အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း ၁၇၅
ပြောပြီးသည်နှင့် တပြိုင်နက် လျိုတုံးသည် သူ၏ အရိပ်ကိုယ်ပွား ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်၏။ အမှောင်ညပုစဉ်းရင်ကွဲ၏ အရိပ်မှာ ကွဲထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ပုံစံတူ အမှောင်ညပုစဉ်းရင်ကွဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဟုတ်ဟုတ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့လိုက်သည်။
ကျန်းဟန်သည် လျိုတုံး၏ ပါရမီစွမ်းရည်ကို ကြိုတင်မသိရှိခဲ့သော်လည်း အထူးတလည် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ အခြေအနေကို အလေးအနက် စတင်ကိုင်တွယ်လိုက်ရုံသာ ရှိသည်။
“ဂူးးး ဂူးးးး”
ဟုတ်ဟုတ်သည် စိတ်လှုပ်ရှားစွာ တွန်ကျူးလိုက်ပြီး သွေးနတ်ဆိုး ပင်ကိုယခစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
ထိုအချိန်တွင် အမှောင်ညပုစဉ်းရင်ကွဲ နှစ်ကောင်စလုံးမှာ ပျံသန်းရောက်ရှိလာပြီး သူတို့ ဆက်တိုက်ပစ်လွှတ်လိုက်သော တိုက်ကွက်များသည် ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား ဟုတ်ဟုတ်ထံသို့ တည့်တည့်မတ်မတ် ဦးတည်လျက် အသေအချာ ပစ်မှတ်ထားလိုက်ကြသည်။
သို့သော် ဟုတ်ဟုတ်က ၎င်း၏ အတောင်ပံများကို တစ်ချက်မျှ ခါယမ်းလိုက်ရုံဖြင့် အနက်ရောင်နှင့် အနီရောင်အလင်းလှိုင်းများ ဘေးပတ်ပတ်လည်သို့ ဖြာထွက်သွားပြီး ဝင်ရောက်လာသော တိုက်ကွက်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ သွေးနတ်ဆိုးပင်ကိုယ်စွမ်းရည်ကို အသက်သွင်းပြီးနောက်တွင် ဟုတ်ဟုတ်၏ စွမ်းအားမှာ သုံးဆအထိ မြင့်တက်သွားသဖြင့် ထိုတိုက်ကွက်များကို လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။
သို့သော်လည်း ထိုအဝေးပစ်တိုက်ကွက်များက အမှောင်ညပုစဉ်းရင်ကွဲ၏ အားသာချက်မဟုတ်ပေ။ ၎င်း၏ အထူးပြုစွမ်းရည်မှာ အနီးကပ်တိုက်ခိုက်ခြင်း ဖြစ်သည်။ ဤအချိန်တွင် အမှောင်ညပုစဉ်းရင်ကွဲ နှစ်ကောင်သည် ဟုတ်ဟုတ်ကို ညှပ်ပူးညှပ်ပိတ် မိသွားစေခဲ့ပြီ ဖြစ်သည်။
သူတို့၏ ပုစဉ်းရင်ကွဲဓားသွားများသည် အေးစက်သော အလင်းတန်းများ လင်းလက်လျက် ဟုတ်ဟုတ်ကို ဆက်တိုက် ခုတ်ပိုင်းတော့၏။ ၎င်းတိုက်ကွက်များတွင် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများသာမက ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများလည်း ပါဝင်နေသည်။ ထိုတိုက်ကွက်များသည် ဟုတ်ဟုတ်ကို ထိမှန်လေလေ ပိုမိုအားကောင်းလာလေလေ ဖြစ်ပြီး နောက်ဆက်တွဲ ရိုက်ခတ်မှုတိုင်းက ပိုမိုပြင်းထန်သော ဒဏ်ရာများကို ရရှိစေခဲ့သည်။
သို့သော် ကျန်းဟန်သည် ထိုဆင့်ပွားတိုက်ကွက်၏ နောက်ကွယ်မှ သဘောတရားကို ကြိုတင်တွက်ချက်မိပြီးသားဖြစ်၏။ ၎င်းသည် တိုက်ခိုက်မှုတစ်ခုစီအပြီးတွင် ဟုတ်ဟုတ်အပေါ် ကျန်ရစ်ခဲ့သော အမှောင်စိတ်ဝိညာဉ်စွမ်းအင်ကို အခြေခံ၍ ဆင့်ပွားတိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီက ထိုအမှောင်စိတ်ဝိညာဉ်စွမ်းအင်၏ စုစည်းမှုနှင့် တုန်ခါမှုကို ပိုမိုနက်ရှိုင်းစေသည်။
ထိုအရာကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ကျန်ရှိနေသော အမှောင်စိတ်ဝိညာဉ်စွမ်းအင်ကို လုံးဝဖယ်ရှားပစ်ရန် ဖြစ်သည်။ ဟုတ်ဟုတ် သွေးနတ်ဆိုးပင်ကိုယ်စွမ်းရည်ကို အသက်သွင်းစဉ်က ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက ယခင်ကျန်ရှိနေသော အမှောင်စွမ်းအင်အကြွင်းအကျန်များကို အဆင်ပြေပြေ သန့်စင်ပေးနိုင်ခဲ့သည်။
သို့သော်ငြားလည်း ဤအရာက ရေရှည်အတွက် အဖြေတစ်ခုတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မကြာမီတွင် အမှောင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ထပ်မံညစ်ညမ်းသွားဦးမည် ဖြစ်သောကြောင့်ပင်။ မည်သူမဆို ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်သည့်အခါ ထိုပြိုင်ဘက် မည်မျှပင် သန်မာသည်ဖြစ်စေ တစ်ဖက်လူ၏ စိတ်ဝိညာဉ်စွမ်းအင် ညစ်ညမ်းမှုကို အတိုင်းအတာတစ်ခုအထိ မလွဲမသွေ ခံစားရစမြဲပင်။ သူ၏ ယခင်နည်းလမ်းမှာ ရောဂါလက္ခဏာကိုသာ ကုသနိုင်ပြီး အမြစ်ကို မဖြတ်နိုင်ချေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား ယခုတိုက်ပွဲအတွက်မူ လုံလောက်နေပြီ ဖြစ်သည်။ အကြောင်းမှာ နှစ်ဖက်စလုံး၏ အင်အားချင်းကွာဟချက်က ကြီးမားလွန်းလှပြီး အမှောင်ညပုစဉ်းရင်ကွဲအနေဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးသို့ ရောက်ရှိမည့် အခိုက်အတန့်အထိ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်သောကြောင့်ပင်။
ဟုတ်ဟုတ်သည် ပြိုင်ဘက်နှစ်ကောင်နှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှ မနိမ့်ကျချေ။ သွေးနတ်ဆိုးပင်ကိုယ်စွမ်းရည်ကို အသက်သွင်းပြီးနောက်တွင် ၎င်း၏အရှိန်မှာ ယခင်ကထက် သုံးဆရှိနေပြီး အရှိန်မြှင့်တင်ပေးသည့် စွမ်းရည်များနှင့်ပါ ပေါင်းစပ်လိုက်သောအခါ ရေထဲက ငါးတစ်ကောင်ကဲ့သို့ အလွန်ဖျတ်လတ် လျင်မြန်နေတော့သည်။
စတင်ချိန်တွင် အမှောင်ညပုစဉ်းရင်ကွဲ နှစ်ကောင်၏ ညှပ်ပိတ်တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း ၎င်းက လျင်မြန်စွာပင် ရုန်းထွက်နိုင်ခဲ့သည်။
၎င်းသည် အမှောင်ညပုစဉ်းရင်ကွဲ၏ ပင်မခန္ဓာကို တိုက်ခိုက်ရန် ဆုတ်ဖြဲလက်သည်းစွမ်းရည်ကို ဆက်တိုက်အသုံးပြုလိုက်သည်။ အမှောင်ညပုစဉ်းရင်ကွဲ၏ အကြီးမားဆုံးသော အားသာချက်များမှာ ပုစဉ်းရင်ကွဲဓားသွားတစ်စုံနှင့် အလွန်တိုက်စားတတ်သော အမှောင် စိတ်ဝိညာဉ်စွမ်းအင်တို့ ဖြစ်သည်။ လျိုတုံးက ကျန်းဟန်၏ စစ်ဗျူဟာမှာ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး အမှောင်ညပုစဉ်းရင်ကွဲနှင့် အနီးကပ်တိုက်ခိုက်ရန် ရဲတင်းလွန်းသည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ဟုတ်ဟုတ်၏ လက်သည်းများ၏ မာကျောမှုမှာ ပြိုင်ဘက်၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေခဲ့သည်။ တဘုန်းဘုန်းနှင့် ထိခိုက်သံများ ထွက်ပေါ်လာပြီးနောက်တွင် ဟုတ်ဟုတ်၏ လက်သည်းများသည် ပုစဉ်းရင်ကွဲဓားသွားများ၏ ဆက်တိုက်ခုတ်ပိုင်းမှုအောက်၌ ဒဏ်ရာအနာတရမရှိဘဲ မပျက်မစီး ကျန်ရစ်နေဆဲပင်။ ထို့ပြင် ၎င်းလက်သည်းများတွင် ကပ်ပါလာသော ပြင်းထန်သည့် စိတ်ဝိညာဉ်စွမ်းအင်ကြောင့် ပြိုင်ဘက်မှာ တောင့်မခံနိုင်တော့ဘဲ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရတော့သည်။
နောက်ကျောဘက်မှ တိုက်ခိုက်လာသော အမှောင်ညပုစဉ်းရင်ကွဲ၏ အရိပ်ကိုယ်ပွားကိုမူ ဟုတ်ဟုတ်က အဝေးပစ်စွမ်းရည်ဖြစ်သော အရိပ်အလင်းဓားကို သုံး၍ တိုက်ခိုက်လိုက်၏။ မှန်ပါသည်...၎င်းသည် အမှောင်ညပုစဉ်းရင်ကွဲ၏ ပင်မခန္ဓာကိုယ်နှင့် တိုက်ခိုက်နေစဉ်မှာပင် အရိပ်ကိုယ်ပွားကို တိုက်ခိုက်ရန်အတွက် အရိပ်အလင်းဓားကို စုစည်းရန် အချိန်ပို ထွက်နေခဲ့သေးခြင်းဖြစ်သည်။ ဤအချက်က ပြိုင်ဘက်သည် သူ့အပေါ် မည်သည့် သိသာထင်ရှားသော ဖိအားမျှ မပေးနိုင်ကြောင်းကို ပြသနေလေသည်။
လျိုတုံးသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး တိုက်ပွဲအခြေအနေမှာ သူဘယ်တုန်းကမှ မျှော်လင့်မထားခဲ့သော လမ်းကြောင်းဆီသို့ ဦးတည်နေသည်ကို ကြည့်ကာ အနည်းငယ် တွေဝေမိန်းမောသွားရသည်။
ဘာဖြစ်လို့ ဒီလိုဖြစ်လာရတာလဲ။
သူ့ရဲ့ ယခင်က ရှုံးပွဲမရှိခဲ့တဲ့ ဆင့်ပွားတိုက်ကွက်က ဘာလို့ ဒီသွေးအရိပ်ညဇီးကွက် ရှေ့မှာ အသုံးမဝင်ရတာလဲ။
“သေစမ်း… ဒီမျက်နှာဝိုင်းကြက်ဝတုတ်ကြီးက အရမ်းကြမ်းတာပဲ။”
ဘေးပတ်ပတ်လည်ရှိ ဆရာများနှင့် ကျောင်းသားများမှာလည်း အံ့ဩမှင်သက်သွားကြပြီး ရလဒ်က ဤမျှအထိ တစ်ဖက်သတ် ဖိနှိပ်ခြေမှုန်းသည့် အနိုင်ရလဒ်မျိုး ဖြစ်လာခဲ့သည်ကို မယုံကြည်နိုင်း ဖြစ်နေကြသည်။
“သောက်ကျိုးနည်း…သူ ဒီသားရဲကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ။ စိတ်ဝိညာဉ်စွမ်းအင်က သန်မာရုံတင်မကဘူး။ သူ့ရဲ့ ရုပ်ခန္ဓာ ကပါ အမှောင်ညပုစဉ်းရင်ကွဲနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်လား။”
“အမှန်ပဲ။ တကယ်ကို ပုံမှန်မဟုတ်ဘူး။ ကန်မြို့ရဲ့ အဆင့် ၉ ဆိုတဲ့ ရွှေလိုအဆင့်အတန်းရဲ့ တန်ဖိုးက ဒါမျိုးလား။”
“ဒါက လုံးဝကို ဖိနှိပ်ခြေမှုန်းပစ်တာပဲ။ ကျန်းဟန်က လျိုတုံးထက် ရမှတ်နှစ်ရာနီးပါး ဘာလို့ ပိုများနေရလဲဆိုတာ မဆန်းတော့ဘူး။”
ဤအခိုက်အတန့်တွင် ကျောင်းသားများ နောက်ဆုံး၌ သဘောပေါက်သွားကြတော့သည်။ ကျန်းဟန်သည် မောက်မာနေခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနိုင်လောက်သည်အထိ အစစ်အမှန် စွမ်းအားများ ရှိနေခြင်း ဖြစ်သည်။
ဤအင်အားက ကြောက်စရာကောင်းလွန်းလှ၏။ သူတို့သည် ယခုအခါ ကျန်းဟန် ပြောခဲ့ဖူးသည့် မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းဟူသော အဆိုကို စတင်ယုံကြည်လာကြပြီ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်သန့်စင်ခြင်းကြောင့်သာ မဟုတ်လျှင် ဤသားရဲက ဤမျှအထိ မိစ္ဆာဆန်ဆန် သန်မာနေရသည့် အခြားအကြောင်းရင်းကို သူတို့ စဉ်းစား၍ မရနိုင်တော့ချေ။
သူတို့သည် အခြေအနေအမျိုးမျိုးကို စိတ်ကူးပုံဖော်ခဲ့ကြသော်လည်း ကျန်းဟန်က လျိုတုံးကို ဤကဲ့သို့ နှိပ်ကွပ်ထားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။ ယခုအခိုက်အတန့်တွင် သူတို့သည် ကန်မြို့၏ နဝမအဆင့်ဟူသော ကျန်းဟန်၏ အဆင့်အတန်း၏ စစ်မှန်သော တန်ဖိုးကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။ ၎င်းတွင် ကံကောင်းမှုဟူ၍ စိုးစဉ်းမျှမပါဘဲ သန့်စင်သော အင်အားသက်သက်သာ ဖြစ်သည်။
အချို့လူများသည် ကွင်းပြင်၏ အလယ်ဗဟိုတွင် အရပ်မြင့်မြင့်ဖြင့် ဖြောင့်တန်းစွာ မတ်တပ်ရပ်နေသော ထိုပုံရိပ်ကို ကြည့်ပြီး အားကျစိတ်ကို မအောင့်နိုင်ဘဲ ဖြစ်နေခဲ့ကြသည်။ ဤသည်မှာ အနာဂတ်တွင် ကမ္ဘာကြီးတစ်ခုလုံးကို ထွန်းလင်းတောက်ပစေမည့် ထွက်ပြူစ နေဝန်းတစ်စင်းပင် ဖြစ်တော့သည်။
“အရိပ်ကိုယ်ပွား… အရိပ်လှောင်အိမ်။”
အရိပ်ကိုယ်ပွား ကွဲကြေပျောက်ကွယ်လုနီးဆဲဆဲတွင် လျိုတုံးက ရုတ်တရက် အော်ဟစ်လိုက်၏။
နောက်အခိုက်အတန့်တွင် အရိပ်ကိုယ်ပွားသည် အနက်ရောင် လေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟုတ်ဟုတ်ထံသို့ ပျံသန်းဝင်ရောက်သွားတော့သည်။ အမှောင်စွမ်းအင် ဆင့်ပွားတိုက်ကွက်၏ အကျိုးသက်ရောက်မှုက ဟုတ်ဟုတ်အပေါ်တွင် သိပ်ပြီး အလုပ်မဖြစ်သော်လည်း ၎င်းသည် အရိပ်လှောင်အိမ်တိုက်ကွက်အတွက် လမ်းညွှန်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ကာ ဟုန်ဟုတ်ကို ချက်ချင်း ပိတ်လှောင်မိသွားစေခဲ့သည်။
ဤတိုက်ကွက်က အမှန်တကယ်ပင် အလွန် ကောက်ကျစ်လှ၏။ အရိပ်ကိုယ်ပွားကို စတေးခံတစ်ခုအဖြစ် အသုံးချပြီး ဟုတ်ဟုတ်ကို ပိတ်လှောင်လိုက်ခြင်း ဖြစ်ရာ ဟုတ်ဟုတ်ကိုယ်တိုင်ပင် အချိန်မီ မတုံ့ပြန်နိုင်ဘဲ အနက်ရောင် သံကြိုးများစွာဖြင့် ပြုလုပ်ထားသော လှောင်အိမ်တစ်ခုအတွင်း ချက်ချင်း အကျဉ်းချခံလိုက်ရသည်။
“သေစမ်း… ဒါက ငါတစ်ခါမှမမြင်ဖူးတဲ့ တိုက်ကွက်ပဲ။ ဒါက လျိုတုံးရဲ့ ဝှက်ဖဲပဲ။ ကျန်းဟန်တော့ သွားပြီ။”
“ဒီတိုက်ကွက်က အရမ်းကောက်ကျစ်တာပဲ။ ကာကွယ်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ကျန်းဟန်က ငယ်သေးတော့ အတွေ့အကြုံ လိုနေသေးတယ်။”
“ကျေနပ်စရာပဲ။ အဲဒီကောင် မောက်မာချင်ဦးလေ။ အခုတော့ ဆွံ့အသွားပြီမလား။”
ဘေးပတ်ပတ်လည်မှ ကြည့်ရှုနေသူများလည်း မှင်သက်သွားကြသည်။ တိုက်ပွဲပြီးဆုံးပြီဟု သူတို့ ထင်မှတ်နေချိန်တွင် တိုက်ပွဲအခြေအနေက ဤမျှအထိ ထင်မှတ်မထားဘဲ ပြောင်းလဲသွားကာ လျိုတုံးက တုန်လှုပ်ချောက်ချားဖွယ် အလှည့်အပြောင်းတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
တဒင်္ဂအတွင်း ကျောင်းသား အမြောက်အမြား အော်ဟစ်အားပေးလိုက်ကြ၏။ ဤသည်မှာ ကျန်းဟန် မောက်မာမှု၏ အကျိုးဆက်...သူ့ဖနောင့် သူပြန်ထိုးခြင်း ဖြစ်သည်ဟု တွေးတောနေကြသည်။
“ဟားဟားဟား… ကျန်းဟန် မင်း အရမ်းသန်မာတာကိုတော့ ငါဝန်ခံပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မင်းလည်း ပေါ့ဆသွားခဲ့တာပဲ။ မင်း အခု အခြေအနေကို လှည့်ပတ်ဖို့ ဘယ်လိုအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး။ အရှုံးပေးလိုက်စမ်း...မဟုတ်ရင် မင်းရဲ့ သားရဲ ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်။”
အရိပ်လှောင်အိမ် အောင်မြင်စွာ အသက်ဝင်သွားသည်ကို မြင်သောအခါ လျိုတုံးက မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။
၎င်းမှာ သူ၏ဖခင် သူ့အတွက် ဝယ်ယူပေးထားသော စွမ်းရည်ကျောက်ပြားဖြစ်ပြီး သူ့အတွက် အထူးထုတ်လုပ်ထားသည့် ဝှက်ဖဲတစ်ခု ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ၎င်းက နောက်ဆုံး၌ အသုံးဝင်လာခဲ့ပြီး အကျိုးသက်ရောက်မှုကလည်း ထူးခြားကောင်းမွန်လှသည်။
အရိပ်လှောင်အိမ် ထိမှန်သွားသည်နှင့် တပြိုင်နက် ပြိုင်ဘက်သည် မလွတ်မြောက်နိုင်တော့ဘဲ ထိုနေရာတွင်တင် ပိတ်မိကာ လှုပ်ရှား၍မရတော့သည့် အသက်ရှင်နေသည့် ပစ်မှတ်တစ်ခု ဖြစ်သွားရပေလိမ့်မည်။
“ဖြောင်း...ဖြောင်း...ဖြောင်း...”
“မဆိုးဘူး...မဆိုးဘူး။ တကယ် အံ့ဩစရာကောင်းတဲ့ စစ်ဗျူဟာပဲ။ မင်းက အရည်အချင်းရှိတဲ့ ပြိုင်ဘက်တစ်ယောက် ဆိုတာ သေချာပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံး ရှုံးနိမ့်မယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်။”
ကျန်းဟန်က လက်ခုပ်တီးလိုက်ပြီး လျိုတုံးကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤကောင်တွင် အင်အားအတိုင်းအတာတစ်ခုတော့ ရှိပေသည်။ ဤဆင့်ပွားတိုက်ကွက်အတွဲလိုက်မှာ တတိယအဆင့်အတွင်း၌ ဗိုလ်ကျစိုးမိုးရန် ပြဿနာမရှိသော်လည်း သူ့အတွက်မူ ၎င်းက အားနည်းလွန်းနေသေးသည်။
“ရှုံးမယ့်သူက ငါ ဟုတ်လား။ ဟမ့်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ကျန်းဟန်၏ စကားကို ကြားသောအခါ လျိုတုံးက နှာခေါင်းရှုံ့လိုက်ပြီး ကျန်းဟန်သည် ခေါင်းမာနေရုံသက်သက်သာ ရှိသည်ဟု တွေးလိုက်သည်။ ဤအခြေအနေသို့ ရောက်နေသည့်တိုင်အောင် အရှက်ပြေ လေလုံးထွားနေသေးသည်ဟု ထင်မှတ်လိုက်မိသည်။ သို့သော် သူ၏ စကားမဆုံးခင်မှာပင် အမှောင်ညပုစဉ်းရင်ကွဲမှာ ဘုန်းကနဲ မြေပေါ်သို့ လဲကျသွား၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်ဒုဓလီပန်းများစွာ ထွက်ပေါ်လာတော့သည်။ သို့သော် ဤဒုဓလီပန်းများမှာ အရေအတွက် သိပ်မများလှသဖြင့် ၎င်းကို သေစေသည်အထိ မဖြစ်စေသော်လည်း ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူပစ်လိုက်ပြီး လှုပ်ရှားမှုကို ကန့်သတ်ပစ်လိုက်သည်။
“မင်း… မင်း ဒါကို ဘယ်အချိန်တုန်းက လှုပ်ရှားလိုက်တာလဲ။”
လျိုတုံးသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကာ စကားပင် မဆိုနိုင်တော့ချေ။
အခန်း ၁၇၆
“ဟား… ဒါ ဘယ်လိုစွမ်းရည်မျိုးကြီးလဲ။”
“ဘာလို့ သစ်သားဒြပ်စင် စွမ်းရည်နဲ့ တူနေရတာလဲ။ အမှောင်ညပုစဉ်းရင်ကွဲက ဒါနဲ့ ဘယ်အချိန်မှာ ထိသွားတာလဲ။”
အနီးနားရှိ ကျောင်းသားများအားလုံး အံ့ဩမှင်သက်သွားကြသည်။ လူပေါင်းများစွာ ရှိနေသော်လည်း အမှောင်ညပုစဉ်းရင်ကွဲ မည်သည့်အချိန်တွင် ထိမှန်သွားသည်ကို တစ်ယောက်မှ မရိပ်မိလိုက်ကြချေ။
ယခုကြည့်ရသည်မှာ တိုက်ပွဲတစ်ခုလုံးသည် ကျန်းဟန်၏ စိတ်ကြိုက်ထိန်းချုပ်မှုအောက်တွင် လုံးဝရှိနေပြီး မည်သည့်မမျှော်လင့်ထားသော မတော်တဆမှုမျှ ဖြစ်မလာခဲ့ပေ။ ဤအချက်က လက်ခံရခက်လွန်းလှ၏။ ရွယ်တူချင်းတွင် ကွာဟချက်က ဤမျှအထိ ကြီးမားနေ၏။ သူတို့အနေဖြင့် ကျန်းဟန်ကို ကျော်တက်နိုင်မည့် ဖြစ်နိုင်ခြေ အရိပ်အယောင်လေးပင် မရှိတော့ကြောင်း ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့စွာ ခံစားလိုက်ရတော့သည်။
ကျော်တက်ဖို့ နေနေသာသာ ကျန်းဟန်၏ စွမ်းအား အလုံးစုံကိုပင် သဲသဲကွဲကွဲမမြင်ရဘဲ ဝေဝါးသောအသွင်အပြင်ကိုသာ မြင်တွေ့နိုင်ကြသည်။ ကန်မြို့၏ အဆင့် ၉ နေရာဟူသော ဘွဲ့ထူးမှာ အမည် အမှန်တကယ် ထိုက်တန်လှပေသည်။
“ဒါက သွေးအမျိုးအစားထဲမှာ သိပ်ကိုနာမည်ကြီးတဲ့ စွမ်းရည်တစ်ခုဖြစ်တဲ့ သွေးရောင်ဒုဓလီပဲ ဖြစ်ရမယ်။ ဒီနည်းစနစ်က ထူးခြားတဲ့ ဝိညာဉ်စွမ်းအားမျိုးစေ့တွေကို စုစည်းပြီး ကိုယ့်ရဲ့ဝိညာဉ်စွမ်းအားထဲမှာ သိမ်းဆည်းထားရတာမျိုးပဲ။ တိုက်ပွဲအတွင်းမှာ အဲဒီမျိုးစေ့တွေက ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားစေပြီး သူတို့ရဲ့ အသွေးအသားနဲ့ ဝိညာဉ်စွမ်းအားကို စားသုံးပြီး လျင်လျင်မြန်မြန် မျိုးပွားကြတယ်။ ပထမဆုံး စက္ကန့်ပိုင်းအနည်းငယ်အတွင်းမှာသာ အဲဒါကို မရိပ်မိလိုက်ဘူးဆိုရင် ဒါကို ပြန်လည်ခုခံဖို့က မဖြစ်နိုင်သလောက်ပဲ။”
ထိုအချိန်တွင် ဆရာ ခယ်လုံက လူတိုင်း၏ သံသယကို ဖြေဖျောက်ပေးရန် ရှေ့ထွက်လာခဲ့သည်။ သူက ကျန်းဟန်ကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လျိုတုံးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်း ရှုံးသွားရတာက မတရားဘူးလို့ မဆိုနိုင်ပါဘူး။ ကျန်းဟန်သာ မညှာတာပေးခဲ့ရင် မင်းရဲ့ အမှောင်ညပုစဉ်းရင်ကွဲက အခုလောက်ဆို သေနေလောက်ပြီ။”
“ကျွန်တော် ရှုံးတယ်။”
လျိုတုံးက သက်ပြင်းပြင်းချလိုက်ပြီး ကျန်းဟန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ ငါ လက်မလျှော့ဘူး။ နောက်တစ်ကြိမ်ကျရင် ငါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်။”
“ပြဿနာမရှိဘူး။ ဒါပေမဲ့ စစ်နိုင်ပစ္စည်းတွေကိုတော့ အဆင်သင့်ပြင်ထားဖို့ မမေ့နဲ့။ မဟုတ်ရင် ငါ တိုက်ပေးမှာမဟုတ်ဘူး။”
ကျန်းဟန်က ပခုံးတွန့်ကာ အနည်းငယ် ခပ်ပေါ့ပေါ့ပုံစံဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် ဟုတ်ဟုတ်သည် အရိပ်လှောင်အိမ်ကို ဖောက်ထွက်ပြီး ဆရာခယ်လုံ၏ ကုသရေးသားရဲနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ အမှောင်ညပုစဉ်းရင်ကွဲကို ကုသပေးလိုက်သည်။ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သည်။ ကျောင်းကလည်း သူ၏ အစွမ်းကို မြင်တွေ့သွားပြီဖြစ်ရာ လျိုတုံးကို တစ်ခုခု ထပ်လုပ်နေစရာ မလိုတော့ပေ။
သူ၏အမြင်တွင် တစ်ကြိမ်အနိုင်ယူနိုင်လျှင် အကြိမ်ပေါင်းများစွာလည်း အနိုင်ယူနိုင်သည်။ ထို့ကြောင့် မရိုးသားသော အောက်တန်းကျသည့် နည်းလမ်းများကို သုံးရန် လုံးဝမလိုအပ်ပေ။
“အရမ်း သန်မာတာပဲ။ ဒီနေ့ကစပြီး ကျောင်းရဲ့ နံပါတ်တစ်နေရာက လုံးဝ လက်ပြောင်းသွားပြီ။”
ကွင်းပြင်ရှိ ကျောင်းသားများမှာ ကျန်းဟန်ကို ဝိုင်းကြည့်နေ၏။ ဤပုံရိပ်သည် သူတို့အတွက် ရင်းနှီးနေသော်လည်း အနည်းငယ် စိမ်းသက်နေသလို ခံစားနေကြရသည်။
မွန်းတည့်ချိန် နေရောင်ခြည်က သူ၏နောက်ကျောဘက်မှ ဖြာကျနေပြီး သူ၏ ခန့်ညားချောမောကာ ဆွဲဆောင်မှုရှိပြီး ပျင်းရိဟန်ရသော မျက်နှာကို လင်းထိန်နေစေသည်။ ဤအခိုက်အတန့်မှ ကျန်းဟန်နှင့် သက်ဆိုင်သော ဒဏ္ဍာရီမှာ စတင်ခဲ့ပြီ ဖြစ်သည်။ ကျောင်းသူ အမြောက်အမြားသည် အားကျအတုယူ မြတ်နိုးဖွယ် အကြည့်များဖြင့် ကြည့်နေကြပြီး ကျောင်းသား အမြောက်အမြားကလည်း လေးစားမှုအပြည့်ရှိသော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့သည် ကျန်းဟန်အပေါ် မနာလိုဖြစ်မိသော်လည်း သူ၏ ယှဉ်ပြိုင်ဘက်ကင်းသော စွမ်းအားကိုတော့ မချီးကျူးဘဲ မနေနိုင်ဘဲ အသိအမှတ်ပြုခဲ့ကြရသည်။
ကျန်းဟန်သည် အတန်းဖော်များ၏ အားကျနှစ်သက်မှုနှင့် မြတ်နိုးမှု အကြည့်များထဲတွင် သာယာမနေဘဲ ပုံမှန်အတိုင်း အတန်းထဲသို့ ပြန်လာခဲ့၏။ အကြောင်းမှာ ဤအကြည့်များသည် သန်မာသူများအတွက်သာ ဖြစ်သည်ကို သူသိသောကြောင့်ပင်။ သူသာ အားနည်းသွားပါက ထိုအကြည့်များက ပျောက်ကွယ်သွားမည်ဖြစ်ရာ စိတ်ထဲထားနေရန် မလိုပေ။
“မင်းက ငါ့ရဲ့ မျှော်လင့်ချက်တွေကို တကယ် ကျော်လွန်သွားခဲ့ပြီ။ စောစောက မင်း ငါ့ကို စိန်ခေါ်ချင်တယ်လို့ ပြောတုန်းက နောက်ပြောင်နေတာ မဟုတ်ဘဲ အဲဒီစိတ်ကူး တကယ်ရှိနေခဲ့တာပဲ။”
ဆရာခယ်လုံက ကျန်းဟန်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ စတုတ္ထအဆင့်ရဲ့စွမ်းအားက ဘယ်လိုအခြေအနေမျိုးလဲဆိုတာ ကျွန်တော် တကယ်သိချင်မိတယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီလို ပြောကြရအောင်။ မင်းရဲ့ ဒီ သွေးအရိပ်ညဇီးကွက်ရဲ့ စွမ်းဆောင်ရည်အရဆိုရင် ငါ့ရဲ့ စတုတ္ထအဆင့် သားရဲရဲ့ ရှေ့မှာ အလွန်ဆုံးခံရင် နှစ်ကွက်ပဲ ခံနိုင်လိမ့်မယ်။”
ဆရာခယ်လုံက ဆိုသည်။
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ဆရာခယ်လုံ၏ ခန့်မှန်းချက်က မမှားနိုင်ကြောင်း ခံစားမိသည်။ သို့သော် သူ၏အနီးတွင် ဟုတ်ဟုတ် တစ်ကောင်တည်း ရှိနေသည်မဟုတ်ဘဲ ပိုင်လင်းလည်း ရှိနေသေးသည်။
အကယ်၍ ပိုင်လင်းကိုသာ ယခုထုတ်လွှတ်လိုက်မည်ဆိုပါက မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကို သူ မသိနိုင်ချေ။ ပထမဦးစွာ သေချာသည်မှာ အရှင်သခင်အဆင့်သားရဲ၏ အရှင်သခင်အရှိန်အဝါက ပိုင်လင်းအပေါ်တွင် သက်ရောက်မှုရှိမည် မဟုတ်ချေ။
“ကောင်းပြီ… အားလုံးပဲ ဆက်ပြီး လေ့ကျင့်ကြတော့။ မင်းတို့နဲ့ မင်းတို့ရဲ့ ရွယ်တူချင်းကြားက ကွာဟချက်ကိုလည်း တွေ့ပြီးကြပြီမလား။ ဒီလမကုန်ခင်မှာ ငါ့အတွက် အခြေခံအဆင့် သားရဲထိန်းချုပ်သူ အနည်းငယ်လောက် ထွက်လာအောင် ကြိုးစားကြစမ်းပါ။ ကျန်းဟန် အဆင့် ၃ လက်ရွေးစင်အဆင့်ကို ရောက်သွားတာတောင် မင်းတို့ အခြေခံအဆင့်ကိုတောင် အောင်မြင်အောင် မကျော်ဖြတ်နိုင်သေးတာမျိုး မဖြစ်စေနဲ့။”
ဆရာခယ်လုံက လူအုပ်ကြီးကို ဆူပူငေါက်ငမ်းလိုက်ပြီး အားလုံးကို ဆက်လေ့ကျင့်ခိုင်းလိုက်သည်။
စောစောက ကျန်းဟန်အပေါ် မကျေမနပ် ဖြစ်နေကြသော လူနည်းစုမှာ စုပေါင်း၍ နှုတ်ဆိတ်သွားကြ၏။ ကျန်းဟန်၏ စွမ်းအားက သူတို့ကို ပြန်လည်တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံးသွားစေခဲ့ပြီ ဖြစ်သည်။
“ကျန်းဟန်… နင် ထပ်ပြီးတော့ သန်မာလာပြန်ပြီပဲ။”
ဆရာ ထွက်သွားသည်ကို မြင်ပြီးနောက် လီဇီဝေသည် ဝမ်းသာအားရဖြစ်နေသော ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ ကျန်းဟန်အနားသို့ ခုန်ဆွခုန်ဆွဖြင့် ရောက်လာပြီး ပြောလိုက်သည်။
“မင်းလည်း အများကြီး သန်မာလာတာပါပဲ။ အခြေခံအဆင့်ကို မကြာခင် ကျော်ဖြတ်တော့မှာမလား။”
ကျန်းဟန်က လီဇီဝေ၏ခေါင်းကို ပေါ့ပေါ့ပါးပါး ပုတ်ပေးရင်း ပြုံးကာ မေးလိုက်သည်။
လီဇီဝေသည် မျက်နှာတစ်ခုလုံး ရဲတက်သွားသော်လည်း ကျန်းဟန်၏ ခေါင်းပုတ်ပေးမှုကို ငြင်းဆန်ခြင်းမရှိသည့်အပြင် သူမ၏ခေါင်းကို အနည်းငယ်ပင် ရှေ့သို့ တိုးပေးလိုက်သေးသည်။
“နီးစပ်နေပါပြီ။ ဒါပေမဲ့ နည်းနည်းလေးတော့ လိုနေသေးတယ်လို့ ခံစားရတယ်။”
ပိုင်လင်း၏ စွမ်းအားတုံ့ပြန်မှုကို ရရှိခဲ့ပြီးနောက် ကျန်းဟန်သည် ပို၍ ခန့်ညားလာရုံသာမက သူ၏ အရှိန်အဝါထဲတွင်လည်း နဂါးတစ်ကောင်၏ မြင့်မြတ်မှုနှင့် ရှေးကျမှုတို့က မသိမသာ ရောယှက်နေခဲ့သည်။ ဤအရှိန်အဝါကြောင့် လီဇီဝေသည် ကျန်းဟန်၏မျက်လုံးများကို တည့်တည့်မကြည့်ဝံ့ဘဲ ဖြစ်နေရပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏နှလုံးသားမှာ ဒိန်းဒိန်းတုန် ခုန်သွားရတတ်သည်။
“ဒါဆို ခဏစောင့်။ မင်းအတွက် ကောင်းတဲ့အရာတစ်ခု ရှိတယ်။”
ကျန်းဟန် ထိုင်ချလိုက်ပြီး သူ၏ သိုလှောင်သေတ္တာကို ထုတ်ကာ အထဲတွင် မွှေနှောက်ရှာဖွေလိုက်၏။ မကြာမီမှာပင် သူသည် ပန်းဝတ်ရည် နှစ်ပုလင်းကို ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ သူနှင့် လီဇီဝေတို့ အုပ်စု ဧရာမခွန်းကြီး၏ အတွင်းကမ္ဘာထဲသို့ စုပ်ယူခြင်းခံရစဉ်က ရရှိခဲ့သည့် ဧရာမပန်းပွင့်ကြီး၏ ဝတ်ရည်များဖြစ်သည်။
ထိုအချိန်တုန်းက သူတို့သည် ဤဝတ်ရည်ကို အသုံးပြုရန် မူလက ကြံရွယ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မြေအောက်၌ ပိုမိုဆန်းကြယ်ပြီး နက်နဲသော နတ်ဘုရားဝိညာဉ်အရည်ကို ရှာဖွေတွေ့ရှိသွားကာ အဆင့်ကို တိုက်ရိုက်ကျော်ဖြတ်နိုင်ခဲ့ကြသဖြင့် ဤပန်းဝတ်ရည်မှာ အသုံးမပြုရသေးဘဲ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းတို့ထဲမှ အချို့ကို ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့အား တိုက်ကျွေးခဲ့ပြီးနောက်တွင်ပင် အတော်အတန် ကျန်ရှိနေသေးသည်။
“ရော့… ဒါကို သောက်ကြည့်ပြီး အဆင့်နက်နိုင်မလားလို့ စမ်းကြည့်လိုက်။”
ကျန်းဟန်က ပန်းဝတ်ရည်ကို လီဇီဝေထံ ကမ်းပေးလိုက်သည်။ ဤအရာသည် သူ့အတွက် အသုံးမဝင်တော့သဖြင့် လီဇီဝေကို ပြုစုပျိုးထောင်ပေးရန်အတွက် အကောင်းဆုံးပစ္စည်းပင် ဖြစ်သည်။
“ဒါက ဘာလဲ။”
လီဇီဝေက ပန်းဝတ်ရည်ကို လှမ်းယူရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည်။ ကျန်းဟန်က သူမကို ပစ္စည်းတစ်ခုခု ဦးဆောင်ပြီး ပေးသည်မှာ ယခုအချိန်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။
“သောက်လိုက်ရင် သိရမှာပေါ့။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်၏။
“အင်း။”
လီဇီဝေသည် ကျန်းဟန်အပေါ် စည်းမဲ့ကမ်းမဲ့ ယုံကြည်ထားသူဖြစ်ရာ မည်သည့်သံသယမျှ မရှိဘဲ ပန်းဝတ်ရည်ကို တိုက်ရိုက် သောက်ချလိုက်တော့သည်။
ဤပန်းဝတ်ရည်သည် ကျန်းဟန်အပေါ် သက်ရောက်မှုမရှိသော်လည်း လီဇီဝေအတွက်မူ အကျိုးသက်ရောက်မှုက သိသာထင်ရှားလှသည်။ သူမအနေဖြင့် ပထမဆုံးအကြိမ် သောက်ဖူးခြင်းဖြစ်သောကြောင့် သောက်ပြီးနောက်တွင် သူမ၏မျက်နှာလေးသည် သွေးရောင်လွှမ်းကာ ဝင်းပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက သူမ၏ စိတ်အာရုံထဲတွင် အဆက်မပြတ် တိုးဝှေ့လာခဲ့ရာ သူမအနေဖြင့် စိတ်ပျံ့လွင့်နေမှုများကို ဘေးဖယ်ထားပြီး စိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်မှုကို အာရုံစိုက်ကာ ပြီးမြောက်အောင် လုပ်ဆောင်ရတော့သည်။
သို့သော်လည်း သူမသည် ဤ ရုတ်တရက် တိုးပွားလာသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် လိုက်လျောညီထွေမဖြစ်နိုင်သေးပုံရကာ သူမ၏ မျက်နှာမှာ နီမြန်းရာမှ ဖြူလျော့သွားပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့သကဲ့သို့ ဖြစ်လာခဲ့သည်။
ဤသို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းဟန်ကြောင့်ပင် ဖြစ်သည်။ သူ၏ ရုတ်တရက် လက်ဆောင်ပေးမှုကြောင့် လီဇီဝေကို အတွေးလွန်စေပြီး စိတ်ကူးယဉ်မှုများ ဖြစ်ပေါ်စေကာ စိတ်ဝိညာဉ်စွမ်းအင်ကို စနစ်တကျ မလမ်းညွှန်နိုင်ဘဲ ဖြစ်သွားရခြင်း ဖြစ်သည်။
“စိတ်မပျံ့လွင့်စေနဲ့။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်မှုကို သေချာ ထိန်းချုပ်စမ်း။”
၎င်းကို မြင်သောအခါ ကျန်းဟန်က သတိပေးရန် အမြန်အော်ပြောလိုက်ပြီး လီဇီဝေ၏ ပခုံးနှစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ ကျန်းဟန်၏ နွေးထွေးသော လက်ဖဝါးများကို ခံစားလိုက်ရပြီးနောက် လီဇီဝေသည် အလျင်အမြန်ပင် စိတ်အေးသွားပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် လမ်းညွှန်ရန် အာရုံစိုက်လိုက်တော့သည်။
မကြာမီမှာပင် သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာတွင် ဝမ်းသာပီတိဖြစ်ရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ကျန်းဟန်။ ဒါက တကယ်ကို တန်ဖိုးကြီးမှာ သေချာတယ်။ နင်က ဒါကိုတောင် ငါ့အတွက် သုံးပေးလိုက်တာပဲ။”
“မင်း အဆင့်တက်နိုင်သွားရင် ရပါပြီ။ ဒီပစ္စည်းက ငါ့အတွက် အသုံးမဝင်တော့တာမို့လို့ အတွေးမများနဲ့။”
ကျန်းဟန်က လက်ယမ်းပြလိုက်၏။ သူသည် ထိုစဉ်က ဤပန်းဝတ်ရည်ကို ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့အား ပေါ့ပေါ့ပါးပါး ကျွေးခဲ့ခြင်း ဖြစ်ရာ လီဇီဝေကို ဤမျှလေး ပေးလိုက်ခြင်းမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိသည်။ အဓိကအချက်မှာ သူမသည် အဆင့်တက်ခါနီး အစွန်းအဖျားသို့ ရောက်ရှိနေပြီး ခြေတစ်လှမ်းသာ လိုတော့ခြင်းကြောင့် ဖြစ်သည်။
“ကျေးဇူးပါ။”
ကျန်းဟန်က ထိုသို့ ပြောခဲ့သော်လည်း လီဇီဝေကမူ သူက သူမကို အားနာမနေစေရန် တမင်တကာ ပြောနေခြင်းဖြစ်သည်ဟု ခံစားမိသည်။ အကြောင်းမှာ စိတ်ဝိညာဉ်စွမ်းအင်ကို တိုးမြင့်ပေးနိုင်သော ပစ္စည်းများအားလုံးသည် အလွန်အမင်း အဖိုးတန်သောကြောင့် ဖြစ်သည်။ သူမသည် ဤကျေးဇူးတရားကို နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်ပြီး ကျန်းဟန်အပေါ် ထားရှိသော သူမ၏ အကြည့်များမှာလည်း ပို၍ပင် နူးညံ့ပျော့ပျောင်းလာခဲ့တော့သည်။