← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) - မင်းက ဧကရာဇ် ဆိုရင်... ငါက မင်းအဘိုးကွ။

ဟုန်ရှောင်ပေါင် လှမ်းကြည့်လိုက်ချိန်တွင် ကြက်မွေးများနှင့် သွေးစွန်းနေသည့် မြေကြီးများကြားတွင် နှုတ်သီးများ ရွဲ့စောင်းနေသော အပြာရောင် သရဖူကြက်၏ ဦးခေါင်းပြတ်ကြီးကို တွေ့လိုက်ရသည်။

ရှောင်ပေါင်၏ ဒယ်အိုးရိုက်ချက်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည့် ကြက်ခေါင်းကြီးပင်။ သူသည် ကြက်ခေါင်းကို ကောက်ယူပြီး ပြုံးဖြီးဖြီးဖြင့် ပြန်လှည့်လာခဲ့၏။

ချန်ယုနှင့် စူးထျန်တို့က သူ့ကို စောင့်ကြည့်နေကြ၏။ ပြောချင်သည့်စကားကို ပြောမထွက် ဖြစ်နေသည့် ပုံစံမျိုးပင်။

“နှစ်ယောက်သား ဘာဖြစ်နေတာလဲ။”

“ဟဲဟဲ... မောင်လေးဟုန်။”

စူးထျန်က ချိုသာစွာ ပြုံးလိုက်သည်။

“အစ်မ မေးချင်တာက ခုနက ဟင်းမျိုး နောက်ထပ် ရှိသေးလားလို့ပါ။”

“ဟားဟားဟား။”

ဟုန်ရှောင်ပေါင် သဘောကျစွာ ရယ်မောလိုက်၏။ ထို့နောက် ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်၏။

“အစ်မရယ်... အမှန်အတိုင်း ပြောရရင် ဆေးဘက်ဝင် အစားအစာ တစ်ခွက် ဖြစ်လာဖို့ ကုန်ကျစရိတ်က မနည်းဘူးဗျ... ဒီတစ်ခါတော့ မိတ်ဆက်အနေနဲ့ ကျွေးလိုက်တာပေါ့... နောက်တစ်ခါ ထပ်ကျွေးရင်တော့ ကျုပ် ဒေဝါလီ ခံရတော့မယ်။”

“အာ... ဟုတ်သားပဲ။”

စူးထျန် သတိရသွား၏။ ဆေးဘက်ဝင် အစားအစာ တစ်ခွက် ဖြစ်ရန် ဆေးပင်များနှင့် ကုန်ကြမ်းများစွာ သုံးစွဲရသည် မဟုတ်ပါလား။ ထို့ပြင် လျှို့ဝှက်နည်းပညာအတွက် ကုန်ကျစရိတ်များကလည်း ရှိသေးသောကြောင့် ၎င်းတို့အားလုံးမှာ တန်ဖိုးကြီးလှသည်။

“ဟုတ်တယ်... ကုန်ကြမ်းဖိုးက ထားလိုက်တော့... အရေးကြီးဆုံးက ဆေးဖော်မြူလာပဲ။”

ချန်ယုလည်း သဘောပေါက်သွားသည်။

“ငါ့အဖေ ပြောပြဖူးတယ်... သာမန်ဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါ ပါဝင်ပစ္စည်းတွေ အချင်းချင်း တည့်ရင် အရသာရှိပြီး၊ မတည့်ရင် အရသာပျက်သွားရုံကလွဲလို့ ဘာအန္တရာယ်မှ မရှိဘူး။ ဒါပေမဲ့ ဆေးဖက်ဝင် အစားအစာတွေ ချက်ပြုတ်တဲ့အခါမှာတော့ ဆေးပင်တစ်မျိုးချင်းစီရဲ့ အစွမ်းသတ္တိတွေက အရမ်း ပြင်းထန်တယ်။ ဒါကြောင့် တွဲဖက်မှု မှားယွင်းသွားတာနဲ့ တစ်ခုနဲ့တစ်ခု ဓာတ်ဆန့်ကျင် တိုက်ခိုက်ပြီး ဆေးအာနိသင်တွေ ပျက်ပြယ်သွားရုံတင်မကဘဲ အဆိပ်အတောက်အထိပါ ပြောင်းလဲသွားနိုင်ချေ ရှိတယ်တဲ့။" ချန်ယုက လေးလေးနက်နက် ဆက်ပြော၏။

“ဆေးပင်ပေါင်း တစ်ရာ လောက်ကို တွဲဖက်ကြည့်မယ်ဆိုရင် အောင်မြင်နိုင်တဲ့ အတွဲအစပ်က သုံးတွဲလောက်ပဲ ရှိတတ်တယ်... ကိုးဆယ့်ကိုးရာခိုင်နှုန်းက ကျရှုံးတတ်တယ်။ ဒါကြောင့် ဆေးဘက်ဝင် အစားအစာ တစ်ခွက် ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပဲ။ ဒီနေ့ ညီလေးဟုန် ကျွေးတာ စားခွင့်ရလိုက်တာ ငါတို့အတွက် ကံကောင်းခြင်း လက်ဆောင်ပါပဲ... နောက်ထပ် ထပ်တောင်းဆိုရင်တော့ လွန်ရာကျနေပြီ။”

“ဝိုး... အဲလောက်တောင် ရှားပါးတာလား။”

ရှောင်ပေါင် အံ့သြသွား၏။ စိတ်ထဲကနေ အဘိုးကြီးကို လှမ်းမေးလိုက်သည်။ “အဘိုး... သူ ပြောတာ တကယ်လား... ကိုးဆယ့်ကိုးရာခိုင်နှုန်း ကျရှုံးတတ်တာလား။”

“အဲဒါတောင် လျှော့ပြောထားတာ။”

ယင်းကျိုယိုက အေးစက်စက် ပြန်ဖြေသည်။ “ဆေးပင်တွေရဲ့ သဘာဝက ပြင်းထန်တယ်... ပေါင်းစပ်ဖို့ ခက်တယ်။ သာမန် လူတွေအနေနဲ့ အောင်မြင်တဲ့ နည်းစနစ် တစ်ခုရဖို့ နှစ်ပေါင်းများစွာ စမ်းသပ်ရတယ်။ မင်းက ငါ ရှိနေလို့သာ လွယ်လွယ်လေး ထင်နေတာ... တကယ်တမ်းကျတော့ သောက်ရမ်း ခက်တယ်။”

“အမယ်လေး... ကြောက်စရာကြီး။”

ဟုန်ရှောင်ပေါင် ထိတ်လန့်သွား၏။ သူသည် နန်းတော်ထဲတွင် နေထိုင်စဉ်က ဘာမှ နားမလည်ဘဲ ဆေးပင်များကို အကုန် လျှောက်စားခဲ့သည် မဟုတ်ပါလား။ ယခုမှ ပြန်စဉ်းစားပြီး ကြက်သီးထလာမိ၏။

“နေပါဦး အဘိုး... အဘိုး ကျုပ်ကို ညာထားတာလား... နန်းတော်ထဲတုန်းက ကျုပ် ဆေးပင်တွေ အကုန် လျှောက်စားတုန်းက ဘာလို့ မသေတာလဲ။”

“အဲဒါ မင်းက တန်လန် ခန္ဓာကိုယ် ပိုင်ရှင် မို့လို့လေ။”

ယင်းကျိုယိုက ဂုဏ်ယူစွာ ပြော၏။ “မင်းရဲ့ခန္ဓာကိုယ်က အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိတယ်... အဆိပ်ပဲ ဖြစ်ဖြစ်၊ ဆေးပဲ ဖြစ်ဖြစ်... အကုန်လုံးကို စွမ်းအင် အဖြစ် ပြောင်းလဲပစ်နိုင်တယ်... ဒါကြောင့် မင်း မသေတာ။”

“ဪ... ဒါကြောင့်ကိုး။”

ရှောင်ပေါင် သက်ပြင်းချလိုက်သည်။ ပညာမတတ်လျှင် ခံရသည်သာ ဖြစ်၏။ အဘိုးကြီးက သိပ္ပံပညာရှင်ကြီး ဖြစ်သော်လည်း သူကမူ မူကြိုကျောင်းသားလေး အဆင့်သာ ရှိသေးသည် မဟုတ်ပါလား။

ဟုန်ရှောင်ပေါင် ပြုံးလိုက်ပြီး ချန်ယုတို့ကို ပြောလိုက်၏။ “ကျုပ် နောက်ပိုင်းကျရင် စားသောက်ဆိုင် ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်... အဲဒီကျရင် ဆေးဘက်ဝင် အစားအစာတွေ ရောင်းမှာပါ... အစ်ကိုကြီးတို့ လာအားပေးကြပေါ့။”

“ဆိုင်ဖွင့်မယ်... ဆေးဘက်ဝင် အစားအစာ ရောင်းမယ် ဟုတ်လား။”

ချန်ယု မျက်လုံး ပြူးသွားသည်။ “မင်း... မင်း ရူးနေလား... ဆေးဘက်ဝင် အစားအစာ ဆိုတာ မျိုးရိုးစဉ်ဆက် လျှို့ဝှက်ထားရမယ့် ရတနာလေ... ဘယ်သူက အပြင်မှာ ထုတ်ရောင်းမှာလဲ။”

သို့ပေမည့် ရှောင်ပေါင်အတွက်မူ မရောင်းလျှင် မဖြစ်ပေ။ သူ၏ တန်လန် ခန္ဓာကိုယ်ကြီးမှာ တွင်းနက်ကြီးကဲ့သို့ အစားကြီးလွန်းလှသောကြောင့် ငွေကြေးများစွာ လိုအပ်သည် မဟုတ်ပါလား။ ရှောင်ပေါင်က ဆရာကြီးစတိုင် ဖမ်းပြီး ပြောဆိုလိုက်၏။

“အခုခေတ် ကျင့်ကြံသူတွေက ပညာရပ်တွေကို လျှို့ဝှက်ထားကြလွန်းတယ်... ဒါမကောင်းဘူးဗျာ... ကျုပ်ကတော့ ပညာရပ်တွေကို မျှဝေချင်တဲ့ ဆန္ဒ ရှိတယ်... လူတိုင်း ကျင့်ကြံနိုင်မယ့် ခေတ်တစ်ခုကို ထူထောင်ချင်တယ်။”

“ဝိုး။”

စူးထျန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဤစကားမျိုးမှာ နှစ်ထောင်ချီ သက်တမ်းရှိသည့် ပညာရှိကြီးများမှ ပြောတတ်သည့် စကားမျိုး ဖြစ်သည်။ ရှောင်ပေါင် ပါးစပ်က ထွက်လာချိန်မှာတော့ တစ်မျိုးကြီး ဖြစ်နေသော်လည်း ကြည့်ရသည်မှာ ယုံလောက်စရာတော့ ရှိသည်။

ချန်ယုလည်း လေးစားသွားသည်။ ဤကောင်လေး၏ ယုံကြည်မှုမှာ တော်ရုံ မဟုတ်ပေ။ ဂိုဏ်းသား ဖြစ်ရန် ကိစ္စကိုပင် အရေးမစိုက်သူဖြစ်၏။

ညဉ့်နက်လာပြီ ဖြစ်သော်လည်း သူတို့နှစ်ယောက်သည် ချန်ဖုန်းကဲ့သို့ အရေးတကြီး ကျင့်ကြံစရာ မလိုသေးချေ။ သို့ပေမည့် စားထားသည့် ဝိညာဉ်စွမ်းအင်များကို ချေဖျက်ရန် လိုအပ်သောကြောင့် ဂူထဲ ဝင်ပြီး တရားကျင့်ရန် ပြင်လိုက်ကြသည်။ ဂူဝတွင် သူတို့ သယ်ဆောင်လာသည့် သားရေအိတ်လေးတစ်ခုကို ဖွင့်လိုက်ပြီး အထဲမှ အမည်းရောင် အမှုန့်များကို ဂူဝတစ်လျှောက် ဖြူးလိုက်၏။ ချက်ချင်းပင် စူးရှသည့် အနံ့ဆိုးကြီး ထွက်ပေါ်လာသည်။

“ဒါက ပဉ္စမအဆင့် ရှိတဲ့ မြေရိုင်း ဝံပုလွေ ရဲ့ မစင်လေ။”

ချန်ယုက ရှင်းပြ၏။ “ဈေးမပေါဘူးနော်... ဆယ်ပိဿာကို တစ်တုံး ပေးရတာ။”

အဆင့်မြင့် ကျင့်ကြံသူများသည် အကာအကွယ် အစီအရင် စက်ကွင်းများ ခင်းကျင်းကြသော်လည်း သူတို့ကဲ့သို့ အဆင့်နိမ့်သူများမှာမူ မစင်ကိုသာ အားကိုးရသည် မဟုတ်ပါလား။ အားလုံး ဂူထဲ ဝင်သွားကြချိန်မှာတော့ ရှောင်ပေါင် တစ်ယောက်တည်း အပြင်တွင် ကျန်ရစ်ခဲ့သည်။

“ကဲ... အဘိုး... ပြောပါအုံး ... ဒီကြက်ခေါင်းကြီးနဲ့ ဘာလုပ်ရမှာလဲ။”

“ရွှေဝက်ဝံပေါက်ဆိုတာ အနံ့ခံ အရမ်းကောင်းတဲ့ သတ္တဝါကွ... ဝိညာဉ်စွမ်းအင်အနံ့ကို အာရုံခံနိုင်စွမ်း မြင့်မားတယ်... ဒါကြောင့် သူ့ကို ရတနာရှာ ဝက်ဝံ လို့လည်း ခေါ်ကြတယ်။”

ယင်းကျိုယိုက ရှင်းပြ၏။ “အပြာရောင် သရဖူ ကြက်ရဲ့ အမောက်မှာ ကောင်းကင်ပြာ ရနံ့ ဆိုတဲ့ အဆိပ်တစ်မျိုး ရှိတယ်... အဲဒီ အဆိပ်က သာမန် အဆိပ် မဟုတ်ဘူး... မွှေးပျံ့လွန်းတဲ့ ရနံ့ ရှိတယ်... အဲဒီ အနံ့ကို ငါးမိုင် ပတ်လည် အတွင်းမှာ ရှိတဲ့ ရွှေဝက်ဝံပေါက်က သေချာပေါက် အာရုံခံမိပြီး ရောက်လာလိမ့်မယ်။”

“တယ်ဟုတ်ပါလား။”

ရှောင်ပေါင် ဝမ်းသာသွားသည်။

“နေပါအုံး အဘိုး... ငါးမိုင်ပဲ ရတယ်ဆိုရင် ဘာလို့ ကျီးကန်းတောအုပ်ထဲ သွားပြီးမှ မလုပ်တာလဲ... ဒီနေရာမှာ လုပ်ရင် ဝက်ဝံက ရောက်လာပါ့မလား။”

“ငတုံးလေး။”

ယင်းကျိုယိုက ဆဲလိုက်၏။ “ကျီးကန်းတောအုပ် ဆိုတာ ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ နေရာ... အဲဒီမှာ သားရဲတွေ အများကြီး ရှိတယ်... မင်းက အဲဒီမှာ သွားပြီး ဒီအနံ့ကို ထုတ်လွှတ်လိုက်ရင် တတိယအဆင့်၊ စတုတ္ထအဆင့် သားရဲတွေ ဝိုင်းလာပြီး မင်းကို ကိုက်သတ်သွားလိမ့်မယ်... မင်းလို ကြက်ပေါက်လေးက ယှဉ်နိုင်လို့လား။”

“မယှဉ်နိုင်ပါဘူးဗျာ။”

ရှောင်ပေါင် ချက်ချင်း လက်မြှောက်လိုက်သည်။ “ကောင်းပါပြီ... အမတ်ချုပ်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်... ကျုပ် အရှင်မင်းကြီး ဒီမှာပဲ ဒယ်အိုး တည်လိုက်ပါတော့မယ်။”

“ဟွန်း... မင်းက ဧကရာဇ် ဆိုရင် ငါက မင်းအဘိုးကွ။” ယင်းကျိုယိုက ဒေါသတကြီး ပြန်အော်လိုက်၏။

All Chapters