အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း ၁၇၃
ကျန်းဟန် ထွက်ခွာလာချိန်တွင် မွန်းတည့် ၁၂ နာရီ ရှိနေပြီ ဖြစ်သည်။
ယခုအခါတွင် သူသည် မည်သည့် အဆင့် ၃ ခေါင်းဆောင်အဆင့်သားရဲကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပြီဟုပင် ပြောနိုင်၏။ ထို့ကြောင့် သူသည် ပျံသန်းနိုင်သောသားရဲများကို ငှားရမ်းစီးနင်းနေစရာ မလိုတော့ဘဲ တောတွင်းစျေးကွက်မှ ထွက်ခွာပြီးနောက် တောရိုင်းဒေသကို ဖြတ်သန်းကာ ရှန်းဟွာမြို့နယ်ဆီသို့ ခြေကျင်သာ လျှောက်လာခဲ့လိုက်သည်။
ရှန်းဟွာမြို့နယ်သို့ ရောက်ရှိရန် သူ့အတွက် နှစ်နာရီကြာမြင့်ခဲ့သည်။ သုံးပတ်နီးပါး ကြာပြီးနောက် ရှန်းဟွာမြို့နယ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏ အင်အားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤလအစတွင် သူ ထွက်ခွာသွားစဉ်က သူ့ထံတွင် ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်မျှ မရှိခဲ့သလို တောရိုင်းဒေသကိုလည်း တစ်ကိုယ်တော် ဖြတ်သန်း မသွားလာဝံ့ခဲ့ချေ။
သို့သော် ယခုမူ သူ့တွင် ကိုယ်ပိုင် အဆင့် ၃ သားရဲ နှစ်ကောင် ရှိနေပြီဖြစ်ပြီး အဆင့် ၃ အတွင်း ပြိုင်ဘက်ကင်း ဖြစ်နေပြီဟုပင် သတ်မှတ်နိုင်သည်။ ပိုင်လင်း ဖြစ်စေ၊ ဟုတ်ဟုတ် ဖြစ်စေ ၎င်းတို့သည် သာမန် အဆင့် ၃ သားရဲများ ယှဉ်ပြိုင်နိုင်သည့် အရာမျိုး လုံးဝမဟုတ်ကြချေ။
ကျောင်းသို့ ပြန်ရောက်သောအခါ ကျောင်းသားအားလုံးမှာ လေ့ကျင့်ရေးအတန်းတစ်ခုတွင် ရှိနေကြသည်။ ကျန်းဟန်သည် ကျောင်းအုပ်ကြီးကို တိုက်ရိုက်သွားမတွေ့ဘဲ လေ့ကျင့်ရေးကွင်း ဘက်သို့ အရင် သွားကြည့်လိုက်၏။
“ဒီဘက်လာခဲ့...။”
ကျန်းဟန်၏ မူလရည်ရွယ်ချက်မှာ ကျောင်းသားများ၏ လက်ရှိအခြေအနေကို ကြည့်ရှုရန်သာ ဖြစ်သော်လည်း ဆရာ ခယ်လုံက သူ့ကို လှမ်းမြင်သွားပြီး လက်ဝေ့ယမ်းကာ ခေါ်လာခဲ့သည်။
“ဆရာ...”
ဆရာ ခယ်လုံက တွေ့သွားခဲ့ပြီဖြစ်၍ ကျန်းဟန်သည်လည်း ထိုဘက်သို့ လျှောက်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ မိမိဘာသာ လေ့ကျင့်နေကြသည့် ကျောင်းသားများသည် တစ်လနီးပါး ပျောက်ချက်သားကောင်းနေသည့် ကျန်းဟန်တစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လေ့ကျင့်မှုကို ရပ်တန့်ကာ လှမ်းကြည့်လာကြသည်။
သူတို့၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပြီး အချို့မှာမူ စမ်းသပ်ယှဉ်ပြိုင်ကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေကြသည်။
ကျန်းဟန်၏ သားရဲများသည် သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် ရှိနေသောကြောင့် ဤကျောင်းသားများသည် ကျန်းဟန် ယခု မည်မျှသန်မာနေပြီလဲ ဆိုသည်ကို အတိအကျ မခန့်မှန်းနိုင်ကြချေ။ ကြားဖြတ်စာမေးပွဲတုန်းက ကန်မြို့တွင် နဝမအဆင့် ရရှိခဲ့သည့် ဤမြင်းနက်သည် ယခုအခါ မည်မျှအထိ အစွမ်းထက်သည့် ခွန်အားမျိုး ရှိနေမလဲဆိုသည်ကို သူတို့ အမှန်တကယ် သိချင်နေကြလေသည်။
“အခုမှ ပြန်ရောက်တာလား။ မင်း တစ်လလုံးလုံး တောရိုင်းထဲမှာပဲ နေခဲ့တာလား။ ဘယ်လို ခံစားရလဲ။”
ဆရာ ခယ်လုံက ကျန်းဟန်ကို ကြည့်ပြီး ပြုံးကာ မေးမြန်းခဲ့သည်။ သူ၏ သဘောထားမှာ သူငယ်ချင်းတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ ပိုမိုတန်းတူရည်တူ ဖြစ်လာခဲ့သည်။
“ဟုတ်ကဲ့...ကျွန်တော် အခုတင် ပြန်ရောက်တာပါ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“အချိန်အများစုကိုတော့ တောရိုင်းထဲမှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ ခံစားချက်ကတော့ တော်တော်ကောင်းတယ်။ ကျောင်းမှာထက် အများကြီး ပိုကောင်းတယ်။”
“မင်းလည်း ပြန်ရောက်လာပြီဆိုတော့ မင်းရဲ့ ခွန်အားကို ပြသပြီး မင်းရဲ့ တိုးတက်မှုကို အားလုံးကို ကြည့်ခွင့်ပေးပါဦး။ ဒါက ကျောင်းသားတွေအတွက်လည်း စံနမူနာတစ်ခု ဖြစ်စေတာပေါ့။”
ဆရာ ခယ်လုံက ပြုံးကာ သူ၏စကားကို အဆုံးသတ်လိုက်ပြီး သူ့ရှေ့က ကျောင်းသားများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“မင်း ကြိုက်တဲ့လူတချို့ကို ရွေးပြီး တိုက်ခိုက်ကြည့်လို့ရတယ်။ သူတို့ထဲက အများစုကလည်း အင်အားတွေ အများကြီး တိုးတက်လာကြတယ်။”
ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိမ်းသက်နေသည့် အတန်းဖော်များကို လှည့်ကြည့်လိုက်သည်။
လက်ရှိတွင် မည်သူ့သားရဲမျှ ခေါင်းဆောင်အဆင့်သို့ မရောက်သေးချေ။ အတန်းခေါင်းဆောင်များ၏ အသန်မာဆုံး သားရဲများမှာမူ လီဇီဝေ အပါအဝင် လက်ရွေးစင်အဆင့် နှောင်းပိုင်း၌သာ ရှိကြသေးသည်။
သို့သော် ၎င်းတို့သည် အဆင့်တက်လှမ်းမှုနှင့် မဝေးတော့ဘဲ လာမည့် ရက်ပိုင်းအတွင်းမှာပင် ဖြစ်ပျက်လာတော့မည့်အတိုင်း ခံစားရသည်။
“မလုပ်တော့ပါဘူး။ သူတို့နဲ့ တိုက်ရတာက ပျင်းစရာကောင်းလွန်းတယ်။ သူတို့က အရမ်းအားနည်းလွန်းတယ်။ အကယ်၍ တိုက်မယ်ဆိုရင်တော့ အရင်ကတည်းက ခေါင်းဆောင်အဆင့် နှောင်းပိုင်း သားရဲ ရှိထားတဲ့သူတစ်ယောက်ယောက်ကို ရှာရလိမ့်မယ်။ ဒါမှမဟုတ် ဆရာနဲ့ပဲ အပျော်သဘော ယှဉ်ပြိုင်ကြတာပေါ့။”
ကျန်းဟန်က ခေါင်းခါကာ ပြောလိုက်သည်။ သူသည် ကျောင်းသားများ၏ ခံစားချက်ကို လုံးဝဂရုမစိုက်ဘဲ သူတို့ကို အားနည်းလွန်းသည်ဟု ဗြောင်ကျကျ ပြောချင်ခြင်း ဖြစ်သည်။
“ကျန်းဟန်... မင်းက သိပ်ပြီး မောက်မာမနေနဲ့။ ငါတို့က တစ်ယောက်ချင်းဆို မင်းကို အနိုင်မယူနိုင်ပေမဲ့ အားလုံးပေါင်းပြီး တိုက်ရင် မင်းကို မနိုင်ဘူးလို့ မဆိုလိုဘူး။ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေပြီ။”
အားကစားမှူး လျူရှန်းသည် သူ၏မလျှော့သော ဇွဲသတ္တိရှိသည့် စရိုက်အတိုင်း ချက်ချင်း ရှေ့ထွက်လာ၏။
“ဟုတ်တယ်။ အတန်းခေါင်းဆောင် ချန်းးလန်ပဲဖြစ်ဖြစ်၊ လီဇီဝေပဲဖြစ်ဖြစ် သူတို့က အခု တော်တော် သန်မာနေကြပြီ။ ကျန်းဟန် မင်း အဲ့လိုပြောတာက သိပ်ပြီး မာနကြီးလွန်းတယ်။ မင်းမှာ အလွန်ဆုံး ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့် သားရဲပဲ ရှိမှာပေါ့။ ငါတို့အဖွဲ့လိုက် ပူးပေါင်းလိုက်ရင် ငါတို့ မင်းကို အနိုင်ရသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။”
အတန်းခေါင်းဆောင် ချန်းးလန်၏ နောက်လိုက်သူ လက်ရှိ လူမှုရေးကော်မတီဝင် လီချန်ကလည်း မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။ ကျန်းဟန်က ပြုံးလိုက်၏။
“ဒါဆို စမ်းကြည့်လိုက်လေ။”
သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“စမ်းနေစရာမလိုဘူး။ ငါတို့ သူ့ကို အနိုင်မယူနိုင်ဘူး။ သူ့ရဲ့ ဒုတိယသားရဲက ခေါင်းဆောင်အဆင့် အလယ်အလတ်ဆင့်ကို ရောက်နေပြီ။ ငါတော့ သူ့ကို မနိုင်တဲ့အတွက် ဝင်မပြိုင်ဘူး။”
စကားပြောလိုက်သူမှာ လီဇီဝေ ဖြစ်သည်။ သူမသည် ကျန်းဟန်၏ လက်ရှိအင်အားကို ဖွင့်ချလိုက်ရာ ထိုစကားလုံးများသည် အားကစားမှူး၊ အတန်းခေါင်းဆောင်နှင့် အခြားသူများ၏ ခေါင်းပေါ်သို့ ရေအေးဖြင့် ပက်ဖျန်းလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
သူတို့၏ မျက်နှာထက်မှ အမူအရာများ တောင့်တင်းသွားကြပြီး မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကာ သူငယ်အိမ်များပင် ပြူးထွက်သွားခဲ့သည်။
သူ့ရဲ့ ဒုတိယသားရဲက ခေါင်းဆောင်အဆင့် အလယ်အလတ်ဆင့်ကို ရောက်နေပြီ ဟုတ်လား။
ဒီလအစတုန်းကမှ လက်ရွေးစင်အဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ထိုးတက်သွားရတာလဲ။ သူက ဒုံးပျံစီးပြီး သွားနေတာလား။
သူတို့အနေဖြင့် နေ့တိုင်း အသေအလဲ လေ့ကျင့်ခဲ့ကြသော်လည်း နယ်ပယ်အသေးလေး တစ်ခုသာ တိုးတက်ခဲ့သည်ကို သိထားရမည်ဖြစ်သည်။
လီဇီဝေ ညာပြောနေခြင်းလားဟုပင် သူတို့ သံသယဝင်မိကြသော်လည်း ဤကဲ့သို့သော အရာမျိုးမှာ အလွယ်တကူ သက်သေပြနိုင်သဖြင့် ညာပြောနေ၍လည်း အပိုသာ ဖြစ်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ဆရာ ခယ်လုံပင်လျှင် အနည်းငယ် အံ့ဩသွားခဲ့သည်။
“မင်းရဲ့ သားရဲက တကယ်ပဲ ခေါင်းဆောင်အဆင့် အလယ်အလတ်ဆင့်ကို ရောက်သွားပြီလား။”
“ဟုတ်ကဲ့။ နောက်နှစ်ရက်အတွင်း ခေါင်းဆောင်အဆင့် နှောင်းပိုင်းကို တက်ရောက်နိုင်လိမ့်မယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဖုံးကွယ်မထားရုံသာမက တော်တော်လေးကို ထင်ထင်ပေါ်ပေါ် ပြသလိုက်၏။ သူ ကျောင်းကိုလာခြင်း၏ ရည်ရွယ်ချက်မှာ ငွေတောင်းရန် ဖြစ်သည်။ မိမိ၏ အင်အားကို မပြသဘဲနှင့် မည်သို့ ငွေရနိုင်ပါမည်နည်း။
ဖုံးကွယ်ထားသင့်၊ မထားသင့် ဆိုသည်ကို ကျန်းဟန်က အလွန် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားသည်။
“မင်း တောရိုင်းထဲမှာ တကယ့်ကို အများကြီး ရိတ်သိမ်းရရှိခဲ့ပုံပဲ။ ဒါပေမဲ့ မင်း ငါနဲ့ ယှဉ်ပြိုင်ဖို့တော့ အရည်အချင်းမပြည့်မီသေးဘူး။ ငါ့ရဲ့ အဆင့် ၄ သားရဲ ရှေ့မှာတော့ မင်းရဲ့ သားရဲက တစ်ချက်လေးတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
ဆရာ ခယ်လုံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။ ဆရာတစ်ဦး၏ သိက္ခာအရ ကျန်းဟန်၏ စိန်ခေါ်မှုကို ခွင့်ပြုမည်မဟုတ်ပေ။
“မင်းနဲ့ ငါ တိုက်ခိုက်မယ်။ ဆရာ့ရဲ့ အင်အားက ကြီးမားလွန်းသလို မင်းတို့အတန်းက ကျောင်းသားတွေကလည်း အားနည်းလွန်းတယ်။ ငါဆိုရင်တော့ အဆင်ပြေမယ်လို့ ငါ ထင်တယ်။”
ထိုသို့ပြောလိုက်သူမှာ ကျောင်း၏ နံပါတ်တစ်လူဟောင်း ဖြစ်သူ လျိုတုံးဖြစ်သည်။ သူသည် တစ်ကိုယ်လုံး နက်မှောင်ပြီး အားကောင်းထက်မြက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ခေါင်းဆောင်အဆင့် နှောင်းပိုင်း အမှောင်ညပုစဥ်းရင်ကွဲကို အနောက်မှ ခေါ်ဆောင်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
သူသည် ကျန်းဟန် စတင်ရောက်ရှိလာကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ မိမိ၏ နံပါတ်တစ်နေရာကို ကျန်းဟန်က ဤကဲ့သို့ လွယ်လွယ်ကူကူ လုယူသွားသည်ကို မကျေမနပ်ဖြစ်နေမိသည်။ ထို့ကြောင့် သူကိုယ်တိုင် အစပြု၍ ရှေ့ထွက်ကာ စိန်ခေါ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ။ မင်းတို့နှစ်ယောက် ပွဲစဉ်တစ်ပွဲ ဆင်နွှဲဖို့က တကယ့်အံကိုက်ပဲ။ နံပါတ်တစ်အသစ်နဲ့ အဟောင်းကြားက တိုက်ပွဲပေါ့။”
ဆရာ ခယ်လုံက လက်ခုပ်တီးကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်လည်း တိုက်ကြတာပေါ့။”
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ကျောင်းထံမှ ငွေတောင်းခံနိုင်ရန်အတွက် သူ၏ ခွန်အားကို သက်သေပြရန် လူတစ်ယောက် သေချာပေါက် လိုအပ်နေပေသည်။
သူသည် ကြားဖြတ်စာမေးပွဲတုန်းက ကျောင်းခြောက်ကျောင်းကြားတွင် နံပါတ်တစ်နှင့် ကန်မြို့၌ နဝမအဆင့် ရရှိခဲ့သော်လည်း ၎င်းမှာ ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ ဖြစ်ပြီး ကျောင်းအနေဖြင့် သူ၏ စစ်မှန်သော ခွန်အားအပေါ် သံသယရှိနေဆဲ ဖြစ်သည်။
လျိုတုံးကို အနိုင်ယူလိုက်ခြင်းက ကျောင်း၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ထိုမှတစ်ဆင့် သူတို့အနေဖြင့် မိမိအပေါ်တွင် သေချာပေါက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက် ချနိုင်ပေလိမ့်မည်။
“ဒါဆိုရင် ဘေးနားက ကွင်းထဲကို သွားကြရအောင်။ ဒီနေရာက နည်းနည်း ကျဉ်းတယ်။”
ဆရာ ခယ်လုံက ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲများအတွက် သီးသန့်အသုံးပြုသည့် ဘေးတစ်ဖက်ရှိ ကွင်းကို လက်ညှိုးထိုးပြလိုက်သည်။
ထို့နောက်တွင် လူတိုင်းက အခြေအနေကို စောင့်ကြည့်ရန် သူတို့သုံးယောက်နောက်သို့ လိုက်ပါလာခဲ့ကြသည်။ မကြာမီမှာပင် ဤနေရာရှိ လှုပ်ခတ်မှုက အခြားကျောင်းသားများကိုပါ ဆွဲဆောင်သွားခဲ့ပြီး ၎င်းတို့လည်း လျင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။
“နံပါတ်တစ်အသစ်နဲ့ အဟောင်းကြားက ထိပ်တိုက်တွေ့ဆုံပွဲပဲ။ ဘယ်သူနိုင်မယ်လို့ မင်းတို့ ထင်လဲ။”
“သေချာပေါက် လျိုတုံးပဲ နိုင်မှာပေါ့။ သူ့ရဲ့ အမှောင်ညပုစဉ်းရင်ကွဲက ခေါင်းဆောင်အဆင့် နှောင်းပိုင်းကို ရောက်နေပြီ။ မင်းတို့အားလုံးလည်း အဲ့ဒါက ဘယ်လောက်တောင် သန်မာလဲဆိုတာ သိထားကြတာပဲ။”
“ဟုတ်တယ်။ ငါလည်း လျိုတုံးက ပိုပြီးသန်မာတယ်လို့ ထင်တယ်။ ကျန်းဟန်က ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ ပထမရခဲ့တာ။ သူ့ရဲ့ စစ်မှန်တဲ့ အင်အားက ဘာလဲဆိုတာ မသိရသေးဘူး။”
“သူ့အတန်းထဲက ကျောင်းသားတွေ ပြောတာ ကြားရသလောက်တော့ ဒီကောင်က လူတောမတိုးဘဲ တော်တော်လေး မာနကြီးတယ်တဲ့။ လျိုတုံးက ဒီတစ်ခါတော့ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိမ့်မယ်လို့ မျှော်လင့်တယ်။”
အခန်း ၁၇၄
“မင်းရဲ့ သားရဲကို ထုတ်လိုက်။ ငါ မင်းကို အရင် စတိုက်ခွင့်ပေးမယ်။”
ကွင်းလယ်တွင် လျိုတုံးက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ သားရဲအမှောင်ညပုစဉ်းရင်ကွဲမှာ တိုက်ပွဲဝင် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ နက်မှောင်သော တောင်ပံခြောက်စုံမှာ တဖျတ်ဖျတ် လှုပ်ခတ်နေပြီး သားရဲတစ်ကောင်လုံးသည် အနက်ရောင်စက်ရုပ် တစ်ရုပ်ကဲ့သို့ ဝေဟင်၌ ပျံဝဲနေခဲ့သည်။
အမှောင်ညပုစဉ်းရင်ကွဲသည် ခေါင်းဆောင်အဆင့် နှောင်းပိုင်းတွင် ရှိနေပြီး အရှင်သခင်အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ၎င်း၏ ပင်ကိုယ်စွမ်းရည်မှာ အမှောင်ညတီးဝိုင်းဖြစ်သည်။ စွမ်းရည်တစ်ခုခုက ပြိုင်ဘက်ကို ထိမှန်သွားသည်နှင့် တပြိုင်နက် ထိုစွမ်းရည်က အလိုအလျောက် အသက်ဝင်လာမည်ဖြစ်ပြီး အမှောင်ညပုစဉ်းရင်ကွဲ၏ အရှိန်ကို အဆမတန် မြင့်တက်သွားစေလိမ့်မည်။ ထို့ပြင် နောက်ဆက်တွဲ ထွက်ပေါ်လာမည့် တိုက်ကွက်များအားလုံးသည် ပြိုင်ဘက်ကို သေချာပေါက် ထိမှန်မည်ဖြစ်ပြီး ထိခိုက်မှုဒဏ်ရာများလည်း ထပ်ဆင့်တိုးသွားမည် ဖြစ်ရာ လက်တွေ့တိုက်ပွဲတွင် အလွန်တရာ အစွမ်းထက်လှသည်။
အမှောင်ညပုစဉ်းရင်ကွဲ အမြောက်အမြား ရှိသော်လည်း ဤကဲ့သို့ အမှောင်ညတီးဝိုင်းစွမ်းရည် ပါရှိသော ကောင်မျိုးမှာ တစ်ထောင်တွင် တစ်ကောင်သာ ရှိတတ်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် လျိုတုံးအပေါ် ကျောင်းသားများ၏ ယုံကြည်မှုမှာ အခြေအမြစ်မရှိသည်မဟုတ်ကြောင်းနှင့် လျိုတုံးအနေဖြင့် ကျောင်း၏ နံပါတ်တစ်နေရာကို ဆက်တိုက် ထိန်းသိမ်းထားနိုင်ခြင်းမှာ သူ့တွင် စစ်မှန်သော စွမ်းရည်အချို့ ရှိနေသောကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။
ကျန်းဟန်သည် အမှောင်ညပုစဉ်းရင်ကွဲကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စိတ်အာရုံကို လှုပ်ရှားလိုက်၏။ ထိုအခါ ဟုတ်ဟုတ်သည် သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ဤပြီးပြည့်စုံသော မျက်နှာဝိုင်းကြက်ဝတုတ်လေးမှာ အလွန် ချစ်စရာကောင်းနေ၏။ လူအများစုက ၎င်းကို အပြစ်ကင်းစင်သည်ဟု ထင်ကြပြီး တိုက်ခိုက်နိုင်စွမ်း ရှိပုံမပေါ်ဟု ထင်မြင်သွားကြသည်။
“ဂူးးး”
ဟုတ်ဟုတ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ၎င်းသည် အခြားသူများ၏ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံရသည့် ခံစားချက်ကို အမှန်တကယ် မနှစ်သက်သော်လည်း ဘာမှမတတ်နိုင်ချေ။ ဤတိုက်ပွဲသည် ၎င်း၏ စားနပ်ရိက္ခာနှင့် သက်ဆိုင်သည့် တိုက်ပွဲဖြစ်ကြောင်း ကျန်းဟန်က ပြောပြထားသဖြင့် ၎င်းအနေဖြင့် မဖြစ်မနေ တိုက်ခိုက်ရမည် ဖြစ်သည်။
“ခေါင်းဆောင်အဆင့် အလယ်အလတ်ဆင့်ပဲလား။ ဒါဆိုရင်တော့ ရှုံးဖို့ သေချာနေပြီ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဒီကျန်းဟန်ကို တော်တော်လေး အစွမ်းထက်မယ်လို့ ငါထင်နေတာ။ အခုကြည့်ရသလောက်တော့ ဒီပွဲက အရမ်းမြန်မြန် ပြီးသွားတော့မှာပဲ။”
“အဲ့လိုလည်း မပြောနဲ့ဦး။ ဒီလအစတုန်းက ကျန်းဟန်မှာ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်မှ တောင်မရှိခဲ့ဘူးဆိုတာ မင်းသိထားရမယ်။ ဒီလိုတိုးတက်မှုနှုန်းက အရမ်း သိသာလွန်းနေပြီ။”
“အဲ့တော့ရော ဘာဖြစ်လဲ။ လျိုတုံးနဲ့ ယှဉ်ရင် ကွာဟချက်က ကြီးမားလွန်းနေတုန်းပဲ။”
ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ အချင်းချင်း တီးတိုးဝေဖန်နေကြ၏။ သူတို့သည် အစကတည်းက ကျန်းဟန်အပေါ် အကောင်းမမြင်ခဲ့ကြချေ။ ယခုအခါ သူ၏ သားရဲမှာ ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့်သာ ရှိသေးကြောင်း သိလိုက်ရသောအခါ ပို၍ပင် အကောင်းမမြင်တော့ချေ။ အထူးသဖြင့် အရှိန်အဝါချင်း နှိုင်းယှဉ်မှုတွင် ဖြစ်သည်။ ဟုတ်ဟုတ်သည် ကြည့်ရသည်မှာ အလွန် အန္တရာယ်ကင်းလွန်းလှသည်။
သူတို့၏ အမြင်တွင် လျိုတုံးထက် သာလွန်သည့် ကျန်းဟန်၏ တစ်ခုတည်းသော အားသာချက်မှာ သူ၏ ခန့်ညားချောမောမှုသာ ဖြစ်သည်။ သူ၏ အသားအရေမှာ မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြူစင်ချောမွေ့နေသည်။ ဤအချက်ကြောင့်ပင် ကျန်းဟန်သည် မိန်းကလေး အများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ယောက်ျားလေး အများစု၏ ရန်လိုမှုကို ရရှိခဲ့ကာ သူ့ဘက်မှ ရပ်တည် ပြောဆိုပေးသူ အများစုမှာလည်း မိန်းကလေးများသာ ဖြစ်ကြသည်။
“ကောင်းပြီ..။ သားရဲနှစ်ကောင်စလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ငါ ကြေညာတယ်...ဒီချစ်ကြည်ရေးပွဲစဉ် တရားဝင် စတင်ပြီ။”
ဆရာ ခယ်လုံက ရှေ့သို့ တစ်လှမ်းတက်ကာ အပြုံးတစ်ခုဖြင့် ကြေညာလိုက်သည်။ သူသည် ဟုတ်ဟုတ်ကို အထင်မသေးဘဲ သေချာစွာ စိုက်ကြည့်နေ၏။ ကျန်းဟန်၏ ဤသားရဲသည် သူ့ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
“ငါ မင်းကို အရင် စတင်တိုက်ခိုက်ခွင့်ပေးမယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် မင်းအရင် စလိုက်ပါ။ မဟုတ်ရင် ငါ စတင်တိုက်ခိုက်လိုက်တာနဲ့ မင်းမှာ ပြန်လည်တုံ့ပြန်ဖို့ အခွင့်အရေး မရှိမှာကို ငါ စိုးရိမ်မိတယ်။”
လျိုတုံးက အလွန်တရာ ဖြောင့်မတ်တည်ကြည်ပြီး ဂုဏ်သိက္ခာရှိဟန်ဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
“ဒါဆိုရင်တော့ ကျေးဇူးတင်ပဲ။ မင်း နောက်မှ နောင်တမရဖို့ပဲ ငါ မျှော်လင့်တယ်။”
ကျန်းဟန်က ပြုံးလိုက်ပြီး ဟုတ်ဟုတ်ကို တစ်ချက်ကြည့်ကာ တိုက်ခိုက်မှု စတင်နိုင်ကြောင်း အချက်ပြလိုက်သည်။
ကျန်းဟန်သည် အမိန့်ပေးစေခိုင်းရန် ပျင်းရိနေသဖြင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသာ ထည့်ထားလိုက်၏။ ဟုတ်ဟုတ်သည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ညည်းတွားပြီးနောက် အရိပ်အလင်းဓားနှစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
ဟုတ်ဟုတ်၏ ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ပုံရသော တိုက်ကွက်နှစ်ခုကို မြင်သောအခါ လျိုတုံး၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
“ငါ့ကို ဒီလိုအထင်သေးတာက မင်းအတွက် အကြီးမားဆုံး နောင်တရစရာ ဖြစ်လာလိမ့်မယ်။ အမှောင်ညပုစဉ်းရင်ကွဲ... အမှောင်အလင်းဓား။”
လျိုတုံး၏ ဒေါသတကြီး အမိန့်ပေးသံနှင့်အတူ အမှောင်ညပုစဉ်းရင်ကွဲသည် ၎င်း၏ လက်မောင်းများကို ဝှေ့ယမ်းကာ အနက်ရောင် အလင်းဓား ခုနစ်ခု၊ ရှစ်ခုခန့်ကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ထိုအနက်ရောင် အလင်းဓားများက ဟုတ်ဟုတ်၏ အရိပ်အလင်းဓားကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု လူတိုင်း ထင်မှတ်နေကြစဉ်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
“ချလွင်...ချလွင်...”
စူးရှသော အသံအနည်းငယ်နှင့်အတူ ကြည့်ရုံနှင့်ပင် ပိုမိုအားကောင်းပုံရသော အမှောင်အလင်းဓားများသည် ဟုတ်ဟုတ်၏ အရိပ်အလင်းဓားအောက်တွင် အလွယ်တကူပင် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ပြီးနောက် တစ်စစီ ကြေမွကာ ဝိညာဉ်စွမ်းအင်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ထိုအတောအတွင်း အရိပ်အလင်းဓားမှာမူ အလင်းရောင်အနည်းငယ်သာ မှိန်ဖျော့သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ညပုစဉ်းရင်ကွဲ၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
“ဒါက လုံးဝမဖြစ်နိုင်ဘူး။”
လျိုတုံး၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ အထင်အရှား ပေါ်ပေါက်လာခဲ့သည်။ သူ ၎င်းကို လုံးဝနားမလည်နိုင် ဖြစ်နေ၏။ စောင့်ကြည့်နေကြသည့် ဆရာများနှင့် ကျောင်းသားများသည်လည်း ထိုနည်းတူပင် အံ့ဩမှင်သက်နေသည့် အမူအရာများ ရှိနေကြပြီး သူတို့လည်း ဤအခြေအနေကို နားမလည်နိုင်ကြချေ။
သာမန်အခြေအနေမျိုးတွင် ခေါင်းဆောင်အဆင့် နှောင်းပိုင်း သားရဲတစ်ကောင်၏ ဝိညာဉ်အမြုတေ သန့်စင်မှုမှာ အလယ်အလတ်ဆင့်တစ်ကောင်ထက် သေချာပေါက် ပိုမိုမြင့်မားသဖြင့် ၎င်းတို့ စုစည်းထုတ်လွှတ်လိုက်သော တိုက်ကွက်များမှာ ပိုမိုခိုင်မာတောင့်တင်းနေရမည် ဖြစ်သည်။ သို့သော် ယခုလက်ရှိ အခြေအနေမှာမူ ပြောင်းပြန် ဖြစ်နေခဲ့သည်။
ဆရာ ခယ်လုံသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ အမှောင်အလင်းဓားကို ဤမျှလွယ်ကူစွာ ချေမှုန်းနိုင်ခြင်းမှာ ဟုတ်ဟုတ်၏ ဝိညာဉ်စွမ်းအင်သန့်စင်မှုနှုန်းက ပြိုင်ဘက်ထက် အဆမတန် သာလွန်မြင့်မားနေခြင်းကြောင့် ဖြစ်ရမည်။ သို့မဟုတ်ပါက တိုက်ကွက်နှစ်ခုစလုံး ပြိုင်တူပျက်စီးသွားရမည် ဖြစ်သည်။
အမှောင်ညပုစဉ်းရင်ကွဲသည်လည်း သိသိသာသာ ဆွံ့အသွားခဲ့၏။ သို့သော်လည်း ၎င်းသည် ၎င်း၏ လက်မောင်းကို လျင်မြန်စွာ မြှောက်၍ ခုခံလိုက်လေသည်။ ၎င်းသည် မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ဝိညာဉ်စွမ်းအင် နှစ်ထပ်ကာကွယ်ရေးကို အသုံးပြုပြီးမှသာ ဟုတ်ဟုတ်၏ ပေါ့ပေါ့ပါးပါး တိုက်ကွက်ကို မနည်းငြှိမ်းသတ်နိုင်ခဲ့သည်။
ဤအချက်ကြောင့်ပင် အဆင့်မြင့် သားရဲတစ်ကောင်သည် အဆင့်နိမ့် သားရဲတစ်ကောင်ကို အလွယ်တကူ ဖိနှိပ်ခြေမှုန်းနိုင်ခြင်း ဖြစ်သည်။ သံဓားတစ်စင်းက စက္ကူဓားတစ်စင်းကို အလွယ်တကူ ဖြတ်တောက်နိုင်သကဲ့သို့ပင်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ။”
လျိုတုံးက ဟုတ်ဟုတ်၏ ဝိညာဉ်စွမ်းအင် သန့်စင်မှုသည် အဘယ်ကြောင့် ဤမျှအထိ မြင့်မားသော အဆင့်သို့ ရောက်ရှိနေရသလဲဆိုသည်ကို လုံးဝနားမလည်နိုင်ဘဲ အံ့ဩတုန်လှုပ်စွာ မေးလိုက်၏။
ကျန်းဟန်က ပုခုံးတွန့်ပြလိုက်သည်။
“မိုးကြိုးနဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံထားလို့လေ။”
“ငါ မယုံဘူး။”
လျိုတုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်း ဖြစ်သည်။
“အဲ့ဒါ တကယ်လား၊ အလိမ်အညာလား။”
ပတ်ဝန်းကျင်ရှိ ကျောင်းသားများကလည်း သိလိုစိတ်ပြင်းပြသော အမူအရာများ ပြသလာကြသည်။ သူတို့အားလုံးသည် စောစောက မြင်ကွင်းကြောင့် လန့်ဖျပ်သွားခဲ့ကြပြီး ယခုအခါ မည်သူမျှ ကျန်းဟန်ကို အထင်မသေးရဲကြတော့ချေ။
စာမေးပွဲအမှတ် အညံ့ဆုံးကျောင်းသားပင်လျှင် စောစောက အခြေအနေက ဘာကိုဆိုလိုမှန်း နားလည်ကြသည်။ ယခုအခါတွင်မူ ထိုမျက်နှာဝိုင်းကြက်ဝတုတ်လေးကို ၎င်း၏ လက်ရှိကျင့်ကြံမှုအဆင့် တစ်ခုတည်းအပေါ် အခြေခံ၍ ဆုံးဖြတ်၍ မရနိုင်တော့ချေ။
ကျန်းဟန်က သူတို့၏ မေးခွန်းများကို ပြန်မဖြေဘဲ လျိုတုံးကို ကြည့်ကာ ပြောလိုက်သည်။
“မင်း အရင်တိုက်ပါ။ မင်းရဲ့ အဆင့် ဘယ်လောက်ရှိလဲဆိုတာ ငါ ကြည့်ပါရစေ။”
ကျန်းဟန်၏ စကားကြောင့် လျိုတုံးတစ်ယောက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ငြင်းဆန်ခြင်းမပြုခဲ့ချေ။
“ဒါဆို မင်း ခံယူဖို့ အဆင်သင့်ပြင်ထားလိုက်တော့။ အနိုင်အရှုံးက မပြီးသေးဘူး။”
“အမှောင်ညပုစဉ်းရင်ကွဲ...အမှောင်ညရဲ့မိုး။”
လျိုတုံး၏ အမိန့်ပေးမှုအောက်တွင် မိုးပေါက်ပမာဏခန့်ရှိသော အနက်ရောင် အလင်းလုံးငယ် ထောင်ပေါင်းများစွာသည် အမှောင်ညပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်ပြင်ပတွင် သိပ်သည်းထပ်ထူစွာ ဆက်တိုက် စုစည်းပေါ်ထွက်လာခဲ့သည်။
“လာပြီ...လာပြီ။ ဒီကွက်ကြီး ပြန်လာပြီ။”
“ကျန်းဟန် ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရအောင်။ ဒီမိုးပေါက်တွေက အရပ်မျက်နှာအနှံ့ကနေ တိုက်ခိုက်တာပဲ။ ကာကွယ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒါသာ ထိမှန်သွားရင် အမှောင်ညပုစဉ်းရင်ကွဲက အပြတ်အသတ် အသာစီးရသွားလိမ့်မယ်။”
ထိုအနက်ရင် မိုးပေါက်များကို မြင်သောအခါ ကျောင်းသားအများအပြား စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ဤသည်မှာ လျိုတုံး၏ အမှောင်ညပုစဉ်းရင်ကွဲ၏ အမှတ်အသားပင် ဖြစ်သည်။ သူတို့အားလုံး ကျန်းဟန်၏ တုံ့ပြန်မှုကို စိတ်ဝင်တစား မျှော်လင့်မိလိုက်ကြသည်။
ထိုအရှိန်အဟုန်ဖြင့် ပြေးဝင်လာသော အလင်းလုံးလေးများကို ရင်ဆိုင်ရာတွင် ကျန်းဟန်၏ တုံ့ပြန်မှုက လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့၏။ သူသည် ဟုတ်ဟုတ်ကို ဝေဟင်တွင် ပျံဝဲနေစေရုံသာ ပြုလုပ်ပြီး မည်သည့် ကာကွယ်မှုကိုမျှ လုံးဝမလုပ်ဆောင်ခဲ့ချေ။
ရေတွက်၍မရသော မိုးပေါက်များသည် ဟုတ်ဟုတ်၏ အမွှေးအတောင်များပေါ်သို့ ညှာတာမှုကင်းမဲ့စွာ ကျရောက်သွားခဲ့၏။ ထိုမိုးပေါက်များတွင် ကြီးမားသော သတ်ဖြတ်နိုင်စွမ်း မရှိသလို ပါဝင်သော တိုက်စားနိုင်စွမ်း အနည်းငယ်ကိုလည်း ဟုတ်ဟုတ်၏ ကာကွယ်ရေး ဝိညာဉ်စွမ်းအင်က လျင်မြန်စွာ ဓာတ်ပြယ်စေခဲ့သည်။
“သေစမ်း... ကျန်းဟန်က သိပ်ကို မာနကြီးလွန်းနေပြီ။ ပြိုင်ဘက်ရဲ့ အဆက်မပြတ် နောက်ဆက်တွဲတိုက်ကွက်ကို သူ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်။”
“ဟုတ်တယ်။ ဝိညာဉ်စွမ်းအင် သန့်စင်မှုက ပိုမြင့်နေရင်တောင် ဒီလောက်အထိ ရူးသွပ်နေစရာ မလိုပါဘူး ဟုတ်တယ်မလား။”
“သူ အမှောင်ညပုစဉ်းရင်ကွဲရဲ့ တရစပ်တိုက်ကွက် အစွမ်းကို မသိသေးလို့ ဖြစ်လိမ့်မယ်။ သူ့ရဲ့ မာနထောင်လွှားမှုအတွက် သူ သေချာပေါက် တန်ဖိုးပြန်ပေးဆပ်ရလိမ့်မယ်။”
ကျောင်းသားများက ကျန်းဟန်သည် မောက်မာကြီးလွန်းသည်ဟု ထင်မြင်နေကြရုံသာမက ဆရာ ခယ်လုံပင်လျှင် မျက်မှောင်ကြုတ်လိုက်မိပြီး ကျန်းဟန်၏ ဤကဲ့သို့ မာနထောင်လွှားသော အပြုအမူမှာ မကောင်းကြောင်း၊ မည်သည့်အချိန်တွင်မဆို ပြိုင်ဘက်ကို အထင်မသေးသင့်ကြောင်း ခံစားမိနေသည်။
“မင်းရဲ့ အပြုအမူအတွက် မင်း နာကျင်စရာကောင်းတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်။”
လျိုတုန်းက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ ပါရမီ အရိပ်ကိုယ်ပွားကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ ထိုပါရမီကို အသုံးပြုပြီးနောက်တွင် အမှောင်အမျိုးအစား သားရဲတစ်ကောင်၏ အရိပ်ကို သီးခြားခွဲထုတ်နိုင်ပြီး ၎င်း ခွန်အား၏ ၈၀ ရာခိုင်နှုန်း ရှိသော ကိုယ်ပွား တစ်ကောင် ဖြစ်လာစေမည်ဖြစ်သည်။ တည်တံ့ချိန် သတ်မှတ်ချက်မရှိသော်လည်း တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။