← Chapters

အခန်း ၉၅

Vol. 9 Ch. 95

အခန်း ၉၅

Vol. 9 Ch. 95

အခန်း (၉၅) အိပ်မက်ဆန်သော နေရာလေး

ရှောင်ပေါင်သည် ရတနာဝက်ဝံလေး ညွှန်ပြသည့် နေရာသို့ ချက်ချင်းပင် လှည့်ပြေးတော့သည်။

"အဘိုး... ခုနကကောင်က ဘာကောင်ကြီးလဲဗျ။ ရတနာဝက်ဝံလေးတောင် ဒီလောက် ကြောက်နေရတာ မြေးသိချင်လို့။"

"ဒီလိုအသံမျိုး ထွက်တဲ့ သားရဲတွေကတော့ အများကြီး ရှိတာပေါ့... ဒါပေမဲ့ အဖြစ်နိုင်ဆုံးကတော့ ခရမ်းရောင်မျက်လုံး ပိုင်ရှင် မျောက်ဝံပဲ နေမှာပေါ့ကွာ။ သွေးသားခန္ဓာ အဆင့် (၄) လောက်တော့ ရှိတယ်ကွ။"

"ဟာ... အဆင့် (၄) ဟုတ်လား... သေပါပြီဗျာ... ပြေးမှ ပြေးမှ"

ရှောင်ပေါင်သည် အသက်လုပြေးသည့် စနစ်ကို ချက်ချင်း ဖွင့်လိုက်တော့၏။ ရတနာဝက်ဝံလေး ညွှန်ပြသည့် လမ်းအတိုင်း တရကြမ်း ပြေးလွှားရင်း သစ်ပင်ပေါ် ခုန်တက်လိုက်၊ မြေပြင်ပေါ် ခုန်ဆင်းလိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။

ကံကောင်းသည်မှာ ထိုမျောက်ဝံကြီးက လိုက်ဖမ်းရန် စိတ်ကူးမရှိပုံရ၏။ ရှောင်ပေါင် ဝေးရာသို့ ရောက်သွားသည်နှင့်အမျှ ထိုအသံဆိုးကြီးသည်လည်း တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။

"အို... ကောင်းကင်ဘုံ..."

ရှောင်ပေါင်သည် ရင်ဘတ်ကို ဖိရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ "ငါ့လိုလူသာ ဒီတောထဲမှာ နေရလျှင် ကြာရင် နှလုံးရောဂါနဲ့ သေမှာ သေချာတယ်"

"ဒီလောက်လေးနဲ့များကွာ... သွေးသားခန္ဓာ အဆင့် (၄) လေးပါကွ။"

ယင်းကျိုယိုက ဒေါသတကြီး ဆူပူလိုက်၏။ "ငါ့ရဲ့ ဆက်ခံသူက သွေးသားခန္ဓာ အဆင့် (၄) လောက်ရှိတဲ့ သားရဲလေးကို ကြောက်နေရတယ်လို့"

"ဟာ... မဟုတ်ပါဘူး အဘိုးရ … မကြောက်ပါဘူး"

ရှောင်ပေါင်က ချက်ချင်း ခေါင်းခါငြင်းလိုက်၏။ "တကယ်တော့ အဘိုးသာ တားမထားလျှင် အဲဒီမျောက်ဝံကို ကျုပ် သွားရှင်းပစ်လိုက်ပြီ"

"ငါက မင်းကို ဘယ်အချိန်တုန်းက တားလိုက်လို့လဲ" ယင်းကျိုယို ဒေါသ ပိုထွက်သွားသည်။

"ထားလိုက်ပါတော့ အဘိုးရယ်... အဲဒါထက် ခုနစ်လွှာ ကြာနက်ပန်းက ဘယ်နားမှာလဲဗျ။"

ရှောင်ပေါင် စကားလမ်းကြောင်းကို အတင်း လွှဲလိုက်သည်။ စကားလမ်းကြောင်း လွှဲပုံက အတော်လေး အချိုးမပြေလှသော်လည်း ယင်းကျိုယိုက သဘောထားကြီးသူ ပီပီ ဆက်မပြောတော့ဘဲ ခွင့်လွှတ်ပေးလိုက်၏။

ဤတစ်ကြိမ်တွင် ရှောင်ပေါင်က သစ်ခေါက်တစ်ခုကို ခွာယူပြီး ကြာနက်ပန်းပုံ ဆွဲပြလိုက်ပြန်သည်။ ရတနာဝက်ဝံလေးက ပုံကို တစ်ချက်ကြည့်ပြီး ဦးတည်ရာ တစ်ဖက်ကို လက်ညှိုးထိုးပြပြန်သည်။

ထိုလမ်းအတိုင်း ဆက်လျှောက်လာခဲ့ရာ ယင်းကျိုယိုနှင့် ရတနာဝက်ဝံလေးတို့၏ အကူအညီကြောင့် ရှောင်ပေါင်သည် သူ့ထက် အစွမ်းထက်သော သားရဲများကို အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့၏။ စမ်းချောင်းလေး တစ်ခုကို ဖြတ်ကူးစဉ်က ယင်းကျိုယို တုံခနဲ ရပ်သွားပြီး ရေအောက်တွင် အဖိုးတန်ပစ္စည်း တစ်ခုရှိကြောင်း ပြောပြခဲ့သေးသည်။ မေးကြည့်လိုက်တော့ ဝိညာဉ်ကျောက်တုံး (၂၀) ခန့် တန်ကြေးရှိသော သားရဲဝိညာဉ် တစ်ခု ဖြစ်နေ၏။ ခဏလောက် ဆင်းငုပ်ပြီး ယူလိုက်လျှင် ကောင်းမလားဟု တွေးမိသော်လည်း လက်ထဲတွင် ရတနာဝက်ဝံလေးကို ပွေ့ထားရသည် မဟုတ်ပါလား။ ယခုအချိန်တွင် ကြာနက်ပန်း ရှာဖွေရေးက အရာရာထက် အရေးကြီးနေသဖြင့် ရှောင်ပေါင်သည် မျက်ရည်စက်လက်ဖြင့် ထိုရတနာကို စွန့်လွှတ်ခဲ့ရ၏။

ထိုသို့ လျှောက်လာရင်း ရှောင်ပေါင်သည် (၅) မိုင်ခန့် ခရီးပေါက်ခဲ့လေပြီ။

ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျနေပြီး မြေပြင်တွင်လည်း ဆွေးမြေ့နေသော သစ်ရွက်များ ထူထပ်စွာ ဖုံးလွှမ်းလျက် ရှိသည်။ လမ်းတွင် ရှောင်ပေါင်သည် သစ်ရွက်ဆွေးများ ဖုံးနေသော ရွှံ့အိုင်များထဲသို့ မတော်တဆ ခြေကျွံကျခဲ့သေး၏။ ကံကောင်းသည်မှာ ရွှံ့အိုင်မှာ သိပ်မနက်ခြင်းပင်။ နောက်ပိုင်းတွင် အတွေ့အကြုံ ရသွားသဖြင့် ပိုမို သတိထားလာသောကြောင့် မည်သည့်ပြဿနာမှ မရှိတော့ချေ။

ထိုအချိန်တွင် သူ၏ရှေ့မှောက်၌ မတ်စောက်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခု ပေါ်လာ၏။ ကမ္ဘာမြေကြီးကို ထက်ပိုင်းခွဲထားသကဲ့သို့ပင်။

ချောက်ကမ်းပါး၏ အဆုံးတစ်ဖက်သည် မီတာတစ်ရာခန့် ဝေးကွာပြီး နောက်တစ်ဖက်ကမူ တောင်နံရံထဲသို့ ထိုးဖောက်ဝင်ရောက်သွားခြင်း ဖြစ်သည်။ ချောက်ကမ်းပါး၏ အောက်ခြေတွင်တော့ အပုပ်နံ့များ ထွက်နေသော ရေမည်းမည်းကြီးများ ရှိနေပြီး အတော်လေး နက်မည့်ပုံ ပေါက်နေသည်။

ရှောင်ပေါင် အနည်းငယ် အံ့အားသင့်သွားပြီး ရတနာဝက်ဝံလေးကို မေးလိုက်၏။ "ကြာနက်ပန်းက ဒီနေရာမှာလား"

"အွန်း... အွန်း... အွန်း... အွန်း"

ဘာသာစကားက နားမလည်ပြန်ချေ။ ရှောင်ပေါင် အကူအညီ တောင်းရတော့သည်။ "အဘိုး... ကြာနက်ပန်းက ဒီလိုနေရာမျိုးမှာများ ပေါက်တတ်လို့လား။"

"ကြာနက်ပန်းက စိုစွတ်ပြီး ညစ်ပတ်တဲ့နေရာကို ကြိုက်တယ်။ ဒီနေရာမှာ ရှိနိုင်ခြေ များတယ်"

"ဒါတော့ မလွယ်ပါလား"

ရှောင်ပေါင် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤချောက်ကမ်းပါးက မတ်စောက်လွန်းသည်။ အောက်ရောက်လျှင် ရေဆင်းကူးရမည့်ပုံပင်။ ရှောင်ပေါင် ရေကူးတတ်သည် ဆိုသော်ငြား ဤကဲ့သို့ မည်းနက်ပြီး အပုပ်နံ့ထွက်နေသော ရေမျိုးကိုတော့ မည်သူမျှ ဆင်းကူးချင်မည် မဟုတ်ချေ။ ပိုဆိုးသည်မှာ ရေထဲဆင်းမည် ဆိုလျှင် သူ၏ ကျောပိုးအိတ်ထဲက ဒယ်အိုးများ၊ ပန်းကန်များကိုပါ သယ်သွား၍ မဖြစ်တော့ခြင်းပင်။

"မင်းသဘောလေ... မဆင်းချင်ရင်လည်း ပြန်ကြတာပေါ့ကွာ။"

ယင်းကျိုယိုက အေးစက်စွာ ပြောလိုက်သည်။

ရှောင်ပေါင် မျက်နှာငယ်လေး ဖြစ်သွားပြီး အောက်ဆင်းရန် လမ်းရှာရတော့၏။ အထက်အောက် မီတာတစ်ရာခန့် လှည့်ပတ်ကြည့်ပြီး ဟိုဘက်ကမ်းခုန်ကူးလိုက်၊ ဒီဘက်ကမ်း ပြန်ခုန်ကူးလိုက်နှင့် ခြေချစရာ နေရာရှာသော်လည်း နောက်ဆုံးတွင် လမ်းပိတ်သွားသည်။ ရေထဲ ဆင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ရှောင်ပေါင် သက်ပြင်းချလိုက်ပြီး လုံခြုံစိတ်ချရမည့် နေရာတစ်ခု ရှာကာ ကျောပိုးအိတ်ကို ဝှက်ထားလိုက်သည်။ ပြီးနောက် အိတ်ထဲမှ ဆေးဖက်ဝင်အပင်များကို ထုတ်ယူပြီး အခြားနေရာတစ်ခုတွင် သွားဝှက်လိုက်၏။

အကြောင်းမှာ ဆေးဖက်ဝင်အပင်များ၏ အနံ့ကြောင့် နှာခေါင်းအာရုံခံကောင်းသော သားရဲများ ရောက်လာပြီး မွှေနှောက်သွားနိုင်သောကြောင့် ဖြစ်သည်။

သံဒယ်အိုးကြီးကိုတော့ သားရဲများ စိတ်ဝင်စားမည် မဟုတ်ချေ။ ဆေးပင်များ ဆုံးရှုံးလျှင် ဆုံးရှုံးပါစေ၊ သူ၏ အသက်တမျှ တန်ဖိုးထားရသော ဒယ်အိုးကြီးပါ ပါသွားမည့် အရေးကိုတော့ အဖြစ်မခံနိုင်ချေ။

ထိုကိစ္စများ ပြီးသောအခါ ရတနာဝက်ဝံလေးကို ခေါင်းပေါ်တင်ပြီး ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။

ရေထဲ ရောက်သည်နှင့် နှာခေါင်းထဲသို့ အော်ဂလီဆန်စရာ ကောင်းလှသော အပုပ်နံ့ကြီးက အတင်း တိုးဝင်လာ၏။ ကံကောင်းစွာဖြင့် ရှောင်ပေါင်သည် မိမိခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်သဖြင့် အနံ့ခံအာရုံကို ယာယီ ပိတ်ထားလိုက်ကာ ပျို့အန်ချင်စိတ်ကို ထိန်းချုပ်လိုက်နိုင်၏။

ရှောင်ပေါင် စိတ်ညစ်နေသလောက် ရတနာဝက်ဝံလေးကမူ ပျော်ရွှင်နေသည်။ ရှောင်ပေါင်၏ ခေါင်းပေါ်တွင် မတ်တတ်ရပ်ကာ ဘယ်ညာ ဆံပင်များကို တစ်ဖက်တစ်ဆုပ်စီ ဆွဲကိုင်ထားသည်မှာ မြင်းဇက်ကြိုးကို ကိုင်ထားသည်နှင့် တူနေသည်။

ရှောင်ပေါင် ဒေါသထွက်သွား၏။

"ဟေ့ကောင်... မင်းက ငါ့ကို မြင်းမှတ်နေတာလား။"

"အွန်း... အွန်း... အွန်း... အွန်း"

ရတနာဝက်ဝံလေးက အလွန် စိတ်လှုပ်ရှားနေပြီး ခြေထောက်တိုလေးများဖြင့် ရှောင်ပေါင်၏ ခေါင်းကို တဘုန်းဘုန်း ကန်ကျောက်နေတော့သည်။

"ပြီးရော... ပြီးရော... ဒီအချိန်မှာ မင်းက ဆရာကြီးပါ"

ရှောင်ပေါင် အရှုံးပေးလိုက်ရ၏။ ရတနာဝက်ဝံလေး၏ စီးတော်ယာဉ် သို့မဟုတ် လူသားစစ်သည်တော် အဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ရန် လက်ခံလိုက်ရ၏။

"ဘယ်သွားမှာလဲ"

တကယ်တော့ မေးနေစရာပင် မလိုချေ။ ရေလမ်းကြောင်းက တစ်လမ်းတည်းသာ ရှိသည် မဟုတ်ပါလား။ ထိုသို့ဖြင့် လူတစ်ယောက်နှင့် ဝက်ဝံတစ်ကောင်သည် ရေလမ်းကြောင်းအတိုင်း ရှေ့သို့ တဖြည်းဖြည်း ကူးခတ်သွားကြသည်။ လမ်းတွင် ရေမည်းကြီးထဲမှ ငါးကြီးတစ်ကောင်လောက် ရှိမည့် အရာတစ်ခုက ရေပွက်ကြီး ထအောင် လူးလွန့်လိုက်သဖြင့် ရှောင်ပေါင် ထိတ်လန့်သွားပြီး အော်ကာ ထွက်ပြေးရန် ပြင်လိုက်သေးသည်။

သို့သော်ငြား အဘိုးရော၊ ဝက်ဝံလေးပါ ဘာမျှမတုံ့ပြန်သည်ကို သတိပြုမိလိုက်သည်။ ကြည့်ရတာ အန္တရာယ်ရှိမည့်ကောင် မဟုတ်လောက်ပေ။

သူထင်သည့်အတိုင်းပင်။ အဘိုး ပြောပြချက်အရ ထိုအကောင်မှာ အဆင့် (၁) သားရဲ နှုတ်ခမ်းမွှေးရှည် ငါးမဲကြီး ဖြစ်ပြီး အလွန်အေးဆေးသော သတ္တဝါမျိုး ဖြစ်သည်။ ရေထဲရှိ ဆွေးမြေ့နေသော အပင်အမြစ်များကိုသာ စားသောက်တတ်သည်။

"နှုတ်ခမ်းမွှေးရှည် ငါးမဲကြီးဆိုတာ ဖမ်းရလွယ်တယ်။ ဒီလိုအကောင်မျိုး ရေထဲမှာ ရှင်သန်နေနိုင်တယ် ဆိုတည်းက ဒီရေထဲမှာ အသားစား ငါးရိုင်းတွေ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"

ရှောင်ပေါင် ခေါင်းညိတ်လိုက်ပြီး ထိုဗဟုသုတကို မှတ်သားထားလိုက်သည်။ အချိန်အတော်ကြာ ကူးခတ်ပြီးနောက် လူနှင့် ဝက်ဝံတို့သည် တောင်နံရံ အောက်ခြေရှိ လိုဏ်ဂူပေါက်ကြီးထဲသို့ ရောက်ရှိလာကြ၏။ ရေမည်းများက တောင်အောက်သို့ စီးဝင်သွားခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်သောအခါ ရေစီးက ယခင်လို မငြိမ်သက်တော့ချေ။ ဝုန်းဝုန်း ဒိုင်းဒိုင်း မြည်သံများကိုပါ သဲ့သဲ့ ကြားနေရသည်။ ရှောင်ပေါင်သည် ရေစီးနှင့်အတူ မြေအောက်ထဲ မျောပါသွားမည်ကို စိုးရိမ်သဖြင့် သတိကို တင်းထားလိုက်သည်။

သို့သော်ငြား ခဏအကြာတွင် ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ သူ ရောက်ရှိနေသော နေရာသည် အလွန်တရာ အိပ်မက်ဆန်သော နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုနေရာသည် ကြီးမားကျယ်ဝန်းလှသော လိုဏ်ဂူကြီးတစ်ခု ဖြစ်သည်။ မည်မျှ ကျယ်ဝန်းသနည်း ဆိုလျှင် သုံးထပ်တိုက် သုံးလေးလုံးခန့် ထည့်ဆောက်ထား၍ ရလောက်၏။ လိုဏ်ဂူ၏ မျက်နှာကြက်တွင် အလင်းရောင် ထွက်နေသော ရေညှိများ ပေါက်ရောက်နေပြီး၊ နံရံများပေါ်တွင်လည်း မီးမှုန်များ ဖြူးထားသကဲ့သို့ တောက်ပနေသော အရာများ ကပ်ငြိနေသည်။

ရေမည်းများသည် လိုဏ်ဂူ၏ ဧရိယာ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ ဖုံးလွှမ်းထားပြီး ကျန်နေရာများမှာ ကုန်းမြေဖြစ်၏။ ရေပြင်ပေါ်တွင် လိုဏ်ဂူမျက်နှာကြက်မှ အလင်းရောင်များ အရိပ်ထင်ဟပ်နေသဖြင့် တစ်ချက်ကြည့်လိုက်လျှင် လိုဏ်ဂူကြီးက စက်လုံးပုံသဏ္ဌာန် ဖြစ်နေသယောင် ထင်ရ၏။

"ဝိုး... ဒီနေရာက တကယ့်ကို အိပ်မက်ဆန်လိုက်တာ"

ရှောင်ပေါင် တအံ့တဩ ရေရွတ်လိုက်မိသည်။

"အွန်း... အွန်း... အွန်း"

ရတနာဝက်ဝံလေးက ကုန်းမြေဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

ရှောင်ပေါင် ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ဤရေပုပ်ကြီးထဲမှ တက်ရတော့မည် မဟုတ်ပါလား။ ချက်ချင်းပင် ကုန်းပေါ်သို့ တက်လိုက်သည်။

ကုန်းပေါ်ရောက်တော့ ဝက်ဝံလေးက လိုဏ်ဂူ၏ အတွင်းပိုင်းသို့ လက်ညှိုးထိုးပြပြန်သည်။ ရှောင်ပေါင်သည် သတိကြီးကြီးထားပြီး တစ်လှမ်းချင်း လျှောက်လှမ်းလိုက်သည်။ လိုဏ်ဂူထဲရှိ မြေပြင်အနေအထားက ရှုပ်ထွေးလွန်း၏။ မြေပြင်က မညီညာသလို လိုဏ်ခေါင်းလမ်းခွဲများလည်း အများကြီး ရှိနေသည်။ တချို့လမ်းများက ဒေါင်လိုက် အောက်စိုက်သွားသလို၊ တချို့လမ်းများက မျက်နှာကြက်မှာ ပေါက်နေသည်။

ဘယ်ကွေ့လိုက်၊ ညာကွေ့လိုက်ဖြင့် လိုဏ်ခေါင်းငယ်လေး တစ်ခုထဲသို့ ဝင်ရောက်လာခဲ့ရာ ရှောင်ပေါင်၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တဖြည်းဖြည်း မြင့်တက်လာ၏။

အဘယ်ကြောင့်ဆိုသော် အလင်းရောင်ပေးနေသော ရေညှိများက တဖြည်းဖြည်း နည်းပါးလာသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ကောင်က စားသောက်ထားခြင်းများလား။

All Chapters