← Chapters

အခန်း ၂၉၈

Vol. 26 Ch. 298

အခန်း ၂၉၈

Vol. 26 Ch. 298

အခန်း (၂၉၈) ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးဆယ်... ထူးခြားလှပေသည်

အမှန်တကယ်တော့ ကျန်းယုချန်၏ ရင်ထဲတွင်သာ ဤကဲ့သို့ သိချင်စိတ်များ ရှိနေခြင်း မဟုတ်ပေ။

ပိုင်ယွဲ့၊ မိန်နျင်နှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့၏ ရင်ထဲတွင်လည်း ထိုကဲ့သို့ သိချင်စိတ်များ ရှိနေကြသည်။ လူများကို အင်မော်တယ်ဖြစ်လာစေရန် ကူညီပေးခြင်းက ယခင်က တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့သော ကိစ္စဖြစ်သည်။ သို့သော်လည်း ချမ်ချန်ကန်း၏ ပုံစံကို ကြည့်ရသည်မှာ ယုံကြည်မှု အပြည့်ရှိနေပေသည်။

အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်က အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေခြင်းလော။

သေချာပေါက်ပင် သူတို့က ချမ်ချန်ကန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ချမ်ချန်ကန်းအပေါ် သိချင်စိတ်များ ရှိနေသကဲ့သို့ သဘာဝကျကျပင် သူ့အပေါ် ယုံကြည်မှု အပြည့် ရှိနေကြသည်။

ချမ်ချန်ကန်းက လုပ်နိုင်သည်ဟု ပြောမှတော့ သေချာပေါက် လုပ်နိုင်မည် ဖြစ်၏။

ချမ်ချန်ကန်းကမူ သူတို့ ဘာတွေးနေသည်ကို မသိချေ။ ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ စနစ်၏ အသံ ထွက်ပေါ်လာသည်။

"စနစ်၏သတိပေးချက်... ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားပါပြီ... အခြားသူများ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန်အတွက် အင်မော်တယ်ကျောက်တုံးများကို လောင်ကျွမ်းစေမည်လား..."

"လောင်ကျွမ်းစေမယ်..."

ချမ်ချန်ကန်းက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်၏။

"စနစ်၏သတိပေးချက်... ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားပါပြီ... ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးတစ်တုံးကို လောင်ကျွမ်းစေ၍ ပစ်မှတ်အား အင်မော်တယ်ဖြစ်လာစေရန်..."

"စနစ်၏သတိပေးချက်... ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားပါပြီ... ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး တစ်တုံးကို လောင်ကျွမ်းစေ၍ ပစ်မှတ်အား အင်မော်တယ်ဖြစ်လာစေရန်..."

"စနစ်၏ သတိပေးချက်... ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားပါပြီ... ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး တစ်တုံးကို လောင်ကျွမ်းစေ၍ ပစ်မှတ်အား အင်မော်တယ်ဖြစ်လာစေရန်..."

...

စနစ်၏ သတိပေးသံများက သူ၏ စိတ်ထဲတွင် ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီး အချက်သုံးဆယ် ပြည့်သွားသောအခါမှ ရပ်တန့်သွားတော့သည်။ ၎င်းက ရှေးဦးတက်လှမ်းခြင်းအစီအရင်ကို ဖွင့်လှစ်ရန်အတွက် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးဆယ် ကုန်ဆုံးသွားကြောင်း ဆိုလိုခြင်း ဖြစ်၏။

ချမ်ချန်ကန်း၏ မျက်နှာက မည်းမှောင်သွားသည်။

သောက်ကျိုးနည်း။

လူများကို အင်မော်တယ်ဖြစ်လာစေရန် ရက်သုံးဆယ် အချိန်ယူရမည် ဖြစ်၏။ တစ်ရက်တည်းနှင့်ပင် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးဆယ် ကုန်ဆုံးသွားခဲ့သည်။ ထိုသို့ဆိုလျှင် ရက်သုံးဆယ်အတွက် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ကိုးရာ ကုန်ဆုံးမည်ဖြစ်၏။ ချမ်ချန်ကန်း၏ လက်ထဲတွင် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ငါးသောင်းကျော် ရှိနေသော်လည်း အချိန်အကြာကြီး ခံမည် မဟုတ်ချေ။

လူတစ်ရာကို အင်မော်တယ်ဖြစ်လာစေရန် ကူညီပေးမည်ဆိုပါက ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ကိုးထောင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက နယ်မြေတန်ဖိုး သန်းလေးရာ့ငါးဆယ် ဆုံးရှုံးသည်နှင့် ညီမျှပေသည်။

ထိုနယ်မြေတန်ဖိုး သန်းလေးရာ့ငါးဆယ်ဖြင့်သာဆိုလျှင် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်နိုင်မည် ဖြစ်၏။

ချမ်ချန်ကန်းမှာ ရင်ထဲမှ သွေးများပင် ယိုစီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဤအခိုက်အတန့်၌ စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာ၏။

"စနစ်၏သတိပေးချက်... ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးဆယ်ကို လောင်ကျွမ်းပြီးနောက် ရှေးဦးတက်လှမ်းခြင်းအစီအရင်၏ စွမ်းအားက ပြည့်ဝသွားပြီဖြစ်ကာ အစီအရင် စတင် လည်ပတ်နေပါပြီ..."

ချမ်ချန်ကန်း အံ့အားသင့်သွားသည်။

“စနစ်... ဘာပြည့်ဝသွားတာလဲ..."

"စနစ်၏သတိပေးချက်..ပိုင်ရှင် ထောက်ပံ့ပေးထားသော အင်မော်တယ်ကျောက်တုံးများ လုံလောက်သွားပါပြီ... ပစ်မှတ် အင်မော်တယ်အဖြစ် တက်လှမ်းသွားသည်အထိ ရှေးဦးတက်လှမ်းခြင်းအစီအရင်က နောက်ထပ် အင်မော်တယ်ကျောက်တုံးများကို လောင်ကျွမ်းစေတော့မည် မဟုတ်ပါ..."

စနစ်၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ။ ချမ်ချန်ကန်းက သက်ပြင်းတစ်ချက် ချလိုက်မိ၏။

မှန်ပေသည်။

အင်မော်တယ်နယ်မြေ အသီးသီးတွင် အင်မော်တယ်သတ္တုတွင်းများ ရှားပါးလှပြီး ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများ ထွက်ရှိမှုက ပို၍ပင် နည်းပါးလှပေသည်။ အင်မော်တယ်နယ်မြေများရှိ ထိုထိပ်တန်း အင်မော်တယ်များကို ဖယ်လိုက်လျှင် သာမန် အင်မော်တယ် မည်မျှလောက်က ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို အသုံးပြုနိုင်မည်နည်း။

ချမ်ချန်ကန်း၏ အမြင်တွင်တော့။ အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်း၏ ကတိကို ဖြည့်ဆည်းရန်အတွက်။ ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူတစ်ရာကို အင်မော်တယ်အဖြစ် တက်လှမ်းရန် ကူညီပေးခြင်းက ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ကိုးထောင်တိတိ ကုန်ကျမည်ဆိုပါက အမှန်တကယ်ပင် တွက်ချေမကိုက်လှချေ။

သို့သော်လည်း ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးကိုးရာသာ ကုန်ကျမည်ဆိုပါက။ ၎င်းက ချမ်ချန်ကန်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိနေသေး၏။

အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၏ အလယ်တွင်။

ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားပြီး အင်မော်တယ်စွမ်းအင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အဆုံးမဲ့တာအိုစည်းချက် စွမ်းအင်များနှင့်အတူ ရောင်စဉ်ကိုးသွယ် အလင်းတန်းများ ဖြာထွက်လာသည်။

အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကျင့်ကြံသူအားလုံး ခံစားသိရှိသွားစေသည်။ သို့သော်လည်း အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်တွင် ဘာဖြစ်နေသည်ကိုတော့ သူတို့ မသိကြချေ။ တက်လှမ်းခြင်းစင်မြင့်ပေါ်ရှိ ကျွမ်းရွှယ်တစ်ယောက်သာလျှင် အသိဆုံး ဖြစ်၏။

သူမ၏ မျက်နှာလေး နီရဲနေပြီး မျက်လုံးများက တောက်ပနေကာ ရှက်သွေးဖြာနေသည်။ ဘာတွေဖြစ်နေမှန်း သူမ မသိသေးချေ။

ရုတ်တရက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တာအိုစည်းချက်များ ဖုံးလွှမ်းသွားပြီး တာအိုလမ်းစဉ် အမျိုးမျိုး စီးဆင်းသွားသည်ကို ခံစားလိုက်ရ၏။ ၎င်းက ကျွမ်းရွှယ်၏ ရင်ထဲတွင် လျှို့ဝှက်နက်နဲမှုများကို ခံစားရစေသည်။

သူမ၏ စိတ်ထဲတွင် ပို၍ပင် ရှုပ်ထွေးသွားပြီး တာအိုလမ်းစဉ်တစ်ခုခုနှင့် ထိတွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူမမှာ မျက်လုံးများကို မှိတ်၍ အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်မိတော့သည်။

တာအိုလမ်းစဉ်၏ အငွေ့အသက်များ စီးဆင်းနေပြီး ကျွမ်းရွှယ်၏ ကျင့်ကြံခြင်းက အဆက်မပြတ် အားကောင်းလာသည်။ အထူးသဖြင့် သူမ၏ သွေးသားများထဲတွင် အဆုံးမဲ့ အင်မော်တယ်စွမ်းအင်များ ရှိနေ၏။

စောင့်ကြည့်နေကြသော ထိုကျင့်ကြံသူများက ၎င်းတို့ မည်မျှ အစွမ်းထက်ကြောင်း မသိကြချေ။ သို့သော်လည်း ဤအခိုက်အတန့်တွင် အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၌ ကျွမ်းရွှယ် ကြုံတွေ့နေရသော အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း သိနေသူတစ်ချို့ ရှိနေသည်။

ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့က တပည့်လက်ခံပွဲ ပြီးဆုံးသွားပြီးနောက်။ သူတို့က ကျူးရှိူ့တိုက်ကြီးမှ ထွက်ခွာမသွားကြချေ။ ထိုအစား ဤတောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ဆက်လက်ကျင့်ကြံနေခဲ့ကြသည်။

ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုအစောင့်အရှောက် နေရာကို ပိုင်ယွဲ့က ရရှိသွားခဲ့ပြီ ဖြစ်သော်လည်း။ မည်သို့ပင်ဆိုစေ ဤတောင်ပေါင်းတစ်သိန်းတောင်တန်းက ထိပ်တန်း အင်မော်တယ်နယ်မြေတစ်ခု ဖြစ်နေပေသည်။ ဤနေရာတွင် ကျင့်ကြံခြင်းက သူတို့အတွက်လည်း များစွာ အကျိုးရှိစေ၏။

သူတို့က အင်မော်တယ်နယ်မြေမှ ပါရမီရှင်များ ဖြစ်ကြသော်လည်း ဤကဲ့သို့ ထိပ်တန်း အင်မော်တယ်နယ်မြေမျိုးတွင် တစ်ခါမျှ မကျင့်ကြံခဲ့ဖူးချေ။ ယခု ဤထိပ်တန်း အင်မော်တယ်နယ်မြေတွင် ကျင့်ကြံခွင့် ရရှိနေပြီဖြစ်ရာ သူတို့ သဘာဝကျကျပင် လက်လွတ်ခံမည် မဟုတ်ပေ။

သေချာပေါက်ပင် အခြားအရေးကြီးသော အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။

ချင်းယွင်ဖေးနှင့် ချင်ရှို့ဝမ်တို့၏ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ပင် ပျောက်ဆုံးသွားခဲ့ပြီး အဘယ်ကြောင့်ဆိုသည်ကို သူတို့ မသိကြချေ။ အကယ်၍ လမ်းပြပေးမည့် တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်သာမရှိပါက သူတို့ ကျူးရှိူ့တိုက်ကြီးမှ ထွက်ခွာချင်လျှင်တောင် ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုမျှမကသေး။

သူတို့က ဤကျူးရှိူ့တိုက်ကြီး ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းသွားမည်ကိုလည်း မြင်တွေ့ချင်ကြသေး၏။ ပိုင်ယွဲ့၏ ကြီးမားလှသော ရည်မှန်းချက်များ အကောင်အထည် ပေါ်လာနိုင်မည်လား ဆိုတာကို စောင့်ကြည့်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းစေခြင်းက သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။

ပို၍ အရေးကြီးသည်မှာ။

အစောပိုင်းက ချမ်ချန်ကန်း ပြောခဲ့သည်ကို သူတို့ ကြားခဲ့ရသော အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းပင်ဖြစ်၏။ အင်မော်တယ်အဖြစ် တက်လှမ်းရန် မည်မျှ ခက်ခဲကြောင်းကို သိထားရမည်ဖြစ်ပြီး ၎င်းက ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။

သို့သော် ချမ်ချန်ကန်းက ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူတစ်ရာကိုပင် အင်မော်တယ် ဖြစ်လာစေချင်နေသည်။ ဤကိစ္စက လူများကို ယုတ္တိမတန်သကဲ့သို့ ခံစားရစေပြီး ယုံကြည်ရန် ခက်ခဲလှ၏။ အနည်းဆုံးတော့ ချင်းယွင်ဖေးနှင့် ချင်ရှို့ဝမ်တို့ ထိုသို့ တွေးမိကြသည်။

ချမ်ချန်ကန်းက အစွမ်းထက်ပြီး အထီးကျန်ဆန်ကာ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းကလည်း ခန့်မှန်းရခက်ကြောင်းကို သူတို့ ယုံကြည်ကြ၏။ သို့သော်လည်း ဤအရာက သူ၏ ကျင့်ကြံခြင်း စွမ်းအားနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ ထို့ကြောင့် ချမ်ချန်ကန်း ဤသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။

သို့သော်လည်း ယခုအခိုက်အတန့်တွင် အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၌ ကျင့်ကြံနေသော ကျွမ်းရွှယ်၏ ကျင့်ကြံခြင်းများက တိုးတက်လာပြီး သူမ၏ ခန္ဓာကိုယ်ကလည်း အသွင်ပြောင်းလဲလာကာ အင်မော်တယ်စွမ်းအင်များ ထွက်ပေါ်လာနေသည်။ ထိုအင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပေါ်တွင် အံ့မခန်း အားကောင်းလှသော တာအိုစည်းချက်များ ရှိနေ၏။

၎င်းက ဤအရာမှာ ထူးခြားလှကြောင်းကို သက်သေပြနေပေသည်။

All Chapters