုံးပြသည်။ “ငါတို့ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ တွေ့ခဲ့ကြတာ။ ဒါပေမယ့် ငါ နင့်ကို တကယ် သတိရနေတာ။ ကံကောင်းစွာနဲ့ ငါတို့ ဒီနေ့ ထပ်တွေ့ကြပြန်ပြီ။ ချန်မေ…ဒီနေရာက ဆူညံ့နေတာပဲ။ငါတို့ မြို့အတွင်းဘက်ကို သွားကြမလား…”
ထိုသူ၏ အသံမှာ နူးညံ့၏။ဆွဲဆောင်မှုလည်း ရှိနေ၏။
“ကျေးဇူးပါ…ရောင်းရင်းကျင့်ကြံသူယန်…ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ ငြင်းပါရစေ…”
လီချန်မေ၏အသံမှာ တည်ငြိမ်သည်။ သို့သော် အေးစက်မှုလည်း ပါဝင်နေ၏။
“ချန်မေ…နင်…” အစိမ်းရောင်အင်္ကျီနှင့်သူက ခြေလှမ်းအနည်းငယ် ဆက်လျှောက်လာပြီး စကားပြောရန် ပြင်သည်။
“ရောင်းရင်းကျင့်ကြံသူယန်…ကျေးဇူးပြုပြီး သင် ပြောမဲ့စကားကို အာရုံစိုက်ပါ။ ချန်မေ ဆိုတာ သင် ခေါ်နိုင်တဲ့ နာမ်စားမဟုတ်ဘူး…”
လီချန်မေက မျက်မှောင်ကြုံ့၏။ သူမ ဒေါသထွက်နေပေပြီ။ သည်ယန်ယုက သူမ မေးခွန်းမေးခဲ့သော လူများထဲမှ တစ်ယောက် ဖြစ်၏။ သို့သော် သူမသည် သူ့အဖြေကို ကျေနပ်ခြင်း မရှိခဲ့ပေ။
ယန်ယုသည် မျက်ခုံးပင့်သွား၏။ သူက လီချန်မေ ဘေးရှိ ဝမ်လင်းကိုလည်း အစောကတည်းက တွေ့ပေသည်။ သူက လီချန်မေကို ရန်မစဝံ့ချေ။ သို့သော် သူသည် အခြားဘယ်သူ့ကိုမျှ ဂရုစိုက်လိမ့်မည် မဟုတ်ပါ။
ယန်ယုက ဝမ်လင်းကို စူးရဲစွာ ကြည့်၍ အေးစက်စက် ပြောလာ၏။ “မင်း ဘယ်သူလဲ…”
***