အခန်း ၂၉၇
Vol. 26 Ch. 297
အခန်း (၂၉၇)ကျွမ်းရွှယ်ကို ရွေးချယ်လိုက်ခြင်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်
"ငါပြောခဲ့တဲ့ အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ကနေ တက်လှမ်းနိုင်တယ်ဆိုတဲ့ စကားက အမှန်လား၊ အတုလားဆိုတာကို သက်သေပြဖို့ ငါက ကျင့်ကြံသူတစ်ယောက်ကို အရင် ရွေးချယ်ပြီး အင်မော်တယ်ဖြစ်လာအောင် ကူညီပေးမယ်...."
ချမ်ချန်ကန်းက အဘယ်ကြောင့် လူတစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့သနည်းဆိုသည်မှာ။ လူတစ်ဦးကို အင်မော်တယ် ဖြစ်လာစေရန် ကူညီပေးရာတွင် အင်မော်တယ်ကျောက်တုံး မည်မျှ ကုန်ဆုံးသွားမည်ကို မည်သူသိနိုင်မည်နည်း။ အကယ်၍ အင်မော်တယ်ကျောက်တုံးများ အလွန်အကျွံ ကုန်ဆုံးသွားပါက ချမ်ချန်ကန်းအနေဖြင့် တောင့်ခံထားနိုင်မည် မဟုတ်ချေ။ မတတ်နိုင်ဘဲနှင့် ဟန်လုပ်နေရန် မလိုပေ။
ထို့ပြင် လူများကို အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည် ဆိုဦးတော့။ သူ၏ အဓိကရည်ရွယ်ချက်မှာ ပြိုင်ဘက်ကင်းနယ်မြေ အတွင်းရှိ ဤကျင့်ကြံသူများ၏ ကျင့်ကြံလိုစိတ်ကို လှုံ့ဆော်ပေးရန်နှင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး တိုးတက်လာစေရန် မျှော်လင့်၍သာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ချမ်ချန်ကန်းက ကြက်သွန်မြိတ်များကို အစဉ်မပြတ် ရိတ်သိမ်းနိုင်မည် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ ချမ်ချန်ကန်းက အဘယ်ကြောင့် သူ၏ အင်မော်တယ်ကျောက်တုံး အများစုကို အကုန်ခံ၍ ဤကျင့်ကြံသူများ အင်မော်တယ်ဖြစ်လာစေရန် ကူညီပေးရမည်နည်း။ ၎င်းတို့ကို နယ်မြေတန်ဖိုးများအဖြစ် လဲလှယ်၍ ပြိုင်ဘက်ကင်းနယ်မြေ၏ အကျယ်အဝန်းကို အဆင့်မြှင့်တင်လိုက်လျှင် ပို၍ တွက်ချေကိုက်သည် မဟုတ်ပါလော။
သေချာပေါက်ပင်။
ချမ်ချန်ကန်း၏ ရည်မှန်းချက် အထမြောက်သွားပြီ ဖြစ်၏။ သူက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်း မစတင်မီ လူတစ်ဦးကို ရွေးချယ်၍ တစ်လအတွင်း အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် ကူညီပေးမည်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများမှာ လုံးဝကို စိတ်လှုပ်ရှား တက်ကြွသွားကြပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
လူတိုင်းနီးပါးက ချမ်ချန်ကန်း ရွေးချယ်မည့် ကျင့်ကြံသူ ဖြစ်ချင်နေကြ၏။ သို့သော်လည်း သန်းပေါင်းများစွာထဲမှ ထိုကံကောင်းသူမှာ မည်သူဖြစ်လာမည်နည်း။ သူတို့ကိုယ်တိုင်လည်း မသိကြသဖြင့် ရင်ထဲတွင် စိုးရိမ်တကြီးနှင့် မျှော်လင့်ချက်များ ကိန်းအောင်းလျက် အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ကိုသာ စူးစိုက်ကြည့်နေကြသည်။
ချမ်ချန်ကန်းက ပြုံးလိုက်ပြီး ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများကို အကဲခတ် ကြည့်ရှုလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ ရွေးချယ်ရမည့် ကျင့်ကြံသူအတွက် လျာထားသူ ရှိနှင့်ပြီး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေ၏ အရှင်သခင် ဖြစ်ပေသည်။ တစ်ခုလုံးသော ပြိုင်ဘက်ကင်းနယ်မြေကြီးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ ထောင်သောင်းချီသော ကျင့်ကြံသူများအကြား ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှု အခြေအနေများကို ချမ်ချန်ကန်းက အကုန်အစင် သိရှိနေသည်။ ဤအခြေအနေက ထိုကျင့်ကြံသူများ၏ ကျင့်ကြံလိုစိတ်ကို အမှန်တကယ်ပင် လှုံ့ဆော်ပေးနိုင်ခဲ့၏။ နောင်အနာဂတ်တွင်လည်း သူတို့အနေဖြင့် အဆင့်တက်လှမ်းနိုင်ရန် ကြိုးစားပမ်းစား ကျင့်ကြံကြမည်မှာ သေချာလှသည်။
ချမ်ချန်ကန်း ရွေးချယ်လိုက်သည့် အင်မော်တယ်လောင်းလျာမှာ မည်သူ ဖြစ်သနည်းဆိုသော်။ ထိုသူမှာ ကျွမ်းရွှယ်ပင် ဖြစ်၏။
ချမ်ချန်ကန်းတွင် သူ၏ ကိုယ်ပိုင် တွေးဆချက်များ ရှိနေသည်။ ပထမအချက်အနေဖြင့် သူ ရွေးချယ်ရမည့် ကျင့်ကြံသူမှာ အင်မော်တယ်နယ်မြေ အသီးသီးမှ ပြန်လည်ဝင်စားလာသည့် ပါရမီရှင်များမဖြစ်ရဘဲ ကျူးရှိူ့တိုက်ကြီးမှ ဒေသခံ ပါရမီရှင်များသာ ဖြစ်ရပေမည်။
နောက်ထပ် အချက်တစ်ခုမှာ။ မကြာသေးမီက ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှု နှုန်းထားပင် ဖြစ်၏။
ကျွမ်းရွှယ်က စမ်းသပ်ချက်မျှော်စင်ကြီး၏ ဆယ့်ရှစ်ထပ်မြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးတွင်မှ အင်မော်တယ်နယ်မြေမှ ပါရမီရှင်ကို ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ စွမ်းအားကို လူတိုင်းမျက်မြင်ကိုယ်တွေ့ပင် ဖြစ်၏။ သူမ၏ အလားအလာနှင့် အရည်အချင်းက ကျူးရှိူ့တိုက်ကြီး၏ ထိပ်တန်းအဆင့်ဟု ကျိန်းသေပေါက် ခေါ်ဆိုနိုင်ပေသည်။
မူလက။ အစောပိုင်းကာလများကတည်းကပင်။ ကျွမ်းရွှယ်က တပည့်လက်ခံပွဲ အကြောင်းကို ကြားသိရသောအခါ ကံစမ်းကြည့်ရန်သာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်၌သာ ရှိသေး၏။
နောက်ပိုင်းတွင် စမ်းသပ်ချက်မျှော်စင်ကြီးကို ဖြတ်သန်းပြီးနောက် သူမ၏ အရည်အသွေးများက တဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။ သူမ တစ်ကိုယ်လုံးက ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ကြီးမားလှသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။ ယခုအခါတွင် ဤနေရာရှိ အင်မော်တယ်စွမ်းအင်များ၏ အကူအညီများလည်း ရှိနေပေသည်။
ထို့ကြောင့် ကျွမ်းရွှယ်၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှုက အလွန်အမင်း မြန်ဆန်နေခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်မှ ရွှေအမြုတေ ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်၏။
အသေးစား အဆင့်ငယ်ပေါင်း ဆယ့်နှစ်ခုကို အပြည့်အဝ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ပြိုင်ဘက်ကင်းနယ်မြေ အတွင်းမှ ဤဖြစ်ရပ်က ကျင့်ကြံသူများစွာကို တုန်လှုပ်သွားစေခဲ့ပြီး သူတို့အားလုံးမှာ ကျွမ်းရွှယ်၏ အဆင့်တက်လှမ်းမှု နှုန်းထားကို အံ့ဩမှင်တက်နေကြသည်။ သေချာပေါက်ပင် ကျွမ်းရွှယ်က ဤမျှ လျင်မြန်စွာ အဆင့်တက်နိုင်ခြင်းက ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း သူတို့ တွေးမိကြသည်။
မည်သို့ပင်ဆိုစေ သူမက စမ်းသပ်ချက်မျှော်စင်ကြီး၏ ဆယ့်ရှစ်ထပ်မြောက်ကို ဖြတ်ကျော်လုနီးပါးဖြစ်ခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်နေပေသည်။ အင်မော်တယ်နယ်မြေမှ ပါရမီရှင်များနှင့် ကွာဟချက် အနည်းငယ် ရှိနေခြင်းသာ ဖြစ်၏။ ထိုသို့မဟုတ်ပါက သူမအနေဖြင့် ကျင့်ကြံခြင်းအဆင့်ကို ဤမျှ လျင်မြန်စွာ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ချမ်ချန်ကန်းက လူအုပ်ထဲမှ ကျွမ်းရွှယ်ကို မကြာမီပင် မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက ပြုံးလိုက်၏။
တစ်မုဟုတ်ချင်းပင် ကျွမ်းရွှယ်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။ ၎င်းက ထိုနေရာရှိ ကျင့်ကြံသူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားပြီး မျက်လုံးအားလုံးက သူမထံသို့ ရောက်ရှိသွားကြ၏။ ချက်ချင်းပင် ကျွမ်းရွှယ်၏ မျက်နှာလေးက ရုတ်ခြည်း နီရဲသွားပြီး အထိတ်တလန့်ဖြင့် ခေါင်းငုံ့သွားတော့သည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အဘယ်ကြောင့် ရုတ်တရက် ရွှေရောင်အလင်းတန်းများ ပေါ်လာရသနည်းဆိုသည်ကို သူမကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေ၏။
"သူမရဲ့ နာမည်က ကျွမ်းရွှယ်တဲ့... လက်ရှိ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေ ဆဋ္ဌမအဆင့်မှာ ရှိတယ်... ဒီကာလတိုလေးအတွင်းမှာ သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကနေ ရွှေအမြုတေ ဆဋ္ဌမအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး စုစုပေါင်း အဆင့်ငယ် ဆယ့်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တာကို ငါအရှင် မြင်တွေ့ခဲ့ရတယ်...."
"ဒါကြောင့်မို့လို့ သူမက ငါကိုယ်တော်ရဲ့ အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ကို ဖြတ်သန်းပြီး အင်မော်တယ်အဖြစ် တက်လှမ်းဖို့အတွက် ရွေးချယ်ခံရသူပဲ...."
ချမ်ချန်ကန်း၏ စကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်တစ်ခွင်လုံး မှင်တက်အံ့ဩသွားကြတော့သည်။ ကျွမ်းရွှယ်ကို ကြည့်နေကြသော သူတို့၏ မျက်လုံးများထဲတွင် မနာလို အားကျမှုများဖြင့် ပြည့်နှက်နေကြ၏။
သူတို့က ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ကြသည်။ ကျင့်ကြံခြင်းကို သေချာပေါက် ကြိုးစားလုပ်ဆောင်၍ မိမိတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာစေရန် အားထုတ်ရမည် ဖြစ်၏။
ကျွမ်းရွှယ်တစ်ယောက် စီနီယာ၏ ရွေးချယ်ခြင်းကို ခံလိုက်ရသည်ကို သူတို့ မြင်တွေ့ခဲ့ရပြီ မဟုတ်ပါလော။ သူတို့သာ ကြိုးစားနိုင်၍ အဆင့်များ တက်လှမ်းလာနိုင်ပါက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်း၏ ရွေးချယ်ခံရသော ကံကောင်းသူများ ဖြစ်မလာနိုင်စရာ အကြောင်း မရှိပေ။
ကျွမ်းရွှယ်၏ ခန္ဓာကိုယ်မှာ သူမ၏ ထိန်းချုပ်မှုမှ ကင်းလွတ်သွားပြီး အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။ ချက်ချင်းပင် အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ထံမှ အလွန်တရာ နက်နဲလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို သူမ ခံစားလိုက်ရ၏။
ဤအခိုက်အတန့်တွင် သူမက အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်နေပြီး မရေမတွက်နိုင်သော မျက်လုံးအစုံများက သူမထံသို့ စူးစိုက်ကြည့်နေကြသဖြင့် ရှက်သွေးဖြာနေတော့သည်။ ကျွမ်းရွှယ်၏ မျက်နှာလေးမှာ နီရဲနေပြီး ဘာလုပ်ရမှန်း မသိအောင်ဖြစ်ကာ အထိတ်တလန့် အမူအရာလေး ဖြစ်နေ၏။
အခြားတစ်ဖက်ရှိ ဖေးရှန့်တောင်တွင်မူ။
ချမ်ချန်ကန်း၏ စကားများက အင်မော်တယ်နယ်မြေ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုနည်းတူစွာပင် ၎င်းက အင်မော်တယ်အင်ပါယာ ယီဟိုင်၊ မိန်နျင်၊ ပိုင်ယွဲ့၊ ကျန်းယုချန်နှင့် အခြားသူများ၏ နားထဲသို့လည်း ရောက်ရှိသွားခဲ့၏။
အထူးသဖြင့် ကျန်းယုချန်ပင်။ သူမက ချမ်ချန်ကန်း၏ စကားများကို ကြားလိုက်ရသောအခါ ပို၍ပင် မှင်တက်အံ့ဩသွားခဲ့သည်။ ယုံကြည်နိုင်စရာ မရှိချေ။ အင်မော်တယ်တစ်ပါးဖြစ်လာရန် မည်မျှ ခက်ခဲကြောင်းကို လူတိုင်း သိရှိကြပေသည်။ အင်မော်တယ်တစ်ပါး ဖြစ်လာရန်မှာ အဘယ်ကြောင့် ဤမျှ လွယ်ကူနေရမည်နည်း။
ထို့ပြင် ချမ်ချန်ကန်းက သူ၏ စကားကြီးစကားကျယ်များကိုလည်း ပြောဆိုထားသေး၏။ တစ်လအတွင်း လူတစ်ဦးကို အင်မော်တယ် ဖြစ်လာစေရန် ကူညီပေးမည်တဲ့လော။ ထို့အပြင် ထိုသူ၏ ကျင့်ကြံခြင်းအခြေခံက ရွှေအမြုတေအဆင့်၌သာ ရှိနေသေးသည် မဟုတ်ပါလော။
ဤသည်က အလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းနေပေသည်။ အင်မော်တယ်ဖြစ်လာရန် ခက်ခဲကြောင်းကို သိထားရမည်ဖြစ်ပြီး အင်မော်တယ်တစ်ပိုင်း အဆင့်ကို အစစ်အမှန် အင်မော်တယ်တစ်ပါး ဖြစ်လာစေရန် ပြောင်းလဲပေးလျှင်ပင် ကြာမြင့်မည့် အချိန်က တစ်လထက် မက ပိုမို ကြာမြင့်နိုင်ပေသည်။
ကျန်းယုချန်က ချမ်ချန်ကန်းကို လှမ်းကြည့်လိုက်၏။ သူမ အလွန်အမင်း သိချင်စိတ် ပြင်းပြနေမိသည်။
အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မှော်ဆန်သည့် အစွမ်းအာနိသင်များ အမှန်တကယ် ရှိနေမည်လောဟု သူမ တွေးတောနေမိတော့သည်။