← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) ရွှေဝက်ဝံပေါက် ရောက်လာပြီ။

ဟုန်ရှောင်ပေါင်သည် အသုတ်လိုက် ချက်ပြုတ်ရန် ပြင်ဆင်နေ၏။ သို့ပေမည့် သူ ရေရွတ်လိုက်သည့် အရှင်မင်းကြီး ဆိုသည့် စကားလုံးက အဘိုးကြီး ယင်းကျိုယိုကို အာရုံစိုက်သွားစေသည်။

“ဟေ့ကောင်... မင်းက ဧကရာဇ် ဖြစ်ချင်နေတာလား။” ယင်းကျိုယိုက မေးလိုက်၏။

“ဘာကို ဆိုလိုတာလဲဗျ။”

ရှောင်ပေါင် နားမလည်ချေ။

“ဘာ ဆိုလိုရမှာလဲ... မင်း ဧကရာဇ် ဖြစ်ချင်တယ် ဆိုရင် ငါ့မှာ နည်းလမ်းပေါင်း တစ်သောင်းလောက် ရှိတယ်... အဆိပ်ခတ်မလား၊ လုပ်ကြံမလား... အကုန် ရတယ်။”

ယင်းကျိုယိုက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ရယ်မောလိုက်သည်။ “ငါ ပြောပြမယ်... မင်းကို နန်းတင်ပေးဖို့ ဆိုတာ ငါ့အတွက် လက်ဖျားခါလိုက်သလောက်ပဲ ရှိတယ်။”

“ဟာ... ဧကရာဇ် ဆိုတာ ကြက်မွေးလောက်တောင် အရေးမပါပါဘူးဗျာ။”

ရှောင်ပေါင် ခေါင်းခါလိုက်၏။

“ဧကရာဇ် လုပ်ရတာ သောက်ရမ်း ပင်ပန်းတယ်... တစ်နေ့တစ်နေ့ စာရွက်စာတမ်းတွေ ဖတ်နေရတယ်... အမတ်အိုကြီးတွေ ပြောသမျှ နားထောင်နေရတယ်... သူတို့က ကိုယ့်ကို ပြန်ပက်နေရင်တောင် ဒေါသထွက်လို့ မရဘူး... ပြုံးပြနေရတာ... စိတ်ပျက်စရာကြီးဗျာ... ကျုပ် မလုပ်ချင်ပါဘူး။”

ပြီးနောက် သူ ဆက်ပြောသည်။ “ဒါနဲ့ ကျုပ် အစ်ကိုတော်ကိုတော့ မထိပါနဲ့ဗျာ... ကျုပ်တို့ ညီအစ်ကိုတွေက ဆက်ဆံရေး ကောင်းပါတယ်”

“မင်းတို့ မိသားစုကတော့ ထူးဆန်းသားပဲ။”

ယင်းကျိုယို ခေါင်းခါလိုက်၏။ “ငါ့ခေတ်တုန်းကတော့ အမတ်တွေက စကားပြန်ပြောရဲတယ် ဟုတ်လား... ဟား... သတ်ပစ်လိုက်မှာပေါ့... ပုန်ကန်မယ့်သူရှိရင် တစ်မျိုးလုံး သတ်ပစ်လိုက်ရုံပဲ... သွေးချောင်းစီးသွားပါစေ... ဘယ်သူက ငါ့ကို ပြန်ပြောရဲမှာလဲ။”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အဘိုး ပြောတာ မှန်ပါတယ်ဗျာ။”

ရှောင်ပေါင်ကတော့ ယင်းကျိုယိုကို နတ်ဆိုးကြီး တစ်ကောင် အဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သောကြောင့် ဤကဲ့သို့ စကားမျိုး ကြားရသည်မှာ မဆန်းတော့ချေ။ သူသည် ရေဆေးပြီးသား ဒယ်အိုးကို ကိုင်လိုက်၏။ ဤဒယ်အိုးက ရေတစ်ချက် ဆေးလိုက်ရုံနှင့် ပြောင်လက်သွားသောကြောင့် တကယ့်ကို အကောင်းစားကြီး ဖြစ်သည်။ ထို့နောက် ကြက်ခေါင်းပြတ်ကြီးကို မြှောက်ပြလိုက်သည်။

“ကဲ... အဘိုးကြီး... ဒါကို ဘယ်လို ချက်ရမှာလဲ။”

“အပြာရောင် သရဖူ ကြက်ရဲ့ အမောက်မှာ ရှိတဲ့ အဆိပ်က စုဆောင်း အဆိပ် အမျိုးအစားပဲ... မင်း သိလား... စုဆောင်း အဆိပ် ဆိုတာ ဘာလဲ။” ယင်းကျိုယိုက ဆရာကြီး စတိုင် ဖမ်းလိုက်ပြန်၏။

“နှစ်ရှည်လများ စုဆောင်းလာတဲ့ အဆိပ်မျိုး မဟုတ်လား။” ရှောင်ပေါင်က သေချာ စဉ်းစားပြီး ဖြေလိုက်သည်။

“မှန်တယ်။”

ယင်းကျိုယို ခေါင်းညိတ်လိုက်၏။ “ငှက်အမျိုးအစား တော်တော်များများရဲ့ ဦးခေါင်းပေါ်က အမောက်တွေက အဆိပ်ရှိတတ်တယ်... ဘာလို့လဲဆိုတော့ သူတို့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အညစ်အကြေးတွေ၊ အဆိပ်တွေကို ခန္ဓာကိုယ်က မစွန့်ထုတ်နိုင်တဲ့အခါ အမောက်ထဲမှာ သွားသိမ်းထားတတ်လို့ပဲ... အမောက်တွေက အရောင်အသွေး လှပပေမဲ့ တကယ်တမ်းကျတော့ ငှက်တစ်ကောင်လုံးမှာ အညစ်ပတ်ဆုံး နေရာပဲ... မှတ်ထား... အဆိပ်မြူတွေ၊ အဆိပ်ပင်တွေ ပေါများတဲ့ နေရာမှာနေတဲ့ ငှက်တွေရဲ့ အမောက်ဆိုရင် သေချာပေါက် အဆိပ်ပြင်းတယ်။”

“မှတ်ထားပါပြီဗျာ။” ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။

“စုဆောင်း အဆိပ် ဆိုတာ အသားထဲမှာ စွဲကပ်နေတာမို့ သာမန် ကြော်တာ၊ ချက်တာနဲ့ အပြင်ထွက်မလာဘူး... ဒါကြောင့် စိမ့်ဝင်မှု အားကောင်းတဲ့ ဆေးပင် တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး ဆွဲထုတ်ရမယ်... မင်းရဲ့ အိတ်ထဲမှာ အဲဒီလို ဆေးပင် တစ်မျိုး ပါလာတယ်... ဘာလဲ သိလား။”

“အမ်။”

ရှောင်ပေါင် စဉ်းစားလိုက်ပြီး မေးလိုက်၏။ “မျှစ်ချဉ် လား။”

“မှန်တယ်... အချဉ်ဓာတ် ရှိတဲ့ အရာတိုင်းက စိမ့်ဝင်မှု အားကောင်းတယ်... ခုနစ်ရောင်ခြယ် မျှစ်ချဉ် က အဆင့်မြင့် ဆေးပင် မဟုတ်ပေမဲ့ ဒီနေရာမှာ သုံးဖို့တော့ လုံလောက်တယ်။”

“ကောင်းတယ် ... ကျုပ်က ပါရမီရှင်ပဲ။”

ရှောင်ပေါင် ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်သည်။ “ကဲ... ဘယ်လို လုပ်ရမလဲ။”

“မျှစ်ချဉ်တွေကို ထောင်းပြီး အရည်ညှစ်လိုက်... ကြက်အမောက်ကို ပါးပါးလှီးပြီး စိမ်ထားလိုက်... ပြီးရင် အနိမ့်ဆုံး မီးအပူချိန်နဲ့ ဖြည်းဖြည်းချင်း လှော်ပေး... နောက်ဆုံး ပုန်းရည်မွှေး ထည့်လိုက်ရင် ရွှေဝက်ဝံပေါက် ငြင်းဆန်လို့ မရနိုင်မဲ့ မွှေးရနံ့ကြီး ထွက်လာလိမ့်မယ်။”

“ကောင်းပြီ ... စမယ်။”

ရှောင်ပေါင်က မျှစ်ချဉ်များကို ထောင်းပြီး အရည်ညှစ်လိုက်၏။ ကြက်အမောက်ကို ပါးပါးလှီးပြီး စိမ်ထားလိုက်သည်။ ရုတ်တရက် စိုးရိမ်စိတ် ဝင်လာပြီး မေးလိုက်သည်။

“အဘိုး ... ကြက်အမောက်က အဆိပ်ရှိတယ် ဆိုတော့ ကျုပ်ရဲ့ ဒယ်အိုးကြီး ညစ်ပတ်ကုန်မလား။”

“မင်းရဲ့ ဒယ်အိုးကို ညစ်ပတ်စေနိုင်တဲ့ အရာမျိုး ဒီကမ္ဘာပေါ်မှာ မရှိသေးဘူး။” ယင်းကျိုယိုက အေးစက်စက် ပြန်ဖြေ၏။

“ဟားဟား... ဟုတ်သားပဲ။”

ရှောင်ပေါင်က ဒယ်အိုးကို ပွတ်သပ်လိုက်သည်။ ဒယ်အိုး မျက်နှာပြင်မှာ ကျောက်စိမ်းသားကဲ့သို့ ချောမွေ့နေပြီး အပူငွေ့လေးများပင် ကျန်ရှိနေသေး၏။ အဘိုးကြီး ပြောသည့်အတိုင်း မီးအပူချိန်ကို အနည်းဆုံးသို့ လျှော့ချရမည် ဖြစ်သောကြောင့် မီးတောက် စက်ကွင်း ကို အသေးဆုံးအဆင့်သို့ ပြောင်းလဲလိုက်သည်။

ရှောင်ပေါင်က လက်ဖဝါး အရွယ်အစားလောက် ရှိသည့် စက်ကွင်းလေး တစ်ခု ရေးဆွဲလိုက်ပြီး သစ်ကိုင်းခြောက် အပိုင်းအစလေးများ ထည့်လိုက်သည်။ ဝိညာဉ်စွမ်းအင် သွင်းလိုက်ချိန်မှာတော့ ဆန်စေ့လောက် ရှိသည့် မီးတောက်ငယ်လေး လေးခု ထွက်ပေါ်လာ၏။ မီးတောက်လေးများမှာ သေးငယ်သော်လည်း ငြိမ်သက်နေပြီး လေတိုက်လျှင်ပင် မလှုပ်ချေ။

“ကောင်းတယ်”

ရှောင်ပေါင်က ဒယ်အိုးကြီးကို မီးတောက် သေးသေးလေးများပေါ် တင်လိုက်သည်။ ကြည့်ရသည်မှာ ရယ်စရာ ကောင်းနေသော်လည်း ရှောင်ပေါင်က ဒယ်အိုးထဲ ဆီသုတ်လိုက်ပြီး ပါးပါးလှီးထားသည့် ကြက်အမောက်များကို ဖြန့်ခင်းလိုက်၏။ အစပိုင်းတွင် ဘာမှ မထူးခြားသော်လည်း ခဏကြာချိန်မှာတော့ စီ... စီ ဟု ခြင်ညည်းသံလောက် တိုးညင်းသည့် အသံလေးများ ထွက်ပေါ်လာ၏။

ထို့နောက် ထူးဆန်းသည့် အနံ့တစ်မျိုး ထွက်လာတော့၏။ စန္ဒကူးနံ့ကဲ့သို့၊ ကြာပန်းနံ့ကဲ့သို့ ဖြစ်ပြီး အနံ့မှာ ဝေးလံသည့် နေရာမှ သီချင်းသံ လွင့်ပျံလာသကဲ့သို့ ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။

“ဝိုး... ဆန်းကြယ်လိုက်တာ။” ရှောင်ပေါင် အံ့သြသွား၏။

“ဒါ ဘာဟုတ်သေးလို့လဲ။”

ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်သည်။ “ရှေးခေတ်က ဟင်းပွဲတွေ ဆိုရင် ကြည့်လိုက်တာနဲ့ ဓားပျံ စီးချင်းထိုးနေတဲ့ ပုံရိပ် တွေ ပေါ်လာတာမျိုး ရှိတယ်... အလင်းရောင်တွေ ထွက်နေတာ、 မီးတောက်တွေ ထနေတာတွေလည်း ရှိသေးတယ်။”

“ဟမ်... ဒါဆို အဲဒီ ဟင်းပွဲ တစ်ပွဲကို ဝိညာဉ် ကျောက်တုံး သောင်းချီ တန်မှာပေါ့။” ရှောင်ပေါင် သွားရည်ကျလာ၏။

“ဝိညာဉ် ကျောက်တုံး သောင်းချီ ဟုတ်လား... ဟွန်း... မင်း တော်တော် အဆင့်နိမ့်တာပဲ။”

ယင်းကျိုယို သက်ပြင်းချလိုက်သည်။

ရှောင်ပေါင်က အဘိုးကြီးကို ဂရုမစိုက်တော့ဘဲ စမ်းသပ်မှု စတင်လိုက်၏။ သူသည် ဒယ်အိုးနှင့် ဆယ်မီတာခန့် ဝေးသည့် နေရာသို့ သွားပြီး အနံ့ခံ ကြည့်လိုက်သည်။

“အမ်... ဘာအနံ့မှ မရပါလား... နေအုံး ... ရတယ် ရတယ်... ရသလိုလိုပဲ။”

အနံ့မှာ တစ္ဆေခြောက်သလိုမျိုး ရလိုက် မရလိုက် ဖြစ်နေ၏။ သူသည် ထပ်ပြီး ဝေးဝေး သွားကြည့်ရာ မီတာ တစ်ရာ ခန့် ရောက်သော်လည်း အနံ့က ရနေဆဲ ဖြစ်သည်။ ရှောင်ပေါင် ပျော်လာပြီး တဖြည်းဖြည်း ဝေးရာသို့ ထွက်သွားလိုက်၏။ မိုင်ဝက်ခန့် ရောက်ချိန်မှာတော့ အနံ့ လုံးဝ မရတော့ချေ။

ငါ့နှာခေါင်းက မကောင်းတော့တာလား... ဒါမှမဟုတ် အနံ့က တကယ် ပျောက်သွားတာလား။

ရှောင်ပေါင် စိတ်ပျက်ပြီး လှည့်ပြန်ရန် ပြင်စဉ် ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူနှင့် ကိုက် လေးဆယ် ခန့် အကွာမှ ခြုံပုတ်ထဲတွင် ရွှေရောင် သက်ရှိလေး တစ်ကောင် လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ နှာခေါင်းလေးကို ပွလိုက်၊ ရှုံ့လိုက် လုပ်ပြီး လေထဲမှ အနံ့ကို လိုက်ရှာနေခြင်း ဖြစ်သည်။ ခေါင်းလေး ဘယ်ညာ ယမ်းပြီး အနံ့လာရာ လမ်းကြောင်းကို အတည်ပြုနေ၏။ နောက်တစ်ခဏတွင်မူ ရွှေရောင် အရိပ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောအုပ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ရွှေဝက်ဝံပေါက် ရောက်လာပြီ။

All Chapters