← Chapters

အခန်း ၂၉၁

Vol. 26 Ch. 291

အခန်း ၂၉၁

Vol. 26 Ch. 291

အခန်း (၂၉၁) အစေခံအိုကြီး အမှားကို သိပါပြီ... သခင်လေးမို သဘောအတိုင်း စီစဉ်ပါ…

ကျန်းချင်းကို သေဆုံးသွားအောင် ရိုက်ချလိုက်ပြီးနောက် သူက မျက်တောင် တစ်ချက် ခတ်လိုက်၏။ သေဆုံးသွားသော ကျန်းချင်းက ပြန်လည်ရှင်သန်လာပြန်သည်။

အသက်ပြန်ရှင်လာသော ကျန်းချင်းက အင်မော်တယ်အင်ပါယာ ယီဟိုင်ကို မျှော်လင့်ချက်မဲ့နေသော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် အင်မော်တယ်အင်ပါယာ ယီဟိုင်၏ ဘေးတွင် ရှိနေသော မိုဝန်ထျန်းကို မြင်လိုက်ရသည်။

ရုတ်တရက် ကျန်းချင်း၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု လင်းလက်သွား၏။

"သခင်လေးမို... ကယ်ပါဦး... ကယ်ပါဦး..."

ကျန်းချင်းက နာကျင်စွာ အော်ဟစ်နေပြီး မျက်ရည်များ စီးကျလာကာ အလွန် သနားစရာကောင်းပြီး အဖြစ်ဆိုးနေသည်။

"အင်း..."

ထိုမြင်ကွင်းကို ကြည့်၍ မိုဝန်ထျန်းမှာ စကားပင် မပြောနိုင်တော့ချေ။ ဤသည်က အလွန်သနားစရာ ကောင်းလွန်းလှ၏။

"သခင်လေးမို... သနားညှာတာဖို့ တောင်းပန်ပါတယ်... သခင်မလေးရဲ့ မျက်နှာကို ထောက်ထားပြီး ဒီအစေခံအိုကြီးရဲ့ အသက်ကို ချမ်းသာပေးပါ... ကျွန်တော် တောင်းပန်ပါတယ်..."

ပိုင်ယွဲ့နှင့် မိန်နျင်တို့က ကျန်းချင်းကို ဆက်၍ အပြစ်မပေးတော့ချေ။ မိုဝန်ထျန်းက မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ ယခင်က မိုဝန်ထျန်း၏ အခြေခံအုတ်မြစ်မှာ ကျန်းချင်း၏ ဖျက်ဆီးမှုကို ခံခဲ့ရပြီး အသုံးမကျသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။

ချမ်ချန်ကန်းသာမရှိခဲ့လျှင် သူက တစ်သက်လုံး အသုံးမကျသူတစ်ယောက် ဖြစ်သွားလောက်ပြီ ဖြစ်၏။

မဟုတ်သေးချေ။

မိုဝန်ထျန်းက တစ်သက်လုံး အသုံးမကျသူ ဖြစ်နေမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် အောက်လောကသို့ ကျန်းချင်း ဆင်းလာခြင်းမှာ မိုဝန်ထျန်းကို သတ်ဖြတ်ရန် ဖြစ်နိုင်ခြေ အလွန်များနေသောကြောင့် ဖြစ်သည်။

ထို့နောက် တာ့ဖုန်းအင်မော်တယ်လက်စွပ်ကို တစ်ယောက်တည်း သိမ်းပိုက်ရန် ဖြစ်၏။

ထိုသို့သာဆိုလျှင် မိုဝန်ထျန်းမှာ အလွန် သနားစရာ ကောင်းသွားပေလိမ့်မည်။ ပိုင်ယွဲ့က ပြောလိုက်၏။

“ဂျူနီယာမောင်လေး... သူ့ကို ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ..."

ဘေးဘက်မှ မိန်နျင်ကလည်း ထပ်ပြောလိုက်သည်။

"ဒီကျန်းချင်းက အရင်က နင့်ရဲ့ ကျင့်စဉ်စွမ်းအင်ကို ဖျက်ဆီးပစ်ခဲ့တယ်... အခုတစ်ခါ အောက်လောကကို ဆင်းလာတာက နင့်ကို သတ်ပြီး တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို တစ်ယောက်တည်း သိမ်းပိုက်ဖို့ ဖြစ်ရမယ်... ဒါကြောင့် သူ့ကို အလွတ်မပေးလိုက်နဲ့..."

"သခင်လေးမို... ဒီအစေခံအိုကြီးမှာ တကယ်ပဲ အဲ့လိုရည်ရွယ်ချက် မရှိပါဘူး... ခွင့်လွှတ်ပေးပါ..."

အင်မော်တယ်အင်ပါယာယီဟိုင်က လှောင်ပြုံး ပြုံးလိုက်၏။

"ကျန်းချင်း... မင်းက အခုထိ ငြင်းနေတုန်းပဲလား..."

"မင်းမှာ အဲ့လိုရည်ရွယ်ချက် မရှိဘူးဆိုရင်လည်း ရိုးရိုးရှင်းရှင်းလေး ကတိသစ္စာ ဆိုလိုက်ပေါ့... မင်းက အစကနေ အဆုံးထိ မိုဝန်ထျန်းကို ဘာမှလုပ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့..."

"မင်းမှာ အဲ့လိုအကြံအစည် ရှိခဲ့တယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ဖျက်ဆီးမှုကို ခံရပြီး ထာဝရကျိန်စာသင့်တဲ့မြေကို ကျရောက်ကာ ဘယ်ဘဝမှ ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် မရစေရဘူးလို့ ကျိန်ဆိုလိုက်..."

"မင်း အဲ့ကတိသစ္စာကြီးကို ကျိန်ဆိုရဲလားလို့ပဲ မေးမယ်..."

အင်မော်တယ်အင်ပါယာယီဟိုင်၏ ကြမ်းတမ်းသော စကားများကြောင့် ကျန်းချင်း၏ မျက်နှာမှာ အလွန် ဖြူရော်သွားပြီး ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာနိုင်ခဲ့ချေ။

သူ မရဲပေ။

အဘယ်ကြောင့်ဆိုသော် သူက မိုဝန်ထျန်းကို သတ်ဖြတ်ရန် အောက်လောကသို့ ဆင်းလာရန် အမှန်တကယ် စီစဉ်ခဲ့ပြီး တာ့ဖုန်း အင်မော်တယ်လက်စွပ်ကို တစ်ယောက်တည်း သိမ်းပိုက်ကာ အင်မော်တယ်နယ်မြေကိုပါ သိမ်းပိုက်ရန် စီစဉ်ခဲ့သောကြောင့် ဖြစ်၏။

မဟာတာအို ကတိသစ္စာကို ပြုလုပ်လိုက်သည်နှင့် သူက အမှန်တကယ် ပျက်စီးသွားမည် ဖြစ်သည်။

သေဆုံးခြင်းက ကြောက်စရာ မကောင်းချေ။

အကြောက်ဆုံးအရာမှာ သူက ပြန်လည်ဝင်စားရန် အခွင့်အရေးပင် မရရှိတော့မည်ကို ဖြစ်၏။

ကျန်းချင်း စကားမပြောသည်ကို မြင်သောအခါ လူအများ၏ မျက်နှာများက အလွန်အေးစက်သွားကြသည်။

ထင်သည့်အတိုင်းပင် ဖြစ်၏။

အင်မော်တယ်အင်ပါယာ ယီဟိုင်က ကျန်းချင်းနှင့် အဓိပ္ပာယ်မရှိသော စကားများ ဆက်ပြောရန် ပျင်းရိသွားပြီး သူ၏ ဘေးတွင်ရှိသော မိုဝန်ထျန်းကို ကြည့်လိုက်သည်။

"ညီလေး... မင်း ဘယ်လိုလုပ်မလဲ..."

မိုဝန်ထျန်းက ကျန်းချင်းကို ကြည့်လိုက်၏။

"ညီမရူဟွာနဲ့ ခင်ဗျားက ဘယ်လို ပတ်သက်လဲ..."

"အစေခံအိုကြီးက ကျန်းမိသားစုရဲ့ အလုပ်အကျွေးဖြစ်ပြီး သခင်မလေးရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်... သခင်မလေးက ကျန်းမိသားစုရဲ့ ရတနာတစ်ပါးဖြစ်ပြီး အဆင့်အတန်း မြင့်မားလှပါတယ်..."

ကျန်းချင်း၏ နှလုံးသားမှာ အထိတ်တလန့် ဖြစ်နေ၏။

မိုဝန်ထျန်းက သူ့ကို မည်သို့လုပ်မည်ကို သူမသိချေ။

"ကျန်းမိသားစုက အတော်လေး အစွမ်းထက်တာလား..."

မိုဝန်ထျန်းက ထပ်မေးလိုက်သည်။

ကျန်းချင်းက ခေါင်းညိတ်လိုက်၏။

"ကောင်းကင်အင်မော်တယ်နယ်မြေက ထောင်သောင်းချီတဲ့ အင်မော်တယ်နယ်မြေတွေထဲမှာ ထိပ်တန်း အင်မော်တယ်နယ်မြေတစ်ခုဖြစ်ပြီး အဲ့အထဲမှာ ကျန်းမိသားစုက အလေးစားခံရဆုံးပါ..."

"ကျန်းမိသားစုက ကောင်းကင်အင်မော်တယ်နယ်မြေကို အုပ်စိုးပြီး အင်မော်တယ်ထောင်သောင်းချီရဲ့ သေခြင်းရှင်ခြင်းကို လွှမ်းမိုးထားတယ်လို့လည်း ပြောလို့ ရပါတယ်..."

"ဘာဖြစ်လို့ ခင်ဗျားက ကျွန်တော့်ရဲ့ ကျင့်စဉ်စွမ်းအင်ကို ဖျက်ဆီးပစ်ချင်ရတာလဲ... ပြီးတော့ အခု ဘာလို့ ကျွန်တော့်ကို သတ်ချင်ရတာလဲ..."

မိုဝန်ထျန်း၏ စကားများကြောင့် ကျန်းချင်းမှာ ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်မိ၏။

"သခင်လေးမို... သခင်လေးက အောက်လောကမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဆင့်အတန်း နိမ့်ကျပါတယ်... သခင်မလေးကတော့ မတူပါဘူး... သူမက ကျန်းမိသားစုရဲ့ ရတနာတစ်ပါးဖြစ်ပြီး သူမရဲ့ အဆင့်အတန်းက မြင့်မားလှပါတယ်... သာမန်လူနဲ့ အင်မော်တယ်ကြားမှာ ကွာခြားချက် ရှိပါတယ်..."

မိုဝန်ထျန်းက သူ၏ လက်သီးများကို မဆုပ်ဘဲ မနေနိုင်တော့ချေ။ သူ၏ အမူအရာက အေးစက်နေပြီး မကျေမချမ်း ဖြစ်နေ၏။

"ကောင်းလိုက်တဲ့ သာမန်လူနဲ့ အင်မော်တယ် ကွာခြားချက်..."

"သခင်လေးမို... ဒီကိစ္စက အစေခံအိုကြီးနဲ့ ဘာမှမဆိုင်ပါဘူး... တကယ်တော့ ကျန်းမိသားစုက အစေခံအိုကြီးကို သခင်လေးကို သတ်ဖို့ အမိန့်ပေးခဲ့တာပါ... သခင်မလေးက သခင်လေးကို အလွန် တန်ဖိုးကြီးတဲ့ တာ့ဖုန်းအင်မော်တယ်လက်စွပ်ကို ပေးခဲ့တယ်လေ... အောက်လောကက ကျင့်ကြံသူတစ်ယောက်အပေါ် သခင်မလေးက အဲ့လောက် အလေးထား ဆက်ဆံတာကို ကျန်းမိသားစုက ခွင့်မပြုပါဘူး..."

"သခင်လေးမို... သခင်မလေးကို ထောက်ထားပြီး အစေခံအိုကြီးရဲ့ အသက်ကို ချမ်းသာပေးပါ... အစေခံအိုကြီးရဲ့ အသက်ကို ချမ်းသာပေးပါ..."

ကျန်းချင်းက စကားပြောနေရင်းနှင့် အဆက်မပြတ် ခေါင်းငိုက်စိုက်ချကာ သနားညှာတာရန် တောင်းပန်နေ၏။

မိုဝန်ထျန်းကမူ အစပိုင်းတွင် လက်သီးများကို ဆုပ်ထားသော်လည်း တဖြည်းဖြည်း ပြန်လည် လျှော့ချလိုက်သည်။ သူ၏ အေးစက်ပြီး မကျေမချမ်း ဖြစ်နေသော အမူအရာက ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ကူးပြောင်းသွားပြီး သူ၏ မျက်ဝန်းများက ခိုင်မာ ပြတ်သားလာ၏။

"ကျုပ် ကောင်းကင်အင်မော်တယ်နယ်မြေကို သွားပြီး ညီမရူဟွာကို သေချာပေါက် သွားတွေ့မယ်လို့ သူမကို ကတိပေးထားခဲ့တယ်... ကျန်းမိသားစုက ကျုပ်ကို သတ်ချင်ရင်ရော ဘာဖြစ်လဲ... အဲ့တာက ညီမရူဟွာကို သွားတွေ့မယ့် ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."

ထို့နောက် မိုဝန်ထျန်းက ကျန်းချင်းကို ကြည့်၍ ပြောလိုက်သည်။

"မူလကတော့ ကျွန်တော် ခင်ဗျားကို သတ်ချင်ခဲ့တာ... ဒါပေမဲ့ ကျန်းမိသားစုနဲ့ ညီမရူဟွာဆီကို ခင်ဗျားကတစ်ဆင့် ပြန်ပြောခိုင်းစရာ ရှိသေးလို့ ခင်ဗျားကို မသတ်တော့ဘူး..."

မိုဝန်ထျန်း၏ စကားများကို ကြားသောအခါ ကျန်းချင်းမှာ နောက်ဆုံးတွင် အသက်ရှင်သန်ရန် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရ၏။ သူက အလွန်ဝမ်းသာသွားပြီး ကျေးဇူးတင်စကားဆိုကာ ထပ်မံ၍ ခေါင်းငိုက်စိုက်ချလိုက်သည်။

"အစေခံအိုကြီးက သခင်လေးမိုကို ကျေးဇူးတင်ပါတယ်..."

"သခင်လေးမို ခုလောက် သနားညှာတာပြီး အစေခံအိုကြီးရဲ့ အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

အင်မော်တယ်အင်ပါယာ ယီဟိုင်က မျက်မှောင်ကြုတ်လိုက်၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက မိုဝန်ထျန်းကို ကျန်းချင်းအား လွှတ်မပေးစေချင်ပေ။

ဤကောင်က ပထမအဆင့် အင်မော်တယ် သူတော်စင်တစ်ဦး ဖြစ်သည်။

သူ့ကို လွှတ်ပေးလိုက်သည်နှင့် ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး အဆုံးမဲ့ဒုက္ခများ ရောက်လာနိုင်၏။

ကျန်းချင်း မည်သို့ တွေးနေမည်ကို မည်သူ သိနိုင်မည်နည်း။

သို့သော်လည်း သူ ဘာမှ မပြောခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ စီနီယာက အရာအားလုံးကို မိုဝန်ထျန်း ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။

မိုဝန်ထျန်းက သူ့ကို လွှတ်ပေးချင်နေမှတော့ လွှတ်ပေးလိုက်ရုံသာ ရှိ၏။

ကျန်းချင်းက ခေါင်းငိုက်စိုက်ချ၍ သနားညှာတာရန် တောင်းပန်နေသည်ကို ရင်ဆိုင်ရင်း မိုဝန်ထျန်းက လှောင်ပြုံး ပြုံးလိုက်သည်ကို သူ မြင်လိုက်ရသည်။

"အဆုံးမှာတော့ ခင်ဗျားကို ကျုပ်က လွှတ်ပေးမှာဖြစ်ပေမဲ့ အရင်က ကျုပ်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တဲ့အပြင် အခုတစ်ခါ ကျုပ်ကို ထပ်သတ်ပြီး ညီမရူဟွာ ပေးထားတဲ့ တာ့ဖုန်းအင်မော်တယ်လက်စွပ်ကို ယူချင်ခဲ့တဲ့ ကိစ္စအတွက်တော့ ရှင်းစရာ ရှိတာ ရှင်းရဦးမယ်..."

ကျန်းချင်းမှာ အလွန်ထိတ်လန့်သွားပြီး သူ၏ နှလုံးသားထဲတွင် ကတုန်ကယင် ဖြစ်သွား၏။ မိုဝန်ထျန်းကို ကြည့်ရင်း တံတွေးတစ်ချက် မမျိုချဘဲ မနေနိုင်တော့ဘဲ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"အစေခံအိုကြီး အမှားကို သိပါပြီ... သခင်လေးမို သဘောအတိုင်း စီစဉ်ပါ..."

All Chapters