အခန်း ၉၄
Vol. 9 Ch. 94
အခန်း (၉၄) သစ်တောနက်ထဲသို့ ဝင်ရောက်ခြင်း။
ချန်ယုနှင့် စူထျန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ နှစ်ဦးစလုံး၏ မျက်ဝန်းများထဲတွင် အံ့အားသင့် တုန်လှုပ်မှုများကို အတိုင်းသား မြင်တွေ့နေရသည်။ ချန်ဖန်သည် လမင်းပြာ တောင်တန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ ဒဏ်ရာရရှိခြင်းမှာ ထမင်းစား ရေသောက်သကဲ့သို့ ဖြစ်နေပေမည်။ ထို့ကြောင့် မည်သည့်ဆေးခန်းမှ ဆေးက မည်သို့ အစွမ်းထက်သည် ဆိုခြင်းကို သူက အသိဆုံးပင်။
လေယင်မြို့တော်တွင် သက်တမ်းရင့် နာမည်ကြီး ဆေးခန်း မည်မျှရှိကြောင်း သူတို့ နှစ်ယောက်စလုံး သိထားကြသည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ အနာကျက်ဆေးက ထိုဆေးခန်းများထက် သာလွန် ကောင်းမွန်သည် ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လား။
ချန်ဖန်က နှုတ်ခမ်းမဲ့၍ ပြုံးလိုက်ပြီး ထပ်ပြောလိုက်၏။
"ဟဲဟဲ... ဒါတင် ဘယ်ကမလဲဗျာ။ သူဌေးဟုန်ရဲ့ ဒယ်အိုးကို ဘယ်သူ လုပ်ပေးခဲ့တာလဲဆိုတာရော ခင်ဗျားတို့ သိကြလား"
စကားဝိုင်း၏ အရှိန်အရ သူတို့ နှစ်ယောက်စလုံး ဘယ်သူဖြစ်နိုင်မည်ကို မှန်းဆမိလိုက်ကြသည်။ သို့သော် ထိုအဖြေက အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလွန်းနေသဖြင့် မည်သူမျှ နှုတ်မှ ထုတ်မပြောရဲကြချေ။
"အဲဒါကိုလည်း သူဌေးဟုန် ကိုယ်တိုင်ပဲ ထုလုပ်ခဲ့တာဗျ"
ချန်ဖန်သည် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တစ်ယောက်ကဲ့သို့ မျက်ခုံးပင့်၊ မျက်လုံးပြူးဖြင့် အားပါးတရ ပြောပြလေတော့သည်။
"အဲဒီတုန်းက ခြံဝင်းထဲမှာ ကျုပ်တို့ လေယင်မြို့တော်ရဲ့ နာမည်ကြီး ပန်းပဲဆရာတွေ အကုန် ရောက်နေကြတာ။ ဆရာကြီး ကော်ယွမ်ရော၊ ဆိုင်ရှင်လီ ရော၊ ဆိုင်ရှင်ချင်ရော အကုန်ရှိတယ်။ တကယ်တမ်းက ဆရာကြီးကော်ယွမ် ကိုယ်တိုင် သူဌေးဟုန်ကို အခွင့်အရေး ပေးချင်လို့ သူ့လက်နဲ့ ကိုယ်တိုင် ဒယ်အိုးသွန်းလုပ်ပေးမယ် ပြောတာ။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ။ သူဌေးဟုန်က ခါးခါးသီးသီး ငြင်းပြီး ကိုယ့်ဘာသာ လုပ်မယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာတင် ရှိသမျှ ပန်းပဲဆရာတွေ အကုန်လုံးနဲ့ ငြိတော့တာပေါ့ဗျာ"
ချန်ဖန်က တဟားဟား ရယ်မောလိုက်ပြီး ဆက်ပြော၏။ "သိပ်မကြာလိုက်ဘူး။ မြို့ထဲက ပန်းပဲဆရာ တစ်ဝက်လောက်က သူဌေးဟုန်ရဲ့ ပြက်လုံးကို လာကြည့်ကြတာ။ ဒါပေမဲ့ ခင်ဗျားတို့ ဘာဖြစ်သွားတယ် ထင်လဲ"
ချန်ဖန်က ပေါင်ကို လက်ဖြင့် ပုတ်ပြီး အော်ပြောလိုက်သည်။
"သူဌေးဟုန် အောင်မြင်သွားတယ်ဗျ။ ဖြစ်စဉ်တွေတော့ အသေးစိတ် မပြောတော့ပါဘူး။ အဆုံးသတ်ကျတော့ ဒယ်အိုးတစ်လုံး ထွက်လာတယ်ဗျာ။ အဲဒီဒယ်အိုးထဲမှာ ဘာပါသွားလဲ သိလား"
ချန်ဖန် မျက်မှောင်ကြုတ်ပြီး စဉ်းစားနေဟန်ကိုကြည့်ရင်း ချန်ယုသည် တုန်လှုပ်စွာဖြင့် ဝင်ထောက်ပေးလိုက်၏။
"လက်နက်သွေးကြောလား"
"ဟုတ်တယ်... ဟုတ်တယ်... အဲဒါပဲ"
ချန်ဖန်က ပေါင်ကို ထပ်ပုတ်လိုက်ပြန်သည်။
"လက်နက်သွေးကြောပဲဗျ။ ကျုပ်ညီလေးက ဆိုင်ရှင်လီရဲ့ ဆိုင်မှာ အလုပ်လုပ်နေတာလေ။ သူ အကုန်သိတယ်။ ဆရာကြီးကော်ယွမ် ကိုယ်တိုင် အတည်ပြုပေးခဲ့တာတဲ့။ သာမန် သံမဏိတုံး တစ်တုံးကနေ လက်နက်သွေးကြော ပေါ်လာအောင် လုပ်ဖို့ဆိုတာ ဆရာကြီးကော်ယွမ်တောင် မလုပ်နိုင်ဘူးတဲ့ဗျ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စူထျန် ၏ မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
"ဆေးဖော်တာရော၊ လက်နက်သွန်းလုပ်တာရော၊ ဟင်းချက်တာရော... ကောင်းကင်ဘုံ .. အလုပ်သုံးခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်နေတာလား။ ပြီးတော့ တစ်ခုချင်းစီမှာလည်း ထိပ်တန်းအဆင့်တွေချည်းပဲ။ ဒါ... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
စူထျန သည် ရေရွတ်ရင်း ချန်ယုကို လှမ်းကြည့်လိုက်သည်။
"သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ မွေးတည်းက စပြီး ကျင့်ကြံလျှင်တောင် ဒီလောက်အထိ ထူးချွန်ဖို့ မဖြစ်နိုင်ဘူးလေ"
"အဲဒါကြောင့် သူက ဂိုဏ်းသားရာထူးကို စိတ်မဝင်စားတာကိုး"
ချန်ယုက ခါးသက်သက် ပြုံးလိုက်၏။ ဟုန်ရှောင်ပေါင်သည် သူ ဂိုဏ်းသားဖြစ်လာမည်၊ မဖြစ်လာမည်ကို အဘယ့်ကြောင့် စိုးစဉ်းမျှ သံသယမရှိဘဲ ယုံကြည်မှု အပြည့်ရှိနေရသနည်း ဆိုသည့် အကြောင်းအရင်းကို ယခုမှ နားလည်လိုက်၏။
"လေယင်မြို့တော်မှာ နောက်ထပ် ပါရမီရှင် ဘီလူးတစ်ကောင် ပေါ်လာပြန်ပြီ ထင်ပါရဲ့"
ထိုသို့ ပြောပြီးသည်နှင့် ချန်ယု၏ မျက်လုံးများ အရောင်လက်သွား၏။ "မဖြစ်ဘူး... ဒီလို ပါရမီရှင်မျိုးကို ငါတို့ စားဖိုဆောင်က မဖြစ်မနေ အရခေါ်ရမယ်"
........
"လမ်းက သိပ်မကောင်းပါလား"
ရှောင်ပေါင် ညည်းတွားလိုက်သည်။ နှစ်နာရီခန့် လမ်းလျှောက်လာပြီးသည့်နောက် သစ်တောနက်နှင့် ပိုမို နီးကပ်လာလေပြီ။ သစ်တောနှင့် နီးလာလေလေ မြေသားက ပျော့အိလာလေလေ ဖြစ်၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးထဲသို့ ကျွံဝင်သွားတော့မလို ခံစားနေရသည်။
ထို့ပြင် အပင်များ၏ အရောင်သည်လည်း ရင့်လာပြီး ပုပ်သိုးနံ့ကဲ့သို့ အနံ့အသက်များက နှာခေါင်းထဲသို့ တိုးဝင်လာ၏။
"အဘိုးရေ... ကြည့်ရတာ နည်းနည်း ကြောက်စရာ ကောင်းလာသလိုပဲဗျ။ ကျုပ်တော့ လန့်လာပြီနော်"
ရှောင်ပေါင်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သိပ်သည်းလွန်းလှသော သစ်ကိုင်း၊ သစ်ရွက်များက ကောင်းကင်တစ်ခုလုံးကို လုံခြုံအောင် ဖုံးအုပ်ထားသဖြင့် ကြယ်ရောင်ကို ရေးရေးလေးမျှသာ မြင်တွေ့ရသည်။ သူ့အနေဖြင့် အမှောင်ထဲတွင် အတိုင်းအတာ တစ်ခုထိ မြင်နိုင်စွမ်း ရှိသေးသော်လည်း သာမန်လူများအတွက် ဆိုလျှင် ဤနေရာသည် လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရနိုင်လောက်အောင် မှောင်မိုက်နေပေလိမ့်မည်။ အကယ်၍များ သားရဲတစ်ကောင်ကောင်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့လျှင် အကြီးအကျယ် နစ်နာပေလိမ့်မည်။
"မင်း ဘာနားလည်လို့လဲ သောက်ချီး…။"
ယင်းကျိုယိုက အားမနာတမ်း ဆဲဆိုလေတော့သည်။ "ညဘက်မှာ သားရဲတွေ ထွက်တာတော့ မှန်တယ်။ ဒါပေမဲ့ မှတ်ထား... ညဘက်မှ အပြင်ထွက်တဲ့ကောင်တွေ ဆိုတာ နေ့ဘက်မှာ တခြားကောင်တွေကို မယှဉ်နိုင်လို့ ညဘက်ထွက်ရတဲ့ ကောင်တွေပဲ။ သူတို့က သဘာဝအရကို အားနည်းတယ်။ ပြီးတော့ ညဘက်မှာ အပင်စားတဲ့ သတ္တဝါတွေ နည်းတာကြောင့် အသားစားတဲ့ သတ္တဝါတွေလည်း နည်းသွားရော။ ဒါကြောင့် တောအုပ်တစ်ခုလုံးက နေ့ဘက်ထက်စာလျှင် အများကြီး ပိုငြိမ်သက်နေတတ်တယ်... သဘောပေါက်လား"
"ပေါက်ပြီ... ပေါက်ပြီ"
ရှောင်ပေါင် ရယ်မောလိုက်၏။ အဘိုး၏ စကားကို မှတ်သားလိုက်ပြီး ချီးကျူးလိုက်၏။ "အဘိုးကတော့ တကယ့် ဆရာကြီးပါပဲ... ကျုပ်ရဲ့ အဘိုးက သာမန်မှတ်နေတာ၊ စော်ကားလို့ မရဘူးဟေ့"
"ဒါပေါ့ကွာ။"
ယင်းကျိုယိုက ကျေနပ်စွာ ပြောလိုက်သည်။ "ကဲ... သွား၊ သွား... မြန်မြန် လျှောက်စမ်းပါ"
ထိုအချိန်တွင် ရတနာဝက်ဝံလေးသည် အိပ်ရေးဝသွားပုံ ရ၏။ မျက်လုံးကို ပွတ်သပ်ရင်း နိုးထလာသည်။ ရှောင်ပေါင်က အသားမျှောင်းလေး တစ်ခုကို ထုတ်ကျွေးလိုက်ပြီး ဝက်ဝံလေး၏ ခေါင်းပေါ်ရှိ ဆံပင်မဲမဲလေးကို ပွတ်သပ်ပေးလိုက်သည်။
"ကဲ... ငါ့ကောင်လေး၊ မင်း ဆံပင်ကို ဒီလိုပုံစံ ဖြစ်အောင် လုပ်ပေးတဲ့အရာက ဘယ်နားမှာ ရှိတာလဲကွ"
"အွန်း... အွန်း... အွန်း... အွန်း" ရတနာဝက်ဝံလေးက ပြန်ဖြေ၏။
"... ဒီလေသံကို နားထောင်ရတာ ဒေသခံ မဟုတ်ဘူး ထင်တယ်"
ရှောင်ပေါင် စိတ်ပျက်သွားသည်။ ဘာသာစကား အခက်အခဲ ရှိနေသည် မဟုတ်ပါလား။ သူသည် ချက်ချင်းပင် ယင်းကျိုယိုဘက်သို့ လှည့်လိုက်၏။
"အဘိုး... ဒါကို ဘယ်လို ရှင်းရမလဲ .. ကျုပ်ကို ကူညီပါအုံး။"
"ဝိညာဉ်စာချုပ် ချုပ်ထားမယ် ဆိုရင်တော့ သူပြောတာကို ခန့်မှန်းလို့ ရတာပေါ့။ အခုတော့ ကိုယ်ဟန်အမူအရာ နဲ့ပဲ ဆက်သွယ်ရတော့မှာပဲ"
ယင်းကျိုယိုက ပြောလိုက်သည်။ "ဒါပေမဲ့ ဒီအကောင်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် သုံးလေးရက်လောက် ရှင်းပြမှ နားလည်မယ့်ပုံပဲ။ ဒီတော့... မင်း ကြာနက်ပန်း ပုံကို ဆွဲပြလိုက်ကွာ"
"ဟုတ်သားပဲ... ဘာလို့ မတွေးမိပါလိမ့်"
ရှောင်ပေါင် ဝမ်းသာသွားသည်။ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဓားမြှောင်ဖြင့် ဘေးနားရှိ သစ်ပင်တစ်ပင်၏ အခေါက်ကို ခွာလိုက်၏။ ထို့နောက် သစ်ခေါက်ပေါ်တွင် ပုံစဆွဲလေတော့။
ခုနစ်လွှာ ကြာနက်ပန်းကို အဘိုးက အကြိမ်ကြိမ် ပြသထားဖူးသဖြင့် ရှောင်ပေါင်သည် ပုံစံတကျ ရေးဆွဲနိုင်သည်။ ပုံဆွဲပြီးသည်နှင့် ရတနာဝက်ဝံလေးကို ပုံရှေ့သို့ မလိုက်၏။
"သေချာကြည့်စမ်း... ဒီအပင် ဘယ်မှာရှိလဲ"
"အွန်း... အွန်း... အွန်း... အွန်း"
ရတနာဝက်ဝံလေးက ကြာနက်ပန်းပုံကို လက်ညှိုးထိုးရင်း အော်ဟစ်ကာ လက်ဟန်ခြေဟန်ဖြင့် တစ်စုံတစ်ခုကို အသည်းအသန် ပြောပြနေသည်။
"ဘာသာစကား အခက်အခဲက ရှိနေတုန်းပါလား"
ရှောင်ပေါင် မျက်မှောင်ကြုတ်လိုက်မိ၏။ လက်ရှိ အကောင်းဆုံး နည်းလမ်းမှာ ဝက်ဝံလေးကို အောက်ချပေးလိုက်ပြီး ရှေ့ကနေ လမ်းပြခိုင်းရန်ပင်။ သို့သော်ငြား ရှောင်ပေါင် စိတ်မချနိုင်ဖြစ်နေသည်။ အကယ်၍များ ဝက်ဝံလေးက လှစ်ခနဲ ထွက်ပြေးသွားလျှင် ဘယ်လိုလုပ်မည်နည်း။
စဉ်းစားပြီးနောက် ရှောင်ပေါင်သည် ကြာနက်ပန်းပုံကို လက်ညှိုးထိုးလိုက်ပြီး ဦးတည်ရာ တစ်ဖက်ကို လက်ညှိုး ထိုးပြလိုက်သည်။
"ဒီဘက်မှာလား"
"အွန်း... အွန်း... အွန်း... အွန်း... အွန်း"
အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း အဖြေက ဤပုံစံအတိုင်းပင် ဖြစ်နေ၏။
ယင်းကျိုယိုက တကျွတ်ကျွတ် စုပ်သပ်ပြီး ပြောလိုက်သည်။ "ဒီလောက် အ, တဲ့ ရတနာဝက်ဝံမျိုးတော့ ငါ ဒီတစ်ခါပဲ မြင်ဖူးတယ်"
ဤနည်းလမ်းကလည်း အလုပ်မဖြစ်ဘူးလား။
ရှောင်ပေါင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထို့နောက် နောက်ထပ် ဦးတည်ရာ တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်ပြန်၏။ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက်တွင်မှ ရတနာဝက်ဝံလေးက ရှောင်ပေါင်၏ ဆိုလိုရင်းကို နားလည်သွားပုံရသည်။ ရုတ်တရက် အသံထွက်လာ၏။
"အွန်း..."
ပြောရင်းနှင့် ကြာနက်ပန်းပုံကို လက်ညှိုးထိုးလိုက်၊ ဦးတည်ရာ တစ်ဖက်ကို လက်ညှိုးထိုးပြလိုက် လုပ်နေသည်။
ရှောင်ပေါင် ဝမ်းသာသွား၏။ ရတနာဝက်ဝံလေး၏ စကားကို ယုံကြည်၍ ရ၊ မရ မသေချာသော်လည်း သူ၏အနေဖြင့် ယုံကြည်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ထို့ကြောင့် ရတနာဝက်ဝံလေး ညွှန်ပြသည့် လမ်းအတိုင်း တစ်လှမ်းချင်း လျှောက်လှမ်းရင်း သစ်တောနက်ထဲသို့ တိုးဝင်သွားသည်။
လမ်းလျှောက်လာရင်းနှင့် သစ်တောသည် ပိုမို နက်ရှိုင်းလာသည်။ ရှောင်ပေါင်၏ အမြင်အာရုံသည်လည်း တဖြည်းဖြည်း ဝေဝါးလာ၏။
ထို့အပြင် ရတနာဝက်ဝံလေး ညွှန်ပြနေသည့် နေရာများက ချုံပုတ်များ၊ ဆူးခြုံများ ဖြစ်နေသဖြင့် မိုင်ဝက်ခန့် လျှောက်ပြီးသည့် အချိန်တွင် ရှောင်ပေါင်၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်ကုန်လေပြီ။ သူသာ အရေထူထူ မရှိခဲ့လျှင် ယခုလောက်ဆို သွေးသံရဲရဲ ဖြစ်နေလောက်ပြီ ဖြစ်သည်။
"ဟူး........"
ရုတ်တရက် ရှည်လျားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ဇီးကွက်အော်သံနှင့် တူသလို၊ အခြား သတ္တဝါတစ်ကောင်ကောင်၏ အသံနှင့်လည်း တူနေ၏။
"ဟူး... ဟူး... ဟူး... ဟူး... ဟူး"
ရှောင်ပေါင် ထိတ်လန့်သွားသည်။ သို့သော်ငြား ရတနာဝက်ဝံလေးက ပို၍ ကြောက်လန့်နေပုံရ၏။ ရှောင်ပေါင်၏ ရင်ခွင်ထဲမှ ခုန်ထွက်ပြီး တစ်ကောင်တည်း ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော်ငြား ရှောင်ပေါင်က လှမ်းဖမ်းချုပ်လိုက်သဖြင့် အတင်းအကြပ် ရုန်းကန်အော်ဟစ်ပြီး ဦးတည်ရာ တစ်ဖက်ကို လက်ညှိုးထိုးပြလေတော့သည်။
"အွန်း... အွန်း... အွန်း... အွန်း... အွန်း"