အခန်း ၂၉၃
Vol. 26 Ch. 293
အခန်း (၂၉၃)ကျန်းယုချန် ရောက်လာပြီ... စနစ်က ပိုက်ဆံခိုးနေတာပဲ…
ကျယ်ပြောလှသော တောင်ပေါင်းတစ်သိန်းတောင်တန်း။
ထိုကျန်းချင်းက သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော အမုန်းတရားများကို ပိုက်၍ ကျိုးနေသော ခြေထောက်များဖြင့် ဒူးထောက်ကာ ထွက်ခွာသွားခဲ့ရာ တစ်လျှောက်လုံး သွေးလမ်းကြောင်းကြီး ဖြစ်ပေါ်သွားခဲ့၏။
ယနေ့ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ လာရောက်စုဝေးနေကြောင်း သိထားရမည် ဖြစ်သည်။
ကျန်းချင်းက ဒူးထောက်၍ ထွက်ခွာသွားသည်ကို ကျင့်ကြံသူများစွာက သတိပြုမိသွားကြ၏။
ဤအရာက ကျန်းချင်း၏ နှလုံးသားထဲမှ အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်တို့ကို ပို၍ ကြီးထွားလာစေခဲ့သည်။
သူက ပထမအဆင့် အင်မော်တယ်သူတော်စင်တစ်ဦး ဖြစ်သည်။
ယခုအခါတွင် သူက ပုရွက်ဆိတ် တစ်အုပ်ရှေ့၌ ဒူးထောက်၍ သွားနေရ၏။
မျက်နှာပျက်စရာ ကောင်းလွန်းလှပြီး အလွန် အရှက်ရစရာ ကောင်းလှသည်။
စောင့်နေလိုက်…။
ငါအဘိုးကြီးကို စောင့်နေလိုက်ကြ…။
ငါအဘိုးကြီး သေချာပေါက် ပြန်လာခဲ့မယ်...။
နောက်ဆုံးတွင်။
အရှက်ကွဲခြင်း၊ အမုန်းတရား၊ သတ်ဖြတ်လိုစိတ်၊ မကျေမချမ်းဖြစ်မှု စသည့် မကောင်းသော စိတ်ခံစားချက်မျိုးစုံဖြင့် သူက တစ်လျှောက်လုံး ဒူးထောက်လာခဲ့ရာ ဖေးရှန့်တောင်နှင့် ဝေးကွာသော တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့၏။
သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားပြီး သွားကြိတ်ကာ တွေးလိုက်သည်။
"ဒီထိပ်တန်း အင်မော်တယ်နယ်မြေက အဲ့လောက်တောင် ကျယ်ပြန့်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ခွေးကောင် ပုရွက်ဆိတ်လေးတွေ... ငါအဘိုးကြီးကို စောင့်နေကြ... ဒါတွေအားလုံးက ငါအဘိုးကြီး ပိုင်တာတွေပဲ..."
"ဒီအရှက်ခွဲမှု... ငါအဘိုးကြီး ပြန်လာတဲ့ တစ်နေ့ကျရင် မင်းတို့ အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်..."
ထိုအချိန်၌။
အင်မော်တယ်သက်တံတစ်ခု ရောက်ရှိလာ၏။
၎င်းမှာ ရွှယ်ဝူအင်မော်တယ်နယ်မြေမှ အောက်လောကသို့ ဆင်းသက်လာသော ကျန်းယုချန်ပင် ဖြစ်သည်။
ကျန်းယုချန်မှာ အလွန်စိုးရိမ်ထိတ်လန့်နေ၏။
ချမ်ချန်ကန်းကို သွားတွေ့ရန် သူမ ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ကြောက်ရွံ့ကာ သတ္တိကြောင်နေဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူမ ရင်ဆိုင်ရမည့်သူမှာ တစ်ချိန်က အစွမ်းထက်လှသော ဗုဒ္ဓအရှင်သခင် ဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း ကျန်းယုချန်က တောင်ပေါင်းတစ်သိန်းတောင်တန်း အတွင်းသို့ ဝင်ရောက်လာသောအခါ သူမ အလွန် အံ့အားသင့်သွားခဲ့သည်။
"ဘယ်လောက်တောင် ပေါများပြီး သိပ်သည်းတဲ့ အင်မော်တယ်စွမ်းအင်တွေလဲ... ဒါပေမဲ့ ဒီနေရာက အဲဒီစီနီယာနေတဲ့ နေရာကို မရောက်သေးဘူးလေ... ဘာလို့ ဒီနေရာကလည်း အင်မော်တယ်နယ်မြေ ဖြစ်နေရတာလဲ..."
ကျန်းယုချန်မှာ ဝေခွဲမရ ဖြစ်နေပြီး နားမလည်နိုင်အောင် ဖြစ်နေ၏။
သို့သော် ယခုအချိန်၌။။
ဝေခွဲမရ ဖြစ်နေစဉ်မှာပင်။
ရှေ့ဘက်မှ ထွက်ပေါ်လာသော အံ့သြဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခုကို သူမ ခံစားလိုက်ရသည်။
ထိုထိတ်လန့်စရာကောင်းသော အငွေ့အသက်ကြောင့် သူမ၏ စိတ်နှလုံးမှာ တုန်ယင်သွားပြီး အလွန်ထိတ်လန့်သွားခဲ့၏။
"ဒါက အင်မော်တယ်တာအို သူတော်စင်ရဲ့ အငွေ့အသက်ပဲ... အဲဒီစီနီယာဆီကများ ထွက်ပေါ်လာတာလား..."
သူမ၏ နှလုံးသားမှာ မထိတ်လန့်ဘဲ မနေနိုင်တော့ချေ။ ရင်တွေ တဒိန်းဒိန်း ခုန်နေပြီး ပို၍ပင် စိုးရိမ်ထိတ်လန့်လာသည်။
ထိတ်လန့်နေစဉ်မှာပင် ကျန်းယုချန်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျန်းချင်းကို မြင်တွေ့လိုက်ရ၏။
ကျန်းချင်းကို မြင်လိုက်ရသောအခါ ကျန်းယုချန်မှာ လုံးဝ အံ့အားသင့်သွားခဲ့သည်။
"အဲဒီစီနီယာမဟုတ်ဘူးပဲ... ဒါပေမဲ့ သူက အင်မော်တယ်သူတော်စင်တစ်ပါးဖြစ်ပြီး ဒီတောင်ပေါ်မှာ တကယ်ကြီး ဒူးထောက်ပြီး သွားနေရတယ်..."
ကျန်းယုချန်က ကျန်းချင်းကို တွေ့လိုက်သလို ကျန်းချင်းကလည်း ကျန်းယုချန်ကို သတိပြုမိသွားခဲ့သည်။
သူက သူ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားများကို ဖိနှိပ်ထားပြီး နှိမ့်ချသော အမူအရာဖြင့် ခေါင်းငုံ့ကာ ဆက်လက်၍ ဒူးထောက်သွားခဲ့၏။
ယခုအချိန်တွင် ဖေးရှန့်တောင်နှင့် အတော်လေး ဝေးကွာနေပြီ ဖြစ်သော်လည်း သူက ကျူးရှိူ့တိုက်ကြီးထဲမှ ထွက်မသွားရသေးသရွေ့ သူက ဘယ်သောအခါမှ မောက်မာရဲမည် မဟုတ်ပေ။
သူ့ရှေ့မှ ကျန်းယုချန်က ချမ်ချန်ကန်း၏ တပည့် ဖြစ်နေနိုင်သည်ဟု မည်သူ သိနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ လောကကြီးက အလွန် ကျဉ်းမြောင်းလွန်းလှသည်။
ငါ့ကံက သိပ်ဆိုးလွန်းတယ်... နှစ်သောင်းချီ ခရီးနှင်ဖို့ သတိထားတာ အကောင်းဆုံးပဲ...။
မျက်စိတစ်မှိတ်အတွင်း ကျန်းယုချန်က အလွန် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ကြည့်နေစဉ်မှာပင် နောက်ဆုံးတွင် ကျန်းချင်းက တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ဒူးထောက်၍ ထွက်သွားခဲ့ပြီး အင်မော်တယ်နယ်မြေ၏ နယ်နိမိတ်ထဲမှ ထွက်ခွာသွားခဲ့သည်။
သူက အနည်းငယ်မျှ ဆက်လက် တွန့်ဆုတ်မနေရဲတော့ဘဲ အင်မော်တယ်တံခါးတစ်ခုကို ဖွင့်ကာ အလျင်အမြန် ဝင်ရောက် ထွက်ပြေးသွားတော့၏။
ကျန်းယုချန်မှာ မှင်တက်သွားပြီး သူမ၏ လှပသော မျက်ဝန်းများ လင်းလက်သွားကာ ရေရွတ်လိုက်သည်။
"ဒါက အဲဒီ့စီနီယာရဲ့ လက်ချက်ဖြစ်ရမယ်... ဒီအင်မော်တယ်တာအို သူတော်စင်က အဲဒီစီနီယာကို ရန်စမိလို့ ဖြစ်မယ်... မဟုတ်ရင် ဘယ်လိုလုပ် ဒီတောင်ပေါ်ကနေ ဒူးထောက်ပြီး အသည်းအသန် ထွက်ပြေးရမှာလဲ..."
ဤကဲ့သို့ ကြည့်ရသည်မှာ သူမ ဖေးရှန့်တောင်မှ ထွက်ပြေးခဲ့စဉ်ကနှင့် အတူတူပင် ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်းက အမှောင်ခေတ်တွင် လောကကြီးကို လွှမ်းမိုးခဲ့သော ဗုဒ္ဓမိစ္ဆာအရှင်သခင် ဖြစ်သည်။
ကျူးရှိူ့တိုက်ကြီးထဲတွင် အင်မော်တယ်တာအို သူတော်စင်တစ်ဦးကို ဤမျှလောက် ကြောက်ရွံ့သွားအောင် လုပ်နိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိမည်ဟု သူမ ထင်မိသည်။
ဤအရာက ကျန်းယုချန်ကို ပို၍ပင် ကြောက်ရွံ့သွားစေခဲ့ပြီး တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံး အပိုင်းကို ကြည့်ကာ ဆက်၍ မသွားရဲအောင် ဖြစ်သွားစေ၏။
တကယ်ပဲ... တကယ်ကြီး အဲဒီသခင်ကြီးကို သွားတွေ့ချင်လို့လား...။
သူမက သက်ပြင်းချလိုက်သည်။
သူမက ကျန်းမိသားစု၏ မျှော်လင့်ချက်များကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။
ထို့နောက် ကျန်းယုချန်က ခေါင်းပြန်ငုံ့လိုက်ပြီး သူမ၏ လက်ချောင်းများကြားရှိ သိုလှောင်လက်စွပ်များကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲမှ အကြောက်တရားများကို တဖြည်းဖြည်း ဖုံးကွယ်သွားပြီး မျက်ဝန်းများက ခိုင်မာလာခဲ့သည်။
"ဂရုမစိုက်တော့ဘူး... ဟွမ်ဖူအင်မော်တယ်မိသားစုတောင် လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့..."
ထို့နောက် ကျန်းယုချန်က သတ္တိမွေးကာ ဆက်လက် ထွက်ခွာသွားခဲ့၏။
ဖေးရှန့်တောင်။
ချမ်ချန်ကန်းက ကျူးပါကျဲ၏ ထျန်းကန်း အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်ပါးကို စောင့်ကြည့်နေသည်။
တစ်ခဏချင်းအတွင်းမှာပင် သူက ပန်းလေးများကဲ့သို့ လှပသော မိန်းမချောလေး တစ်ဦး ဖြစ်သွားလိုက်၊ တစ်ခဏချင်းမှာပင် ဆွဲဆောင်မှုရှိသော စုတာ့ကျီ ဖြစ်သွားလိုက်၊ တစ်ခဏချင်းမှာပင် ဉာဏ်ပညာ ကြီးမားသော လူချောလေးတစ်ဦး ဖြစ်သွားလိုက်နှင့်၊ တစ်ခဏချင်းမှာပင် မက်မွန်သီး၊ ပန်းပင်၊ သစ်ပင်၊ ငှက်များနှင့် တိရစ္ဆာန်များ ဖြစ်သွားလိုက် လုပ်နေ၏။
ဘေးဘက်တွင်မူ အမြီးလေးက ကျူးပါကျဲ၏ အစွမ်းပြမှုကို ကြည့်ကာ သူမ၏ မျက်ဝန်းများက အနက်ရောင် ပုံဆောင်ခဲလေး နှစ်ခုကဲ့သို့ လင်းလက်တောက်ပနေပြီး သူမ၏ မျက်နှာလေးက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးနေသည်။
ဤပြကွက်က တကယ့်ကို လှပလွန်းလှ၏။
ထိုနည်းတူစွာပင် မိန်နျင်၊ အင်မော်တယ်အင်ပါယာ ယီဟိုင်၊ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကလည်း ကျူးပါကျဲ၏ အသွင်ပြောင်းခြင်း နည်းစနစ်ကို ကြည့်နေကြသည်။
သူတို့ကား အလွန်အံ့အားသင့်နေကြ၏။
ဤလောကတွင် မှော်ဆန်မှုများစွာ ရှိနေသည်။
တကယ်ကို အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသော လောကကြီးပင်ဖြစ်၏။
အထူးသဖြင့် တစ်ကြိမ် အသွင်ပြောင်းလိုက်သည်နှင့် သူ၏ အငွေ့အသက်များကိုပါ လုံးဝ ဖုံးကွယ်သွားပြီး မည်သူမျှ မည်သည့် အငွေ့အသက်ကိုမျှ သတိမထားမိနိုင်လောက်အောင်ပင် ဖြစ်သည်။
ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားပါက ၎င်းက အမှန်တကယ်ပင် သာမန် ကျောက်တုံးတစ်တုံး ဖြစ်သွား၏။
အမှန်တကယ် ပြောင်းလဲသွားသည့် အရာကဲ့သို့ ဖြစ်သွားသည်။
ကျူးပါကျဲမှာ အင်မော်တယ်စစ်သည်တော် ပထမအဆင့် ကျင့်ကြံခြင်းစွမ်းအားသာရှိပြီး ဤအသွင်ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုနိုင်ကြောင်း သိထားရမည် ဖြစ်၏။
မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့ကဲ့သို့ အစွမ်းထက်သူများပင်လျှင်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က ကျူးပါကျဲထက် များစွာ သာလွန်နေသော်လည်း သူတို့သာ ကျူးပါကျဲ၏ မှော်စွမ်းအင်များကို ကြိုတင် မသိထားခဲ့ပါက ထိုသာမန် ပန်းမန်၊ သစ်ပင်၊ ငှက်များနှင့် တိရစ္ဆာန်များမှာ ကျူးပါကျဲ အသွင်ပြောင်းထားခြင်း ဖြစ်သည်ဟု သူတို့ အမှန်တကယ် ယုံကြည်နိုင်မည် မဟုတ်ပေ။
အဆုံးတွင် ကျူးပါကျဲက သူ၏ မူလရုပ်သွင်သို့ ပြန်လည် ပြောင်းလဲသွားပြီး ဗိုက်ရွှဲကြီးဖြင့် ခါးညွှတ် အရိုအသေ ပေးလိုက်၏။
"တာအိုရောင်းရင်းတို့... ဒီဝက်အိုကြီးက အကျည်းတန်တာတွေကို ပြသမိသွားတယ်..."
ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ထျန်းကန်း အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်ပါးက တကယ့်ကို သာမန် မဟုတ်ဘူးပဲ... မျက်စိပွင့်သွားစေတယ်... စွန်းဝူခုန်းရဲ့ ခုနစ်ဆယ့်နှစ်ပါး အသွင်ပြောင်းခြင်းကိုတော့ ငါ စိတ်ဝင်စားမိတယ်..."
ထို့နောက် ချမ်ချန်ကန်းက စနစ်ကို ထပ်မေးလိုက်၏။
"ကျူးပါကျဲက သူ့ရဲ့ မှော်စွမ်းအင်တွေကို တခြားကျင့်ကြံသူတွေကို သင်ပေးလို့ ရလား..."
မကြာမီမှာပင် စနစ်က တုံ့ပြန်လာသည်။
"စနစ်၏အသိပေးချက် - ဒဏ္ဍာရီလာ ဇာတ်ကောင်များ ကျင့်ကြံထားသော မှော်စွမ်းအင်များကို အင်မော်တယ် ကျောက်တုံးများ အသုံးပြု၍ ထုတ်ယူနိုင်ပြီးနောက် အိမ်ရှင်က အခြား ကျင့်ကြံသူများကို သင်ကြားပေးနိုင်ပါတယ်..."
ပြီးသွားပြီ။
ကျူးပါကျဲ၏ ဇာတ်ကောင် အချက်အလက်များတွင် ပြောင်းလဲမှုများစွာ ရှိနေသည်ကို သူ မြင်လိုက်ရ၏။
ဒဏ္ဍာရီဇာတ်ကောင် - ကျူးပါကျဲ (ဆင့်ခေါ်ထားသည်)။
အရည်အသွေး - ကမ္ဘာကျော်အဆင့်။
လက်ရှိကျင့်ကြံခြင်းအဆင့် - အင်မော်တယ်စစ်သည်တော် ပထမအဆင့် (ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အင်မော်တယ် ကျောက်တုံးများကို အသုံးပြုနိုင်သည်)။
လက်နက် - အသွားကိုးချောင်းထွန်ခြစ်(ချည်နှောင်ထားသည်)။
မှော်စွမ်းအင် - ထျန်းကန်း အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်ပါး (ထုတ်ယူရန် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ၁၀,၀၀၀ အသုံးပြုရမည်)။
“သောက်ကျိုးနည်း... ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ၁၀,၀၀၀... စနစ် မင်းက ပိုက်ဆံခိုးနေတာလား..."
ချမ်ချန်ကန်း ထိုအရာကို မြင်သောအခါ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။