အခန်း ၉၈
Vol. 9 Ch. 98
အပိုင်း (၉၈) ကောင်းကင်ဘုံ … ဒုတိယအဆင့် မိစ္ဆာသားရဲ ရွှေဝါရောင်ဝက်ဝံပေါက်လေးပါလား။
သူက ဆယ်မီတာခန့် အကွာတွင် ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်နေခဲ့၏။
ဟုန်ရှောင်ပေါင်က နောက်သို့ လှည့်ကြည့်၍ သူ့ကို မြင်သွားသည်ကို တွေ့ရှိချိန်တွင် မတ်တပ်ရပ်လိုက်သည်။ သေးငယ်သော လက်သည်း နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် စုစည်းထားလိုက်သည်။
"အု" "အု" ဖြင့် တိုးညှင်းစွာ အော်ဟစ်လိုက်သည်။ ထိုအသံက အလွန် သနားစရာ ကောင်းနေခဲ့၏။
"..." ဟုန်ရှောင်ပေါင်သည် အနည်းငယ် ဆွံ့အသွားခဲ့၏။ ရတနာဝက်ဝံ၏ သနားစရာ ကောင်းနေသည့် ပုံစံကို ကြည့်ရှုလိုက်ပြီး သက်ပြင်းချကာ လက်ယပ်ခေါ်လိုက်သည်။
"လာခဲ့တော့ ... လာခဲ့တော့။ တူတစ်စုံ ပိုလာရုံပဲ မလား။ ငါ ကျွေးမွေးနိုင်ပါတယ်။"
ဟုန်ရှောင်ပေါင်ကို အံ့အားသင့်သွားစေသည့် အချက်မှာ ရတနာဝက်ဝံက သူ၏ ဆိုလိုရင်းကို ရှားရှားပါးပါး နားလည် သဘောပေါက်သွားခဲ့ခြင်းပင်။
"အု"
ထိုအကောင်လေးက အားရပါးရ တစ်ချက် အော်ဟစ်လိုက်ပြီး အလျင်အမြန် ခုန်ဝင်လာခဲ့သည်ကို တွေ့မြင်လိုက်ရ၏။ ဟုန်ရှောင်ပေါင်နှင့် သုံးမီတာခန့် အလိုကတည်းက အမြင့်သို့ ခုန်တက်လိုက်သည်။ "ဒုန်း" ဆိုသည့် အသံတစ်သံနှင့်အတူ ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲနှင့် ဝင်ရောက် တိုက်မိသွားခဲ့၏။
ဤအကောင်လေးက တစ်ကိုယ်လုံး အရေထူသည့် အကောင်မျိုး ဖြစ်သည်။
ဟုန်ရှောင်ပေါင်၏ အသားအရေ မာကြော ထူထဲမှု အတိုင်းအတာနှင့်ပင်လျှင် ဤဦးခေါင်းဖြင့် တိုက်မိခြင်းကြောင့် ရင်ဘတ်ထဲတွင် အောင့်တက်သွားခဲ့ရ၏။ အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲသွားခဲ့ရ၏။
ဟုန်ရှောင်ပေါင်က ဒေါသတကြီး ပြောလိုက်သည်။ "နောက်တစ်ခါ ဒီလို လုပ်ကြည့်စမ်း ... မင်းကို အရှင်လတ်လတ် စွပ်ပြုတ်လုပ်ပစ်မယ်။"
ရတနာဝက်ဝံက အဘယ်မှာ နားထောင်မည်နည်း။ လက်ရော ခြေထောက်ပါ အသုံးပြု၍ ဟုန်ရှောင်ပေါင်၏ ဦးခေါင်းထိပ်ပေါ်သို့ ချက်ချင်း တွယ်တက်သွားခဲ့သည်။ မတ်တပ်ရပ်လျက် လက်နှစ်ဖက်ကို ဘယ်ညာ ဖြန့်ကျက်၍ ဆံပင်တစ်ဆုပ်စီကို ကိုင်ဆွဲထားလိုက်၏။
ဟုန်ရှောင်ပေါင်သည် ဒေါသထွက်သွားခဲ့သည်။ "ဆင်းစမ်း။"
ရေထဲတွင် ဒင်းအတွက် စီးတော်ယဉ် ဖြစ်ပေးခဲ့ရသည်မှာ မတတ်သာ၍ ဖြစ်သည်။ အပြင်ဘက်သို့ ရောက်ရှိလာသည့်တိုင် သူ့ကို စီးတော်ယဉ်အဖြစ် သတ်မှတ်ချင်နေသေးသည်လား။ သူသည် ၎င်း၏ လည်ပင်းနောက်ဘက်မှ အသားကို ဆွဲကိုင်ကာ တစ်ချက်တည်း ဆွဲချလိုက်တော့၏။
"အု အု အု အု အု ... " ရတနာဝက်ဝံက မကျေမနပ် ဖြစ်သွားခဲ့သည်။
ဟုန်ရှောင်ပေါင်က ၎င်းကို ဂရုမစိုက်တော့ချေ။ လမ်းလျှောက်ရင်းဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ဟွန့် … အိမ်မှာ အိမ်စည်းကမ်း ရှိတယ်။ မင်းက ငါတို့ ဟုန်မိသားစု အိမ်တော်ကြီး ထဲကို ဝင်လာပြီ ဆိုမှတော့ ဟုန်မိသားစုရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။"
ယင်းကျိုယိုက တောက်ခေါက်၍ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ "တောက် … မင်းလိုကောင်က အိမ်စည်းကမ်းတွေတောင် ရှိနေတာလား။ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။"
ဟုန်ရှောင်ပေါင်က မကျေမနပ် ဖြစ်ပြီး ငိုတော့မတတ် ဖြစ်နေသည့် ရတနာဝက်ဝံ၏ လည်ပင်းနောက်ဘက်မှ အသားကို ဆွဲကိုင်၍ မျက်စိရှေ့သို့ မြှောက်တင်လိုက်၏။ "ဟီး ဟီး ... အခုမှ သတ်မှတ်တာလေ။ အတူတူပါပဲ အဘိုးရာ … အတူတူပါပဲ။"
ဟုန်ရှောင်ပေါင်က ဂရုမစိုက်ဘဲ အေးစက်စွာ ပြောလိုက်၏။ "အပိုတွေ လုပ်မနေနဲ့။ မင်းက ခုနစ်လွှာကြာပန်းနက်ကို စားဖူးတဲ့ ဒုတိယအဆင့် မိစ္ဆာသားရဲ ကွ။ ဟုန်မိသားစုရဲ့ ပထမဆုံး စည်းကမ်းချက် … အိမ်တော်သခင် ဟုန်ရှောင်ပေါင်ရဲ့ ခေါင်းပေါ်ကို မတက်ရဘူး။"
... ...
မွန်းတည့်ချိန်။
အနောက်ဘက် ဈေးတန်းကြီးက ပုံမှန်အတိုင်း စည်ကား သိုက်မြိုက်နေဆဲ ဖြစ်၏။ ဤအချိန်သည် တောင်တန်းပေါ်သို့ တက်ရောက်သွားသည့် ကျင့်ကြံသူ အများစု ပြန်လည် ရောက်ရှိလာသည့် အချိန် ဖြစ်သည်။ ကံကောင်း၍ ဆေးပင်တစ်ပင် ရရှိလာသူများက မျက်နှာတွင် ပျော်ရွှင်မှုများ ဖြင့် ပြည့်နှက်နေ၏။ ဘာတစ်ခုမှ မရရှိခဲ့သည့် သူများကမူ မျက်နှာ ညိုမည်းနေကြသည်။
ကုန်သည်များက မည်မျှလောက် ပါးနပ်ကြပါသနည်း။ တစ်ချက် ကြည့်လိုက်ရုံဖြင့် တကယ်တော့ သူတို့၏ စိတ်ထဲတွင် အကဲခတ်မိနေကြပြီ ဖြစ်၏။
"ဟာ ... အစ်ကို … ခဏလောက်။ ခဏလောက် ဘေးနားမှာ စကားပြောရအောင်။"
"လာ လာ လာ ... အစ်ကို။ ကျုပ်ဆီမှာ အားလုံး ဝယ်ပါတယ်။ ဈေးနှုန်း မျှတစေရမယ်။"
"ဟေး … အဘိုးကြီးကျန်း ... ဟာ … ခင်ဗျားရဲ့ မျက်နှာကို ကြည့်ရတာ ... "
ဤသို့ ဆူညံ သိုက်မြိုက်နေကြစဉ် မကြာမီမှာပင် ကျင့်ကြံသူ တစ်ယောက်က လူတိုင်းနီးပါး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့တော့၏။
"ဟာ … မိုက်လှချည်လား။ ဒီ … ဟန်ပန်အမူအရာက … "
"ဒါက ဘယ်လို ပုံစံကြီးလဲ။"
"ဓားပြ တိုက်ခံခဲ့ရတာလား။"
"ကြည့်ရတာ ဒီညီအစ်ကိုက အတော်လေး ဒုက္ခရောက်ခဲ့ပုံပဲ။"
တစ်ကိုယ်လုံး မည်းမှောင်နေပြီး အဝတ်အစားများ အားလုံး စုတ်ပြတ်သတ်နေသည့် အာဖရိက စူပါမင်းကို ကြည့်ရှု၍ လူအများအပြားက ပြောဆိုနေကြခြင်း ဖြစ်၏။ သူတို့၏ မျက်နှာပေါ်တွင် နက်ရှိုင်းသည့် သနားကြင်နာမှုများ ထင်ဟပ်နေခဲ့ကြသည်။
"ဟင် ... သူက ဘာလို့ ရွှေရောင် ဆံပင်တွေ ဖြစ်နေတာလဲ။"
"တကယ်ကြီးပါလား။ ဒီရွှေရောင် ဆံပင်တွေက မဆိုးဘူးပဲ။ ဘယ်လို ဆိုးထားတာလဲ မသိဘူး။"
အာဖရိက စူပါမင်း ဆိုသည်မှာ သဘာဝအတိုင်း ဟုန်ရှောင်ပေါင်ပင် ဖြစ်၏။ ရွှေရောင် ဆံပင် ဆိုသည်မှာလည်း ... ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။ ရတနာဝက်ဝံပင် ဖြစ်သည်။ ဤအချိန်တွင် ၎င်းက ဟုန်ရှောင်ပေါင်၏ ဦးခေါင်းထိပ်ပေါ်တွင် ဝပ်နေပြီး ဦးခေါင်းကို ဟုန်ရှောင်ပေါင်၏ ဆံပင်များ အတွင်းသို့ နစ်မြှုပ်ထားခဲ့၏။ ရွှေရောင် အမွေးအမျှင်များကိုသာ ဖော်ပြထားရာ အဝေးမှ ကြည့်မည် ဆိုလျှင် ဟုန်ရှောင်ပေါင်တွင် ရွှေရောင် ဆံပင်များ ပေါက်ရောက်နေသကဲ့သို့ တကယ်ပင် ထင်မှတ်ရစေသည်။
ယင်းကျိုယိုက အံ့ဩတကြီး တောက်ခေါက်လိုက်၏။ "တောက် … ဟုန်မိသားစုရဲ့ ပထမဆုံး စည်းကမ်းချက်က ဘာပြောထားတာလဲ။"
ဟုန်ရှောင်ပေါင်သည် မျက်လုံးများကို ပြူးကျယ်၍ ရယ်မောလိုက်၏။ ဖြူစင်သည့် သွားများနှင့် မျက်လုံးများက ရေမည်း ဆိုးခံထားရသည့် မျက်နှာပေါ်တွင် ချက်ချင်း ထင်းလင်းသွားခဲ့သည်။ "ဘာ … အဘိုး ဘာပြောတာလဲ ကျုပ် မသိဘူး။"
သံမဏိဒယ်အိုးကြီးကို ကျောပိုးလိုက်သည့် အချိန်တည်းက ဤလမ်းက သေချာပေါက် နောက်ပြန်ဆုတ်၍ မရနိုင်တော့သည့် လမ်းတစ်ခု ဖြစ်ကြောင်း ဟုန်ရှောင်ပေါင် သိရှိထားခဲ့ပြီး ဖြစ်၏။ ဒယ်အိုးကို ကျောပိုးလိုက်သည့် အချိန်မှ စတင်၍ ကိုယ်တိုင်က မည်သည့်နေရာမှာပဲ ရှိနေပါစေ သေချာပေါက် အထင်ရှား အပေါ်လွင်ဆုံးသော အရာ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့အပြင် ယခု သူ၏ အသားအရေက အာဖရိက စူပါမင်းကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံးရှိ စုတ်ပြတ်နေသည့် အဝတ်စများက ဆွဲကြိုးပန်းဖွားများနှင့် ရောယှက်နေသည့် ဖက်ရှင်ဟန်ပန်အပြင် ဦးခေါင်းထိပ်ပေါ်တွင် ဟုန်မိသားစု၏ အိမ်စည်းကမ်းကို လစ်လျူရှုထားသည့် မထီလေးစား မိစ္ဆာသားရဲလေးလည်း ရှိနေသေး၏။
အားလုံးကို ခြုံငုံကြည့်မည် ဆိုလျှင် လူအများ၏ လှည့်ကြည့်မှုကိုခံရမည့် ရာခိုင်နှုန်းက သေချာပေါက် နည်းပါးမည် မဟုတ်ချေ။
သဘာဝအတိုင်းပင် ဟုန်ရှောင်ပေါင်ကလည်း သဘောထား ကြီးမားလှ၏။ ကြည့်ချင်တဲ့သူ ကြည့်ပါစေလေ … သူတို့ သဘောအတိုင်း လွှတ်ထားလိုက်မည်။ နှမြောစရာ ကောင်းသည့်အချက်မှာ သူက ဤမျှလောက်အထိ ရေပန်းစားသွားလိမ့်မည်ဟု မတွေးထားခဲ့မိခြင်း ဖြစ်၏။ အကယ်၍ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး သစ်သားပြား တစ်ခုပေါ်တွင် ဟုန်မိသားစု ကုန်စုံဆိုင် ဟု ရေးသား၍ ကျောပိုးလာခဲ့ပါက သေချာပေါက် အသက်ဝင်နေသည့် ကြော်ငြာ ကောင်းကောင်းတစ်ခု ဖြစ်လာမည် မဟုတ်ပါလား။
"ဟာ … သူဌေးဟုန်ပါလား။ သူဌေးဟုန် ဘယ်နေရာမှာ ကြီးပွားလာတာလဲ။"
"ခင်ဗျား ဒါကို ဘယ်နေရာမှာ လုပ်လာတာလဲ။"
"ကောင်းကင်ဘုံ … သခင်လေး ကျုပ် ဒီမြို့မှာ ကျင်လည်လာတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒီလို ပုံစံမျိုးကို တကယ် မမြင်ဖူးခဲ့တာ။"
လူအုပ်ကြီးတစ်ခုလုံး အံ့ဩတကြီး ဖြစ်သွားကြတော့၏။ တကယ် ပြောရမည် ဆိုလျှင် လမင်းပြာ တောင်တန်းဌာနခွဲ ထဲမှ ထွက်လာသည့်သူများထဲတွင် မည်သို့သော ပုံစံမျိုးကိုမဆို မြင်ဖူးခဲ့ကြသည်။ မိစ္ဆာသားရဲ တစ်ကောင်လုံးကို ထမ်းလာသူများ၊ သစ်ပင် တစ်ပင်လုံးကို ထမ်းလာသူများ၊ ဒဏ်ရာ အပြင်းအထန် ရရှိလာသူများကို မြင်ဖူးခဲ့ကြ၏။ တစ်ချို့ဆိုလျှင် ခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက် ပျောက်ဆုံးနေပြီး အူများကို ဆွဲငင်၍ ပြန်လာကြသူများပင် ရှိသည်။ သို့သော်ငြား ဤသို့သော ဖက်ရှင်ပုံစံမျိုးကိုတော့ တကယ်ကို မမြင်ဖူးခဲ့ကြချေ။
ဦးခေါင်းထိပ်တွင် ရွှေရောင်ဆံပင်များ၊ ဒယ်အိုးတစ်လုံး ကျောပိုးထားပြီး အသားအရေက မည်းမှောင်နေကာ တစ်ကိုယ်လုံး စုတ်ပြတ်နေသည့် အဝတ်စများဖြင့်။ ... သိပ်ကို ဟန်ကျလွန်းလှသည်။
"ကောင်းကင်ဘုံ ... ဒါက ဟိုကောင်လား။"
"ဒူးထောက် အရှုံးပေးလိုက်ပြီ ... ဒူးထောက် အရှုံးပေးလိုက်ပြီ။"
"ငါက ဘာလို့ သူ့ရဲ့ ဒီရွှေရောင် ဆံပင်တွေကို ကြည့်ပြီး ရင်းနှီးနေသလို ခံစားနေရတာလဲ။"
"ဟိ ဟိ … ဒီအစ်ကိုက သိပ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။"
"မင်းလို ကောင်မလေးက အကြိုက် ဉာဏ်ဆန်းလှချည်လား။"
လူအုပ်ကြီးတွင် တုံ့ပြန်မှု အမျိုးမျိုး ရှိနေခဲ့ကြ၏။ သူဌေးဟုန် ဟု ပျော်ရွှင်စွာ ခေါ်ဝေါ်ပြောဆိုနေသူများ ရှိသကဲ့သို့ အသုံးမကျသူဟု ထူးဆန်းသည့် လေယူလေသိမ်းဖြင့် ဆဲဆိုနေသူများလည်း ရှိသည်။ လွန်စွာ အံ့အားသင့် တုန်လှုပ်နေသူများလည်း ရှိကြသည်။ အားလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ဤအချိန်၌ ကုန်သည်များက သူတို့၏ လက်ထဲမှ အရောင်းအဝယ်များကိုပင် မေ့လျော့သွားကြပုံရပြီး ဟုန်ရှောင်ပေါင်ကို အားနာ တုံ့ဆိုင်းမှု ကင်းမဲ့စွာ ကြည့်ရှုနေကြတော့၏။
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။ "ဟား ဟား ... အားလုံးပဲ မင်္ဂလာပါ။"
ဤတစ်ကြိမ်တွင်မူ အတော်လေး တည်ငြိမ် ပေါ့ပါးနေခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား သူက အံ့အားသင့်နေဆဲပင်။ အကယ်၍ ဒယ်အိုးကို ဦးစွာ မြင်တွေ့ခဲ့ရသည် ဆိုလျှင် ပြောစရာ မရှိပေ။ သို့သော်ငြား ဤလူအများအပြားက သူ၏မျက်နှာကို ဦးစွာ မြင်တွေ့ခဲ့ကြခြင်း ဖြစ်သည်။ ယခု ကိုယ့်ကိုယ်ကိုယ်ပင် ပြန်လည် မမှတ်မိတော့လောက်အောင် ဖြစ်နေချိန်တွင် ဤလူများက သူ့ကို ဘယ်လိုများ မှတ်မိသွားကြသနည်း။
"အု အု"
ရတနာဝက်ဝံက မူလက လူသား သားရဲစီးတော်ယဉ်ကို မောင်းနှင်၍ အရှေ့သို့ သွားလာနေပြီး အလွန် ပျော်ရွှင်နေခဲ့ခြင်း ဖြစ်၏။ နောက်ပိုင်းတွင် ကစားရင်း ပင်ပန်းလာသောကြောင့် ဟုန်ရှောင်ပေါင်၏ ဆံပင်များကို အသိုက်တစ်ခုအဖြစ် ဖန်တီး၍ တိုက်ရိုက် အိပ်ပျော်သွားခဲ့သည်။
သို့သော်ငြား ဤလူအုပ်ကြီး၏ အသံများက မည်မျှလောက် ဆူညံနေပါသနည်း။ ၎င်းမှာ ရုတ်တရက် အိပ်ရာမှ နိုးထသွားခဲ့ရပြီး အိပ်ရာနိုးစ ဒေါသ အလွန် ပြင်းထန်နေပုံရ၏။ မတ်တပ်ရပ်လျက် လက်နှစ်ဖက်ကို ခါးထောက်လိုက်သည်။ "အု"
"ချီးပဲ။"
"အမလေးဗျာ … သူ … သူ … သူ … သူ့ရဲ့ ခေါင်းပေါ်က အရာက ဘာကြီးလဲ။"
"ရွှေဝါရောင်ဝက်ဝံပေါက်လေးပါလား။"
"ကောင်းကင်ဘုံ ... ဒုတိယအဆင့် မိစ္ဆာသားရဲ ရွှေဝါရောင်ဝက်ဝံပေါက်လေးပဲ။"
"အရှင်လတ်လတ်ကြီး ... အရှင်လတ်လတ်ကြီးပဲ။"
"ငါ ဒီတစ်သက်မှာ အရှင်လတ်လတ် ရွှေဝါရောင်ဝက်ဝံပေါက်လေးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"
"မကြာသေးခင်က တောင်တန်းထဲမှာ သောင်းကျန်းနေတဲ့ အဲဒီ ရွှေဝါရောင်ဝက်ဝံပေါက်လေးတော့ မဟုတ်လောက်ပါဘူး နော်။"
"လူတွေ တစ်သုတ်ပြီး တစ်သုတ် သွားတာတောင် မဖမ်းမိခဲ့တာကို သူဌေးဟုန်က ဖမ်းမိသွားခဲ့တာလား။"