← Chapters

အခန်း ၉၂

Vol. 9 Ch. 92

အခန်း ၉၂

Vol. 9 Ch. 92

အခန်း (၉၂) အစားမက်သော ကောင်လေး။

ဟုန်ရှောင်ပေါင်တစ်ယောက် ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။ တစ်ခါတစ်ရံတွင် 'နုံအခြင်း' ဆိုသည်မှာ ချစ်စရာကောင်းခြင်း၏ အခြားသော အသွင်အပြင်တစ်ခု ဖြစ်နေတတ်သည် မဟုတ်ပါလား။

သူသည် ရွှေဝက်ဝံလေးကို မျက်လုံးထောင့်မှနေ၍ တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ ဝက်ဝံလေးမှာမူ အတော်လေး သတိကြီးနေရှာ၏။ လျှောက်လှမ်းလာပုံက ဖြောင့်ဖြောင့်တန်းတန်း မဟုတ်ဘဲ ကွေ့ကောက်သော ပုံစံဖြင့် လာနေခြင်း ဖြစ်သည်။ ပြဿနာမှာ ၎င်းရွေးချယ်လိုက်သည့် ပုန်းခိုစရာ နေရာများက ၎င်း၏ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးကွယ်မပေးနိုင်ခြင်းပင်။ ခေါင်းပေါ်မှ ဆံပင်မည်းမည်းလေး ပေါ်နေလိုက်၊ တင်ပါးလုံးလုံးလေးက အပြင်ထွက်နေလိုက်ဖြင့် အတော်လေး ရယ်သွမ်းသွေးစရာ ကောင်းနေသည်။

"ဟား ဟား ဟား..."

ဟုန်ရှောင်ပေါင်က သဘောကျလွန်းအားကြီး၍ ရယ်မောမိ၏။

"အဘိုးရေ... ဒီရတနာဝက်ဝံလေးက ဘာဖြစ်လို့ ဒီလောက်တောင် နုံအ, နေရတာလဲ။"

"ငါလည်း မသိပါဘူးကွာ။"

ယင်းကျိုယိုလည်း နားမလည်နိုင် ဖြစ်နေပုံရ၏။ "ငယ်ငယ်က စိတ်ဒဏ်ရာများ ရခဲ့ဖူးလို့လား မသိပါဘူး။"

ဉာဏ်နည်းသည် ဆိုသော်ငြား ရွှေဝက်ဝံလေးက အတော်လေး သတိကြီးသည်။ လမ်းတစ်လျှောက်လုံး နေရာအဖုံဖုံ ပြောင်းရွှေ့လာခဲ့၏။ အကယ်၍သာ ၎င်း၏ ခြေရာများကို မျဉ်းဆွဲကြည့်လိုက်မည် ဆိုပါက ဟုန်ရှောင်ပေါင် ကို ဗဟိုပြု၍ အဝေးကြီးမှလှမ်းကာ ဝိုင်းပတ်ထားသည့် လှိုင်းတွန့်ပုံသဏ္ဌာန် ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ဂူဝအနီးတွင် အန္တရာယ်ရှိမှန်း ရိပ်မိပုံရ၏။ ထိုနေရာကို လုံးဝမကပ်ဘဲ ဝေးဝေးမှနေ၍ ရှောင်ကွင်းသွားသည်။

သို့သော်ငြား ဝက်ဝံလေး၏ ဝိုင်းပတ်ထားသော စက်ဝိုင်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။ နောက်ဆုံးတွင်တော့ ဟုန်ရှောင်ပေါင်နှင့် ဆယ်မီတာခန့်အကွာသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် မတ်တတ်ရပ်လိုက်ပြီး ဟုန်ရှောင်ပေါင်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။ လေတိုက်၍ သစ်ရွက်လှုပ်သည်ကို မြင်လျှင်ပင် ထွက်ပြေးတော့မည့် ပုံစံမျိုး ဖြစ်၏။

ထိုအချိန်ကျမှ ဟုန်ရှောင်ပေါင်သည် လက်ထဲတွင် ဆုပ်ကိုင်ထားသော ကြက်မောက်သား အသားမြှောင်းလေးကို ဝိညာဉ်စွမ်းအင်ဖြင့် အုပ်ကာ အနံ့ပိုမွှေးလာစေရန် ပြုလုပ်လိုက်သည်။

ထို့နောက် အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ ဟုန်ရှောင်ပေါင် လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝက်ဝံလေးမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး ချက်ချင်း နောက်ပြန်လှည့်ကာ မြေကြီးကို ခြေလေးချောင်းဖြင့် ယက်ကန်ယက်ကန် လုပ်လေတော့သည်။ ဖုန်တထောင်းထောင်း ထသွားပြီး ရွှေရောင်မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွား၏။

"........"

ဟုန်ရှောင်ပေါင် ဆွံ့အသွားရသည်။ မုဆိုးကောင်းဆိုသည်မှာ စိတ်ရှည်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်သည်။

သူထင်သည့်အတိုင်းပင် … အချိန်အနည်းငယ် ကြာသောအခါ ရွှေဝက်ဝံလေး၏ အရိပ်အယောင်ကို ပြန်လည် မြင်တွေ့လိုက်ရသည်။ ဟုန်ရှောင်ပေါင်၏ အနောက်ဘက် ခပ်လှမ်းလှမ်းမှနေ၍ လိုက်ပါလာခြင်း ဖြစ်၏။

ဟုန်ရှောင်ပေါင်က အကြံတစ်ခု ရသွားပြီး ကြက်မောက်သား အမြှောင်းလေးတစ်ခုကို ထုတ်ယူကာ ဝက်ဝံလေး ရှိရာဘက်သို့ ပစ်ပေးလိုက်သည်။

ရတနာဝက်ဝံလေးမှာ အရင်ဆုံး ထိတ်လန့်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်သည်။ သို့သော်ငြား ၎င်းအား ရူးသွပ်သွားစေနိုင်သည့် မွှေးပျံ့သော အနံ့ကို ရလိုက်သည်နှင့် တိခနဲ ရပ်တန့်သွား၏။ ချက်ချင်းပင် လေပေါ်သို့ ခုန်တက်လိုက်ပြီး တစ်ပတ်လည်ကာ လေထဲမှာပင် အသားမြှောင်းလေးကို ဖမ်းကိုက်လိုက်သည်။ ထို့နောက် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးသွားပြန်၏။

ရှောင်ပေါင်၏ မြင်ကွင်းမှ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ဟုန်ရှောင်ပေါင် စိတ်ချသွားပြီ ဖြစ်သည်။ ရွှေဝက်ဝံလေး သေချာပေါက် ပြန်လာမည်မှန်း သူသိနေပြီ မဟုတ်ပါလား။ တစ်ခုတည်းသော ဆုတောင်းစရာ ရှိသည်မှာ သူ၏ ခန္ဓာကိုယ်အပူချိန်က ကြက်မောက်သား၏ အမွှေးနံ့ကို ဆက်လက်ထိန်းထားနိုင်ပါစေ ဟူ၍ပင်။

ထို့နောက် ဟုန်ရှောင်ပေါင်သည် ထိုနေရာတဝိုက်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေလိုက်သည်။ ရွှေဝက်ဝံလေး စိတ်လုံခြုံမှု ရှိစေရန် ဂူဝနှင့် ဝေးရာသို့ တမင် ရွှေ့ပေးလိုက်၏။ လျှောက်သွားရင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ စိတ်ထဲတွင် စိုးရိမ်လာမိသည်။

နောက်ဆုံး နာရီဝက်ခန့် ကြာတော့မှ ရတနာဝက်ဝံလေး ပြန်ရောက်လာသည်။ ဤတစ်ခ၌ အကွာအဝေးက ပိုမို နီးကပ်လာပြီး ဟုန်ရှောင်ပေါင်၏ ဆယ်မီတာ ပတ်လည်အကွာအဝေးထဲသို့ ရောက်ရှိလာ၏။

သို့သော်ငြား ထပ်ပြီးတော့ ရှေ့တိုးမလာရဲတော့ချေ။ ထိုနေရာတွင်ပင် မတ်တတ်ရပ်လိုက်ပြန်သည်။ လက်သည်း သေးသေးလေး နှစ်ဖက်ကို ခါးထောက်လျက် ဟုန်ရှောင်ပေါင်ကို မျှော်လင့်တကြီး လှမ်းကြည့်နေသည်။

ဟုန်ရှောင်ပေါင်က ကျေနပ်စွာ ပြုံးလိုက်ပြီး ကြက်မောက်သား အမြှောင်းလေးကို လက်ဖဝါးပေါ် တင်ကာ ဝက်ဝံလေးရှိရာသို့ ကမ်းပေးရင်း ထိုင်ချလိုက်၏

"အွန်း..."

ရတနာဝက်ဝံလေးက ရုတ်တရက် အသံထွက်လာသည်။ အားကုန်ညှစ်ပြီး အော်လိုက်ပုံရသည်။

အော်လိုက်သည့်အချိန်တွင် လက်တိုတိုလေး နှစ်ဖက်က ရင်ဘတ်နားသို့ ကျုံ့ဝင်သွားသည်။ နောက်သို့ ဆယ်မီတာခန့် ထပ်မံ ဆုတ်ပြေးသွားပြန်သည်။ ပြီးမှ နေရာပြန်ယူကာ ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်နေပြန်၏။

"လာပါကွ... လာခဲ့ပါ"

ဟုန်ရှောင်ပေါင်က အားပေးသလို ပြုံးပြလိုက်သည်။

"အွန်း... အွန်း..."

ရတနာဝက်ဝံလေးက နှစ်ခါမျှ ထပ်အော်ပြီး ဟုန်ရှောင်ပေါင်အနီး ဆယ်မီတာ အကွာအဝေးထိ ပြေးကပ်လာပြန်၏။ ပြီးတော့ ရပ်သွားပြန်ပြီး ပါးစပ်က အော်နေပြန်၏။ "အွန်း၊ အွန်း"

ဟုန်ရှောင်ပေါင် သတိထားမိသည်မှာ အသားနံ့က တဖြည်းဖြည်း ပြယ်လာပြီ ဖြစ်သည်။ အချိန်ဆွဲနေ၍ မဖြစ်တော့ချေ။ ထို့ကြောင့် လက်ထဲမှ အသားမြှောင်းကို နှစ်မီတာ၊ သုံးမီတာခန့် အကွာအဝေးသို့ ပစ်ပေးလိုက်ပြီး ငြိမ်သက်စွာ စောင့်နေလိုက်သည်။

ရတနာဝက်ဝံလေးမှာ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ အနားသို့ ပြေးကပ်လာလိုက်၊ ပြီးလျှင် ပျံသန်းမတတ် ပြန်ပြေးထွက်သွားလိုက်နှင့် အလုပ်ရှုပ်နေသည်။ ပြေးထွက်သွားပြီးတိုင်း မတ်တတ်ပြန်ရပ်ကာ လက်သည်းလေးနှစ်ဖက်ကို ခါးထောက်ပြီး အော်၏။ "အွန်း၊ အွန်း"

ထိုသို့ အော်နေပုံကို ကြည့်ရင်း ဟုန်ရှောင်ပေါင်ခမျာ အွန်လိုင်းတွင် နာမည်ကြီးနေသည့် ကုန်းမြေရှဉ့် (Marmot) လေး အော်နေပုံကို သတိရသွားသည်။ ထိုကောင်လေးကလည်း လက်နှစ်ဖက်ကို ရင်ဘတ်နားကပ်ပြီး တစ်ကိုယ်လုံးရှိသည့် အားအကုန်ထုတ်ကာ အော်တတ်သည် မဟုတ်ပါလား။

ယခုမြင်နေရသော ရတနာဝက်ဝံလေးက ထိုကုန်းမြေရှဉ့်နှင့် အတော်လေး တူနေသည်။ ရိုးအ, သည့် ပုံစံချင်းလည်း ဆင်တူ၏။ သို့သော်ငြား ရုပ်ရည်ချင်း ယှဉ်မည်ဆိုလျှင်တော့ ရတနာဝက်ဝံလေးက ဆယ်ပြန်မက သာလွန်ချောမောနေသည်။

"ဘာရပ်ကြည့်နေတာလဲကွ... လာလေ"

ဟုန်ရှောင်ပေါင်က ရယ်မောရင်း လက်ဖဝါးကို ဖြန့်ကာ နောက်ထပ် အသားမြှောင်းလေး တစ်ခုကို ထုတ်ပြလိုက်၏။

"အွန်း..."

ရတနာဝက်ဝံလေးက အော်လိုက်ပြန်သည်။ လေးဖက်ထောက်ပြီး တစ်မီတာခန့် အနားတိုးလာလိုက်၊ ပြီးတော့ ကိုယ်တစ်ပိုင်း ပြန်မတ်လိုက်၊ အွန်း ဟု ထပ်အော်လိုက်နှင့် တစ်ကောင်တည်း အလုပ်ရှုပ်နေသည်။ ပြီးနောက် ဟုန်ရှောင်ပေါင်ကို သတိထား ကြည့်နေသည်။

ဟုန်ရှောင်ပေါင်လည်း မတတ်နိုင်သည့်အဆုံး အသားမြှောင်းကို သုံးလေးမီတာခန့် ဝေးသည့်နေရာသို့ ပစ်ပေးလိုက်ရသည်။ ရတနာဝက်ဝံလေးမှာ အနားကပ်လာလိုက်၊ ဝေးရာသို့ ပြန်ပြေးလိုက်၊ မတ်တတ်ရပ်လိုက်၊ အကဲခတ်လိုက်နှင့် သံသရာလည်နေ၏။

ဟုန်ရှောင်ပေါင်ကတော့ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားပြီး မလောဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်၏။

ရတနာဝက်ဝံလေးမှာ ထိုကဲ့သို့ ရှေ့တိုးနောက်ဆုတ် (၁၀) ကြိမ်မက ပြုလုပ်ပြီးနောက်တွင် သတိထားမှု အနည်းငယ် လျော့ကျသွားပုံရသည်။ သုံးမီတာအကွာတွင် ရှိနေသော အသားမြှောင်းလေးဆီသို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး အဝေးသို့ ကောက်ခါငင်ကာ ထွက်ပြေးသွားသည်။

ဆယ်မီတာခန့် အကွာသို့ ရောက်မှ မတ်တတ်ရပ်လိုက်ပြီး လက်သည်းလေး နှစ်ဖက်ဖြင့် အသားမြှောင်းကို ကိုင်ကာ ပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်၏။

ဝါးမြိုချလိုက်ပြီးသည်နှင့် ကာမဘုံသား စည်းစိမ်ကို ခံစားလိုက်ရသကဲ့သို့ တုံခနဲ ဖြစ်သွားပြီး ယိုင်တိုင်တိုင်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ပြီးနောက် ဘယ်ညာ ယိမ်းထိုးကာ မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ပက်လက်လန်ကာ လဲကျသွားသည်။

ထိုသို့ အကာအကွယ်မဲ့စွာ လဲကျနေသည်ကို မြင်လိုက်ရသောအခါ ဟုန်ရှောင်ပေါင် စိတ်ထဲတွင် အခွင့်ကောင်းယူပြီး ဝင်ဖမ်းချင်စိတ် ပေါက်သွားသည်။ သို့သော်ငြား အတင်းအကြပ် စိတ်ကို ထိန်းချုပ်လိုက်ပြီး လက်ထဲမှ အသားမြှောင်းကို ထပ်မံ လှုပ်ယမ်းပြလိုက်၏။

ရတနာဝက်ဝံလေးမှာ ခြေထောက်တိုတိုလေး လေးချောင်းကို ယက်ကန်ယက်ကန် လုပ်ရင်း မည်သို့မည်ပုံ လှုပ်ရှားလိုက်မှန်း မသိလိုက်ရဘဲ ချက်ချင်း ပြန်ထလာသည်။

ဟုန်ရှောင်ပေါင်ကို သတိထားကြည့်လိုက်ပြီးနောက် မြေကြီးများ လွင့်စဉ်အောင် ယက်ကန်ပြီး ဟုန်ရှောင်ပေါင်၏ နှစ်မီတာအကွာအဝေးသို့ ခုန်ဝင်ကာ အသားမြှောင်းကို ကောက်ယူသွားပြန်သည်။ ပြီးလျှင် ထုံးစံအတိုင်း အဝေးသို့ ထွက်ပြေးကာ အသားကို စားသောက်ပြီး မြေကြီးပေါ်သို့ ပက်လက်လန် လဲကျသွားပြန်၏။

ဟုန်ရှောင်ပေါင်က လက်ကို ထပ်မြှောက်ပြလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ အသားမြှောင်းကို ပစ်မပေးတော့ဘဲ လက်ဖဝါးပေါ်တွင်သာ တင်ထားလိုက်သည်။

"အွန်း..."

ရတနာဝက်ဝံလေးက အော်လိုက်သည်။ ထိုအသံကို ကြားလိုက်ရချိန်တွင် ဟုန်ရှောင်ပေါင်က ဘာသာပြန်စရာ မလိုဘဲ သူ့အလိုလို နားလည်လိုက်သည်။

"ဟေ့ကောင်ကြီး... မြေကြီးပေါ် ချပေးစမ်းပါကွ" ဟု ပြောနေခြင်း ဖြစ်ပေမည်။

သို့ပေမည့် ဟုန်ရှောင်ပေါင်က ဂရုမစိုက်ပေ။ လက်ဖဝါးကို ဖြန့်ကာ ဤအတိုင်း ဆက်စောင့်နေလိုက်သည်။ ရတနာဝက်ဝံလေးမှာ အနားကပ်လာလိုက်၊ ဝေးရာသို့ ပြန်ပြေးလိုက်၊ မတ်တတ်ရပ်လိုက်နှင့် အကြီးအကျယ် ဗျာများနေရှာသည်။

ဟုန်ရှောင်ပေါင် သတိထားမိသည်မှာ ဝက်ဝံလေးက ချီတုံချတုံ ဖြစ်နေရင်းနှင့် သူ၏အနားသို့ တဖြည်းဖြည်းချင်း ပိုမို နီးကပ်လာနေခြင်းပင် ဖြစ်သည်။ ခဏကြာတော့ အွန်း ဟု အော်ရင်းနှင့် ဝက်ဝံလေးက ဟုန်ရှောင်ပေါင်၏ တစ်မီတာအကွာအဝေးထိ ရောက်လာ၏။

ဤတစ်ကြိမ်တွင်တော့ ၎င်းသည် သတ္တိကို အပြည့်အဝ မွေးလိုက်ပုံရသည်။ ခြေထောက်တိုလေး လေးချောင်းကို လှုပ်ရှားကာ ဟုန်ရှောင်ပေါင်ဆီသို့ ဒုံးဆိုင်း၍ ပြေးဝင်လာသည်။

သို့သော် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။ ရတနာဝက်ဝံလေးက အသားမြှောင်းကို လှမ်းဖမ်းမည့်အချိန်တွင် ခြေထောက်က ကျောက်ခဲတစ်လုံးကို တက်နင်းမိပြီး ချော်ထွက်သွား၏။ ခန္ဓာကိုယ် ဟန်ချက်ပျက်ပြီး လိမ့်ဆင်းလာကာ အသားမြှောင်းကို လှမ်းဆွဲရင်းနှင့် ဟုန်ရှောင်ပေါင်၏ ...

ပေါင်ကြားခွဆုံတည့်တည့်ဆီသို့ ဝင်ဆောင့်မိလေတော့၏။

လောကတွင် ယောက်ျားလေးချင်းသာ နားလည်နိုင်မည့် နာကျင်မှုမျိုး ရှိပေသည်။

"ဟား ဟား ဟား ဟား..."

အဘိုးယင်းကျိုယိုက အားရပါးရ အော်ရယ်တော့သည်။

"&……%¥#@@"

ဟုန်ရှောင်ပေါင်၏ မျက်နှာကြီးမှာ ရှုံ့မဲ့ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသော်လည်း လက်နှစ်ဖက်ကတော့ အလိုအလျောက် ရတနာဝက်ဝံလေးကို ဖမ်းဆုပ်လိုက်မိ၏။

"အွန်း... အွန်း... အွန်း..."

ရတနာဝက်ဝံလေးမှာ ထိတ်လန့်တကြား အော်ဟစ်နေသည်။

"လိမ္မာပါတယ်ကွာ... မကြောက်နဲ့နော် ကလေးလေး။"

ဟုန်ရှောင်ပေါင်က ပါးစပ်က ချော့မြှူနေရင်း လက်တစ်ဖက်ကတော့ ဝက်ဝံလေး၏ ပါးစပ်နားသို့ နောက်ထပ် အသားမြှောင်းများစွာကို ထိုးထည့်ပေးလိုက်သည်။

"အွန်း... အွန်း..."

ရတနာဝက်ဝံလေးက ကြောက်လန့်တကြား အော်နေဆဲပင်။ သို့သော်ငြား ပါးစပ်ကတော့ အလိုအလျောက် ပွင့်သွားပြီး အသားမြှောင်းတစ်ချောင်းကို ကိုက်ချလိုက်၏။

"အွန်း..." ဟု ထပ်အော်လိုက်၊ အသားတစ်ချောင်းကို ထပ်စားလိုက်ဖြင့် အလုပ်ရှုပ်နေသည်။

ဟုန်ရှောင်ပေါင် တကယ်ကို ဆွံ့အသွားရသည်။ ဤအဖြစ်အပျက်ကြီးက တကယ့်ကို ထူးဆန်းလွန်းနေသည် မဟုတ်ပါလား။

စဉ်းစားကြည့်လေ... လူတစ်ယောက်က အသက်အန္တရာယ် ကြုံနေရသည့်အချိန်တွင် "ကယ်ကြပါဦး" ဟု အော်လိုက်၊ ထမင်းတစ်လုပ် စားလိုက်၊ "ကယ်ကြပါဦး" ဟု ထပ်အော်လိုက်၊ ထမင်းတစ်လုပ် ထပ်စားလိုက် လုပ်နေသကဲ့သို့ပင်။

ဤကောင်လေးကတော့ တကယ့်ကို အစားမက်လွန်းသော ကောင်လေးပါလား။

All Chapters