← Chapters

အခန်း (၇၂၉-၇၃၀)

Vol. 54 Ch. 729-730

အခန်း (၇၂၉-၇၃၀)

Vol. 54 Ch. 729-730

အပိုင်း ၇၂၉ - နောက်ဘဝရောက်မှ အသိတရား ရလိုက်တော့

မျက်တောင်တစ်ခတ်အတွင်း မိုးကြိုးနတ်သင်္ဘောသည် လျှပ်စီးတန်းကဲ့သို့ အလွန်မြန်သော အဟုန်ဖြင့် အနောက်နန်းဆောင်ကို ဝင်တိုက်ပစ်လိုက်သည်။ ကောင်းကင် နှစ်ခြမ်းကွဲမတတ် ပေါက်ကွဲသံက ဝုန်းခနဲ ထွက်ပေါ်လာပြီး တန်ပြန်စွမ်းအားများမှာ အပြာရောင်လှိုင်းကြီးပမာ ပြန့်ထွက်ကုန်သည်။ သင်္ဘောကြီးက ချက်ချင်း တစ်စစီ ဖြစ်သွားသောကြောင့် ငှက်ပြာအစီအရင်၏ အကာအကွယ် မည်မျှအစွမ်းထက်ကြောင်း သိနိုင်၏။ သို့သော်လည်း ၎င်း၏ အရွယ်အစားကြောင့် ယွမ်ရှောင် ခန့်မှန်းထားသည့်အတိုင်း ဟာကွက်တစ်ခု ပေါ်လာပြီး သင်္ဘောအပျက်အစီးများသည်လည်း အနောက်နန်းဆောင်အတွင်း ပြင်းထန်စွာ ပြုတ်ကျ၍ ပျက်စီးစေသည်။

"အစီအရင် ထိခိုက်သွားပြီ"

အခြေအနေ စောင့်ကြည့်နေသော မိစ္ဆာမျက်လုံးက သတင်းပို့လိုက်သောအခါ ယွမ်ရှောင်၊ စစ်မင်းသမီးနှင့် ရှန်ရီသည် အချိန်ဆိုင်းမနေဘဲ အလင်းတန်းများအဖြစ် ထိုးဖောက် ဝင်ရောက်သွားကြသည်။

"ဒီနေရာက လူသူကင်းမဲ့နေတာပဲ။ ဘယ်သူမှလည်း မရှိဘူး"

စစ်မင်းသမီးက ဤသို့ မှတ်ချက်ချလိုက်သဖြင့် ယွမ်ရှောင် မျက်မှောင်ကြုတ်သွား၏။

"လူတစ်ယောက်တော့ ရှိတယ်"

ရှန်ရီက ပြောပြောဆိုဆိုနှင့် လျှပ်ပြက်သလို ပြေးထွက်သွားရာ အချစ်ပြိုင်ဘက်အဖြစ် သဘောထားနေသော စစ်မင်းသမီးသည်လည်း သွေးနဂါးအဖြစ် ပြောင်းလဲ၍ ပခုံးချင်းယှဥ် လိုက်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် နှစ်ယောက်လုံးသည် ရှေးဟောင်းအင်မော်တယ်ဘိုးဘေး၊ ကပ်ဘေး မိစ္ဆာဘိုးဘေး နတ်ဘုရားများနှင့် ပတ်သက်မှု ရှိကြ၏။

"ဘယ်ပြေးမလို့လဲ"

ရွှေရောင်ပုံရိပ်တစ်ခုသည် ထွက်ပြေးရန် ကြိုးစားနေသောကြောင့် သူမသည် တစ်ချက်ဟိန်းကာ ရှေ့တိုးသွားသည်။ ကပ်ဘေးမိစ္ဆာသွေးဖြင့် ကျင့်ကြံထားသော သွေးကျွန်ကို တိုက်ပွဲအတွင်း ယွမ်ရှောင်က အသုံးချလေ့မရှိပေ။ သူမကိုယ်တိုင် လှုပ်ရှားခွင့်ရသောအခါ ရုပ်ပိုင်းဆိုင်ရာ ခွန်အားရော သွေးစွမ်းအားများပါ အတော်လေး ထိရောက်ကြောင်း ပြသနိုင်ခဲ့၏။ အကြမ်းဖျင်းပြောရလျှင် သူမသည် သတ္တမမင်းသမီးထက် လက်ရှိတွင် ပို၍ သန်မာပြီး ရှန်ရီက သိုင်းလမ်းစဥ်တွင် ကျွမ်းကျင်သော်လည်း လူသားတစ်ယောက်၏ ခန္ဓာကိုယ်သာ ပိုင်ဆိုင်သည်။

"အဲ့တာက တိုက်ပွဲဧကရီပဲ"

ယွမ်ရှောင်က သတိပေးလိုက်သော်လည်း စစ်မင်းသမီးသည် မိစ္ဆာမျက်လုံး လက်ဆောင်ပေးထားသော သွေးဆေဘာကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ၎င်းက နာရကချောက်နက် မိစ္ဆာနယ်မြေ၏ အစွမ်းအထက်ဆုံး လက်နက်ဖြစ်ကာ ထိုက်ဝေ၏ ကောင်းကင်ရတနာလေးပါးနှင့် တန်းတူ ရင်ဘောင်တန်းနိုင်၏။ ထွက်ပြေးနေသော ပုံရိပ်၏ အနောက်သို့ ရောက်သည်နှင့် တပြိုင်နက် သူမက ဆေဘာကို ခပ်ကြမ်းကြမ်း ပိုင်းချလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့်လည်း သွေးချီများအား ဆူးနွယ်ပင်ကဲ့သို့ အသုံးပြုရင်း ခြေထောက်များကို ပစ်မှတ်ထားသည်။ အနောက်နန်းဆောင်သို့ သွားရာလမ်းတွင် မိစ္ဆာမျက်လုံးထံမှ မိစ္ဆာနယ်မြေ၏ လျှို့ဝှက်ချက်များကို ယွမ်ရှောင်က သတင်းရခဲ့ပြီး ဤစွမ်းရည်လည်း ပါဝင်သည်။

"သွေးနွယ်ပင်လယ်"

တိုက်ပွဲဧကရီသည် ထိုတိုက်ကွက်ကြောင့် မိစ္ဆာမျက်လုံး တိုက်ခိုက်လာသည်ဟု ထင်မှတ်ကာ တုန်လှုပ်သွားသည်။ သို့သော် လှည့်ကြည့်လိုက်သောအခါ မိစ္ဆာနယ်မြေ၏ အရှင်သခင်အစား ယင်မိစ္ဆာမလေးကိုသာ မြင်လိုက်ရ၏။ ကောင်းကင်ရုံးတော်တွင် ကာမဂုဏ်အတွက် အသုံးပြုခံရသော ယင်မိစ္ဆာမျိုးနွယ်သည် သူမအကြိုက် ဖြစ်ခဲ့ဖူးသည်။ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် နွယ်ပင်များက သူမကို လွှမ်းခြုံပြီး ပိတ်လှောင်ကာ အကျဥ်းထားလိုက်စဥ် ဆေဘာအလင်းသည်လည်း သွေးချီများနှင့်အတူ ကျဆင်းလာနေပြီ ဖြစ်၏။

"လာစမ်း"

ယင်မိစ္ဆာမျိုးနွယ်အပေါ် တိုက်ပွဲဧကရီက တွက်ကိန်းမှားသွားကာ ဓားရှည်ဖြင့် ပြန်လည် ခုခံလိုက်သော်လည်း မျက်နှာထား ချက်ချင်း ရှုံ့မဲ့သွားသည်။ သွေးဆေဘာသည် ထိုဓားရှည်ကို နှစ်ပိုင်း ဖြတ်ပစ်လိုက်သည့်အပြင် လက်တစ်ဖက် လွင့်ပျံသွားစေကာ သွေးနွယ်ပင်များကလည်း ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်လာသောကြောင့် ပျားအုံကြီးကဲ့သို့ အပေါက်များ ပြည့်နှက်ကုန်သည်။

"အား"

တိုက်ပွဲစစချင်း တိုက်ပွဲဧကရီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီး သွေးများ အန်နေရသည့်အပြင် သွေးချီများကြောင့် မလှုပ်ရှားနိုင်တော့ပေ။

"ယင်မိစ္ဆာမ..."

စကားမဆုံးခင်မှာပင် စစ်မင်းသမီးက ဆေဘာကို တိုက်ပွဲဧကရီ၏ မျက်နှာတွင် အနီးကပ် ပွတ်ဆွဲလိုက်ရာ နားရွက်အထိ ပါးစပ် ပြဲထွက်သွားကာ လျှာတန်းလန်း ထွက်ကျလာ၏။ ထို့နောက် ယွမ်ရှောင်နှင့် ရှန်ရီလည်း ရောက်လာကြပြီး မြေပြင်ပေါ်တွင် ချုပ်နှောင်ခံထားရသော လူတစ်ယောက်ကို သတိထားမိသွားကြသည်။ ခွန်အားကင်းမဲ့၍ ပိုးကောင်ပမာ ဖြစ်နေသော လူမှာ အိမ်ရှေ့စံထိုက်ယုပင်။

"ခွေးကောင်၊ ကိုယ့်ထိုက်နဲ့ကိုယ် ခံလိုက်စမ်း။ နင်ကများ ငါ့ကို ရာဇဝတ်သားလို့ ကြေညာရဲတယ်ပေါ့။ အခု ထိုက်မင်းဆက်တစ်ခုလုံး ဘယ်မှာလဲ"

အနောက်နန်းဆောင်တွင် ရန်သူများ မရှိကြောင်း သိသွားသောအခါ ချောင်ရူလည်း ဝင်ရောက်လာခဲ့ပြီး ထိုက်ယုကို မြင်မြင်ချင်း မျက်နှာအား ပြေးကန်ခဲ့သည်။

"လုဖန်ရဲ့ တည်နေရာကို ရှာနိုင်လား"

ယွမ်ရှောင်က မိစ္ဆာမျက်လုံးထံ သတင်းစုံစမ်းသည်။

"သူက ငါ အာရုံခံနေတာကို သိလို့ ဝိညာဥ်စွမ်းအားနဲ့ ပိတ်ဆို့ထားတယ်။ အမြန်ဆုံး ရှာတွေ့ဖို့က နည်းနည်း ခက်တယ်"

"ဒါဆိုရင် သိဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"

ယွမ်ရှောင်၏ အကြည့်က တိုက်ပွဲဧကရီထံ ရောက်သွားသောအခါ မထီမဲ့မြင် လှောင်ပြောင်ခံလိုက်ရသည်။

"မေ့လိုက်။ ငါ့ကို အကြိမ်တစ်သောင်းလောက် သတ်ရင်တောင် အင်ပါယာလုအကြောင်း တစ်ခွန်းမှ မပြောဘူး"

"ဒီလိုအောက်တန်းစားတစ်ယောက်ကို ကောင်းကင်ရုံးတော်ရဲ့ မိန်းမတွေက ဘာလို့ အချစ်ရူးလို ကိုးကွယ်နေကြတာလဲ"

"ယောကျ်ားတစ်ယောက်ရဲ့ တန်ဖိုးက ခွန်အားပဲ။ မင်းလို လူချောလေးက သူနဲ့ တိုက်ခိုက်ရင် တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး"

တိုက်ပွဲဧကရီက လှောင်ပြောင်လိုက်သော်လည်း အမှန်တကယ်တော့ အဓိပ္ပါယ် မရှိချေ။

"လုဖန်က ငါ မတွေ့အောင် ပတ်ပြေးနေရတာကို မင်းအမြင်မှာ ခွန်အားကောင်းတယ်ပေါ့"

"အင်ပါယာလုက မြင့်မြတ်တယ်။ မင်းလို လမ်းဘေးကြွက်နဲ့ ယှဥ်မရဘူး"

ယွမ်ရှောင်က နားကြားပြင်းကပ်လာသဖြင့် စကားဆုံးဆုံးချင်း ဓားထုတ်ကာ သူမကို ခေါင်းဖြတ်လိုက်ပြီး အကြွင်းအကျန် ဝိညာဥ်အား ဆွဲထုတ်ခဲ့သည်။

"ငါ့ဝိညာဥ်ကိုပါ ဖျက်ဆီးလိုက်။ အင်ပါယာလုအတွက် သေရတာ ဂုဏ်ယူစရာပဲ"

ဝိညာဥ်သာ ကျန်ရစ်သော်လည်း တိုက်ပွဲဧကရီက အာခံလျက် ရှိ၏။

"ပြုစားခံထားရတာပဲ"

အတွေးရတနာ မူလဝိညာဥ်က ချက်ချင်း ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ ဝိညာဥ် နဖူးကို လက်ဝါးဖြင့် ဖိလိုက်သောအခါ အနက်ရောင် ကြာတစ်ပွင့် ထွက်လာကာ လောင်ကျွမ်းပြာကျသွားသည်။

"အခု နားလည်ပြီလား"

တိုက်ပွဲဧကရီ၏ ဝိညာဥ်က ဆတ်ခနဲ တုန်ခါသွား၍ လည်ချောင်းကို လက်ဖြင့် ဆုပ်ကိုင်ကာ ဒူးထောက်ကျသွားစဥ် ယွမ်ရှောင်၏ စကားသံ ထွက်ပေါ်လာ၏။

"လုဖန် ဘယ်မှာလဲ"

"အသက်စွမ်းအင် ကြယ်စမ်းချောင်း။ အဲ့ဒီနေရာမှာ သေမျိုးကမ္ဘာတွေနဲ့ ချိတ်ဆက်ထားပြီး ဝိညာဥ်တွေ အမြန်ဆုံး ဝါးမျိုနိုင်တယ်"

သူမက ပြုစားခံထားရ​ကြောင်း သဘောပေါက်သောအခါ လုဖန်အတွက် အသေခံရန် ဆန္ဒ မရှိတော့ပေ။

"ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး လုဖန်ကို တားဆီးပေးပါ။ ငါ တောင်းပန်ပါတယ်။ ဒီအပြစ်တွေ ဆက်ပြီး မကျူးလွန်ချင်တော့ဘူး"

"နောက်ဘဝကျရင် ဒီလို အသိတရား ရပါစေ"

သူမသည် ဒူးထောက်ရင်း မျက်ရည်စက်လက်ဖြင့် တောင်းပန်နေသော်လည်း ယွမ်ရှောင်က မျက်တောင်တစ်ချက်မခတ်ဘဲ ဘဝကူးပေးလိုက်သည်။

"အသက်စွမ်းအင် ကြယ်စမ်းချောင်းကို ငါ သိတယ်"

မိစ္ဆာမျက်လုံးက သတင်းကောင်း ပေးလိုက်သော်လည်း ကံဆိုးသည်မှာ မိုးကြိုးနတ်သင်္ဘော ပျက်စီး၍ အနောက်နန်းဆောင်လည်း ခရီးသွားမရတော့ပေ။ ကံကောင်းမှာ ကြယ်စမ်းချောင်း၏ တည်နေရာက လက်ရှိ သူတို့ ရောက်နေသည်နှင့် မဝေးလှချေ။

"သူ့ကို ဘယ်လိုလုပ်မလဲ"

ချောင်ရူက ထိုက်ယုကို ညွှန်ပြ၍ မေးလိုက်ခြင်း ဖြစ်သည်။

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ လုဖန်ရဲ့ ကျဆုံးခန်းကို မြင်ချင်လို့ပါ"

ထိုက်ယုက မျက်လုံးများ ပွင့်လာပြီး ယွမ်ရှောင်ကို တုန်တုန်ရီရီဖြင့် တောင်းဆိုခဲ့သည်။

"ကောင်းပြီလေ"

သူက သဘောတူလိုက်ပြီး ထိုက်ယုကို ဂုတ်မှဆွဲကာ ကြယ်စမ်းချောင်းသို့ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သော်လည်း မမျှော်လင့်ထားသော အဖြစ်အပျက် ပေါ်ပေါက်လာခဲ့၏။ အနားရှိ ဟင်းလင်းပြင်ထဲတွင် အလင်းရောင် တောက်ပ၍ အစီအရင် ဖြစ်တည်လာကာ အထဲတွင် ထွန်းလင်းနေသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်နေသည်။

"ဘိုးဘေး ရောက်လာပြီ။ ဟား...ဟား"

ထိုမြင်ကွင်းက ထိုက်ယု၏ မျက်လုံးကို လက်ခနဲ ဖြစ်သွားစေပြီး ဝမ်းသာလွန်းသဖြင့် လက်ရှိအခြေအနေကို မေ့ကာ အားပါးရတ ကြွေးကြော်လိုက်မိသည်။

"​တောက်...တော်တော်မြန်တာပဲ"

ယွမ်ရှောင်က လက်မြန်ခြေမြန်နှင့် ထိုက်ယုကို ချက်ချင်း သတ်ကာ ထိုက်မင်းဆက်၏ ဘိုးဘေး ရောက်လာလျှင် ပြောရမည့် စကားများအား ရှန်ရီထံ သင်ကြားပေးလိုက်လေသည်။

"ဘယ်သူ ရောက်လာလာ၊ မင်းက တော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံး ကျန်ရစ်တဲ့ သတ္တမမင်းသမီးလို့ ပြောလိုက်"

အပိုင်း ၇၃၀ - တော်ဝင်သားတော်

ချန်ရီ၏ စရိုက်သည် အေးစက်သော်လည်း ဉာဏ်ပညာကြီးမားသဖြင့် ကောင်းကင်နယ်မြေတွင် ရှိစဥ်က ယွမ်ရှောင်နှင့် ပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ထိုက်ယုကို ပြတ်ပြတ်သားသား ​သတ်ပစ်လိုက်သော အကြောင်းအရင်းကို ရှင်းပြစရာ မလိုဘဲ နားလည်လိုက်၏။ နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ရန် နည်းပေါင်းစုံ အသုံးပြုခဲ့သော အပြစ်သားမှာ ပြာအဖြစ် မီးရှို့ခံရပြီး အလောင်းပင် မကျန်ရစ်တော့ပေ။ ထို့နောက် အစီအရင်၏ အလင်းရောင်က ပို၍ တောက်ပလာပြီး ပုံရိပ်ကို ကြည့်နေရင်း ရောက်မလာခင် ဓားဖြင့် ပိုင်းပစ်ရန် ယွမ်ရှောင် စိတ်ကူးမိသော်လည်း မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ စွန့်စားမှု မအောင်မြင်လျှင် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားပြီး လက်ရှိ အမှန်တကယ် ဖြေရှင်းရမည်မှာ ဖရိုဖရဲ မူလဝိညာဥ် ဖြစ်သည် မဟုတ်ပါလော။

"မင်းတို့နှစ်ယောက်၊ နောက်ဆုတ်လိုက်ကြ"

ယွမ်ရှောင်က မိစ္ဆာမျက်လုံးနှင့် ချောင်ရူကို ညွှန်ကြားခဲ့သည်။ အကြောင်းအရင်းမှာ မိစ္ဆာမျက်လုံး၏ စွမ်းရည်က ထူးခြား၍ ချောင်ရူသည် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း မရှိသောကြောင့် ရောက်လာသူနှင့် တွေ့ရန် မသင့်တော်ပေ။

"နားလည်ပါပြီ"

သူတို့က ချက်ချင်း ခေါင်းညိတ်၍ အာကာသဟင်းလင်းပြင်အတွင်း ထွက်ခွာကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြ၏။ ထို့နောက် ယွမ်ရှောင်၊ ချန်ရီနှင့် စစ်မင်းသမီးသည် အစီအရင်ထံ ချဥ်းကပ်သွားကြပြီး အန္တရာယ်ရှိပြီး မရေရာသော တွေ့ဆုံမှုတွင် ဦးဆောင်ရန် အသင့်တော်ဆုံးမှာ ထိုက်မင်းဆက်၏ သတ္တမမင်းသမီး ဖြစ်သည်။ ကြယ်စမ်းချောင်းသို့ သွားရန် အလျင်လိုနေသော်လည်း ထိုက်မင်းဆက် ဘိုးဘေး၏ အကူအညီကို ရလိုက်လျှင် အကျိုးရှိသည်။ ထိုသို့မဟုတ်ဘဲ အခြားသူများထံမှ သတင်းအမှန်ကို သိသွားလျှင် ပြဿနာကြီး တက်နိုင်လေသည်။

လေးနက်သော အကြည့်များအောက်တွင် အစီအရင်သည် မီးရှူးမီးပန်းကဲ့သို့ အစွမ်းကုန် ထွန်းလင်းတောက်ပလျက် ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ သို့သော် လူက ရောက်နေပြီဖြစ်ပြီး အစီအရင်၏ အလင်းတန်းများက အဖြူရောင် ကောင်းကင်ဝတ်ရုံတစ်ထည်အဖြစ် ပုံရိပ်ပေါ်တွင် စုစည်းသွားကြ၏။ အစီအရင်ကိုယ်တိုင်က ဝတ်ရုံဖြစ်သွားသောကြောင့် ရောက်လာသူမှာ အဆင့်အတန်းမြင့်မားကြောင်း ဖော်ပြနေသည်။

ပုံရိပ်က ကွေးညွှတ်နေသော မျက်ခုံးနှင့် တောက်ပသော မျက်လုံးများ ရှိပြီး အရှိန်အဝါ ခန့်ညားထည်ဝါသည့် လူငယ်တစ်ယောက် ဖြစ်သည်။ အရေပြားက ခပ်ဖျော့ဖျော့ အလင်း တောက်ပနေပြီး မမြင်ရသော ဖိအားတစ်ခု ထုတ်လွှတ်လျက် ရှိပြီး ကောင်းကင်ကို ​ထောက်ကန်ထားသော တိုင်လုံးကြီးပမာ မားမားမတ်မတ် ရပ်နေ၏။ ဂုဏ်သိက္ခာ ကြီးမားပုံချင်း နှိုင်းယှဥ်ရလျှင် သူက ထိုက်ဝေနှင့် ထိုက်ယုထက် များစွာ သာလွန်ပြီး နေမင်းကြီးပမာ တောက်ပထွန်းလင်း၍ နွေးထွေးကာ မျှော်လင့်ချက်တို့ သယ်ဆောင်ထားပုံပေါ်သည်။ အထူးခြားဆုံးမှာ ဦးခေါင်းအနောက်တွင် ဒေါင်လိုက် ရှိနေသော အလင်းစက်ကွင်း ဖြစ်ပြီး ဦးနှောက်အတွင်းမှ တိုးထွက်လာသကဲ့သို့ နီးနီးကပ်ကပ် တည်ရှိသည်။ သေမျိုးလူသားတို့၏ စိတ်ကူးပုံဖော်မှုများတွင် ဤကဲ့သို့ ရောင်ခြည်တော် စက်ကွင်း ပိုင်ဆိုင်ထားလျှင် နတ်ဘုရားတစ်ပါး၏ သင်္ကေတအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

ရောင်ခြည်တော်စက်ကွင်း အတွင်း၌ တာအိုနှလုံးသား သို့မဟုတ် ဝိညာဥ်စွမ်းအားနှင့် မတူညီသော လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ရှိနေကြောင်း ယွမ်ရှောင် ခံစားမိလိုက်သည်။ အလှအပရေးရာတွင် အပြစ်အနာဆာ မရှိရုံသာမက ထူးခြားဆန်းပြားသော စွမ်းရည်များလည်း ရှိနိုင်ပြီး ကျင့်ကြံဆင့်လည်း သေချာပေါက် မြင့်မားပေလိမ့်မည်။ အနည်းဆုံး ၎င်းရှိနေခြင်းသည် ပိုင်ရှင်ကို စုံစမ်းထောက်လှမ်းနိုင်သော စွမ်းရည်များအပြင်ဘက်တွင် ကာကွယ်ပေးထားနိုင်ပြီး မမြင်ရသော ဒိုင်းပမာ ဆောင်ရွက်နေသဖြင့် ခွန်အား အစစ်အမှန်ကို ခန့်မှန်းရန် မလွယ်ချေ။

ထိုက်မင်းဆက် ဘိုးဘေးများ စေလွှတ်လိုက်သော လူငယ်က လက်ရှိအခြေအနေအပေါ် ဖြစ်လာစေနိုင်သော သက်ရောက်မှုများ ခန့်မှန်းရခက်ပေသည်။ ယွမ်ရှောင်က မျက်ရိပ်ပြလိုက်သောအခါ ရှန်ရီသည် တစ်ဖက်လူကို နှုတ်ဆက်ရန် ရှေ့တွင် နေရာယူလိုက်၏။ ထိုအချိန်တွင် လူငယ်သည် အစီအရင်၏ အလင်းတန်းများကို အကုန်အစင် စုပ်ယူပြီးဖြစ်ကာ စွမ်းအားတည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူ၍ အစိမ်းသက်သက်ဖြစ်သော ပတ်ဝန်းကျင်၌ စူးစမ်းသလို ကြည့်နေသည်။ သဘာဝကျစွာပင် ပထမဆုံး အကြည့်က ယွမ်ရှောင်တို့ သုံးယောက်ထံ ကျရောက်လာပြီး ကျဥ်းကြပ်သော အခန်းတစ်ခုအတွင်း ရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ ချွေးပေါက်များပင် ဖိအားဖြင့် ပိတ်ဆို့ခံထားရသလိုပင်။

"မင်းတို့ ဘယ်သူတွေလဲဆိုတာ ပြောစမ်း"

လူငယ်သည် သူတို့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့ပြီး ခန့်မှန်းရခက်လောက်အောင် တည်ငြိမ်သော အမူအရာဖြင့် စကားစလိုက်သည်။

"ဘိုးဘေးတမန်တော်ကို ဂါရဝပြုပါတယ်။ ကျွန်မက ဒီနယ်မြေ အုပ်ချုပ်သူရဲ့ သမီးတော် ရှန်ရီ ဖြစ်ပါတယ်။ လူကြီးမင်းကို ဘယ်လိုခေါ်ဆိုရမလဲဆိုတာ ပြောပြပေးပါ"

ရှန်ရီက ခေါင်းကို အနည်းငယ်ညွှတ်၍ ပြောလိုက်သောအခါ လူငယ်သည် ရိုးရိုးရှင်းရှင်း ပြန်ဖြေ၏။

"ငါက ဘိုးဘေးတွေ စေလွှတ်လိုက်တဲ့ တော်ဝင်သားတော်ပဲ"

၎င်းဘွဲ့ထူးက ဧကရာဇ်၏ သားတော် သို့မဟုတ် ညီတော်ကို ရည်ညွှန်းသည်လား မသိရပေ။

"တော်ဝင်သားတော်ကို ဂါရဝပြုပါတယ်"

ရှန်ရီက ထီးသုံးနန်းသုံး အမူအရာဖြင့် သင့်တော်သလို ဆက်ပြောသည်။

"ဘယ်သူက ဆင့်ခေါ်အမိန့်တော် ထုတ်ပြန်လိုက်တာလဲ။ ဘာကိစ္စရှိလို့လဲ"

လူငယ်က ခေါင်းတစ်ချက်ညိတ်၍ လိုရင်းကို မေးခွန်းထုတ်၏။

"ကျွန်မပါ။ ဒီနယ်မြေဟာ တစ်ချိန်က စည်ပင်သာယာပြီး ငြိမ်းချမ်းခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်မွေးဖွားလာတဲ့ လူတစ်​ယောက် ရောက်လာပြီး ကောင်းကင်ဥပဒေကို ဆန့်ကျင်လို့ ပြောပြဖို့ မဖြစ်နိုင်လောက်အောင် ဆိုးရွားတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ မကြာသေးခင်က ယုတ်ညံ့တဲ့ အကြံအစည်ကို သုံးပြီး ခမည်းတော်နဲ့ တော်ဝင်မျိုးနွယ်ကို သတ်ဖြတ်ခဲ့ပါတယ်။ ထိုက်မင်းဆက်က အမြစ်ဖြတ် သုတ်သင်ခံလိုက်ရပြီး ကြယ်အကာအကွယ်လည်း ပြိုကျသွားပါတယ်။ ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့ပြီး ရှင်သန်နိုင်ဖို့ ရုန်းကန်နေရပါပြီ"

ရှန်ရီက အသံတွင် ဝမ်းနည်းစိတ်များ ထည့်သွင်းကာ လျှောက်တင်လိုက်သော တော်ဝင်သားတော်သည် မျက်မှောင်ကြုတ်ပြီး ခပ်ပြတ်ပြတ် မေးခွန်းထုတ်ပြန်သည်။

"အဲဲ့ဒီကောင် အခု ဘယ်မှာလဲ။ သူ့ဝိညာဥ်ကို အမှုန့်ချေပစ်ပြီး ဘယ်တော့မှ ပြန်လည်မွေးဖွားခွင့် မရှိစေရဘူး"

"တည်နေရာကို ကျွန်မ သိပါတယ်။ ကျေးဇူးပြုပြီး လိုက်လာပေးပါ"

ရှန်ရီ၏ နူးညံ့သိမ်မွေ့၍ သနားစရာကောင်းသော အသွင်အပြင်သည် ကရုဏာသက်စရာ ဖြစ်ပြီး ယွမ်ရှောင် မတတ်နိုင်သော အားသာချက်တစ်ခုပင်။ စကားလုံး အနည်းငယ်ဖြင့် တော်ဝင်သားတော်က သူမကို ယုံကြည်သွားပြီး ခေါ်ဆောင်ရာသို့ ချက်ချင်း လိုက်ပါလာခဲ့သည်။

"ဒီလူယုတ်မာက လုဖန်လို့ ခေါ်ပြီး ဝိညာဥ်လမ်းစဥ်မှာ ကျွမ်းကျင်ပါတယ်။ သူက မိဖုရားခေါင်ကြီးနဲ့ အမျိုးသမီးအင်မော်တယ်တွေကို ပြုစားပြီး ခမည်းတော်အပေါ် ဖောက်လွဲဖောက်ပြန် လုပ်ခဲ့ပါတယ်။ အခု သူက ရူးသွပ်သွားပြီး သတ္တဝါတိုင်းရဲ့ ဝိညာဥ်ကို ဝါးမျိုလို့ လူသားမျိုးနွယ် မျိုးတုံးစေနိုင်တဲ့ သက်ရှိအားလုံးရဲ့ မိခင် ကူကောင်ကို မွေးမြူနေပါပြီ"

"အသက်စွမ်းအားနဲ့ ဝိညာဥ်ကို ဝါးမျိုတယ် ဟုတ်လား။ ဒီကောင်က သေတွင်းတူးနေတာပဲ"

ထိုစကားများကြောင့် တော်ဝင်သားတော်၏ မျက်လုံးများက ပိုမို တင်းမာကာ သတ်ဖြတ်လိုစိတ် များသထက်များလာသည်။ သူမက စကားလုံးအနည်းငယ်ဖြင့် ထိုက်မင်းဆက် ပြိုပျက်သွားသော အကြောင်းအရင်းကို လုဖန်အပေါ် ပုံချခဲ့သည်။ သတ္တမမင်းသမီးဆိုသော သရုပ်မှန်ကြောင့်လည်း ​အပြင်နယ်မြေမှ ရောက်လာသူတိုင်း ယုံကြည်မိကြပေလိမ့်မည်။ ထို့အပြင် မိဖုရားကျောက်နှင့် အခြားလူများ ဝိညာဥ် ထိန်းချုပ်ခံထားရကြောင်း ပြောလိုက်သဖြင့် နောက်ပိုင်းတွင် တစ်ခုခု လွဲလျှင်လည်း သူတို့ ပြုစားခံနေရသည်ဟု အကြောင်းပြနိုင်သည်။

တော်ဝင်သားတော်က သုံးယောက်လုံးကို ဦးဆောင်၍ အသက်စွမ်းအင် ကြယ်စမ်းချောင်းသို့ အလျင်အမြန် ခရီးနှင်လိုက်ကြသည်။ ထိုအတောအတွင်း ယွမ်ရှောင်သည် ချောင်ရူထံ သတင်းပို့ အဆောင်တစ်ခု ပို့လိုက်သောအခါ တစ်ဖက်လူက ထိုးဖောက်မတတ် အကြည့်မျိုးဖြင့် မေးခွန်းထုတ်လာခဲ့၏။

"မင်း ဘာပို့လိုက်တာလဲ"

"တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေ နည်းပါးပြီး သေမျိုးတွေကို ကာကွယ်ပေးဖို့ လူတွေ စီစဥ်နေတာပါ"

ယွမ်ရှောင်က ရိုရိုသေသေ ပြန်ဖြေသည်။

"ငါ ရှိနေရင် မလိုအပ်ဘူး"

"မှန်လှပါ"

တော်ဝင်သားတော်က မကျေမနပ်ဖြစ်နေသောကြောင့် သူသည် တစ်ထစ်လျှော့၍ ဦးညွှတ်လိုက်၏။ သတင်းပို့ အဆောင်ကလည်း ထွက်ခွာသွားပြီ ဖြစ်သောကြောင့် တော်ဝင်သားတော်က နောက်ထပ် အပြစ်တင်မနေတော့ပေ။

All Chapters