← Chapters

အခန်း ၉၇

Vol. 9 Ch. 97

အခန်း ၉၇

Vol. 9 Ch. 97

အပိုင်း (၉၇) အမြွှာကြာပန်းနက်။

"သိပ်ကောင်းတာပဲ … သိပ်ကောင်းတာပဲ။"

ဟုန်ရှောင်ပေါင်က အဖိုးတန် ပစ္စည်း ရှိနေကြောင်း ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ခွန်အားနှင့် စိတ်စွမ်းအင်များ ချက်ချင်း ပြန်လည်ပြည့်ဝလာခဲ့၏။

တဟီးဟီး တဟားဟားဖြင့် တူးဆွနေခဲ့သော်ငြား မကြာမီမှာပင် လိုဏ်ဂူ နံရံထံသို့ ရောက်ရှိသွားခဲ့သည်။ လိုဏ်ဂူ နံရံဆိုသည်မှာ ကျောက်တုံးကြီးများ ဖြစ်၏။ ဟုန်ရှောင်ပေါင်သည် လက်ချည်းသက်သက်ဖြင့် ခေတ္တမျှ ကြိုးစားကြည့်သော်ငြား အနည်းငယ်မျှပင် ဖဲ့ထုတ်နိုင်ခြင်း မရှိခဲ့ချေ။

ယင်းကျိုယိုသည် လိုဏ်ဂူနံရံကို စိုက်ကြည့်၍ တင်းမာခက်ထန်သော လေယူလေသိမ်းဖြင့် ပြောလိုက်၏။ "သံမဏိဒယ်အိုးကြီးကို သွားယူချေ။"

ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ "အမိန့်အတိုင်းပါပဲ။"

သူသည် ချက်ချင်း ရေထဲသို့ နောက်တစ်ကြိမ် ဆင်းသွားခဲ့သည်။ အတန်ကြာ ကူးခတ်ပြီးနောက်မှ ဒယ်အိုး၏ ဘေးသို့ ရောက်ရှိသွားခဲ့၏။ အားလုံးက အဆင်ပြေနေသည်။ ဒယ်အိုးကြီးက ရှိနေဆဲပင်။

မြေကြီးများကို ဖယ်ရှား၍ ဒယ်အိုးကြီးကို ထုတ်ယူပြီးနောက် ရေထဲသို့ နောက်တစ်ကြိမ် ပြန်ဆင်းလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ဟုန်ရှောင်ပေါင်တစ်ယောက် ရေထဲသို့ အဆက်မပြတ် နစ်မြုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သံမဏိဒယ်အိုးကြီးက အလေးချိန် ပေါင်တစ်ရာ့နှစ်ဆယ်အထိ ရှိသည်။ ဟုန်ရှောင်ပေါင်တွင် ပေါင်တစ်ထောင် ခွန်အား ရှိသည် ဆိုသော်ငြား ရေထဲတွင် အားပြု၍ မရနိုင်ခဲ့ချေ။ သို့ဖြစ်၍ သူက မည်မျှပင် ကြိုးစား၍ ရေကို ကန်တင်စေကာမူ ဦးခေါင်း တစ်ဝက်ခန့်သာ ပေါ်လာပြီး သံမဏိဒယ်အိုးကြီး၏ ဆွဲချမှုကြောင့် ရေထဲသို့ ပြန်လည် နစ်မြုပ်သွားခဲ့ရသည်။ မနည်း ကြိုးစား၍ တစ်ချက် ပေါ်လာလိုက်၊ သံမဏိဒယ်အိုးကြီးကြောင့် ရေထဲသို့ ပြန်လည် နစ်မြုပ်သွားလိုက် ဖြစ်နေခဲ့၏။

ယင်းကျိုယိုက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ "ဟား ဟား ဟား ဟား ... မင်းလိုကောင်က ဒီလို နည်းလမ်းနဲ့ ဒီနေရာမှာ သေသွားမှာတော့ မဟုတ်လောက်ပါဘူး နော်။"

ဟုန်ရှောင်ပေါင်သည် စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေခဲ့၏။ 'မထိတ်လန့်နဲ့ ... မထိတ်လန့်နဲ့။ ငါက ဂုဏ်သရေရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ ရေနစ်ပြီး သေသွားမလား။'

သူက မြစ်ကမ်းဘေးသို့ ရောက်ရှိအောင် ကြိုးစားကူးခတ်ခဲ့ပြီး တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ ဟုန်ရှောင်ပေါင်သည် ထိတ်လန့်သွားခြင်း မရှိခဲ့ချေ။ သူသည် အနည်းဆုံး တစ်နာရီခန့် အသက် အောင့်ထားနိုင်သည်။ အခြေအနေ တင်းကြပ်လာပါက ရေအောက်ခြေမှနေ၍ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရုံသာ ရှိ၏။ သူက ကမ်းစပ်နားအထိ ရောက်အောင် ကြိုးစား ကူးခတ်ပြီးမှ နစ်မြုပ ်သွားခဲ့ရခြင်းမှာ အလယ်ပိုင်းရှိ မြောင်းအောက်ခြေက အလွန် နက်ရှိုင်းနေမည်ကို စိုးရိမ်၍သာ ဖြစ်သည်။

သုံးလေးမီတာခန့် နစ်မြုပ်သွားပြီးချိန်မှာတော့ ဟုန်ရှောင်ပေါင်သည် အောက်ခြေသို့ ထိတွေ့သွားခဲ့ပြီ ဖြစ်၏။

ခြေဖဝါးများက ထူထဲသည့် ရွှံ့ညွန်များ အတွင်းသို့ ထင်ရှားစွာ နစ်ဝင်သွားခဲ့သည်။ ထို့ပြင် ဆင်ခြေလျှောကလည်း အလွန် မတ်စောက်လွန်းလှ၏။ ညာဘက်သို့ နောက်တစ်လှမ်း တက်လိုက်ပါက နှစ်မီတာ၊ သုံးမီတာခန့် ပိုမို နက်ရှိုင်းသွားနိုင်သည်ဟု ခံစားရသည်။

ဟုန်ရှောင်ပေါင်သည် မျက်လုံးများကို မှိတ်ထားလိုက်၏။ ညာဘက်လက်ဖြင့် ဒယ်အိုးကို ကိုင်ဆောင်ကာ ဘယ်ဘက်လက်ဖြင့် နံရံကို တင်းကြပ်စွာ ဆုပ်ကိုင်၍ နည်းနည်းချင်း တွယ်တက်လာခဲ့သည်။ မကြာမီမှာပင် သူ၏ ဦးခေါင်းက ရေမျက်နှာပြင်ပေါ်သို့ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့၏။ မျက်နှာပေါ်မှ ရေများကို သပ်ချလိုက်ပြီး မကူးခတ်တော့ဘဲ ဦးခေါင်းကိုသာ ဖော်ထားလျက် ခြေလှမ်းမှန်မှန် လျှောက်လှမ်းခဲ့သည်။ သံမဏိဒယ်အိုးကြီးကို ပါးစပ်ဖြင့် ကိုက်ထားပြီး လက်နှစ်ဖက်ဖြင့် နံရံကို ဆုပ်ကိုင်ကာ လိုဏ်ဂူထဲသို့ တစ်လှမ်းချင်း တိုးဝင်သွားခဲ့၏။

အလွန်အမင်း ကြိုးစားအားထုတ်ပြီးနောက် ဟုန်ရှောင်ပေါင်သည် အဆုံးသတ်တွင် လိုဏ်ဂူထဲသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။

ယင်းကျိုယိုက ပြတ်သားစွာ ပြောလိုက်၏။ "ထုချလိုက်တော့။"

ဟုန်ရှောင်ပေါင်သည် သံမဏိဒယ်အိုးကြီးက အလွန် မာကြောကြောင်းကို သိထားသည် ဆိုသော်ငြား ဒယ်အိုးတစ်လုံး ကို အသုံးပြု၍ တောင်ကို ဖြိုခွဲရမည်လား။ ဤအရာက အလွန် ထူးဆန်းလွန်းနေသည်။ ထို့ပြင် ဤအရာက သူ၏ အဖိုးတန် ဒယ်အိုးကြီး ဖြစ်နေသည် မဟုတ်ပါလား။

သူက အဘိုး၏ မျက်နှာအမူအရာကို ကြည့်ရှုလိုက်ပြီး သက်ပြင်းချကာ ထုခွဲကြည့်လိုက်၏။

"ဂျိန်း။"

ကြီးမားသည့် ကျောက်တုံးကြီး တစ်တုံး ပြုတ်ကျလာခဲ့၏။ ဟုန်ရှောင်ပေါင်က ဒယ်အိုးကို အလျင်အမြန် စစ်ဆေး ကြည့်ရှုလိုက်သည်။ ခြစ်ရာ အနည်းငယ်မျှပင် မရှိခဲ့ချေ။

ထိုအခါမှ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ယုံကြည်မှု ရှိသွားခဲ့၏။ ထုလိုက်၊ နှိုက်ထုတ်လိုက်၊ ထောင်းလိုက် လုပ်ဆောင်နေခဲ့သည်။ ကျောက်တုံးကြီးများက တစ်တုံးပြီးတစ်တုံး ပြုတ်ကျလာခဲ့သည်။ သို့သော်ငြား သံမဏိဒယ်အိုးကြီး ပေါ်တွင်မူ ခြစ်ရာ အနည်းငယ်မျှပင် မရှိခဲ့ပေ။

ဤသို့ဖြင့် ထိုအမြစ်အတိုင်း လိုက်လံထုခွဲခဲ့ရာ သုံးနာရီကျော်ခန့် ကြာမြင့်သွားခဲ့၏။ ကျောက်နံရံကို ထပ်မံ ထုခွဲလိုက်ချိန်မှာတော့ အလွန် ဟာလာဟင်းလင်း ဖြစ်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အတွင်းပိုင်းတွင် ဟာလာဟင်းလင်း ဖြစ်နေကြောင်း အလွန် သိသာထင်ရှားနေ၏။

ဤအတွင်းပိုင်းထဲမှာ နောက်ထပ် လိုဏ်ဂူတစ်ခု ရှိနေသေးသည်လား။

ဟုန်ရှောင်ပေါင်သည် အလွန် ဝမ်းသာသွားခဲ့၏။ ဒယ်အိုးကို မြှောက်၍ ပိုမို အားသွန်ခွန်စိုက် ထုခွဲလိုက်သည်။

မကြာမီမှာပင် "ဂျိန်း" ဆိုသည့် အသံတစ်သံနှင့်အတူ သံမဏိဒယ်အိုးကြီးက လိုဏ်ဂူတစ်ခု အတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့၏။

ဟုန်ရှောင်ပေါင်သည် အနည်းငယ် ယိုင်နဲ့သွားခဲ့သည်။ သို့ပေမည့် အဘိုး ယင်းကျိုယို၏ အံ့ဩတကြီး ပြောဆိုလိုက်သည့် အသံကို ကြားလိုက်ရသည်။ "အမြွှာကြာပန်းနက်ပါလား။ တကယ်ကြီး အမြွှာကြာပန်းနက် ဖြစ်နေတာပဲ။"

ဟုန်ရှောင်ပေါင်သည် စူးစိုက်ကြည့်ရှုလိုက်၏။ တကယ်ပင် ဟုတ်သည်။ လိုဏ်ဂူအတွင်း၌ ခုနစ်လွှာကြာပန်းနက် တစ်ပင်က အထီးကျန်စွာ ပေါက်ရောက်နေခဲ့သည် မဟုတ်ပါလား။

ဟုန်ရှောင်ပေါင်က မေးလိုက်၏။ "အဘိုး ... အမြွှာ ဆိုတာ ဘာလဲ။"

သူက အမြစ်အတိုင်း တစ်လျှောက်လုံး လိုက်လံတူးဆွလာခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ သူ၏ စိတ်ထဲတွင် အများစုကို နားလည်သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။

ယင်းကျိုယိုသည် ဤခုနစ်လွှာကြာပန်းနက်ကို တည်ငြိမ်စွာ စိုက်ကြည့်လျက် ပြောလိုက်၏။ "အမြစ် တစ်ခုတည်းမှာ ခန္ဓာကိုယ် နှစ်ခု ရှိနေတာကို ခေါ်တာပဲ။ သာမန်အားဖြင့်ဆိုရင် သိပ်ပြီး ဝေးကွာတဲ့ နေရာမှာ မရှိတတ်ဘူး။ ဒါပေမဲ့ ဒီခုနစ်လွှာကြာပန်းနက်က ဘာအကြောင်းကြောင့်မှန်း မသိရဘဲ အခြား ခန္ဓာကိုယ်တစ်ခုက အတော်လေး ဝေးကွာတဲ့ နေရာမှာ သွားပြီး ပေါက်ရောက်နေခဲ့တာပဲ။"

ဟုန်ရှောင်ပေါင်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်၏။ ဤနေရာက အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည့် လိုဏ်ဂူငယ်လေး တစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အရွယ်အစားက သာမန် အခန်းတစ်ခု၏ တစ်ဝက်ခန့်သာ ရှိပြီး အပြင်ဘက်သို့ ဆက်သွယ်ထားသည့် မည်သည့် လမ်းကြောင်းမှ ရှိမနေခဲ့ချေ။ သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး ခုနစ်လွှာကြာပန်းနက်၏ အနီးသို့ တိုးကပ်၍ ကြည့်ရှုလိုက်သည်။ ရုတ်တရက် အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်၏။ "အဘိုး ... ရှစ်လွှာ ... ဒါက ရှစ်လွှာပါလား။"

ယင်းကျိုယိုသည်လည်း အံ့အားသင့်သွားပြီး အနီးသို့ တိုးကပ်ကြည့်ရှုကာ အာမေဍိတ်သံဖြင့် ပြောလိုက်၏။ "ဘာ။ တကယ်ကြီး ရှစ်လွှာ ဖြစ်နေတာပါလား။"

ထိုကြာပန်းဖတ် ခုနစ်ခု၏ အောက်ဘက်တွင် အပြည့်အဝ မပွင့်သေးသည့် ကြာပန်းဖတ်တစ်ခု ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်သည် အလွန် ဝမ်းသာသွားခဲ့၏။ "ချမ်းသာပြီ ... ချမ်းသာပြီကွ ... ချမ်းသာပြီ။"

ထို့နောက် မေးလိုက်သည်။ "အဘိုး ... တကယ်ပဲ ဝိညာဉ်ကျောက်တုံး သောင်းချီပြီး ရောင်းလို့ရမယ်လို့ ပြောတာလား။ ဟား ဟား ဟား ဟား … ဒီတစ်ခေါက်တော့ တကယ် ချမ်းသာပြီ။"

ယင်းကျိုယိုက ဆဲဆိုလိုက်၏။ "တုံးအတဲ့ကောင်။ မင်း သိထားသင့်တာက ငါ့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်တုံးတန်တဲ့ ကုန်ကြမ်းကနေ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန်တဲ့ ပစ္စည်းကို ဖန်တီးပေးနိုင်တယ် ဆိုတာပဲ။ ဒီရှစ်လွှာကြာပန်းနက် အပြည့်အဝ ကြီးထွားလာရင် ငါ ဘယ်လို ပစ္စည်းမျိုး ဖန်တီးပေးနိုင်မလဲ ဆိုတာကို မင်း သိရဲ့လား။"

ဟုန်ရှောင်ပေါင်၏ စိတ်ခံစားချက်က လေထဲတွင် ပျံဝဲသွားတော့မတတ် အလွန် ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။ "ကောင်းတယ် ... ကောင်းတယ်။"

သူက အဘိုး၏ ပြောစကားကို ဂရုမစိုက်ဘဲ ထပ်မံ မေးလိုက်သည်။ "ဒီအပင် အပြည့်အဝ ရင့်ကျက်လာဖို့ အချိန် ဘယ်လောက်လောက် လိုသေးလဲ။"

ယင်းကျိုယိုက ခေါင်းညိတ်၍ ပြောလိုက်၏။ "ခန့်မှန်းခြေ နှစ်နှစ်လောက်တော့ ကြာအုံးမယ်။ ဘာဖြစ်တာလဲ ဆိုတာကို ငါ ခန့်မှန်းမိသလောက်တော့ သိသွားပြီ။ ဒီဆေးပင်က သူကိုယ်တိုင် အလုံပိတ် လိုဏ်ဂူတစ်ခု ထဲမှာ ရှိနေတာကို သိသွားတာကြောင့် ထွက်ပေါက်တစ်ခု ရှာဖွေဖို့ အမြစ်တွေကို ကြိုးစား ဆန့်ထုတ်ခဲ့တာ ဖြစ်လောက်တယ်။"

ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေ, သေသွားခဲ့သည်။ "အပင်တွေမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတာလား။"

ယင်းကျိုယိုက ခေါင်းယမ်းလိုက်၏။ "လောကကြီးမှာ ရှိတဲ့ အရာခပ်သိမ်းကို အထင်မသေးနဲ့။"

သို့နောက် ထိုနေရာကို သတိထား၍ ပြန်လည် ဖုံးအုပ်ခိုင်းလိုက်သည်။ "နောက်နှစ်နှစ် နေရင် ပြန်လာခဲ့။ ရေစက်ရှိရင် မင်းရဲ့ အရာ ဖြစ်နေလိမ့်မယ်။"

ဟုန်ရှောင်ပေါင်က ရယ်မောလိုက်၏။ "ကောင်းပြီ။" သူ ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်သကဲ့သို့ အခြားသူများကလည်း သဘာဝအတိုင်း ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော်ငြား အဘိုး ပြောသကဲ့သို့ပင် ရေစက်ရှိလျှင် ကိုယ့်အရာ ဖြစ်လာမည်သာ။ ရေစက်မရှိလျှင်လည်း အခြားသူများအတွက် ချန်ထားရစ်ခဲ့ခြင်းက မဆိုးလှချေ။ အရေးကြီးဆုံးမှာ ယခု ချက်ချင်း ခူးဆွတ်လိုက်ခြင်းက ကောင်းကင်ဘုံ၏ လက်ဆောင်ကို အလွန်အမင်း ဖြုန်းတီးပစ်လိုက်ရာ ရောက်သွားပေလိမ့်မည်။

စဉ်းစားဆင်ခြင်ပြီးသည့်နောက် လိုဏ်ဂူ နံရံပေါ်တွင် စာတစ်ကြောင်း ထွင်းထုလိုက်၏။ "ငါ၏ ဤလိုဏ်ဂူထဲသို့ ရေစက်ရှိ၍ ရောက်ရှိလာသူ ဖြစ်ပါက ကောင်းကင်ဘုံ၏ လက်ဆောင်ကို မဖြုန်းတီးပစ်ပါနှင့်။ ကြာပန်းဖတ် ရှစ်ခုစလုံး အပြည့်အဝ ပွင့်လန်းလာသည့် အချိန်ကို စောင့်ဆိုင်းပြီးမှသာ ခူးဆွတ်ပါလေ။ … ထျန်းကျီး အဘိုးအို။"

"..." ယင်းကျိုယိုတစ်ယောက် ကြည့်ရှုပြီး ဆွံ့အသွားခဲ့သည်။

ဟုန်ရှောင်ပေါင်က လိုဏ်ဂူပေါက်ကို သေချာ ဂရုတစိုက် ပြန်လည် ပိတ်ဆို့လိုက်သည်။ ထို့နောက် မြစ်ထဲမှ ရွှံ့ညွန်များကို တူးယူ၍ ပြန်လည် ဖုံးအုပ်လိုက်၏။ အားလုံး အဆင်ပြေ သေသပ်သွားပြီးသည့်နောက်မှ ထိုခုနစ်လွှာခွဲ ကြာပန်းနက်နှင့် အမြစ်များကို သိမ်းဆည်းလိုက်သည်။ သူက ကျေနပ် ဝမ်းမြောက်စွာဖြင့် ဤလိုဏ်ဂူထဲမှ ပြန်လည် ထွက်ခွာလာခဲ့၏။

အပြင်ဘက်သို့ ရောက်ရှိလာချိန်မှာတော့ ကောင်းကင်ကြီးက အလွန် လင်းထိန်နေခဲ့ပြီ ဖြစ်၏။ နေရောင်ခြည်က မျက်စိကျိန်းစေသောကြောင့် ဟုန်ရှောင်ပေါင်မှာ အတန်ကြာမှသာ အမြင်အာရုံ ပြန်လည် ရရှိလာခဲ့သည်။ ပထမဦးစွာ ဒယ်အိုးကို သယ်ဆောင်လာခဲ့၏။ ထို့နောက် ရတနာဝက်ဝံကို ပြန်လည် ခေါ်ဆောင်သည် သားရဲရေအိတ်ကို ချောမွေ့စွာ ရှာဖွေတွေ့ရှိပြီးနောက်မှသာ သစ်တောမည်းကြီးအတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ဦးခေါင်းထိပ်ပေါ်ရှိ ရတနာဝက်ဝံကို ဖြုတ်ယူ၍ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်သည်။ စဉ်းစား ဆင်ခြင်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည် ချထားလိုက်၏။

ဟုန်ရှောင်ပေါင်သည် အလွန် ရှင်းလင်းစွာ စဉ်းစားထားခဲ့၏။ ရတနာဝက်ဝံ၏ အကြီးမားဆုံးသော လုပ်ဆောင်ချက်မှာ ရတနာ ရှာဖွေခြင်း ဖြစ်သည်။ သို့သော်ငြား သူ၏ အနားတွင် အဘိုး အဖော်ပြုပေးနေသည် ဖြစ်ရာ ရတနာဝက်ဝံကို သဘာဝအတိုင်း လိုအပ်တော့မည် မဟုတ်ချေ။

မူလကမူ ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ ရောင်းချနိုင်သည်။ ဤသည်က များပြားသည့် ဝိညာဉ်ကျောက်တုံး ပမာဏ တစ်ခုပင် ဖြစ်၏။ သို့သော်ငြား ရတနာဝက်ဝံက ဟုန်ရှောင်ပေါင်ကို ကူညီပေးခဲ့ဖူးသည်။ ဤသို့သော လုပ်ရပ်မျိုးကို ဟုန်ရှောင်ပေါင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ အရေးကြီးဆုံးမှာ ရတနာဝက်ဝံသည်လည်း ဆေးပင်များကို အလွန်အမင်း စားသုံးသည့် အကောင်မျိုး ဖြစ်နေခြင်းပင်။ ယခု ကိုယ့်တန်လန် ခန္ဓာကိုယ်ကို ကျွေးမွေး ပြုစုရန်ပင်လျှင် အလွန်အမင်း ခက်ခဲလွန်းနေခဲ့ပြီ ဖြစ်သည်။ စဉ်းစားကြည့်မည်ဆိုလျှင် အဘိုး ရှိနေသည့်တိုင်အောင် သူသည် ယခုမှသာ ဒုတိယအဆင့်သို့ တက်ရောက်ရန် ကုန်ကြမ်းများကို စုဆောင်းမိခဲ့ခြင်း ဖြစ်၏။ နောက်ထပ် ပါးစပ်တစ်ပေါက် တိုးလာပါက ကျွေးမွေးနိုင်မည် မဟုတ်ချေ။

ဟုန်ရှောင်ပေါင်က လွတ်လပ် ပေါ့ပါးစွာ ပြောလိုက်၏။

"ဒါကြောင့်လေ ရတနာဝက်ဝံ… ငါတို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့။" သူက လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားခဲ့သည်။

ဟုန်ရှောင်ပေါင်၏ လက်ရှိ ပုံပန်းသွင်ပြင်က အလွန် သနားစရာ ကောင်းနေခဲ့၏။ တစ်ကိုယ်လုံးတွင် စုတ်ပြတ်နေသည့် အဝတ်စများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ရေမည်းထဲသို့ ဆင်းထားသောကြောင့် ဆိုးဆေးဆိုးခံထားရသကဲ့သို့ ဖြစ်နေသည်။ တစ်ကိုယ်လုံးက အာဖရိက စူပါမင်း တစ်ယောက်နှင့် တူညီနေ၏။

ယခု နေ့လယ်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သစ်တောမည်းကြီးအတွင်း၌ သားရဲတို့၏ ဟိန်းဟောက်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ဝံပုလွေ အူသံများ၊ ကျားဟိန်းသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခဲ့သည်။

ဟုန်ရှောင်ပေါင်သည် နောက်တစ်စက္ကန့်တွင် မိစ္ဆာသားရဲ တစ်ကောင်ကောင်နှင့် ထိပ်တိုက် ဝင်တိုက်မိတော့မည်ဟု တစ်ချိန်လုံး ခံစားနေခဲ့ရ၏။

လမ်းတစ်လျှောက်လုံးတွင် ယင်းကျိုယို ညွှန်ပြပေးသည့် လမ်းကြောင်းအတိုင်း သတိထား၍ ရှောင်တိမ်းလာခဲ့၏။ တဖြည်းဖြည်းနှင့် မူလ လမ်းကြောင်းမှ လွဲချော်သွားခဲ့သည်။ သို့သော်ငြား အနည်းဆုံးတော့ သစ်တောမည်းကြီး နယ်မြေထဲမှ ဘေးကင်းစွာ ထွက်ခွာလာနိုင်ခဲ့သည်။

ဟုန်ရှောင်ပေါင်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ "ဟာ ... အဆုံးသတ်တော့ ထွက်လာနိုင်ခဲ့ပြီ။"

ယခု အရေးကြီးဆုံးမှာ ရေချိုးရန် နေရာတစ်ခုကို ဦးစွာ ရှာဖွေရန် ဖြစ်သည်။ ထိုသို့ ပြောဆိုလျက် နောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ရုတ်တရက် အံ့အားသင့်စွာဖြင့် ကျောက်ရုပ်ဖြစ်သွားခဲ့သည်မ။

ရတနာဝက်ဝံက နောက်ကနေ လိုက်လာခဲ့ပြီ မဟုတ်ပါလား။

All Chapters