အခန်း ၉၁
Vol. 9 Ch. 91
အခန်း (၉၁) ဒီလောက် အတဲ့ကောင်မျိုး ငါ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။
မျက်စိရှေ့မှ ပျောက်ကွယ်သွားသော ရွှေဝက်ဝံလေး၏ အရိပ်ကို ငေးကြည့်ရင်း ဟုန်ရှောင်ပေါင်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့၏။ ထိုအကောင်လေး၏ လျင်မြန်မှုသည် သွေးသားခန္ဓာအဆင့် (၃) ရှိသည့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေသည်။
“အဘိုးရေ ... အဘိုးမြေးကို ဒီကောင် လိုက်ဖမ်းခိုင်းနေတာတော့ မဟုတ်ပါဘူးနော်။ ဒီလောက်မြန်တဲ့အကောင်ကို မြေး ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ”
“ရတနာဝက်ဝံတွေက အသက်လုပြေးရပြီဆိုရင် အခုမြင်ရတာထက်တောင် ပိုပြီး အရှိန်ပိုမြန်တတ်ကြသေးတယ်။ အဲဒီအချိန်ရောက်ရင် မင်းမပြောနဲ့၊ သာမန်အဆင့် (၄)၊ (၅) ကျင့်ကြံသူတွေတောင် လက်မှိုင်ချရတာ”
ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို တစ်ချက်လှမ်းကြည့်ရင်း ဆက်ပြောသည်။ “သားရဲယဉ်ပါးအောင် လုပ်တဲ့နည်းလမ်းတွေက သောင်းခြောက်ထောင် ရှိတယ်။ အတင်းကာရော လိုက်ဖမ်းပြီး အရှင်မိဖို့ ကြိုးစားတယ်ဆိုတာက အတဲ့လူတွေလုပ်တဲ့ နည်းလမ်းပဲ”
ဟုန်ရှောင်ပေါင် တစ်ချက် ကြောင်သွားပြီး မျက်လုံးပြူးသွား၏။ “အဘိုးရယ် ... အဘိုးက သားရဲယဉ်ပါးအောင်လုပ်တဲ့ ပညာကိုလည်း တတ်သေးတာလား”
“ဘာစကား ပြောလိုက်တာလဲ”
ယင်းကျိုယိုက အထင်သေးသလို နှာခေါင်းရှုံ့ပြီး အေးစက်စက် ရယ်မောလိုက်သည်။
“မင်းပြောတဲ့ အရံအသက်မွေးဝမ်းကျောင်း ပညာရပ် (၉)မျိုးဆိုတာ ထားလိုက်စမ်းပါ၊ ဟိုးရှေးခေတ် ပညာရပ်ပေါင်းစုံ ထွန်းကားခဲ့စဉ်ကဆိုရင် အဘိုး မတတ်တဲ့ပညာဆိုတာ မရှိသလောက်ပဲကွ”
“ဘာဗျ”
ဟုန်ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ “အရံအသက်မွေးဝမ်းကျောင်း ပညာရပ် (၉) မျိုးအပြင် တခြားဟာတွေ ရှိသေးတာလား အဘိုးရဲ့”
“ဒါပေါ့ ... ဝိုင်အရက်ချက်တာ၊ အပ်ချုပ်ပညာ၊ မြေကြောဖတ်တာ၊ ဖုန်းရွှေပညာ၊ မျက်လှည့်ပညာ ... မင်း စိတ်ကူးလို့ရသမျှ အကုန်ရှိတယ်”
“ကောင်းကင်ဘုံ ...”
ဟုန်ရှောင်ပေါင်ခမျာ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“ဒါဆို အပ်ချုပ်သမား မလုပ်ချင်တဲ့ စားဖိုမှူးက သားရဲထိန်းကောင်း တစ်ယောက် မဟုတ်ဘူးဆိုတာ တကယ်ပဲပေါ့နော်”
“ဟားဟား ... မင်းပြောပုံက စိတ်ဝင်စားစရာပဲ”
ယင်းကျိုယိုလည်း ထိုစကားကို သဘောကျပြီး ပြုံးလိုက်သည်။ “ကဲ ... မြန်မြန်လုပ်၊ မြန်မြန်လုပ်”
ဟုန်ရှောင်ပေါင်က ရုတ်တရက် သတိဝင်လာပြီး နောက်ပြန်လှည့်ပြေးတော့၏။
“ရွှေဝက်ဝံလေး ကြက်မောက်သားကြော်ကို လာခိုးစားသွားလိမ့်မယ်၊ အဖြစ်ခံလို့မဖြစ်ဘူး”
“မလောပါနဲ့ကွ”
ယင်းကျိုယိုက လှမ်းတားလိုက်သည်။ “ရတနာဝက်ဝံတွေက သံသယစိတ် အရမ်းများတယ်။ သူ့ရှေ့မှာ အစာချပေးထားရင်တောင် အကြိမ်ကြိမ် စမ်းသပ်ပြီးမှ စားတာမျိုး။ အခုလို ဂူဝမှာ မြေခွေးချေးတွေ ရှိနေမှတော့ သူက အနည်းဆုံး (၂) နာရီလောက် ဟိုနားဒီနား ယောင်လည်လည် လုပ်နေအုံးမှာ။ ချက်ချင်းကြီး ကြက်မောက်သားကြော်ရဲ့ မီတာ (၁၀၀) ပတ်လည်ထဲ ဝင်လာမှာမဟုတ်ဘူး”
“ဩော် ... ဒါဆိုလည်း ပြီးရော”
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်မိသော်လည်း သူ၏ ခြေလှမ်းများကမူ သံဒယ်အိုးကြီးဆီသို့ သုတ်ခြေတင် ပြေးနေဆဲပင်။
ကံကောင်းစွာဖြင့် အရာအားလုံး ပုံမှန်အတိုင်း ရှိနေဆဲဖြစ်သည်။ ရွှေဝက်ဝံလေး ရောက်မလာသေးချေ။
“အဘိုးရေ ... ရွှေဝက်ဝံလေးကို ဘယ်လိုဖမ်းမလဲ မြေးကို ပြောပြအုံးလေ” ဟုန်ရှောင်ပေါင် အမောဖြေရင်း အခွင့်ကောင်းယူကာ မေးလိုက်၏။
“ဖမ်းတယ်ဆိုတဲ့ စကားလုံးက သိပ်မမှန်ဘူး။ မြှူဆွယ်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်”
အဘိုးက ဆရာကြီးလေသံဖြင့် ရှင်းပြသည်။ “သားရဲယဉ်ပါးအောင် လုပ်တဲ့နည်းလမ်းမှာ ဘယ်နည်းကိုပဲသုံးသုံး ပထမဆုံး စည်းမျဉ်းကို မှတ်ထားရမယ်။ အဲဒါက လုံခြုံမှုပဲ”
“ဘယ်သားရဲကိုမဆို ယဉ်ပါးအောင်လုပ်မယ်ဆိုရင် ဒါက ပထမဆုံး သော့ချက်ပဲ။ မင်းက သူတို့အတွက် အန္တရာယ်ကင်းတဲ့လူလို့ ခံစားရအောင် လုပ်ရမယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ကို ခြိမ်းခြောက်ပြီး မင်းနားမှာနေမှ လုံခြုံမယ်လို့ ခံစားရအောင် ဖန်တီးရမယ်။ ဥပမာ- ရိုက်နှက်ဆုံးမတာမျိုးပေါ့။ မင်းစကား နားထောင်ရင် အပြစ်ပေးမခံရတော့ဘူးဆိုတဲ့ အသိမျိုး ဝင်သွားရင် ဒါကလည်း လုံခြုံမှု တစ်မျိုးပဲလေ”
“........”
ဟုန်ရှောင်ပေါင် ဆွံ့အသွား၏။ “ဒါကြီးကလည်း ထည့်တွက်ရတာပဲလား”
“ဒါပေါ့”
ယင်းကျိုယိုက ခပ်တည်တည်ဖြင့် ဆက်ပြောသည်။ “ရတနာဝက်ဝံအတွက် အကောင်းဆုံးနည်းလမ်းကတော့ ဖြည်းဖြည်းချင်း ယဉ်ပါးအောင်လုပ်တာပဲ။ သူ့ကို အရင်ဖမ်းချုပ်ထားပြီးမှ လုပ်ရမယ့်နည်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းက အားနည်းလွန်းတောမြှူဆွယ်တဲ့နည်းကိုပဲ သုံးရတော့မှာပေါ့”
“ဘယ်လို မြှူဆွယ်ရမှာလဲ အဘိုးရဲ့” ဟုန်ရှောင်ပေါင် လက်ပွတ်ရင်း စိတ်ဝင်တစား မေးလိုက်သည်။
“သူ မင်းကို မငြင်းဆန်နိုင်အောင် လုပ်ရမှာပေါ့။ ဥပမာ- ခုနကကောင်က အထီးဆိုတော့ မင်းက ဝက်ဝံ အမကြီးအဖြစ် ရုပ်ဖျက်လိုက်ရင် သူအလိုလို ကပ်လာမှာပဲလေ”
“တယ်ဟုတ်ပါလား ...”
ဟုန်ရှောင်ပေါင် နှုတ်ကနေ ယောင်ပြီး ထွက်သွားပေမည့် ချက်ချင်း ပြန်စဉ်းစားမိသည်။
ဝက်ဝံအမကြီးအဖြစ် ရုပ်ဖျက်ရမယ်... ခက်ခဲတာကို ခဏထားအုံး၊ အရွယ်အစားက ဘယ်လိုလုပ်မလဲ။ ရတနာဝက်ဝံက ယုန်လောက်ပဲ ရှိတာလေ။ ငါက ဧရာမ ဝက်ဝံအမကြီး လုပ်ရမှာလား။
ဟုန်ရှောင်ပေါင် ဒေါသထွက်သွား၏။ “အဘိုး … မြေးကို နောက်နေတာလား”
“ဟားဟားဟားဟား ...”
ယင်းကျိုယိုက သဘောကျလွန်းသဖြင့် အကြာကြီး အော်ရယ်နေပြီးမှ ပြောသည်။ “မင်းကလည်း တုံးလိုက်တာကွာ။ ကြက်မောက်သားကြော်ကို ရင်ခွင်ထဲ ထည့်ထားလိုက်ရင် ပြီးပြီမဟုတ်လား”
“ဟုတ်သားပဲ ... မြေး ဘာလို့ ဒါကို မတွေးမိပါလိမ့်”
ဟုန်ရှောင်ပေါင် ဝမ်းသာအားရ ဖြစ်သွား၏။
ကြက်မောက်သားကြော်ကို ရင်ခွင်ထဲ ထည့်ထားလိုက်ရင် ဝက်ဝံက အဲဒီမွှေးပျံ့တဲ့အနံ့က သူ … ဟုန်ရှောင်ပေါင်ဆီက ထွက်လာတယ်လို့ ထင်သွားမှာပဲလေ။ ရှင်းနေတာကို။
“ဒါပေမဲ့ တစ်ခုသတိထားရမှာက ကြက်မောက်သားက မီးနဲ့ဝေးသွားရင် အနံ့ပြယ်လွယ်တယ်။ ဒါကြောင့် အပူချိန်ကို ထိန်းထားနိုင်ဖို့ လိုတယ်”
ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို မရိုးမသား အကြည့်ဖြင့် ကြည့်ပြီး ပြုံးစိစိ လုပ်လိုက်သည်။ “မင်းမှာက မီးဓာတ်သိုင်းပညာလည်း မရှိတော့ ... အင်း ... ချိုင်းကြားထဲ ညှပ်ထားမှပဲ ရမယ်ထင်တယ်”
“အဘိုး မြေးကို သက်သက်မဲ့ ဂျင်းထည့်ပြန်ပြီ” ဟုန်ရှောင်ပေါင် ပေါက်ကွဲသွား၏။
“ကျိုးကြောင်းဆီလျော်အောင် တွေးကြည့်လေကွာ။ ကြက်မောက်သားက မီးအေးအေးလေး ပေးထားမှ အနံ့သင်းတာ။ လူခန္ဓာကိုယ်မှာ အပူချိန်အမြင့်ဆုံးနေရာက ချိုင်းကြားပဲ ရှိတာမဟုတ်လား”
ယင်းကျိုယို၏ အကြည့်များက ဟုန်ရှောင်ပေါင်၏ ခါးအောက်ပိုင်းဆီ ဖြည်းဖြည်းချင်း ရောက်သွားသည်။
“ဒါမှမဟုတ်လည်း တခြားနေရာ ........”
“တော်ပြီ ... တော်ပြီ ... ရပ်လိုက်တော့”
ဟုန်ရှောင်ပေါင် လန့်ဖျပ်ပြီး အော်လိုက်သည်။ သူလည်း မတုံးပေ။ အဘိုး ပြောသည်တွေက အမှန်တွေ ဖြစ်ကြောင်း ခွဲခြားတတ်သည်။ အကယ်၍ သူသာ မီးဓာတ်သိုင်းပညာ မတတ်ထားလျှင် ...
သူ မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်၏။
“အဘိုး... မြေးလက်ဝါးထဲ ဆုပ်ကိုင်ထားပြီး ဝိညာဉ်စွမ်းအင်နဲ့ အုပ်ထားရင်ရော မရဘူးလား”
“အာနိသင်ကတော့ ချိုင်းကြားလောက် မကောင်းဘူးပေါ့”
“ထားလိုက်တော့၊ လက်ဝါးထဲပဲ အရင်ထားကြည့်မယ်။ အဆင်မပြေမှ ချိုင်းကြား ထည့်မယ်ဗျာ”
ဟုန်ရှောင်ပေါင် ဆုံးဖြတ်ချက် ချလိုက်သည်။ ဆီနှင့်ကြော်ထားတဲ့ အသားတုံးကို ချိုင်းကြားထဲ ညှပ်ထားရမည် ဆိုသည့် အတွေးနှင့်တင် ... အမလေး ... ရွံစရာကြီး။
သူလည်း ဒယ်အိုးနားတွင် ငြိမ်ငြိမ်လေး စောင့်နေလိုက်သည်။ တော်တော်ကြာတော့မှ ယင်းကျိုယို အသံ ထွက်လာ၏။
“လာပြီ”
ဟုန်ရှောင်ပေါင်လည်း အဘိုး ပြောသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။ သစ်ရွက်တွေ ထူထပ်နေသည်မို့ သိပ်မသဲကွဲသော်လည်း သစ်ပင်ပေါ်မှာ ရွှေရောင် အစက်ကလေး တစ်စက်ကိုတော့ ရေးရေးလေး မြင်နေရသည်။
ဟုန်ရှောင်ပေါင်က သစ်ရွက်တွေကြားကနေ ချောင်းကြည့်နေသလို ရွှေဝက်ဝံလေးကလည်း သူ့ကို ပြန်ချောင်းနေသည်။ မကြာခင်မှာပဲ ဝက်ဝံလေးက သစ်ကိုင်းကျိုးလေး တစ်ခုပေါ် ရောက်လာသည်။ ဤတစ်ကြိမ်တော့ ဟုန်ရှောင်ပေါင် သေချာမြင်လိုက်ရပြီ ဖြစ်၏။
ရွှေစစ်စစ်နှင့် လုပ်ထားသည်လား ထင်ရအောင် ပြောင်လက်နေသော အမွှေးနုလေးတွေနှင့်ဖြစ်သည်။ ဝက်ဝံဟုသာ ပြော၏။ တစ်ကိုယ်လုံးက ပူးလေး နှင့် ပိုတူနေ၏။ ဟုန်ရှောင်ပေါင် သဘောအကျဆုံးကတော့ သူ၏ ဦးခေါင်းပင်။ ခေါင်းထိပ်လေးက မဲနက်နေပြီး ဆံပင်ဆိုးထားသလိုလို၊ ဦးထုပ်အမဲလေး ဆောင်းထားသလိုလိုနှင့် တမူထူးခြားနေသည်။ နောက်ခံ အမှောင်ရိပ်နှင့် ရောနေတော့ ခေါင်းတစ်ခြမ်း ပြတ်နေသလိုတောင် ထင်ရသည်။
ဟုန်ရှောင်ပေါင် အကဲခတ်နေတုန်းမှာပင် ရွှေဝက်ဝံလေးက သစ်ပင်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး လက်သည်းလေး နှစ်ဖက်ကို ခါးထောက်ကာ ဟုန်ရှောင်ပေါင် ရှိရာဘက်ကို အကဲခတ်နေ၏။
ဟုန်ရှောင်ပေါင်က နေရာနည်းနည်း ရွှေ့လိုက်ပြီး သူ့ကိုယ်လုံးနှင့် ဝက်ဝံလေး၏ မြင်ကွင်းကို ကွယ်လိုက်သည်။ ပြီးမှ ခေါင်းကို ဟိုဘက်ဒီဘက် လှုပ်ပြီး ဝက်ဝံလေးကို ပြန်ချောင်းသည်။
ရတနာဝက်ဝံလေးက တကယ်ကို သတိကြီးသည်။။ သစ်ပင်ပေါ်မှာ ခေါင်းလေးစောင်းလိုက်၊ ဘာလိုက်နှင့် အကြာကြီး အကဲခတ်ပြီးမှ မြေကြီးပေါ် ဆင်းလာသည်။ ကျောက်တုံးကြီး တစ်တုံးနောက် ဝင်ပုန်းပြီး ဟုန်ရှောင်ပေါင်ကို ခေါင်းပြူကြည့်လိုက်၊ ဟုန်ရှောင်ပေါင် လှုပ်လိုက်တာနဲ့ ခေါင်းပြန်သွင်းလိုက် လုပ်နေရှာ၏။
“ဒီကောင်လေးက သတ္တိကြောင်လိုက်တာ”
ဟုန်ရှောင်ပေါင် စိတ်ထဲ ကြိတ်ပျော်သွားပြီး မျက်လုံးထောင့်ကနေ အကဲခတ်နေလိုက်သည်။
ရတနာဝက်ဝံလေးက ဟုန်ရှောင်ပေါင်ဆီက အန္တရာယ်မရှိလောက်ဘူးလို့ ဆုံးဖြတ်လိုက်ပုံရသည်။ ပန်းပင်လေး တစ်ပင်၏ အနောက်ကို လျှောခနဲ ပြေးဝင်ပြီး ပုန်းလိုက်ပြန်၏။
ဟုန်ရှောင်ပေါင်ခမျာ ထိုမြင်ကွင်းကို ချောင်းကြည့်ရင်း အသံထွက်ပြီးတောင် ရယ်မိမလို ဖြစ်သွားသည်။
ပန်းပင်က တူတစ်ချောင်းလောက်ပဲ တုတ်သည်။ ယုန်တစ်ကောင်လောက် ရှိသည့် ရတနာဝက်ဝံ၏ ကိုယ်လုံးကြီးကို မည်သို့ကွယ်ပေးနိုင်မည်နည်း။ ခေါင်းလေးကိုသာ ပန်းပွင့်နောက် ဝှက်ထားသည်။ တကယ်တော့ သူ့ မျက်နှာကိုပင် ပန်းပွင့်က ကွယ်ပေးနိုင်သည်မဟုတ်ပေ။ ကိုယ်လုံးဆိုလျှင် အထင်းသား ပေါ်လို့နေ၏။
“အဘိုးရေ ... ရတနာဝက်ဝံတွေက အကုန်လုံး ဒီလိုချည်းပဲလား” ဟုန်ရှောင်ပေါင် ရယ်ချင်စိတ်ကို အောင့်အီးပြီး မေးလိုက်သည်။
“ဘယ်ကလာ ...”
အဘိုးက ခေါင်းခါယမ်းလိုက်ရင်း ဆို၏။
“ဒီလောက် အတဲ့ ရတနာဝက်ဝံမျိုးတော့ ငါ့သက်တမ်းမှာ ဒီတစ်ခါပဲ မြင်ဖူးတော့တယ်”