← Chapters

အခန်း ၉၃

Vol. 9 Ch. 93

အခန်း ၉၃

Vol. 9 Ch. 93

အခန်း (၉၃) - ဟုန်သူဌေးက တကယ့် လူစွမ်းလူစရှိတယ်။

နောက်ဆုံးတွင်တော့ ဟုန်ရှောင်ပေါင်သည် သူ၏ အသားမြှောင်း သိုင်းကွက်ကို အသုံးပြုကာ ရတနာ ဝက်ဝံလေးအား အောင်မြင်စွာ နှစ်သိမ့်နိုင်လိုက်သည်။

ရတနာဝက်ဝံလေးသည် ဟုန်ရှောင်ပေါင်ကို ကြည့်နေဆဲ ဖြစ်ပြီး မျက်လုံးထဲတွင် အကြောက်တရားတို့ အနည်းငယ် ကျန်ရှိနေသေး၏။ သို့သော်ငြား တဖြည်းဖြည်းနှင့် ငြိမ်သက်လာလေပြီ။

ဟုန်ရှောင်ပေါင်သည် လက်တစ်ဖက်ဖြင့် ဝက်ဝံလေး၏ အမွှေးပွပွများကို အသာအယာ ဖီးပေးနေသလို ကျန်လက်တစ်ဖက်ဖြင့် ဝက်ဝံလေး၏ ဗိုက်သားကို ကလိထိုးကာ ဆော့ကစားပေးနေသည်။ သို့သော်ငြား စိတ်ကိုတော့ လုံးဝ လျှော့ချမထားချေ။ အချိန်မရွေး ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလား။

"ဝမ်းဗိုက်ဆိုတာက သားရဲတိုင်းရဲ့ အားအနည်းဆုံး နေရာပဲ … မင်းကို သူ့ဗိုက်သားတွေ ကိုင်ခွင့်ပြုတယ်ဆိုတည်းက မင်းအပေါ် အကာအကွယ်မဲ့တဲ့အထိ ယုံကြည်သွားပြီဆိုတဲ့ သဘောပေါ့ကွ။"

ယင်းကျိုယိုသည် ရတနာဝက်ဝံလေးအနားသို့ တဖြည်းဖြည်းချင်း ဝိညာဉ်ခန္ဓာကို လွင့်မျောသွားပြီး ဝက်ဝံခေါင်းပေါ်ရှိ ဆံပင်မဲမဲလေးကို သေချာကြည့်ရှုလိုက်၏။

"မင်းတော့ ကံကောင်းပြီကွ... ဒီဆံပင်မဲမဲလေးက တကယ်ပဲ ခုနစ်လွှာ ကြာနက်ပန်းကြောင့် ဖြစ်လာတာဟေ့။"

"ကွက်တိပဲဗျို့... ကွက်တိပဲ"

ဟုန်ရှောင်ပေါင် ပျော်လွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်သွားသည်။ သူ ဤမျှလောက်အထိ အပင်ပန်းခံပြီး ရတနာဝက်ဝံကို မြှူဆွယ်နေခြင်းမှာ ခုနစ်လွှာ ကြာနက်ပန်းကို လိုချင်၍ မဟုတ်ပါလား။ ယခုတော့ သေချာသွားပြီ ဖြစ်၍ ဝမ်းသာအားရ ပြောလိုက်၏။

"အဘိုးရေ... သူ့ကို ငြိမ်နေအောင် ဆက်ထိန်းထားဖို့ နည်းလမ်းလေး ဘာလေးများ မရှိဘူးလား။ ကျုပ်ကို နည်းနည်းလောက် ပြောပြပါအုံး။"

"သားရဲတစ်ကောင် ယဉ်ပါးသွားဖို့ အကောင်းဆုံးနည်းကတော့ ဝိညာဉ်စာချုပ်ချုပ်ဆိုတာပဲ ဟကောင်ရ။ နောက်မှ အားတဲ့အချိန်ကျရင် ငါ သင်ပေးမယ်။ အခုလောလောဆယ်တော့ မင်းရဲ့ အခြေအနေနဲ့ လုပ်နိုင်တာဆိုလို့ ကြက်မောက်သား ကျွေးဖို့ပဲ ရှိတော့တယ်။" ယင်းကျိုယိုက လက်ကာပြရင်း ပြောလိုက်သည်။

"ဒါဆို ကြက်မောက်သားတွေသာ ကုန်သွားရင် ဘာမှလုပ်မရတော့ဘူးပေါ့နော် အဘိုး။"

ဟုန်ရှောင်ပေါင် စိတ်ပူသွား၏။ ကြက်မောက်သား မကုန်ခင် ကြာနက်ပန်းကို ရှာတွေ့လျှင်တော့ တော်သေးသည်။ အကယ်၍များ မတွေ့ခင် အသားကုန်သွားလျှင်တော့ ပြဿနာပင်။ ကြက်မောက်သားကို ချွေတာမှ ဖြစ်တော့မည်။

"အွန်း..."

ရတနာဝက်ဝံလေးက ဟုန်ရှောင်ပေါင်၏ လက်ကို စိုက်ကြည့်ရင်း အော်လိုက်သည်။

"ထပ်စားလို့ မရတော့ဘူးလေကွာ... ဗိုက်ကားပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။"

ဟုန်ရှောင်ပေါင်က ငြင်းလိုက်၏။ သို့သော် စိတ်ထဲတွင်တော့ တွေးနေမိသည်။ အလွန်ကြာသွားလျှင်လည်း ဤကောင်လေး စိတ်မရှည် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ကြာချိန်ကို နည်းနည်းချင်း ဆွဲဆန့်ရမည်။ ယခုမှစ၍ နောက်တစ်ချောင်းကို (၁၀) မိနစ်ခြားမည်။ ဒုတိယတစ်ချောင်းကို (၂၀) မိနစ်၊ တတိယတစ်ချောင်းကို (၃၀) မိနစ်... ဤသို့လုပ်လျှင်တော့ အခြေအနေကို ထိန်းထားနိုင်မည်။

ဟုန်ရှောင်ပေါင်သည် ရတနာဝက်ဝံလေး၏ "အွန်း .. အွန်း" ဟူသော ကန့်ကွက်သံများကို လစ်လျူရှုကာ အမွေးများကို ဖြည်းဖြည်းချင်း သပ်ပေးနေလိုက်သည်။ ရတနာဝက်ဝံလေးလည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲတွင် စိတ်ချလက်ချ မှီတွယ်ကာ နေလေသည်။

နောက်ဆုံး (၁၀) မိနစ် ပြည့်သွားသည့်အချိန်ကျမှ ဟုန်ရှောင်ပေါင်က နောက်ထပ် အသားတစ်ချောင်းကို ထုတ်ပေးလိုက်၏။

"အွန်း... အွန်း... အွန်း..."

ရတနာဝက်ဝံလေးမှာ ဝမ်းသာအားရ အော်ဟစ်တော့သည်။ ယခင်ကလို ကြောက်လန့်တကြား အော်သံမျိုး မဟုတ်တော့ဘဲ ပျော်ရွှင်မြူးထူးနေသည့် အသံမျိုး ဖြစ်နေလေသည်။

ထိုသို့ဖြင့် နောက်ထပ် (၁၀) မိနစ် ကြာသွားသည့်အခါ ရတနာဝက်ဝံလေးက မျှော်လင့်တကြီး မျက်လုံးများဖြင့် ဟုန်ရှောင်ပေါင်ကို မော့ကြည့်လာပြန်သည်။ ဟုန်ရှောင်ပေါင်က မသိချင်ယောင်ဆောင်ပြီး အမွေးများကိုသာ ဆက်သပ်ပေးနေလိုက်၏။

နောက်ထပ် (၁၀) မိနစ်ခန့် ထပ်ကြာတော့မှ အသားတစ်ချောင်း ထုတ်ကျွေးလိုက်ပြန်သည်။

ဤသို့နှင့် ဟုန်ရှောင်ပေါင်တစ်ယောက် တောင်ကုန်းပေါ်တွင် ရတနာဝက်ဝံလေးကို ပိုက်ရင်း ထိုင်နေလိုက်ရာ မိုးပင်ချုပ်သွားလေတော့၏။

ထိုအချိန်တွင် ရတနာဝက်ဝံလေးမှာ ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲ၌ အိပ်ပျော်နေလေပြီ။ အိပ်နေသည့် ပုံစံကလည်း အတော်လေး လွတ်လပ်လွန်းလှသည်။ ပက်လက်လန်ပြီး ခြေပစ်လက်ပစ် အိပ်နေခြင်း ဖြစ်သည်။

ထိုအချိန်ကျမှ ဟုန်ရှောင်ပေါင် သေချာ ကြည့်ခွင့်ရတော့သည်။ ဤကောင်လေးက အထီးလေး ဖြစ်ပြီး ပေါင်ကြားထဲတွင် ဆန်စေ့ခန့်သာသာ ရှိသည့် လိင်အင်္ဂါ သေးသေးလေးလည်း ပါသေး၏။

အိပ်ပျော်သွားပြီ ဖြစ်၍ ကြက်မောက်သား ဆက်ကျွေးစရာ မလိုတော့ချေ။ အသားကုန်မည်ကို စိုးရိမ်နေရသည့် ဒုက္ခမှ ခေတ္တခဏ အနားရသွားသည်။ ဟုန်ရှောင်ပေါင်သည် ရတနာဝက်ဝံလေးကို ပွေ့ချီပြီး ဂူထဲသို့ ပြန်ဝင်ရန် ပြင်လိုက်၏။ သို့သော်ငြား ဂူဝနှင့် နီးလာလေလေ ဝက်ဝံလေးက လူးလွန့်လာလေလေ ဖြစ်နေသည်။ ဟုန်ရှောင်ပေါင် ခဏတာ မှင်သက်သွားပြီးမှ သဘောပေါက်လိုက်သည်။ ဂူဝ၌ ပုံထားသည့် မြေခွေးချေးများကြောင့် ဖြစ်မည်။ ထို့ကြောင့် ဂူထဲပြန်ဝင်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ကျောက်ခဲတစ်လုံး ကောက်ကာ ဂူထဲသို့ လှမ်းပစ်လိုက်သည်။

"ဘယ်သူလဲဟေ့"

ချန်ယုနှင့် စူထျန် တို့ နှစ်ယောက်လုံး၏ အသံက ပြိုင်တူ ထွက်လာ၏။

ဟုန်ရှောင်ပေါင်က လက်ဝှေ့ယမ်းပြလိုက်သည်။ ချန်ယုလည်း တစ်ခုခု ထူးခြားနေမှန်း သိလိုက်သဖြင့် စူထျန်နှင့်အတူ ဂူဝသို့ ဖြည်းဖြည်းချင်း ထွက်လာကြသည်။

"မောင်လေးဟုန်... ဘာဖြစ်လို့လဲ"

ဟုန်ရှောင်ပေါင်က နှုတ်ခမ်းကို လက်ညှိုးတေ့ပြီး တိုးတိုးနေရန် အမူအရာ လုပ်ပြလိုက်၏။

"အစ်ကိုတို့ အစ်မတို့ရေ... ကျုပ် ကိစ္စလေးတစ်ခု ရှိနေလို့ ညတွင်းချင်း သစ်တောနက်ထဲ ဝင်ရတော့မယ်ဗျ။ အစ်ကိုချန်ဖန် နိုးလာရင် ပြောပြပေးလိုက်ပါဦးနော်။"

"ဟင်..."

ချန်ယု အနည်းငယ် အံ့အားသင့်သွားသည်။ လူတိုင်းတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိတတ်ကြသော်ငြား ညဘက် သစ်တောနက်ထဲ ဝင်သည်ဆိုသည်မှာ အတော်လေး အန္တရာယ်များလွန်းသည် မဟုတ်ပါလား။

"မောင်လေးဟုန်... ညဘက် သစ်တောနက်ထဲ သွားတာက အရမ်း အန္တရာယ်များတယ်နော်။ တို့လို ကျင့်ကြံသူတွေက သားရဲတွေလောက် အမြင်အာရုံ မကောင်းကြဘူးလေ။ ကိုယ့်သေတွင်း ကိုယ်တူးသလို မဖြစ်စေနဲ့အုံး။"

"ဟုတ်တယ် ညီလေးဟုန်ရဲ့... ညဘက်ထွက်တဲ့ သားရဲတွေက နေ့ဘက်ထက် မလျော့ဘူး။ ပြီးတော့ ညဘက်ကျက်စားတဲ့ ကောင်တွေက စွမ်းရည် ပိုထူးဆန်းတတ်တယ်။ မိုက်မဲတဲ့အလုပ်တွေ မလုပ်ပါနဲ့ဗျာ။"

"ကျုပ် ဘာမှမဖြစ်ပါဘူးဗျာ... စိတ်မပူကြပါနဲ့။"

ဟုန်ရှောင်ပေါင်က ရယ်မောရင်း ပြောလိုက်၏။ ရင်ခွင်ထဲတွင် ဝှက်ထားသော ရတနာဝက်ဝံလေးကိုတော့ ထုတ်မပြလိုက်ချေ။ ဤအကောင်လေးကို လူတိုင်းက လိုချင်နေကြသည် မဟုတ်ပါလား။ ဤသုံးယောက်က မိမိ၏ မိတ်ဆွေများ ဖြစ်နေပြီ ဆိုသော်လည်း ဗြောင်ထုတ်ပြရန်တော့ စိတ်မကူးရဲသေးပေ။

ထို့နောက် သူတို့ကို လက်ပြနှုတ်ဆက်ကာ အမှောင်ရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

........

ဟုန်ရှောင်ပေါင် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်ယုတစ်ယောက် ပြုံးလိုက်မိ၏။

"ကြည့်ရတာ ညီလေးဟုန်မှာ ကိုယ်ပိုင်ကိစ္စတွေ ရှိပုံရတယ်။ ကဲ... ဒါဆိုလည်း ကျုပ်တို့ ပြန်အိပ်ကြစို့"

စူထျန်က ခေါင်းညိတ်ထောက်ခံလိုက်၏။ “ဟုတ်တယ်နော်... သူ့ပုံစံက တော်တော်လေး လျှို့ဝှက်ဆန်းကြယ် နိုင်တာပဲ။ ဒီမောင်လေးဟုန်က တကယ်ကို မရိုးရှင်းတဲ့လူပဲ"

ချန်ယု တွေးတောရင်း ပြောလိုက်သည်။ "အပေါ်ယံ မြင်ရတာထက် အများကြီး ပိုနက်ရှိုင်းမယ့် လူစားမျိုး"

"အင်း..."

စူထျန်ကတော့ ရတနာဝက်ဝံအကြောင်း တွေးနေပုံရ၏။

"ဝိညာဉ်ကျောက်တုံး သုံးထောင်တန်တဲ့ သံဒယ်အိုးကြီးရယ်၊ အာနိသင် အရမ်းကောင်းတဲ့ ဆေးဘက်ဝင် ဟင်းလျာတွေရယ်... မောင်လေးဟုန်က သာမန်လူတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"အမှန်ပဲ..."

ချန်ယု မျက်မှောင်ကြုတ်ပြီး စူထျန် ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း သတိထားမိလိုက်လား မသိဘူး။ မောင်လေးဟုန်ရဲ့ ခွန်အားက သွေးသားခန္ဓာ (၁) ဆင့်လောက်ပဲ ရှိတာ မဟုတ်ဘူး။ တခြားဟာတွေ ထားလိုက်အုံး၊ သွေးသားခန္ဓာ (၂) ဆင့်ရှိတဲ့ ကြက်ဖကြီးကို တစ်ချက်တည်းနဲ့ ရိုက်ချနိုင်တယ်... ငါတောင်မှ အဲဒီလို မလုပ်နိုင်ဘူး"

နှစ်ယောက်သား အပြန်အလှန် ဆွေးနွေးရင်း ဟုန်ရှောင်ပေါင်၏ သေးငယ်သော အချက်အလက်များကို ပြန်ကောက်ကာ သုံးသပ်နေကြ၏။ ပြောရင်းဆိုရင်းနှင့် ဟုန်ရှောင်ပေါင်သည် သာမန်မဟုတ်ကြောင်း ပို၍ သေချာလာသည်။

"ဟုန်သူဌေးက ခွန်အား အရမ်းကြီးတယ်ဗျ"

ရုတ်တရက် ချန်ဖန်၏ အသံ ထွက်ပေါ်လာသည်။ "အဆင့် (၁) လို့သာ ပြောတာ၊ သွေးသားခန္ဓာ (၂) ဆင့်တွေထဲမှာတောင် သူက ထိပ်တန်းပဲ"

"ညီလေး ချန်ဖန်... မင်း နိုးလာပြီလား။"

ချန်ယု ဝမ်းသာအားရ မေးလိုက်၏။ "ဘယ်လိုလဲ... အခြေအနေ ကောင်းရဲ့လား"

"ဟူး..."

ချန်ဖန်၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ လွှမ်းမိုးသွားသည်။

"ဝိညာဉ်စွမ်းအင်ကတော့ လုံလောက်ပါတယ်။ အဆင့် (၂) တက်ဖို့အထိ လုံလောက်တယ် .. ဒါပေမဲ့ ကျုပ်က ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်တဲ့နေရာမှာ ညံ့လွန်းတော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကို ဖြုန်းတီးပစ်သလို ဖြစ်သွားတယ်၊"

"ညီလေးရယ်... အရမ်း ဝမ်းနည်းမနေပါနဲ့။ နောက်ထပ် အခွင့်အရေးတွေ ရှိလာမှာပါ"

“ဟုတ်တယ်။” စူထျန် က ဝင်ရောက် နှစ်သိမ့်ပေး၏။ သို့သော် သူမလည်း သိသည်။ ဤသည်မှာ ချန်ဖန်အတွက် သူ၏ တစ်သက်တာလုံးတွင် အဆင့် (၂) သို့ တက်လှမ်းရန် အနီးစပ်ဆုံး အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ နောက်ထပ် ဤကဲ့သို့ အခွင့်အရေးမျိုး မည်သည့်အချိန်၌ ထပ်ရနိုင်မည်နည်း မသိပေ။

"ညီလေး... မင်း ဒီအခွင့်အရေးကို ဘယ်သူပေးခဲ့တာလဲဆိုတာ မမေ့နဲ့လေ။"

ချန်ယုက အဓိပ္ပာယ်ပါပါ ပြုံးရင်း ပြောလိုက်သည်။

ချန်ဖန် မှင်သက်သွားပြီး ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွား၏။ ဟုတ်ပေသည်။ ဟုန်ရှောင်ပေါင်က သူ့ကို အခွင့်အရေး တစ်ကြိမ် ပေးနိုင်ခဲ့သည်ဆိုလျှင် ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်၊ စတုတ္ထတစ်ကြိမ်လည်း ပေးနိုင်မည်သာ ဖြစ်သည်။ ဟုန်ရှောင်ပေါင် ကိုယ်တိုင် ပြောထားသည်များလည်း ရှိသေး၏။ ဆေးဘက်ဝင် ဟင်းလျာများ ရောင်းမည့် စားသောက်ဆိုင် ဖွင့်ဦးမည်ဆိုပါလား။ ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် ပေးရမည်ဆိုလျှင်တောင် သုံးလေးနှစ်ခန့် အောင့်အီး၍ ငွေစုလိုက်လျှင် ဝယ်စားနိုင်ပေမည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ချန်ဖန်၏ မျက်နှာတွင် အပြုံးပန်းများ ပြန်လည် ပွင့်လန်းလာတော့သည်။ သူ့လို ပါရမီမျိုးနှင့် ဤဘဝတွင် အဆင့် (၂) သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိသလောက် နည်းပါးသော်လည်း ယခုအချိန်တွင်တော့ လျှောက်လှမ်းရမည့် လမ်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်၏။ သူ၏ဘဝ တိုးတက်မည့် လမ်းစသည် ဟုန်ရှောင်ပေါင်ထံတွင်သာ ရှိနေသည်။

ဟုန်ရှောင်ပေါင်ကို သတိရလိုက်သည်နှင့် သူ ပြုံးလိုက်မိ၏။

"ဟုန်သူဌေးက တကယ့် လူစွမ်းလူစရှိတယ်ဗျာ .. အစ်ကိုတို့၊ အစ်မတို့ မသိကြသေးဘူးထင်တယ်။ ဟုန်သူဌေးရဲ့ အဓိက အလုပ်က ဆေးခန်းဖွင့်တာဗျ"

"ဆေးခန်း..."

ချန်ယု ပို၍ အံ့ဩသွားရသည်။ ဆေးခန်းနှင့် ဆေးဘက်ဝင်ဟင်းလျာ ဆိုသည်မှာ ဆက်စပ်မှု ရှိသလိုလိုနှင့် မတူညီကြပေ။ ဆေးဆိုသည်မှာ ရောဂါကုသရန် ဖြစ်ပြီး၊ ဆေးဘက်ဝင်ဟင်းလျာ ဆိုသည်မှာ ကျန်းမာသောသူများ အတွက် ခွန်အားတိုးပွားစေရန် ဖြစ်သည်။ လွယ်လွယ်ပြောရလျှင် ဆေးက လူမမာများအတွက်၊ ဟင်းလျာက လူကောင်းများအတွက်ပင်။

"ဟုတ်တယ်... ပြီးတော့ ဟုန်သူဌေးထုတ်တဲ့ ကြေးအနာကျက်ဆေးဆိုရင် မိုးကြိုးသံမြို့တော်မှာ အစွမ်းထက်ဆုံး အနာကျက်ဆေးပဲ။ သူ့ဆေးကို ယှဉ်နိုင်တာ တစ်ခုမှ မရှိဘူး"

All Chapters