← Chapters

အခန်း ၉၉

Vol. 9 Ch. 99

အခန်း ၉၉

Vol. 9 Ch. 99

အပိုင်း (၉၉) လွီဆုချင်း။

ယခုလေးတင်မှ လူအုပ်ကြီးသည် ဤခေတ်ကာလထက် အလွန် ကျော်လွန်နေသည့် ဟုန်ရှောင်ပေါင်၏ ဖက်ရှင်ပုံစံကို မနည်း လက်ခံခဲ့ကြရပြီး အနည်းငယ် တည်ငြိမ်သွားခဲ့ခြင်း ဖြစ်၏။

ဤအချိန်တွင် ရတနာဝက်ဝံက မတ်တပ်ရပ် လိုက်ရာ အနောက်ဘက် ဈေးတန်းကြီး တစ်ခုလုံးကို နောက်တစ်ကြိမ် ပေါက်ကွဲ ဆူညံသွားစေခဲ့ပြန်သည်။

ယခုလေးတင်မှ အဝေးတွင် လှမ်းကြည့်နေခဲ့ကြသည့် သူများက တရွေ့ရွေ့ ပြုံတိုးလာကြပြီး ရတနာဝက်ဝံကို အနီးကပ် လာရောက် ကြည့်ရှုကြတော့၏။

ရတနာဝက်ဝံ၏ သတ္တိက မည်မျှလောက် သေးငယ်ပါသနည်း။ လူအများအပြား ချက်ချင်း ပြုံတိုးလာသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ချက်ချင်း ကြောက်ရွံ့သွားခဲ့၏။ ဟုန်ရှောင်ပေါင်၏ ဦးခေါင်းထိပ်ပေါ်တွင် ချက်ချင်း ဝပ်ဆင်းလိုက်ပြီး ဟုန်ရှောင်ပေါင်၏ ဆံပင်တစ်ဆုပ်ကို ဆွဲငင်၍ ကိုယ့်ကိုယ်ကိုယ် ဖုံးအုပ်ထားလိုက်သည်။

"အာ … သိပ်ချစ်စရာ ကောင်းတာပဲ ... သိပ်ချစ်စရာ ကောင်းတာပဲ။" အမျိုးသမီး ကျင့်ကြံသူများကလည်း ချက်ချင်း မျက်လုံးများ အရောင်တောက်သွားခဲ့ကြ၏။

"ဒီအကောင်လေးက ဒီနှစ်ရက်အတွင်းမှာ လူတိုင်း ရူးသွပ်မတတ် ရှာဖွေနေကြတဲ့ ရွှေဝါရောင် ဝက်ဝံပေါက်လေးလား။"

"ဟေး … ဒီရွှေရောင် အမွေးအမျှင်တွေက မဆိုးဘူးပဲ။ ဝိညာဉ်ကျောက်တုံး ရာကျော် တန်ဖိုးရှိတာနဲ့ တကယ် တန်တယ်။"

"အဲဒီ ခေါင်းပေါ်က အမည်းရောင် အမွေးတွေက အလှပျက်စေတာပဲ။ ကြည့်ရတာ ဈေးနှုန်း အများကြီး လျှော့ကျသွားလောက်တယ်။"

"မဟုတ်ပါဘူး။ ဦးထုပ်တစ်လုံး ဆောင်းထားသလို ဖြစ်နေတော့ ပိုပြီးတောင် ချစ်စရာ ကောင်းနေပါသေးတယ်။"

"သူဌေးဟုန် … ဘေးနားမှာ ခဏလောက် စကားပြောလို့ ရမလား။"

"ဟေး ဟေး ဟေး … ငါ အရင် ရောက်တာကွ။"

"အစ်ကို … အသာလေး သပ်ကြည့်ပါရစေ။ ကျွန်မကို တစ်ချက်လောက် သပ်ကြည့်ခွင့်ပေးပါ။ ခဏလေး တစ်ချက်လောက်ပဲ … "

အနောက်ဘက် ဈေးတန်းကြီးတွင် ဘေးနား၌ ခဏလောက် စကားပြောရန် ဆိုသည့် အဓိပ္ပာယ်မှာ တိတ်တဆိတ် ဈေးနှုန်း ညှိနှိုင်းလိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

ဟုန်ရှောင်ပေါင်က ခေါင်းယမ်းလိုက်သည်။ "မိတ်ဆွေတို့ ... မိတ်ဆွေတို့။ ဒီရတနာ … ရွှေဝါရောင်ဝက်ဝံပေါက်လေးကိုတော့ မရောင်းဘူးဗျ။ ကျုပ် ကိုယ်တိုင် မွေးမလို့။"

ကုန်သည်တစ်ယောက်က ချက်ချင်း ဖျောင်းဖျလိုက်၏။ "သူဌေးဟုန်ရယ် … ဒီအကောင်လေးကို ကျုပ်တို့လို အောက်ခြေအဆင့် ကျင့်ကြံသူတွေ မွေးမြူနိုင်တဲ့ အရာမျိုး မဟုတ်ဘူးဗျ။ ပြီးတော့ ဘာအသုံးမှလည်း မဝင်ဘူး။ ပြန်ရောင်းလိုက်တာက ပိုကောင်းပါတယ်။ ဝိညာဉ်ကျောက်တုံး တော်တော်များများတောင် အမြတ် ရနိုင်သေးတယ်လေ။"

"ဟုတ်တယ် … ဟုတ်တယ် … သူဌေးဟုန်။ ကျုပ်ဆီမှာ အဆက်အသွယ် ရှိတယ်။ ကျုပ်ဆီမှာ ရောင်းရင် ခင်ဗျား သေချာပေါက် နစ်နာမှာ မဟုတ်ဘူး။"

ဟုန်ရှောင်ပေါင်က ရယ်မောလျက် ငြင်းဆန်လိုက်၏။ "ရပါတယ် … ရပါတယ်။ ကျုပ် အိမ်မှာ ထမင်းကျန် ဟင်းကျန်တွေ အများကြီး ရှိတယ်။ အသက်ရှင်အောင် မွေးမြူနိုင်ပါတယ်။"

"..."

"..."

ရွှေဝါရောင်ဝက်ဝံပေါက်လေးက ထမင်းကျန် ဟင်းကျန်တွေကို စားတဲ့ အကောင်လား။ မင်းက ဝက်မွေးနေတယ်လို့ ထင်နေတာလား။

လူအုပ်ကြီးက ထပ်မံ ဖျောင်းဖျလိုကြသေး၏။ သို့သော်ငြား ရတနာဝက်ဝံက ဤအချိန်တွင် သတ္တိတွေကို စုစည်းမိသွားပုံရပြီး နောက်တစ်ကြိမ် မတ်တပ်ရပ်လာလိမ့်မည်ဟု မည်သူမျှ မတွေးထားခဲ့မိကြချေ။

လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားကြပြီး ၎င်းကို ကြည့်ရှုလိုက်ကြသည်။

ရတနာဝက်ဝံသည် လက်နှစ်ဖက်ကို ခါးထောက်လိုက်၏။ အလွန် ဒေါသတကြီးဖြင့် တစ်ကိုယ်လုံးရှိ ခွန်အားများကို အသုံးပြုကာ အော်ဟစ်လိုက်သည်။ "

အု"

"ဟာ … အစ်မ … ဟိုမှာ ကြည့်လိုက်စမ်း။ ရတနာဝက်ဝံတစ်ကောင် ရှိနေတာပဲ။" ရုတ်တရက် ကြည်လင် ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ဟုန်ရှောင်ပေါင်က နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ အသက် ငယ်ရွယ်သည့် ကောင်မလေးမှာ ဆယ့်သုံးလေးနှစ် အရွယ်ခန့်သာ ရှိသေးပုံရပြီး ပန်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဦးခေါင်းပေါ်တွင် လိပ်ပြာပုံစံ အလှဆင်ထားသည့် ငွေရောင် ဆံထိုးအနည်းငယ် ထိုးစိုက်ထားပြီး မျက်လုံးကြီးများက တောက်ပနေသည်။

သူမ၏ ဘေးရှိ အသက် ပိုကြီးသည့် အမျိုးသမီး ကျင့်ကြံသူမှာမူ အသက် နှစ်ဆယ်ကျော်ခန့် ရှိပုံရသည်။ အစိမ်းနုရောင် ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မလိုအပ်သည့် အရာ ဘာတစ်ခုမှ ရှိမနေခဲ့ချေ။ သို့သော်ငြား သူမ၏ ဟန်ပန်အမူအရာက လူတို့၏ နှလုံးသားကို တုန်လှုပ်စေနိုင်သည်။ သူမက သာမန် မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်သည် ဆိုသော်ငြား တစ်ကိုယ်လုံးတွင် စိမ်းကားပြီး အနီးကပ် မတိုးရဲလောက်အောင် အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။

ဟုန်ရှောင်ပေါင်က တစ်ချက်သာ ကြည့်ရှုလိုက်ပြီး ဂရုမစိုက်တော့ဘဲ အရှေ့သို့ ချက်ချင်း ဆက်လျှောက်သွားခဲ့သည်။

အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးက မျက်မှောင်ကြုတ်လိုက်၏။ "ဒါက ငါတို့ ဒီတစ်ခေါက် လာရှာချင်တဲ့ ရွှေဝါရောင်ဝက်ဝံပေါက်လေး ဖြစ်လောက်တယ်။ သူများတွေရဲ့ လက်ဦးမှု ရယူတာကို ခံလိုက်ရလိမ့်မယ်လို့ မတွေးထားခဲ့မိဘူး။"

"အု"

ထိုအချိန်တွင် ရတနာဝက်ဝံက လက်နှစ်ဖက်ကို ခါးထောက်၍ နောက်တစ်ကြိမ် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။

"အာ … သိပ်ချစ်စရာ ကောင်းတာပဲ … သိပ်ချစ်စရာ ကောင်းတာပဲ။"

ပန်းရောင် ဝတ်စုံနှင့် အမျိုးသမီး ကျင့်ကြံသူလေးသည် ချက်ချင်း မျက်လုံးများ အရောင်တောက်သွားခဲ့၏။ အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေး၏ လက်ကို ဆွဲကိုင်၍ အဆက်မပြတ် လှုပ်ယမ်းလျက် ပြောလိုက်သည်။ "အစ်မ … သိပ်ချစ်စရာ ကောင်းတာပဲ … သိပ်ချစ်စရာ ကောင်းတာပဲ။"

အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးက ကြားပြီးနောက် စဉ်းစားဆင်ခြင်လိုက်၏။ ခြေလှမ်းအနည်းငယ် လျှောက်လှမ်း၍ ဟုန်ရှောင်ပေါင်ကို အမီလိုက်သွားပြီး ပြောလိုက်သည်။ "ဒီက မောင်လေး ... ခဏလောက် ရပ်ပါအုံး။"

ဟုန်ရှောင်ပေါင်က နောက်သို့ လှည့်ကြည့်လိုက်၏။ "ဒီက အစ်မ … ဘာကိစ္စ ရှိလို့လဲ။"

လွီဆုချင်းက ညင်သာစွာ အရိုအသေပေး၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်မက သားရဲယဉ်ပါးရေးစံအိမ်က လွီဆုချင်း ပါ။ ဒီတစ်ယောက်ကတော့ ကျွန်မရဲ့ ညီမလေး ကျိရှောင်လု ပါ။"

ထို့နောက် ဆက်ပြောလိုက်၏။ "မောင်လေး … မောင်လေးရဲ့ ဒီရွှေဝါရောင်ဝက်ဝံပေါက်လေးက ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် အတွက် အတော်လေး အရေးပါပါတယ်။ မောင်လေး အနေနဲ့ လက်လွှတ်ပေးဖို့ ဆန္ဒရှိမလားတော့ မသိဘူး။ ဈေးနှုန်းပိုင်းမှာတော့ သေချာပေါက် နစ်နာစေမှာ မဟုတ်ပါဘူး။"

ဤမိန်းကလေးက တကယ် လှပပေသည်။ လေယင်မြို့တော် အတွင်းတွင် သူ မြင်ဖူးခဲ့သည့် မိန်းကလေးများ ထဲ၌ ညီမလေး ချိုင်ရှောင် တစ်ယောက်တည်းကသာ သူမထက် သာလွန်နိုင်လိမ့်မည်ဟု ထင်ရ၏။ ဟုန်ရှောင်ပေါင် သည် ထိုသို့ တွေးတောနေခဲ့သည်။ သူသည် ယခုအချိန်တွင် ငွေကြေးကို အလွန်အမင်း ရူးသွပ်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ရတနာဝက်ဝံကိုတော့ သူက သဘာဝအတိုင်း ရောင်းချမည် မဟုတ်ချေ။ ရတနာဝက်ဝံက မည်မျှ တန်ဖိုးရှိမည်ကို အနည်းငယ် သိချင်စိတ် ပြင်းပြနေခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဝမ်းသာအားရဖြင့် မေးလိုက်၏။

"အို ... ဘယ်လောက် ပေးမှာလဲ။"

လွီဆုချင်းသည် ဟုန်ရှောင်ပေါင်ကို တည်ငြိမ်စွာ ကြည့်ရှုလျက် ငွေခေါင်းလောင်းလေးကဲ့သို့ ကြည်လင် ပြတ်သားသည့် အသံဖြင့် ပြောလိုက်၏။ "ရွှေဝါရောင်ဝက်ဝံပေါက်လေး ဆိုတာက ပုံမှန် အလှမွေး မိစ္ဆာသားရဲ အမျိုးအစားပဲ။ ဒါကြောင့် အမွေးအမျှင် အရောင်အသွေးက သတ်မှတ်ချက် တစ်ခု ဖြစ်တယ်။ ညီလေးရဲ့ ဒီတစ်ကောင်က အမွေးအမျှင် အရောင်အသွေး မဆိုးပါဘူး။ ဒါပေမဲ့ ခေါင်းပေါ်က အမည်းရောင် အမွေးအမျှင်တွေက အလှပျက်နေတာ သိသာထင်ရှားတယ်။ ဒါပေမဲ့ ကျွန်မက ဝိညာဉ်ကျောက်တုံး တစ်ရာ့နှစ်ဆယ် ပေးဖို့ ဆန္ဒရှိဆဲပဲ။ မောင်လေး လက်လွှတ်ပေးဖို့ ဆန္ဒရှိမလား။"

"ချီးပဲ … "

ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တိတ်တဆိတ် အထင်အမြင်သေးသွားခဲ့၏။ သူက တစ်ဖက်လူ အနေဖြင့် ဝိညာဉ်ကျောက်တုံး ရာချီ၍ ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိခြင်း ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး နှစ်ဆယ်လောက်သာ တိုးပေးခြင်း ဖြစ်ရာ သူက သဘာဝအတိုင်း လက်ခံမည် မဟုတ်ချေ။ ထို့ကြောင့် ရယ်မော၍ ပြောလိုက်သည်။ "တော်ပါပြီ အစ်မရယ် … ဒီရွှေဝါရောင်ဝက်ဝံပေါက်လေးကို ရောင်းဖို့ စိတ်ကူးမရှိတော့လို့ပါ။"

လွီဆုချင်းက ဤမျှဖြင့် အလွယ်တကူ လက်လွှတ်လိုခြင်း မရှိကြောင်း အလွန် သိသာထင်ရှားလှ၏။ ဟုန်ရှောင်ပေါင်၏ နောက်သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်း အမီလိုက်သွားပြီး ပြောလိုက်သည်။ "ဒီက မောင်လေး ... မောင်လေး သိထားသင့်တာက နောက်ကနေ လိုက်လာတာနဲ့ ယဉ်ပါးအောင် မွေးမြူထားတာက မတူညီတဲ့ ကိစ္စနှစ်ခု ဆိုတာပဲ။ ရွှေဝါရောင်ဝက်ဝံပေါက်လေးက အခု မောင်လေးရဲ့ နောက်ကနေ လိုက်လာတာက သူငယ်ချင်းလို ဆက်ဆံရေးမျိုး ဖြစ်နေတာ။ မောင်လေးက သူ့ရဲ့ သခင် မဟုတ်သေးဘူး။"

ဟုန်ရှောင်ပေါင်က လွီဆုချင်း၏ ပြောစကားကို ကြားလိုက်ရချိန်တွင် အေးစက်စွာ ရယ်မောလိုက်၏။ "ဟား ဟား ... အဲဒီလောက် အများကြီး ဂရုမစိုက်နိုင်ဘူး။ ကျုပ် ခေါ်လာတာပဲ … ကျုပ်ဟာ မဟုတ်ရင် ခင်ဗျားဟာ ဖြစ်နေလို့လား။"

ထိုအချိန်တွင် အမည်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူ တစ်ယောက်က မျက်နှာချင်းဆိုင်မှ လျှောက်လှမ်းလာခဲ့၏။ လွီဆုချင်းကို မြင်တွေ့လိုက်ရချိန်တွင် အနည်းငယ် ကြက်သေသေသွားခဲ့ပြီး အနည်းငယ် အရိုအသေပေးလျက် နှုတ်ဆက်လိုက်သည်။ "အစ်မကြီးကို ဂါရဝပြုပါတယ်။"

"အင်း။"

လွီဆုချင်းက ဖြစ်သလို ခေါင်းညိတ်ပြလိုက်ပြီး အများကြီး ဂရုစိုက်မနေတော့ချေ။ ထို့နောက် ဆက်ပြောလိုက်၏။ "မောင်လေး ... ယဉ်ပါးအောင် မွေးမြူထားခြင်း မရှိတဲ့ မိစ္ဆာသားရဲ ဆိုတာ မိစ္ဆာသားရဲပဲ။ အစောနဲ့ အနှောင်းဆိုသလို မောင်လေးရဲ့ နားကနေ ထွက်ခွာသွားလိမ့်မယ်။ သေချာ မသိရပေမဲ့ ဒီရွှေဝါရောင် ဝက်ဝံပေါက်လေးက မောင်လေးရဲ့ နောက်ကို လိုက်နေတာ ပစ္စည်းတစ်ခုခုကြောင့် ဖြစ်လောက်တယ် ဆိုတာ သိသာထင်ရှားတယ်။ ရွှေဝါရောင်ဝက်ဝံပေါက်လေးက သဘာဝအတိုင်း သွက်လက် လှုပ်ရှားတတ်တယ်။ ဒီပစ္စည်းရဲ့ ဆွဲဆောင်မှုက မကြာခင်မှာပဲ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မောင်လေးရဲ့ နားကနေ ထွက်ခွာသွားမဲ့ အချိန်ပဲ။"

အမည်းရောင် ဝတ်စုံနှင့် ကျင့်ကြံသူက လွီဆုချင်းကို "အစ်မကြီး" ဟု ခေါ်ဝေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေသေသွားခဲ့၏။ 'ဟင် … ကြည့်ရတာ နောက်ခံ အင်အားက မသေးငယ်ဘူးပဲ။'

သဘာဝအတိုင်းပင် အစ်မကြီးပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ရတနာဝက်ဝံကိုတော့ ရောင်းချမည် မဟုတ်ချေ။ ဤအချိန်တွင် ရတနာဝက်ဝံ၏ စရိုက်လက္ခဏာကို ပြောဆိုလိုက်သည်ကို ကြားလိုက်ရရာ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး မေးလိုက်သည်။ "အဘိုး ... တကယ်ပဲ အဲဒီလိုလား။"

ယင်းကျိုယိုက အေးစက်စွာ ပြောလိုက်၏။ "ခပ်ဆင်ဆင်လောက်တော့ ဟုတ်တယ်။ ဒါပေမဲ့ ငါ ရှိနေသရွေ့တော့ ရတနာဝက်ဝံကို ယဉ်ပါးအောင် မွေးမြူပြီး သစ္စာခံ စာချုပ် မချုပ်ဆိုထားရင်တောင်မှ မင်းရဲ့မွေးမြူမှုကို လက်ခံမှာ သေချာတယ်။"

အဘိုး၏ ပြောစကားကို ကြားလိုက်ရချိန်မှာတော့ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ချက်ချင်း ယုံကြည်မှု ရှိသွားခဲ့၏။ သူက ရယ်မော၍ ပြောလိုက်သည်။ "အဲဒါတော့ မလိုတော့ဘူးဗျ။ ကျုပ်ရဲ့ အနားမှာ သူ့ကို သိမ်းဆည်းထားနိုင်မဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။"

လွီဆုချင်းသည် မျက်မှောင်ကြုတ်လိုက်၏။ ပန်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေး ကျိရှောင်လုက သူမ၏ လက်ကို ညင်သာစွာ လှုပ်ယမ်းနေခဲ့သည်။ ရတနာဝက်ဝံကို ကြည့်ရှုနေသည့် မျက်လုံးများက အရောင်တောက်လုမတတ် ဖြစ်နေ၏။

လွီဆုချင်းက ပန်းရောင် ဝတ်စုံနှင့် မိန်းမပျိုလေးကို ကြင်နာစွာ ကြည့်ရှုလိုက်ပြီး ဆက်ပြောလိုက်သည်။ "ညီလေး … အဓိပ္ပာယ် မရှိတာ ပြောနေတာ မဟုတ်ပါဘူး။ လေယင်မြို့တော်ရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ကျွန်မကလွဲရင် ဒီရွှေဝါရောင်ဝက်ဝံပေါက်လေးကို ယဉ်ပါးအောင် မွေးမြူနိုင်တဲ့သူ နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။ ရက်အနည်းငယ် ကြာလို့ ထွက်ခွာသွားခံရမဲ့အစား ကျွန်မကို ဘာလို့ မရောင်းချတာလဲ။ ဒါဆိုရင် မောင်လေးလည်း ဝိညာဉ်ကျောက်တုံး တစ်ရာကျော် ရနိုင်သေးတယ်လေ။ ဒါက နည်းပါးတဲ့ ပမာဏ တစ်ခု မဟုတ်ဘူး။"

ဟုန်ရှောင်ပေါင်က မျက်မှောင်ကြုတ်လိုက်၏။ 'ဒီလူက ဘာလို့ တစ်ချိန်လုံး လာရှုပ်ယှက်ခတ်နေရတာလဲ။'

သူက မျက်လုံးကို ကစားလိုက်ပြီး မေးလိုက်သည်။ "အဘိုး … ရတနာဝက်ဝံက ဒီမိန်းမရဲ့ မြူဆွယ် ဖြားယောင်းတာကို ခံရနိုင်လား။"

"သူက မင်းရဲ့ အပြာရောင်သရဖူကြက် ရဲ့ ကြက်မောက်ကို စားထားတာ မကြာသေးဘူးလေ။ အနည်းဆုံးတော့ ဒီရက်အနည်းငယ် အတွင်းမှာ မင်းအပေါ် သစ္စာခံနေအုံးမှာပဲ။"

ဟုန်ရှောင်ပေါင်က ဝမ်းသာသွားခဲ့၏။ ဝမ်းသာအားရဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားက ဒီရွှေဝါရောင်ဝက်ဝံပေါက်လေးကို ယဉ်ပါးအောင် မွေးမြူနိုင်တယ်လို့ ပြောတာလား။"

All Chapters