အခန်း ၉၆
Vol. 9 Ch. 96
အပိုင်း (၉၆) ဆက်တူးလိုက်စမ်း။
ယင်းကျိုယိုက ဝမ်းသာအားရ ပြောလိုက်၏။ "ဒီနားလောက်မှာပဲ ဖြစ်ရမယ်။ ခုနစ်လွှာကြာပန်းနက်က သိပ်ကို အာဏာပြင်းတဲ့အရာပဲ။ သူရှိနေတဲ့နေရာဝန်းကျင်မှာ အခြားအပင်တွေ တစ်ပင်မှ အသက်မရှင်နိုင်ကြဘူး။"
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်သည်။ "အစွမ်းထက်လိုက်တာ ... သိပ်အစွမ်းထက်တာပဲ။"
ထိုအချက်က အဘိုး၏ စရိုက်လက္ခဏာနှင့် တထပ်တည်း တူညီမနေပေဘူးလား။
ခြေလှမ်းအနည်းငယ် ဆက်လျှောက်၍ အကွေ့တစ်ခုကို ကျော်လွန်သွားချိန်မှာတော့ ဟုန်ရှောင်ပေါင်တစ်ယောက် ဒုက္ခဆင်းရဲကြီးစွာဖြင့် ကြိုးစားရှာဖွေခဲ့ရသည့် ခုနစ်လွှာကြာပန်းနက်ကို အဆုံးသတ်တွင် တွေ့မြင်လိုက်ရ၏။
အလင်းရောင် တောက်ပနေခြင်းမျိုး မရှိပေ။ မီးခိုးငွေ့များ ထွက်ပေါ်နေခြင်းမျိုးလည်း မရှိချေ။ ၎င်းက ဖန်သားမည်းကဲ့သို့ ပုံပန်းသဏ္ဌာန်ရှိသော ကြာပန်းတစ်ပွင့်မျှသာ ဖြစ်သည်။ လက်မှုအနုပညာ ပစ္စည်းတစ်ခုကဲ့သို့ လှုပ်ရှားမှု ကင်းမဲ့စွာ ငြိမ်သက်နေသည်။
ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ "ဟား ဟား ... တွေ့ပြီကွ ... တွေ့ပြီ။"
ဟုန်ရှောင်ပေါင်သည် မြှားတစ်စင်းကဲ့သို့ အလျင်အမြန် ခုန်တက်သွားခဲ့သည်။ ခုနစ်လွှာကြာပန်းနက်၏ ဘေးတွင် ထိုင်ချလိုက်ပြီးနောက် အနည်းငယ် ကြက်သေ,သေသွားခဲ့ရ၏။ ကြာပန်းဖတ်တစ်ခုအပေါ်တွင် အပေါက်ငယ် တစ်ခု ဖြစ်နေပြီး ဘေးဘက်၌ သေးငယ်သော သွားရာလေးများ ရှိနေခဲ့သည်။ ထိုသွားရာ၏ အရွယ်အစားကို ကြည့်ရှုပြီးနောက် ဟုန်ရှောင်ပေါင်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။
ရတနာဝက်ဝံကို အထင်အမြင်သေးစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "မင်း လက်ချက်မလား။"
ယင်းကျိုယိုက ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ "ဟား ဟား ဟား ဟား ဟား ဟား ... ဒီရတနာဝက်ဝံက ဘာလို့ ဒီလောက်တောင် တုံးအနေရတာလဲ ဆိုတာ မဆန်းတော့ဘူးပဲ။ သေတာ ရှင်တာကိုတောင် မသိဘဲ ခုနစ်လွှာကြာပန်းနက်ကို ခိုးစားထားတာကိုး။ ငါဖြင့် ဘာလို့ ဒီလောက်တောင် တုံးအတဲ့ ရတနာဝက်ဝံဖြစ်နေရတာလဲလို့ တွေးနေခဲ့တာ။"
ဟုန်ရှောင်ပေါင်က အမည်းရောင် ဆိုးဆေးဆိုးခံထားရသကဲ့သို့ ဖြစ်နေသည့် ရတနာဝက်ဝံ၏ ဦးခေါင်းထိပ်ကို ပြန်ကြည့်လိုက်၏။ "အပူလွန်ကဲပြီး ဦးနှောက်တွေ ပျက်စီးသွားတာလား။"
ယင်းကျိုယိုက ဝမ်းသာအားရ ပြောလိုက်၏။ "မှန်တာပေါ့ ... အဲဒီတုန်းက ဒီရတနာဝက်ဝံလေး ခံစားလိုက်ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုက အသေးအဖွဲတော့ မဟုတ်လောက်ဘူး။"
သူသည် ခုနစ်လွှာကြာပန်းနက်ကို ကြည့်ရှုလိုက်သည်။ သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်ကြည် လေးနက်လာခဲ့သည်။ "မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး။ ဒါက ရှစ်လွှာပါလား။ ဟာ ... နှမြောစရာပဲ ... သိပ်နှမြောစရာ ကောင်းသွားပြီ။"
ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေသေသွားခဲ့၏။ ခုနစ်လွှာကြာပန်းနက်ကို ဝိုင်းပတ်၍ ကြည့်ရှုလိုက်သည်။ ကြာပန်းဖတ်ခုနစ်ခု၏ အောက်ဘက်တွင် အလွန်တိုတောင်း သေးငယ်သော အရွက်လေး တစ်ရွက် ထွက်ပေါ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထို့ပြင် ပန်းရိုးတံပေါ်တွင်လည်း သေးငယ်သော သွားရာလေးများ ရှိနေခဲ့၏။
ယင်းကျိုယိုက ခေါင်းယမ်းလိုက်သည်။ "နှမြောစရာ ကောင်းလိုက်တာ။ ဒီခုနစ်လွှာကြာပန်းနက်က မူလကတည်းက ရှစ်လွှာကြာပန်းနက်အဖြစ် အဆင့်တက်ဖို့ လုံလောက်ခဲ့တာ။ ဒါပေမဲ့ ရတနာဝက်ဝံရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတာကြောင့် မူလအခြေခံ အမြစ်ပျက်စီးသွားခဲ့ပြီ။ နှမြောစရာပဲ။"
ထို့နောက် ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်၏။ "ငါ့ကောင် ... မင်းက တကယ် ကံကောင်းတာပဲ။ ဒီတစ်ခေါက်တော့ မင်း အမြတ်ကြီး အမြတ်ထုတ်နိုင်ခဲ့ပြီ။"
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ မေးလိုက်သည်။ "ဘာကိုပြောတာလဲ အဘိုး ... အသေးစိတ် ပြောပြပါအုံး။"
အဘိုးကို တစ်ချိန်လုံး နှမြောတသ ဖြစ်စေသောအရာသည် မည်မျှလောက် ကောင်းမွန်သည့် အရာဖြစ်နေမည်နည်း။ ခုနစ်လွှာနှင့် ရှစ်လွှာသည် သိပ်မကွာခြားလှဟု ထင်ရသည်။ သို့သော်ငြား အဘိုး၏ တုံ့ပြန်မှုကို ကြည့်မည်ဆိုလျှင် သာမန်လောက်တော့ မရိုးရှင်းနိုင်ပေ။
ယင်းကျိုယိုက တောက်ခေါက်၍ ပြောလိုက်၏။ "ခုနစ်လွှာကြာပန်းနက် ဆိုတာက ဒုတိယအဆင့် ဆေးဝါးတွေထဲမှာ အကောင်းဆုံး အတန်းအစားပဲ။ သိပ်ကို ထူးခြားတဲ့ အခြေအနေအချို့မှာမှ ရှစ်လွှာကြာပန်းနက်အဖြစ် အဆင့်တက်လာတတ်တာ။
ရှစ်လွှာဖြစ်သွားရင်တော့ ဆဋ္ဌမအဆင့် ဆေးဝါးအဖြစ် သတ်မှတ်လို့ ရသွားပြီ။ အဆင့်မမြင့်ပေမဲ့ အာနိသင်ကတော့ သိပ်ကို အာဏာပြင်းလွန်းတယ်။ အဆင့်မြင့် ဆေးညွှန်းအများအပြားမှာ အသုံးပြုရတာမို့ အလွန်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းချလို့ရတယ်။
ဒါပေမဲ့ ဒီအပင်ကတော့ ရတနာဝက်ဝံရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတာကြောင့် မူလအခြေခံ ထိခိုက်သွားခဲ့ပြီး ခုနစ်လွှာခွဲ အဆင့်လောက်မှာပဲ ရပ်တန့်သွားခဲ့ရတယ်။ ဒါက ဒုတိယအဆင့် ထိပ်တန်း ဆေးဝါး မဟုတ်တော့ဘဲ တစ်ဝက် တတိယအဆင့် ဆေးဝါး ဖြစ်သွားပြီ။ နည်းနည်းလေး ထပ်ပြီး ကြီးထွားလာရင်တောင် မင်းအတွက် ဘာအသုံးမှ ဝင်တော့မှာ မဟုတ်ဘူး။ ဒီလောကကြီးမှာ ဆေးဝါးပေါင်း သောင်းခြောက်ထောင် မက ရှိပေမဲ့ ဒုတိယအဆင့် ဆေးဝါးတွေထဲမှာတော့ ဒီအပင်က နံပါတ်တစ် မဟုတ်ရင်တောင် နံပါတ်နှစ်ပဲလို့ ငါ ရဲရဲကြီး ပြောရဲတယ်။"
ဟုန်ရှောင်ပေါင်သည် စိတ်ထဲတွင် အလွန်ကျေနပ် ဝမ်းမြောက်သွားခဲ့ပြီး ရေရွတ်လိုက်၏။ "ဟာ … အံ့မခန်းပါလား ... သိပ်ကို အံ့ဩစရာ ကောင်းတာပဲ။"
ထို့နောက် မေးလိုက်သည်။ "ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် တန်ဖိုးရှိမလဲ။"
ယင်းကျိုယိုက ရှင်းပြလိုက်၏။ "တစ်ဝက် တတိယအဆင့်ဆိုတဲ့ ဆေးဝါးမျိုးက သိပ်ကို ထူးခြားလွန်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဒုတိယအဆင့် ကျင့်ကြံသူတွေ အပြည့်အဝ စုပ်ယူနိုင်တဲ့ အကောင်းဆုံး ဆေးဝါးဖြစ်လို့ပဲ။ ဂိုဏ်းကြီးအချို့သာဆိုရင် ဝိညာဉ်ကျောက်တုံး သောင်းချီပေးဖို့ သေချာပေါက် ဝန်လေးမှာ မဟုတ်ဘူး။"
ဟုန်ရှောင်ပေါင်သည် အလွန်တက်ကြွ စိတ်လှုပ်ရှားသွားခဲ့၏။ ထို့နောက် အနည်းငယ် နှမြောတသ ဖြစ်သွားပြီး ပြောလိုက်သည်။ "ဟာ ... ကောင်းလိုက်တာ။ အဘိုးက အဲဒီလိုပြောတော့ ဝိညာဉ်ကျောက်တုံး သောင်းချီပြီး တန်ဖိုးရှိတဲ့ ဆေးဝါးတစ်ပင်ကို မကြာခင် စားသုံးရတော့မယ်လို့ တွေးမိတာနဲ့ ကျုပ်ရဲ့ ရင်ထဲမှာ နှမြောပြီး နာကျင်လာသလို ခံစားရတယ်ဗျာ။"
အဘိုးက ဒေါသတကြီး ဆဲဆိုလိုက်၏။ "အသုံးမကျတဲ့ကောင် ... အခုချက်ချင်း နှုတ်ပြီး ထွက်သွားတော့။ မင်းရဲ့ အဖိုးတန် ဒယ်အိုးကြီး ပျောက်မသွားစေနဲ့။"
ဟုန်ရှောင်ပေါင်က ချက်ချင်း ပြောလိုက်သည်။ "ဟုတ်တယ် ... ဟုတ်တယ် ... ဟုတ်တယ်။"
သူက ကြာပန်းကို နှုတ်ယူရန် ပြင်လိုက်ချိန်တွင် ပြန်လည်ရပ်တန့်ပြီး မေးလိုက်သည်။ "ဒီလို အဆင့်မြင့် ဆေးဝါးကို နှုတ်ယူတဲ့နေရာမှာ သတိထားရမဲ့ အချက်တွေ ရှိသေးလား။"
ယင်းကျိုယိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ "တိုက်ရိုက်ပဲ နှုတ်ယူလိုက်ရင် ရပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အမြစ်တွေက အရမ်း ဖြာထွက်ပြီး ကြီးထွားနေတတ်တာမို့ အနည်းငယ်တော့ အသုံးဝင်သေးတယ်။ မင်းမှာ အချိန်ပိုရှိရင် အမြစ်အမျှင်တွေ အားလုံးကို တစ်ချောင်းချင်းစီ ဖြည်းဖြည်းချင်း ရှင်းထုတ်ပြီး တူးယူလို့ ရတယ်။"
ဟုန်ရှောင်ပေါင်က မေးလိုက်သည်။ "ဒီအမြစ်တွေကလည်း ဝိညာဉ်ကျောက်တုံး မနည်းမနော တန်ဖိုး ရှိလောက်တယ် မလား။"
ဤအစားကြူးသည့် ခန္ဓာကိုယ်ကြီးက ဝိညာဉ်ကျောက်တုံးများကို တကယ်ပင် အလွန်အမင်း လိုအပ်နေခဲ့သည်။ သူက ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်သည့် မည်သည့် အခွင့်အရေးကိုမဆို လက်လွတ်ခံနိုင်မည် မဟုတ်ချေ။
ယင်းကျိုယိုက တစ်ချက်ချင်း ရှင်းပြလိုက်၏။ "တန်ဖိုးရှိတာကတော့ သဘာဝအတိုင်း ရှိတာပေါ့။ ဒါပေမဲ့ ငါ့အမြင်အရဆိုရင် လေယင်မြို့တော်လို ငှက်တောင် ချေးမပါတဲ့ ၊ ခေါင်လှတဲ့ နေရာမျိုးမှာ ခုနစ်လွှာ ကြာပန်းနက်ကို သိတဲ့သူတောင် လက်ချိုးရေလို့ ရနိုင်တယ်။ အသုံးပြုတတ်တဲ့သူ ဆိုရင်တော့ ပြောမနေနဲ့တော့။
ဒါပေမဲ့ မင်းက နဂါးမုတ်ဆိတ် ခေါက်ဆွဲ တစ်ပွဲတော့ လုပ်စားလို့ ရတယ်။ စိတ်စွမ်းအင်ကို အားဖြည့်ပေးတဲ့ အာနိသင်က သာမန်လောက်ပဲ ရှိပေမဲ့ ထိပ်ပြောင်တာ၊ ဆံပင်ဖြူတာတွေကို မည်းမှောင်သွားစေတဲ့ ပြဿနာ သေးသေးလေးတွေ အတွက်ကတော့ သိပ်ကို ထူးခြားတဲ့ အာနိသင် ရှိတယ်။"
ဟုန်ရှောင်ပေါင်သည် မူလက ခုနစ်လွှာကြာပန်းနက်၏ အမြစ်များကို တူးယူရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော်ငြား ဤထူးဆန်းသည့် အကျိုးကျေးဇူး နှစ်ခုအကြောင်းကို ကြားလိုက်ရချိန်မှာတော့ မဖြစ်မနေ တူးယူမည်ဟု ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
လေယင်မြို့တော် အတွင်းတွင် အမျိုးသမီး ကျင့်ကြံသူ မနည်းမနော ရှိနေသည်။ မိန်းကလေးများ အလှအပကို ရူးသွပ်ကြသည့် အကြောင်းကို ဘယ်သူက မသိဘဲနေမည်နည်း။ ထိုအချိန်သို့ ရောက်လျှင် ထိပ်ပြောင်နေသည့် မိန်းမချောလေး တစ်ယောက်က သူမ၏ရောဂါကို ကုသပေးရန် ဝိညာဉ်ကျောက်တုံး သောင်းချီ ပေးလာနိုင်၏။
ဟီး ဟီး ဟီး ဟီး ...
ဟုန်ရှောင်ပေါင်သည် တွေးမိလေလေ ပျော်ရွှင်လာလေလေ ဖြစ်နေတော့၏။ ထိပ်ပြောင်နေသည့် မိန်းမချောလေး တစ်ယောက်က သူ လာရောက် ကုသပေးမည့် အချိန်ကို တကယ်ပဲ စောင့်ဆိုင်းနေသည့်အလား ထင်မှတ်နေမိသည်။ ပလတ်စတစ် ကြိုးများကဲ့သို့ ဖြစ်နေသည့် ခုနစ်လွှာကြာပန်းနက်၏ အမြစ်များကို ကြည့်ရှုလိုက်ချိန်မှာတော့ တလက်လက် တောက်ပနေသည့် ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီးများကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ရှောင်ပေါင်သည် မူလ အမြစ်မကြီး တစ်ချောင်း၏ အတိုင်း လက်ချည်းသတ်သတ်ဖြင့် လိုက်လံတူးဆွခဲ့၏။ ကိုးမီတာအထိ တူးဆွပြီးမှသာ အဆုံးသတ်သွားခဲ့၏။
ထိုအချိန်တွင် ဟုန်ရှောင်ပေါင်သည် ခုနစ်လွှာကြာပန်းနက်နှင့် ကိုးမီတာအထိ ဝေးကွာနေခဲ့ပြီ ဖြစ်သည်။ အနက်မှာလည်း နှစ်မီတာကျော်အထိ ရောက်ရှိနေခဲ့ပြီး တွင်းအောက်ခြေမှ ရေများက အဆက်မပြတ် စိမ့်ထွက်လာနေခဲ့ပြီ ဖြစ်သည်။
ဟုန်ရှောင်ပေါင်က ခေတ္တမျှ အနားယူလိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။ "ကံကောင်းလို့ ကျုပ်ရဲ့ ယင်ကိုးပါး အရိုးဖြူ လက်သည်းသိုင်းက အစွမ်းထက်နေသေးတယ်။"
ယင်းကျိုယိုသည် အနည်းငယ် ကြက်သေသေသွားပြီး သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။ "ယင်ကိုးပါး အရိုးဖြူ လက်သည်းသိုင်း ဟုတ်လား။ နာမည်ကို ကြားရတာက နတ်ဆိုးသိုင်းပညာရပ် တစ်ခု ဖြစ်ပုံရတယ်။ နောက်ခံအင်အားက သေးငယ်ပုံ မရဘူးပဲ။ ဒါပေမဲ့ ငါက ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။"
"…….."
ဟုန်ရှောင်ပေါင်သည် ချက်ချင်း ဆွံ့အသွားခဲ့၏။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြောလိုက်သည်။ "ဒါက ကျုပ် ဖတ်ဖူးတဲ့ စာအုပ်အဟောင်း တစ်အုပ်ထဲမှာ ပါတာလေ။ အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ရင် လက်ချည်းသတ်သတ် နဲ့တောင် လူ့ဦးခေါင်းကို ဖောက်ထွင်းနိုင်တယ်လို့ ရေးထားတာ။ ကျင့်ကြတဲ့သူ နာမည်က မေချောက်ဖုံး တဲ့။"
"ချီးတဲ့မှ။"
ငှက်ချေးစာလောက်သာရှိသည့် အစွမ်းထက်မှုကို ကြားလိုက်ရချိန်မှာတော့ ယင်းကျိုယိုသည် ချက်ချင်း စိတ်ဝင်စားမှု ကင်းမဲ့သွားခဲ့၏။
ဟုန်ရှောင်ပေါင်ကလည်း ဂရုမစိုက်တော့ချေ။ ခေတ္တမျှ အနားယူပြီးနောက် အခြား အမြစ်မကြီး တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထိုအမြစ်မကြီး အတိုင်း ဖြည်းဖြည်းချင်း လိုက်လံတူးဆွနေခဲ့သည်။
သို့သော်ငြား စိတ်ထဲတွင်လည်း တိတ်တဆိတ် စိုးရိမ်နေမိသည်။ ခုနစ်လွှာကြာပန်းနက်တွင် အမြစ်မကြီး လေးချောင်း ရှိသည်။ အားလုံးကို တူးဆွပြီးစီးရန်ဆိုလျှင် မနက်ဖြန်အထိ ကြာမြင့်သွားနိုင်သည်။ သူ၏ အဖိုးတန် ဒယ်အိုးကြီးကို တစ်ယောက်ယောက်က တိုက်ဆိုင်စွာ တွေ့ရှိပြီး တူးယူသွားခြင်းမျိုး မဖြစ်လောက်ပေဘူးမလား။
သို့သော်ငြား တဖြည်းဖြည်း တူးဆွလာချိန်မှာတော့ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ အမြစ်များသည် သဘာဝအတိုင်း တဖြည်းဖြည်း သေးငယ်သွားရမည် ဖြစ်သည်။ သို့သော်ငြား ဤအမြစ်က အဖုအကျိတ် တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဆုံမှတ်တစ်ခုမှ စတင်၍ တဖြည်းဖြည်း တုတ်ခိုင်လာခဲ့၏။
ဤသို့ တုတ်ခိုင်လာသည့် လုပ်ငန်းစဉ်က အလွန် သိမ်မွေ့လွန်းသောကြောင့် သူက တစ်ချိန်လုံး သတိမထားမိခဲ့ခြင်း ဖြစ်သည်။ ယခု နှစ်မီတာအထိ တူးဆွပြီးနောက် နှိုင်းယှဉ်ကြည့်ချိန်မှာတော့ အလွန် သိသ ာထင်ရှားနေခဲ့ပြီ ဖြစ်၏။ ထို့ပြင် အမြစ် မြှုပ်နှံထားသည့် အနက်ကလည်း အောက်ဘက်သို့ တည့်တည့် ဆင်းသွားခြင်း မရှိတော့ဘဲ အပေါ်ဘက်သို့ ကွေ့ကောက် တက်ရောက်နေသည်။
ယင်းကျိုယို၏ မျက်လုံးများက အနည်းငယ် စူးရှသွား၏။ ဤအမြစ် ဦးတည်နေသည့်ဘက်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။ ၎င်းက လိုဏ်ဂူ နံရံအတွင်းသို့ မြှုပ်နှံဝင်ရောက်နေခြင်း ဖြစ်၏။
ယင်းကျိုယိုက ပြောလိုက်သည်။ "မဖြစ်နိုင်တာ ... မင်းက တကယ်ကြီး ဒီလောက်တောင် ကံကောင်းနေတာလား။ ဆက်ပြီး တူးစမ်း။ သိပ်ကို ကောင်းတဲ့ အဖိုးတန် ပစ္စည်းတစ်ခု ရှိနေဖို့ ရာခိုင်နှုန်း များတယ်။"