အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း ၁၇၁
ထိုညနေခင်းတွင် ကျန်းဟန်တစ်ယောက် ည ၇ နာရီခွဲကတည်းက စောစောစီးစီး အိပ်ရာဝင်ခဲ့သည်။ မိုးကြိုးတောင်တွင် အင်တာနက်လိုင်း မရှိသဖြင့် သူ၏ လူနေမှုဘဝမှာ ရှေးခေတ်က ကျင့်ကြံသူ ကမ္မဋ္ဌာန်းဆရာတစ်ဦးနှင့် အလွန်တူနေ၏။ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံခြင်းက သူ့ကို ပိုမိုတွေးတော ဆင်ခြင်နိုင်စေရန် အထောက်အကူဖြစ်စေခဲ့သည်။
ဤနေရာတွင် မိုးခြိမ်းသံများကို အချိန်တိုင်း ကြားနေရသော်လည်း ၎င်းက ဤနေရာ၏ တိတ်ဆိတ်အေးချမ်းမှုကို ပိုမိုပေါ်လွင်စေရုံသာ ရှိသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံခြင်းက မိမိ၏ စိတ်နှလုံးကို သန့်စင်စေပြီး မိမိ၏ စစ်မှန်သော သဘာဝကို မြင်တွေ့နိုင်ရန် ပိုမိုလွယ်ကူစေကာ မိမိကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း တွေးတော သိမြင်နိုင်စွမ်း ရှိစေသည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းဟန်သည် မနက် ၃ နာရီ၌ အိပ်ရာထပြီး စိတ်စွမ်းအားကို ကျင့်ကြံရန် တစ်နာရီခန့် အချိန်ပေးခဲ့သည်။ ထို့နောက် ယနေ့၏ အံ့ဖွယ်လေ့ကျင့်ခန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် ပိုင်လင်းကို ခေါ်ဆောင်ပြီး အခြားနေရာတစ်ခုသို့ ထွက်လာခဲ့လိုက်၏။
“သခင်... ဒီနေ့ ခရမ်းရောင်မိုးကြိုးတောင်ထိပ်ပေါ်က နဂါး အရှိန်အဝါက သိသိသာသာ တိုးလာတယ်လို့ ငါ ခံစားရတယ်။”
လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် ပိုင်လင်းက ၎င်း၏ ရှာဖွေတွေ့ရှိမှုကို စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ကျန်းဟန်အား ပြောပြလိုက်၏။
ကျန်းဟန်သည် မှောင်မိုက်သော တိမ်တိုက်များနှင့် မြူခိုးများကြားတွင် ပုန်းကွယ်နေသည့် ခရမ်းရောင်မိုးကြိုးတောင်ထိပ်ကို မော့ကြည့်လိုက်သည်။ ပြီးခဲ့သည့် တစ်ပတ်က အရှေ့ကျွန်းစုရှိ အသိုက်အမြုံကို သွားရောက်ဝင်ရောက်စီးနင်းစဉ်က တွေ့ခဲ့ရသည့် လူသုံးယောက်အကြောင်းကို သူ ပြန်လည်အမှတ်ရမိသွားသည်။
၎င်းတို့၏ ခေါင်းဆောင်မှာ ကန်မြို့ ပြတိုက်မှ ရွှေရောင်နဂါးပုလဲကို ခိုးယူသွားခဲ့သည့် ရာဇဝတ်ကောင်ဖြစ်ပြီး သူတို့သည် ခရမ်းရောင်မိုးကြိုးတောင်ထိပ်နှင့် ဆက်စပ်နေပုံရသည့် တစ်စုံတစ်ခုကို ပူးပေါင်းကြံစည်နေကြခြင်း ဖြစ်သည်။
“အဲ့အကြောင်း ပြန်ရောက်မှ ပြောကြတာပေါ့။”
ကျန်းဟန် အနည်းငယ် စဉ်းစားလိုက်ပြီး ခရမ်းရောင်မိုးကြိုးတောင်ထိပ်သို့ သွားရောက်စုံစမ်းမည့် အစီအစဉ်ကို လောလောဆယ် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ သူ မိုးကြိုးတောင်မှ မထွက်ခွာဖြစ်ခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် အပြင်ထွက်ပြီး စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ဆီဖြစ်စေ သို့မဟုတ် ကျောင်းကို ဖြစ်စေ သူ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း အသိပေးရန် လိုအပ်နေသည်။
ဒါကလည်း သူ ယနေ့နံနက်တွင် ပိုင်လင်းကို လေ့ကျင့်ခန်း စောစောစီးစီး အပြီးသတ်ခိုင်းရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
နံနက် ၆ နာရီသာ ရှိသေးသော်လည်း ခရမ်းရောင်မိုးကြိုးတောင်ထိပ်ပေါ်တွင် အခြေအနေ မည်သို့ရှိသည်ကို သူ လုံးဝမသိရချေ။ ထိုနေရာသို့ တက်ရသည်မှာ အချိန်အတော်ကြာမှာ သေချာသဖြင့် ယခုအချိန်တွင် သွားရောက်စုံစမ်းရန် မသင့်တော်သေးချေ။
မည်သို့ပင်ဆိုစေ သူ ပြန်လာဦးမည်ဖြစ်ပြီး ခရမ်းရောင်မိုးကြိုးတောင်ထိပ်ကို စုံစမ်းစစ်ဆေးရန်လည်း သူ အချိန်အတော်ကြာကတည်းက စီစဉ်ထားပြီးသား ဖြစ်သည်။ ယခုအခါတွင် သူ၏ ခွန်အားမှာ အတော်အသင့် လုံလောက်နေပြီဖြစ်ရာ အပြင်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် ထိုနေရာကို သေချာပေါက် စုံစမ်းစစ်ဆေးရန် ပြင်ဆင်တော့မည်ဖြစ်သည်။ လာမည့်လအတွက် ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့တွင် လုံလောက်သော ရိက္ခာ ရှိ၊ မရှိ ဆိုသည်မှာ ခရမ်းရောင်မိုးကြိုးတောင်ထိပ်မှ သူ ဘာတွေ ရိတ်သိမ်းရရှိနိုင်မလဲ ဆိုသည့်အပေါ်တွင်သာ လုံးဝမူတည်နေပေသည်။
ခဏမျှ တွေးတောပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို ပြန်သိမ်းလိုက်ပြီး ဟုတ်ဟုတ်နှင့်အတူ ထွက်လာခဲ့လိုက်တော့သည်။
သူ မိုးကြိုးတောင်မှ ထွက်ခွာပြီး တောတွင်းစျေးကွက်သို့ ပြန်ရောက်ချိန်တွင် ကိုးနာရီနီးပါးပင် ရှိနေပြီဖြစ်သည်။
ကျန်းဟန်သည် ဦးစွာ စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့၏ သုတေသနအိမ်သို့ ပြန်သွားလိုက်သည်။
သူ အိမ်ထဲသို့ ဝင်သွားသောအခါ လျိုယွဲ့က ဓာတ်ခွဲခန်းထဲတွင် ဆေးရည်များ ပြင်ဆင်နေသည်။ ကျန်းဟန်ကို မြင်သောအခါ သူမက မော့ကြည့်လိုက်၏။
“မင်း ဆေးရည်တွေ လာယူတာ မဟုတ်လား။ မင်းမှာရှိတဲ့ဟာတွေ ကုန်တော့မှာပဲ။”
ထိုသို့ ပြောကာ သူမ၏ အလုပ်ကို ပြန်လည်အာရုံစိုက်လိုက်သည်။ ကျန်းဟန်က ပြုံးလိုက်မိ၏။
“အစ်မယွဲ့က တကယ် မျက်စိလျှင်တာပဲ။ ကျွန်တော် ဆေးရည်တွေ လာယူတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်က အစ်မကို လာတွေ့တာပါ။ တစ်ပတ်လောက် မတွေ့ရတော့ အစ်မကို သတိရနေတာ။”
သူ ပြန်မလာသည်မှာ ခုနစ်ရက်မျှသာ ရှိသေးသည်။ သားရဲထိန်းချုပ်သူ တစ်ဦးအတွက်မူ ၎င်းက အလွန် သာမန်ပင်။ သားရဲထိန်းချုပ်သူများသည် တောရိုင်းထဲတွင် စူးစမ်းရှာဖွေခြင်းနှင့် စွန့်စားခန်းဖွင့်ခြင်းတို့ဖြင့် တစ်နေ့ကုန် အချိန်ကုန်နေတတ်ပြီး အလွန်အလုပ်များကြသည်။
“ဟွန့်...ဒါကို ငါ ယုံမယ် ထင်နေလား။ မင်း တကယ်သာ သတိရရင် တစ်ပတ်လုံးလုံး အဆက်အသွယ် ပြတ်နေမှာ မဟုတ်ဘူး။”
လျိုယွဲ့က ခပ်ဖွဖွရယ်ကာ ဆက်ပြောလိုက်သည်။
“မင်းမှာ ဆေးရည်တွေ ပြတ်လပ်တော့မှာသိလို့ ငါ မင်းအတွက် အပိုတွေ လုပ်ထားပေးတယ်။ ဒါက ဒီလအတွက် လုံလောက်တယ်...ယူသွားလိုက်။ ဒီရက်ထဲ ငါလည်း ခဏလောက် ခရီးထွက်ရနိုင်တယ်။ ငါ့ကို တွေ့ချင်ရင် ငါ ခရီးထွက်ပြီး နောက်ထပ် လဝက်လောက်နေမှ လာခဲ့။ ဒါမှမဟုတ်ရင်လည်း အဲ့ဒီအချိန်ကျ ဖုန်းဆက်လိုက်ပေါ့။ အကယ်၍ ဆက်သွယ်လို့ မရဘူးဆိုရင် ဆက်သွယ်ဖို့ အားမထုတ်နဲ့တော့။ ငါ့ရဲ့ ကျန်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို မင်းနဲ့ ရှောင်ယိဆီမှာ ထားခဲ့မယ်။ အဲ့ဒီကျရင် မင်းတို့ဘာသာ ခွဲဝေယူလိုက်ကြပေါ့။”
“အာ... ဒါက... အစ်မယွဲ့ အစ်မ ဘာလုပ်မလို့လဲ။”
သူမ၏ နောက်ဆုံးဆန္ဒကို စီစဉ်နေသကဲ့သို့ ဖြစ်နေသော စကားလုံးများကို ကြားလိုက်ရသဖြင့် ကျန်းဟန် အနည်းငယ် ဆွံ့အသွားခဲ့ပြီးနောက် အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။
“ဒါက အစ်မရဲ့ ကိုယ်ပိုင်ကိစ္စပါ။ မင်း သိစရာ မလိုဘူး။ မင်းရဲ့ ခွန်အား တိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါ။”
လျိုယွဲ့သည် ကျန်းဟန်ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပြီး တစ်စုံတစ်ခုကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်လိုက်သည်။
“အစ်မယိကော သိပြီးပြီလား။”
လျိုယွဲ့၏ မျက်ဝန်းထဲ၌ ပြတ်သားသော အရိပ်အယောင်ကို မြင်လိုက်သောအခါ ကျန်းဟန်လည်း ဆက်မမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြစမြဲပင်။ လူနှစ်ဦးကြား ဆက်ဆံရေး မည်မျှပင် ကောင်းမွန်နေပါစေ တစ်ဖက်လူက မိမိသဘောဖြင့် အလိုအလျောက် ပြောပြခြင်း မရှိပါက ကိစ္စရပ်တိုင်းကို လိုက်လံမေးမြန်းနေရန် မသင့်တော်ချေ။ ဇနီးမောင်နှံများ ဖြစ်နေလျှင်ပင် ထိုနည်းတူပင် ဖြစ်သည်။
“သူက အခုတလော သူ့ရဲ့ မိသားစုပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ အလုပ်ရှုပ်နေတယ်။ အစ်မ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ ဘာမှမပြောထားဘူး။ မင်းလည်း သူ့ကို သွားမပြောနဲ့။”
လျိုယွဲ့က ခေါင်းခါပြရင်း ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါတယ်။ အစ်မက ဘာမှမပြောနဲ့လို့ မှာထားမှတော့ ကျွန်တော် ဘယ်လိုလုပ်ပြီး ပေါက်ကြားအောင် လုပ်ရဲပါ့မလဲ။ ဒါနဲ့ မမယိက ဘယ်မိသားစုကလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှောင်ယိရဲ့ မိသားစုက ပြည်နယ်မြို့တော်က ဝမ်မိသားစုပဲ။ သူမက မူလက ဘာပိုင်ဆိုင်မှုကိုမှ လုယူချင်စိတ်မရှိလို့ ကန်မြို့လို နေရာအသေးလေးဆီ ထွက်ပြေးတိမ်းရှောင်လာခဲ့တာ။ ဒါပေမဲ့ တချို့လူတွေက အတောမသတ်နိုင်ဘဲ သူမရဲ့ ဝေစုနည်းနည်းလေးလေးကိုပါ ဝါးမြိုဖို့ ကြံစည်လာကြတယ်လေ။ အဲဒါကြောင့် ရှောင်းယိက ဒေါသထွက်ပြီး အဲ့ဒီကောင်တွေကို ရှင်းပစ်ဖို့ ပြန်သွားခဲ့တာပဲ။
သူမတွက် မိသားစုပိုင်ဆိုင်မှုတွေကို ပြန်လည်စုစည်းဖို့ အချိန်အကြာကြီး လိုမှာမဟုတ်ဘူး။ အဲ့ဒီကောင်တွေက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေကြတယ်။ ရှောင်ယိက အသက် ၁၆ နှစ်ကတည်းက ကမ္ဘာအနှံ့က တောရိုင်းဒေသတွေမှာ စွန့်စားခန်းဖွင့်ခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဖန်လုံအိမ်ထဲမှာပဲ ကြီးပြင်းလာပြီး အလိုလိုက်ခံထားရတဲ့ အဲ့ဒီအပျော်အပါးမက်တဲ့ သူဌေးသားတွေရဲ့ အင်အားတွေ အားလုံးပေါင်းလိုက်ရင်တောင် သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါကို သူတို့က မိုက်မိုက်ကန်းကန်းနဲ့ လာဆွနေကြသေးတယ်။
ဒါကြောင့် မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး။ ရှောင်ယိ ဒီကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ သူ မင်းကို သေချာပေါက် လာရှာလိမ့်မယ်။ အဲ့ဒီကျရင် မင်းမှာ အားကိုးရမယ့် နောက်ခံအင်အားကြီးတစ်ခု ရှိလာလိမ့်မယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဝမ်မိသားစုက အလွန်တရာ အင်အားကြီးတဲ့ မိသားစုတစ်ခု ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ထိပ်တန်းမိသားစုတွေ စာရင်းထဲမှာတော့ အဆင့်ဝင်နေတုန်းပဲ။ သူတို့က သားရဲထိန်းချုပ်ခြင်း ခေတ်မတိုင်ခင်ကတည်းက တည်ရှိခဲ့တဲ့ ရှည်လျားတဲ့ မျိုးရိုးအစဉ်အလာရှိတဲ့ မိသားစုလည်း ဖြစ်တယ်။
လျိုယွဲ့က ပြုံးကာ ပြောပြလိုက်သည်။
“ဒါဆို ကောင်းတယ်။”
ကျန်းဟန်က အံ့ဩသွားသည့် အရိပ်အယောင် ပြလိုက်သော်လည်း ဤအချက်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ဆရာမ ဝမ်ယိ၏ အိမ်တော်သို့ သွားရောက်စဉ်ကတည်းက သူမက သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ သိရှိခဲ့သောကြောင့် ဖြစ်သည်။
ကန်မြို့၏ မြို့ပြဧရိယာအတွင်းရှိ နန်းကုန်းတောင်တစ်ခုလုံးကို ငှားရမ်းပြီး ကိုယ်ပိုင်အိမ်တော် ဆောက်လုပ်နိုင်သည်ဆိုခြင်းမှာ အရှိန်အဝါ အနည်းငယ်မျှဖြင့် မဖြစ်နိုင်ပေ။ ထို့အပြင် သူမ၏ အိမ်တော်အတွင်းရှိ စုဆောင်းထားသော ပစ္စည်းများမှာလည်း ကမ္ဘာအနှံ့မှ ရောက်ရှိလာခြင်းဖြစ်ပြီး အလွန်ထူးခြားလှရာ သူမသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသော မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူမတွင် ထိုကဲ့သို့ ထူးခြားသည့် အမြင်ရှိခဲ့သောကြောင့်သာ သူ့တွင် သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်ခု ရှိနေသည်ကို ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သာမန်လူတစ်ဦးသာဆိုလျှင် ဤလမ်းကြောင်းအတိုင်း တွေးမိရန် အလွန်ခဲယဉ်းပေလိမ့်မည်။
သို့သော် ဆရာမ ဝမ်ယိတွင် ထိုမျှကြီးမားသော ဩဇာအာဏာ ရှိနေလင့်ကစား ကျန်းဟန်အနေဖြင့် ၎င်းကို မှီခိုအားထားလိုသည့် စိတ်ကူး လုံးဝမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အရာမျိုးကို အားကိုးခြင်းက လူတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
အခြားသူများ၏ ငွေကြေးပံ့ပိုးမှုကို မှီခိုလိုသည့် စိတ်ကူး ဝင်လာသည်နှင့်အမျှ သင့်တွင် သန်မာသူတစ်ဦး၏ စိတ်ဓာတ်မျိုး ရှိတော့မည်မဟုတ်ဘဲ ပိုမိုသန်မာလာနိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် စကားပုံအတိုင်း တောင်ကိုမှီ တောင်ပြို၊ လူကိုမှီ လူပြေး ဆိုသကဲ့သို့ မိမိကိုယ်ကိုယ်သာ အားကိုးခြင်းက စိတ်အချရဆုံး ဖြစ်သည်။ ၎င်းအပြင် ဆရာမ ဝမ်ယိကဲ့သို့သော လူမျိုးသည် အခြားသူများကိုသာ အမြဲအားကိုးတတ်သည့် လူမျိုးကို ပို၍ပင် အထင်သေးတတ်ကြ၏။
“ဘာလဲ။ မင်း မပျော်ဘူးလား။”
လျိုယွဲ့ အနည်းငယ် သိချင်စိတ် ဖြစ်သွားခဲ့သည်။ သူမ စိတ်ကူးထဲတွင် ကျန်းဟန်၏ တုံ့ပြန်မှုက ဤကဲ့သို့ ဖြစ်မနေသင့်ချေ။
“ကျွန်တော် အစ်မယိအတွက် ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်ကတော့ မိသားစုပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲ များများ၊ ဒါတွေက ကျွန်တော့်အပိုင် မဟုတ်ဘူးလေ။ ကျွန်တော်က ဘာလို့ ဝမ်းသာနေရမှာလဲ။ နောက်ခံအင်အား ရှိသွားလို့လား။
ဆန့်ကျင့်ဘက်ပဲ။ ကျွန်တော် အဲ့လိုနောက်ခံမျိုး ရှိရမယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ကျွန်တော့်ရဲ့ စိတ်ထဲမှာ မှီခိုလိုစိတ်ကိုပဲ ဖြစ်ပေါ်စေလိမ့်မယ်။ အခက်အခဲနဲ့ ကြုံရတိုင်း အဲ့ဒီနောက်ခံကိုပဲ ပြေးမြင်နေမိလိမ့်မယ်။ ကိုယ့်ရဲ့ လက်နှစ်ဖက်ကိုပဲ အကြွင်းမဲ့ အားကိုးရတာက ပိုပြီးတော့ လက်တွေ့ကျပါတယ်။”
ကျန်းဟန်က ပုခုံးတွန့်ကာ အမှန်အတိုင်း ပြောလိုက်သည်။
“မင်းက တကယ် မာနကြီးတာပဲ။”
လျိုယွဲ့က သူ့ကို စနောက်လိုက်သော်လည်း ကျန်းဟန်ကို ပို၍ပင် သဘောကျမိသွားခဲ့၏။ ကျန်းဟန်က ကြွားလုံးထုတ်နေခြင်း မဟုတ်မှန်း သူမ သိသည်။ သူမကို ဖြစ်စေ၊ ဆရာမ ဝမ်ယိကို ဖြစ်စေ သူ အမှန်တကယ် များများစားစား မှီခိုခဲ့ခြင်း မရှိခဲ့ပေ။
သူသည် ရှင်းလင်းပြတ်သားသော ရည်မှန်းချက် ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် သူသည် အလွန်အားနည်းနေပုံ ပေါ်သော်လည်း မကြာတော့မီ အချိန်အတွင်းမှာပင် သူသည် နက်ရှိုင်းသော ချောက်ကမ္ဘာကြီးထဲမှ ပျံတက်သွားမည့် နဂါးတစ်ကောင် ဖြစ်လာလိမ့်မည်ဟု လျိုယွဲ့ ခံစားမိနေသည်။
“ဒီအကြောင်းတွေကို ဆက်မပြောကြရအောင်။ အစ်မယွဲ့က ခရီးထွက်တော့မှာဆိုတော့ ခဏနေရင် ကျွန်တော်တို့ အတူတူ ထမင်းတစ်နပ်လောက် ကောင်းကောင်း စားကြတာပေါ့။”
ကျန်းဟန်က လက်ဝေ့ယမ်းကာ ပြောလိုက်၏။ သူ ကြွားဝါနေခြင်းမဟုတ်ပေ။ သူ လုံးဝ ဆင်းရဲမွဲတေနေလျှင်ပင် ၎င်းက ပြဿနာမရှိဟု ခံစားရသည်။
“ကောင်းပြီ။ ငါ ဟင်းချက်စရာတွေ ဝယ်ထားတယ်။”
လျိုယွဲ့က ခေါင်းညိတ်လိုက်သည်။ ၎င်းက သူမ၏ စိတ်ကူးလည်း ဖြစ်သည်။
ထို့နောက်တွင် လျိုယွဲ့သည် သူမ၏ အလုပ်ကို ဆက်လုပ်နေပြီး ကျန်းဟန်ကမူ ဖုန်းမက်ဆေ့ခ်ျများကို စစ်ဆေးရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူ ကြည့်ရှုနေစဉ်အတွင်း မနေ့က ပေးပို့ထားသော မက်ဆေ့ခ်ျတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရပြီး ထိုမက်ဆေ့ခ်ျ၏ အကြောင်းအရာက သူ့ကို အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားစေခဲ့သည်။
အခန်း ၁၇၂
ထိုသတင်းမှာ ကျောင်းမှ လာခြင်းဖြစ်သည်။ မူလက နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ် ခွဲတမ်းအတွက် ရွေးချယ်ပွဲပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ပွဲစဉ်ကို လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ကျောင်းက သူ့ထံ မက်ဆေ့ခ်ျပို့၍ အကြောင်းကြားလာခဲ့သည်။
သူသာ လာမည့်လ ၁၀ ရက်နေ့...နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ်သို့ သွားရမည့်နေ့ မတိုင်မီ ပြန်လာနိုင်ပါက ပြိုင်ပွဲတွင် အနိုင်ရရုံဖြင့် ဤခွဲတမ်းကို ရယူနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုအချိန်အထိ သူ ပြန်မလာနိုင်ပါက အလိုအလျောက် အရှုံးပေးသည်ဟု သတ်မှတ်မည်ဖြစ်ပြီး ခွဲတမ်းမှာ သူ၏ပြိုင်ဘက်ထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။
၎င်းက သူ့အတွက် တကယ့်ကို ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်သည်။ နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ်၏ တန်ဖိုးမှာ အလွန်မြင့်မားပြီး ထိုနေရာတွင် သူနှင့် အလွန်သင့်တော်မည့် ထိန်းချုပ်မှုအမျိုးအစား သားရဲတစ်ကောင်ကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်လောက်သည်။
“ကျောင်းက ငါ့ကို ကန်မြို့ရဲ့ နံပါတ်တစ်နေရာ ရောက်အောင် တွန်းအားပေးဖို့ တကယ့်ကို အများကြီး ရင်းနှီးမြှုပ်နှံချင်နေတဲ့ပုံပဲ။”
ကျန်းဟန်တစ်ယောက် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင် သူ၏ ပွဲစဉ်ကို ရွှေ့ဆိုင်းနိုင်ရန်အတွက် ကျောင်းက စည်းမျဉ်းများကို ဗြောင်ကျကျ ပြောင်းလဲခဲ့ကြောင်း သူ သိရှိခဲ့ရသည်။
သူတို့သည် မျှတမှုရှိစေရန်အတွက်ဟု အကြောင်းပြကာ ပြိုင်ပွဲကို မတက်ရောက်နိုင်ခဲ့သော ကျောင်းသားအားလုံးသည် ၎င်းတို့၏ ပွဲစဉ်များကို လာမည့်လ ၁၀ ရက်နေ့ မတိုင်မီအထိ ရွှေ့ဆိုင်းနိုင်သည်ဟု ကြေညာခဲ့၏။ ၎င်းက ကျောင်း၏ လူသားဆန်သော ပြောင်းလဲမှုတစ်ခုဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူ သားရဲထိန်းချုပ်ခြင်းဥယျာဉ် ခွဲတမ်းကို သေချာပေါက် ရရှိစေရန်အတွက်သာ ဖြစ်သည်။
သူ့ကို ပျိုးထောင်ပေးချင်သည့် ရည်ရွယ်ချက်မှာ အထင်အရှားပင် ဖြစ်ပြီး ၎င်းက ကျန်းဟန်အား အနာဂတ်တွင် ကျောင်းထံမှ ငွေကြေးတောင်းခံရန် ပိုမိုရဲတင်းလာစေခဲ့သည်။
သို့သော် ထိုကဲ့သို့သော အရာများကို ဖုန်းဖြင့် ဆွေးနွေးရန် မလွယ်ကူချေ။ သူသည် မူလက ယနေ့ ကျောင်းသို့ ပြန်ရန် စီစဉ်ထားသော်လည်း ယခုမူ လျိုယွဲ့နှင့်အတူ ထမင်းစားပြီးသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ဤသတင်းအပြင် လီဇီဝေကလည်း မက်ဆေ့ခ်ျပို့ထားပြီး ရှန်းဟွာမြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လေးခုပူးတွဲပြိုင်ပွဲ တွင် ထိပ်သီးလေးသင်းဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောထားသည်။ လာမည့်အပတ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် သူတို့၏ ပြိုင်ဘက်မှာ အလွန်သန်မာလွန်းသောကြောင့် မြို့နယ်က သူ့ကို ပါဝင်ယှဉ်ပြိုင်စေချင်နေပြီး ဆုကြေးငွေကိုလည်း တိုးမြှင့်ပေးနိုင်ကြောင်း ထည့်သွင်းပြောကြားထားသည်။
သူ၏ ကြားဖြတ်စာမေးပွဲတွင် ကန်မြို့ နဝမအဆင့် ရရှိခဲ့သည့် အောင်မြင်မှုမှာ အချိန်အတော်ကြာကတည်းက ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ရာ မြို့နယ်အနေဖြင့်လည်း သူ၏ အင်အားမှာ သာမန်မဟုတ်ကြောင်း သိရှိထားကြသည်။
ကျန်းဟန် ပြိုင်ပွဲပုံစံကို စစ်ဆေးကြည့်လိုက်၏။ ပူးတွဲပြိုင်ပွဲတစ်ခုလုံးသည် စိန်ခေါ်ပွဲပုံစံကို အသုံးပြုထားပြီး နှစ်ဖက်စလုံးမှ တစ်လှည့်စီ စင်ပေါ်တက်၍ တစ်ဖက်အသင်း တစ်သင်းလုံး လုံးဝမပြတ်မချင်း တိုက်ခိုက်ရခြင်း ဖြစ်သည်။ အဆုံးသတ်တွင် စင်ပေါ်၌ ကျန်ရှိနေသည့်သူက အနိုင်ရရှိသူ ဖြစ်လိမ့်မည်။
လီဇီဝေ၏ လက်ရှိအသင်းတွင် သားရဲ တစ်ကောင်တည်းသာလျှင် ခေါင်းဆောင်အဆင့်သို့ ရောက်ရှိထားပြီး ၎င်းမှာ ဟွမ်ထောင်၏ ငွေရောင်လွှသွားကင်းခြေများ ဖြစ်သည်။ ကျန်ရှိသော အသင်းဖော်များ၏ သားရဲများမှာ လက်ရွေးစင်အဆင့်များသာ ဖြစ်ကြပြီး တစ်ယောက်၏ သားရဲမှာမူ လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်၌သာ ရှိသေးသည်။
လီဇီဝေက သူမအနေဖြင့် ဤအပတ်အတွင်း အဆင့်တက်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသော်လည်း ထိုသို့ဖြစ်လျှင်ပင် ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ခွန်အားကွာဟချက်မှာ ကြီးမားလွန်းနေဆဲပင်။
၎င်းတို့၏ ဆီမီးဖိုင်နယ်ပွဲအတွက် ပြိုင်ဘက်မှာ ဟုန်ယဲ့မြို့နယ်မှ အသင်းတစ်သင်းဖြစ်ပြီး ခေါင်းဆောင်အဆင့် သားရဲ လေးကောင် ပိုင်ဆိုင်ထားသည့် သန်မာသော ပြိုင်ဘက်အသင်း ဖြစ်သည်။ ၎င်းတို့၏ လက်ရှိခွန်အားနှင့်ဆိုလျှင် ရှုံးနိမ့်ရန်မှာ သေချာသလောက် ရှိနေ၏။ ခေါင်းဆောင်အဆင့်နှင့် လက်ရွေးစင်အဆင့်ကြား ကွာဟချက်မှာ ကြီးမားလွန်းလှပြီး ၎င်းတို့က တစ်ဆင့်တည်းတွင်ပင် ရှိမနေကြချေ။
မြို့နယ်အနေဖြင့် သူ ဝင်ရောက်ကူညီပြီး ၎င်းတို့ကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်ပေးရန် မျှော်လင့်နေကြသည်။ အနိုင်ရရှိသည့်အသင်းသည် မြို့ပြခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ခွဲတမ်းကို ရရှိမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုထားသည်။ မြို့ပြခြေစစ်ပွဲတွင် အနိုင်ရရုံမျှဖြင့် ကန်မြို့ကို ကိုယ်စားပြုကာ မြို့ပြလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုများကို ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
ကျန်းဟန်ကမူ ဤအနှစ်သာရကင်းမဲ့သည့် ကတိများအပေါ် ဂရုမစိုက်လှပေ။ အနာဂတ်တွင် တောရိုင်းဒေသ စူးစမ်းရှာဖွေခြင်းကသာ ပင်မရေစီးကြောင်း ဖြစ်လာမည်ဖြစ်ရာ မြို့ပြလိဂ်ကို မည်သူက အာရုံစိုက်နေဦးမည်လဲဆိုသည်မှာ ပြောရန်ခက်ခဲလှ၏။
သို့သော် ငွေရှာရန်အတွက်မူ ဤအခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ချေ။ သူအနေဖြင့် ချန်ပီယံဆုကို ရယူပေးမည်ဟု ကတိပြုပေးပြီး မြို့နယ်အနေဖြင့် သုံးသန်း ပေးချေရန် လီဇီဝေကို ချက်ချင်း ပြောခိုင်းလိုက်သည်။ အကယ်၍ သူ ချန်ပီယံဆုကို မရယူပေးနိုင်ပါက တစ်ပြားတစ်ချပ်မျှ ယူမည်မဟုတ်ကြောင်းလည်း ဆိုလိုက်၏။
“သုံးသန်းတောင်လား။ များလှချည်လား။”
လီဇီဝေတစ်ယောက် အံ့ဩသွားသည့် အီမိုဂျီတစ်ခု ပို့လာ၏။
“ငါပြောတဲ့အတိုင်းသာ ပြန်ပြောလိုက်ပါ။ ဒါက သုံးသန်းလေးပါပဲ။ ပြီးတော့ မြို့ပြခြေစစ်ပွဲ ခွဲတမ်းကို ငါ စွန့်လွှတ်နိုင်တယ်လို့လည်း သူတို့ကို ပြောလိုက်ဦး။”
ကျန်းဟန်က ဂရုမစိုက်ချေ။ အမှန်တော့ သူ တောင်းဆိုလိုက်သည့် ဈေးနှုန်းမှာ နည်းတောင်နည်းသေးသည်ဟု သူ ခံစားရသည်။
“ကောင်းပြီလေ။ နင် ကျောင်းကို ဘယ်တော့ပြန်လာမှာလဲ။”
လီဇီဝေက မေးလိုက်သည်။
“အခြေအနေပေါ်မူတည်တယ် မသေချာသေးဘူး။ မွန်းလွဲပိုင်းမှာ ပြန်လာရင်လည်း လာမယ်။ ဒီလထဲမှာ လုံးဝပြန်မလာဖြစ်တာမျိုးလည်း ဖြစ်နိုင်တယ်။”
ကျန်းဟန်က ပြန်ဖြေလိုက်သည်။
အမှန်တော့ ကျောင်းတွင် သူ့ကို ဆွဲဆောင်နိုင်သည့်အရာ ဘာမျှမရှိတော့ချေ။ အကယ်၍ သူ ကျောင်းမှာသာ နေနေမည်ဆိုပါက သူ လုံးဝဆင်းရဲမွဲတေသွားပေလိမ့်မည်။ သူ့ကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျောင်း၏ ထောက်ပံ့ကြေးသာ ဖြစ်သည်။
မွန်းတည့်ချိန်တွင် လျိုယွဲ့သည် နောက်ထပ် ဟော့ပေါ့တစ်အိုး ပြင်ဆင်ပေးခဲ့သော်လည်း ဟင်းလျာများမှာ ယခင်ကထက် ပိုမိုစုံလင်ကြွယ်ဝလှသည်။
“ဝိုး... အစ်မယွဲ့...အစ်မက တကယ့်ဘောစိပဲ။ ဒီစားပွဲပေါ်က ဟင်းတွေအကုန်လုံးဆို တစ်သိန်းကျော်လောက် ကျမှာ မဟုတ်လား။”
ကျန်းဟန်တစ်ယောက် စားပွဲပေါ်ရှိ ဟင်းလျာများကို အံ့ဩတုန်လှုပ်စွာ ကြည့်ရင်း ပြောလိုက်သည်။
ထိုအထဲတွင် ကျန်းဟန် သိရှိနားလည်သော ဟင်းလျာများမှာ ရွှေရောင်မြင့်မြတ်သောသွေးအမဲသား၊ အရှေ့ပင်လယ်နဂါးခရု၊ ရောင်စုံပင်လယ်ဂဏန်း၊ စိန်ဂဏန်းနှင့် နံနက်ခင်းရောင်ခြည်မှိုတို့ ဖြစ်ကြပြီး အားလုံးမှာ တစ်ဂျင်လျှင် ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ တန်ဖိုးရှိသည်။ ဤအရာအားလုံးမှာ သားရဲထိန်းချုပ်ခြင်းခေတ် ရောက်ရှိလာပြီးနောက် ထူးခြားဆန်းကြယ်သော စွမ်းအားများနှင့် ပေါင်းစပ်ဖြစ်ပေါ်လာခဲ့သည့် အာဟာရဓာတ်အသစ်များ ဖြစ်ပေသည်။
၎င်းတို့သည် အလွန်တရာ အရသာရှိရုံသာမက အဓိကအကျဆုံးမှာ သားရဲထိန်းချုပ်သူများအတွက် အထောက်အကူပြု လက်ထောက်တစ်ဦး ကဲ့သို့ ဖြစ်နေခြင်းပင်။ ဥပမာအားဖြင့် ရွှေရောင်မြင့်မြတ်သောသွေးအမဲသားကို စားသုံးခြင်းက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ရောင်စုံပင်လယ်ဂဏန်းက စိတ်စွမ်းအင် လည်ပတ်မှုကို တိုးမြင့်စေကာ နံနက်ခင်းရောင်ခြည်မှိုက မျက်စိအမြင်အာရုံကို ပိုမိုကြည်လင်တောက်ပစေခြင်း စသည်တို့ ဖြစ်သည်။
လူသားတို့၏ ခန္ဓာကိုယ်သည် ကျင့်ကြံရန်အတွက် ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်အသုံးမပြုနိုင်သော်လည်း လူသားအများစုမှာ ထူးခြားဆန်းကြယ်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ဤဝိညာဉ်ပစ္စည်းများကိုမူ စားသုံးနိုင်ကြသည်။
နှစ်ပေါင်းတစ်ရာကျော် မျိုးဆက်ပေါင်းများစွာ အစားထိုးလဲလှယ်လာခဲ့ပြီးနောက် လူသားခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအင်အပေါ် လက်ခံနိုင်စွမ်းမှာ တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့သည်။ လူအချို့ နောင်နှစ်ပေါင်းအနည်းငယ်အတွင်း လူသားများသည် ကျင့်ကြံရန် ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်အသုံးပြုနိုင်လိမ့်မည်ဟုပင် ခန့်မှန်းတွေးဆထားကြသည်။
“ငါက ပုံမှန်ဆို စားချင်ပေမဲ့ ကုန်ကျစရိတ်ကို မတတ်နိုင်ဘူးလေ။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုယ် သေချာဆုချတဲ့အနေနဲ့ အကုန်ဝယ်လိုက်တာပဲ။”
လျိုယွဲ့က ပုခုံးတွန့်ရင်း ရှင်းပြလိုက်သည်။
မွေးမြူရေးပညာရှင်တစ်ဦး ဖြစ်ရခြင်းက အလွန်အကျိုးအမြတ်များသည်မှာ မှန်သော်လည်း ၎င်းတို့သည် အမျိုးမျိုးသော စမ်းသပ်မှုများကို လုပ်ဆောင်ရပြီး ကုန်ကျစရိတ်များမှာ အလွန်မြင့်မားလှသဖြင့် သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်ရသည်ထက်ပင် ပိုမိုကုန်ကျစရိတ်များပြားသည့် အကြိမ်ပေါင်းများစွာ ရှိပေသည်။
ထို့ကြောင့် မွေးမြူရေးပညာရှင် အများစုမှာ အလွန်မြင့်မားသော ကုန်ကျစရိတ်ရှိသည့် စမ်းသပ်မှုအချို့ကို လုပ်နိုင်စေရန်အတွက် အဖွဲ့အစည်းများ၏ လက်အောက်၌ တာဝန်ထမ်းဆောင်ကြသည်။
ထိုနည်းတူပင် စမ်းသပ်မှုများ၏ ရလဒ်များကိုလည်း အဖွဲ့အစည်းနှင့် မျှဝေခံစားရမည် ဖြစ်သည်။ စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ကဲ့သို့ တစ်ကိုယ်တော် အလုပ်လုပ်ကိုင်သည့် မွေးမြူရေးပညာရှင်မျိုးမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလွန်ရှားပါးလှသည်။
“ဒါဆိုရင်တော့ ဒီလိုကံကောင်းခြင်းမျိုးကို မျှဝေခံစားရတဲ့အတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူမိပါတယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်ရင်း လျိုယွဲ့အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ဤဝိုင်မှာ လျိုယွဲ့ကိုယ်တိုင် ချက်လုပ်ထားသည့် နွေဦးနှင်းဟု ခေါ်သော သစ်သီးဝိုင်ဖြစ်ပြီး ငှဲ့လိုက်သည်နှင့် တပြိုင်နက် မွှေးပျံ့သော သစ်သီးရနံ့များ ထွက်ပေါ်လာခဲ့သည်။
“လာ... ခွက်ချင်းတိုက်ရအောင်။”
ကျန်းဟန်က သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ လျိုယွဲ့သည် သူနှင့် ခွက်ချင်းတိုက်လိုက်ပြီးနောက် စတင်စားသောက်တော့၏။ သူမသည် တစ်စုံတစ်ခုကို ပြန်လည်တွေးတောအောက်မေ့နေပုံရပြီး ကျန်းဟန်အကြောင်းကို လုံးဝမေ့လျော့သွားကာ သူမဘာသာ အားပါးတရ စားသောက်နေခဲ့သည်။
ကျန်းဟန်ကလည်း သူမကို နှောင့်ယှက်ခြင်းမပြုဘဲ ရှေ့မှ အရသာရှိသော အစားအစာများကို မြိန်ယှက်စွာ စားသုံးရင်း စိတ်ထဲတွင် မိမိ၏ အနာဂတ်အစီအစဉ်များကို တွက်ချက်နေခဲ့သည်။
“ကျန်းဟန်... လာ...ခွက်ချင်းတိုက်ရအောင်။”
လျိုယွဲ့သည် သူမ၏ အတွေးကမ္ဘာမှ ရုတ်တရက် နိုးထလာပြီး ခွက်ကို မြှောက်လိုက်၏။
“ကမ်းပေ့...”
ကျန်းဟန်ကလည်း သူ၏ ခွက်ကို မြှောက်လိုက်သည်။ စကားပုံအတိုင်း ‘အရက်မူး ကျွဲခိုးပေါ်’ ဆိုသကဲ့သို့ လျိုယွဲ့သည် နောက်ပိုင်းတွင် သူမ၏ နောက်ခံအကြောင်းအရာများနှင့် အတွေ့အကြုံများကို ပြောပြလိမ့်မည်ဟု ကျန်းဟန် ယူဆခဲ့သော်လည်း သူမက ထိုအကြောင်းများကို ဘာမှမပြောဘဲ ဆက်တိုက်သာ သောက်စားနေခဲ့သည်။
သူမ ပြောခဲ့သည့် စကားအနည်းငယ်မှာ သူမသည် မည်သည့်မိသားစုကြီးမှ မဟုတ်ဘဲ အလွန်ဆင်းရဲနွမ်းပါးပြီး ခေတ်နောက်ကျကျန်ခဲ့သည့် ဝေးလံခေါင်သီသော နယ်စပ်မြို့ငယ်လေးတစ်ခုမှ လာခြင်းဖြစ်ကြောင်းသာ ဖြစ်သည်။ သူမသည် ထိုရွာငယ်လေးမှ ထွက်ခွာပြီး မွေးမြူရေးပညာရှင်တစ်ဦး၏ လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် ဆရာတစ်ဦးနောက်သို့ လိုက်ပါခွင့်ရခဲ့ခြင်းမှာ အလွန်ကံကောင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် သူမ အရက်မူးပြီး အိပ်ပျော်သွားခဲ့သည်။ ကျန်းဟန်က သူမကို အနီးနားရှိ ပုခက်ကြိုးကုတင်ပေါ်သို့ တိုက်ရိုက်ပွေ့ချီကာ တင်ပေးလိုက်ပြီး ကျန်ရှိနေသည့် ဟင်းလျာများကို သူ့ဘာသာ အပြတ်ရှင်းလိုက်တော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် လျိုယွဲ့တစ်ယောက် ပြန်နိုးလာခဲ့သည်။ သူမကဲ့သို့ အဆင့်မြင့် သားရဲထိန်းချုပ်သူတစ်ဦးအဖို့ သစ်သီးဝိုင်ကြောင့် မူးဝေနေမည့်အချိန်မှာ အလွန်တိုတောင်းလှပေသည်။ တမင်တကာ ထိန်းချုပ်ထားလျှင်ပင် လုံးဝမမူးသည့် အခြေအနေမျိုးကို ရရှိနိုင်သည်။
“အစ်မယွဲ့ နိုးလာပြီလား။ ကျွန်တော် ပန်းကန်ခွက်ယောက်တွေ အကုန် သိမ်းပြီးသွားပြီ။ အခု အပြင်ကို ခရီးတစ်ခု သွားစရာရှိသေးလို့ ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြရအောင်။”
လျိုယွဲ့ နိုးလာသောအခါ ကျန်းဟန်က ဦးအောင် စတင်ပြောဆိုလိုက်သည်။
“ကောင်းပါပြီ။ မင်း သွားနှင့်လိုက်ပါ။ လမ်းမှာ ဘေးကင်းပါစေ။”
လျိုယွဲ့က စကားအများကြီး မပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
“အစ်မယွဲ့... အသက်ရှင်နေဖို့က အရေးကြီးဆုံးပဲ။ အကယ်၍ အစ်မယိ ပြန်လာလို့ အစ်မ မရှိတော့တာကို သိသွားရင် သူမ သေချာပေါက် ရင်ကွဲရလိမ့်မယ်။ ကျွန်တော်လည်း အများကြီး ဝမ်းနည်းမိမှာ။”
ကျန်းဟန် စကားအများကြီး ထပ်မပြောတော့ချေ။ ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်ခဲ့လိုက်သည်။
လျိုယွဲ့၏ ပုဂ္ဂလိကကိစ္စရပ်များတွင် သူ ဝင်ရောက်စွက်ဖက်၍မရချေ။ မိမိ၏ တာဝန်ကို မိမိ ကျေပွန်အောင် ထမ်းဆောင်ဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။ နောင်တစ်ချိန် သူ၏ အင်အားများ တိုးတက်လာခဲ့လျှင်မူ သူမအတွက် အထောက်အကူပြု လက်ထောက်တစ်ဦး ဖြစ်ကောင်း ဖြစ်လာနိုင်ပေလိမ့်မည်။