အခန်း ၁၀၀
Vol. 9 Ch. 100
အပိုင်း (၁၀၀) “ဒါက သားရဲယဉ်ပါးရေးစံအိမ်လား။ သိပ်အစွမ်းထက်တာပဲ။”
လွီဆုချင်းက ပြောလိုက်၏။ “သွေးသားခန္ဓာ ဒုတိယအဆင့် မိစ္ဆာသားရဲတွေထဲမှာ ကျွန်မ ယဉ်ပါးအောင် မမွေးမြူနိုင်တဲ့ အကောင်ဆိုတာ မရှိဘူး။”
ထို့နောက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ “ပြီးတော့ ဒီရွှေဝါရောင် ဝက်ဝံပေါက်လေးကို လေယင်မြို့တော် တစ်ခုလုံးက တပည့်တွေထဲမှာ ကျွန်မတစ်ယောက်တည်းပဲ ယဉ်ပါးအောင် မွေးမြူနိုင်လောက်တယ်။”
ဟုန်ရှောင်ပေါင်က ပြုံးလိုက်၏။ “ဒီလိုလုပ်ကြမလား။ ခင်ဗျား ကျုပ်ကို ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ပေး။ ခင်ဗျား ယဉ်ပါးအောင် မွေးမြူနိုင်ရင် အလကား ခေါ်သွား။ အကယ်၍ မမွေးမြူနိုင်ခဲ့ရင်တော့ ဒီဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို ဆိုင်ရှင် .. ကျုပ်က သိမ်းထားလိုက်မယ်။ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့လည်း နောက်ထပ် လာမရှုပ်နဲ့တော့ … ဘယ်လိုလဲ။”
လွီဆုချင်းက ချက်ချင်း ပြောလိုက်၏။ “ကတိအတိုင်းပဲနော်။”
သူမသည် ဟုန်ရှောင်ပေါင် နောင်တရသွားမည်ကို စိုးရိမ်သည့်အလား ဝိညာဉ်ကျောက်တုံး တစ်ဆုပ်ကို ချက်ချင်း ဆုပ်ကိုင်၍ ဟုန်ရှောင်ပေါင်ထံသို့ ကမ်းပေးလိုက်သည်။
ဟုန်ရှောင်ပေါင်က ရေတွက်ကြည့်လိုက်ရာ အတိအကျ နှစ်ဆယ်ပင် ဖြစ်၏။
ဟုန်ရှောင်ပေါင်သည် ချက်ချင်း လက်ပိုက်လျက် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။
လွီဆုချင်းသည် အနည်းငယ် ကြက်သေသေသွားခဲ့၏။ ဟုန်ရှောင်ပေါင်က ရွှေဝါရောင် ဝက်ဝံပေါက်လေးကို မြေကြီးပေါ်သို့ ချမပေးသည့်အပြင်၊ ၎င်းကို ကိုယ့်သဘောဆန္ဒအတိုင်း ဆင်းလာစေရန်ပင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ထိုသို့ဆိုလျှင် ယဉ်ပါးအောင် မွေးမြူခြင်းအကြောင်းကို အဘယ်သို့ ပြောဆိုနိုင်မည်နည်း။
လွီဆုချင်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။ ဘ
ေးနားရှိ ကျိရှောင်လုကလည်း ပြုံးလိုက်သည်။ “ဟိဟိ … အစ်ကို … ရှုံးတော့မယ်နော်။ အစ်မကြီးက သားရဲယဉ်ပါးရေးစံအိမ်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ အစ်ကို့ရဲ့ ဒီရွှေဝါရောင် ဝက်ဝံပေါက်လေးက မကြာခင် ကျွန်မဟာ ဖြစ်တော့မှာ … ဟိဟိဟိဟိ။ ရွှေဝါရောင် ဝက်ဝံပေါက်လေး … ငါ လာပြီနော်။”
ထိုသို့ပြောဆိုရင်း လက်ကို ပွတ်သပ်လိုက်ကာ၊ တောက်ပသော မျက်လုံးများဖြင့် ရတနာဝက်ဝံကို ကြည့်ရှုနေသည်။ သူမ၏ မျက်လုံးထဲတွင် အသည်းပုံလေးများ အပုံလိုက် ထွက်ပေါ်နေ၏။
‘ဒီကောင်မလေးက ကျန်းမုန်ယွင် နဲ့ တူတာပဲ … ဘာကောက်ကျစ်မှုမှ မရှိဘူး။’ ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်ပြီးလက်ပိုက်လျက် တည်ငြိမ်စွာ ဆက်ရပ်နေလိုက်သည်။
ထိုအချိန်တွင် လွီဆုချင်းသည် ကျိရှောင်လု ကမ်းပေးသော သေသပ်လှပသည့် အဝတ်ထုပ်လေး တစ်ခုကို လှမ်းယူလိုက်၏။ ထိုအထဲမှ ကြွေပုလင်း အနည်းငယ်ကို ရွေးချယ်၍ လက်ထဲသို့ အနည်းငယ်စီ လောင်းထည့်လိုက်သည်။ ထို့နောက် လက်ဝါးနှစ်ဖက်ကို ပူးယှက်၍ သိုင်းပညာကို တိတ်တဆိတ် လည်ပတ်လိုက်ရာ ဟုန်ရှောင်ပေါင်သည် စိတ်စွမ်းအင် အမျှင်တန်းလေးများကို မကြာမီမှာပင် ခံစားလိုက်ရ၏။
ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေ,သေသွားခဲ့သည်။ “ဒါက …။”
“သားရဲယဉ်ပါးရေးမှာ အကြမ်းနည်းနဲ့ အနုနည်း ဆိုပြီး ကွဲပြားမှု ရှိတယ်။ နာမည်အတိုင်းပဲ အကြမ်းနည်း ဆိုတာ ခွန်အားသုံးပြီး လက်နက်ချစေတာ အလွယ်ပြောရရင် အညံ့ခံတဲ့အထိ ရိုက်နှက်တာပဲ။ ဒီမိန်းမ အသုံးပြုနေတာကတော့ အနုနည်း ဖြစ်ပြီး တည့်တည့်ပြောရရင် ဖြားယောင်းတာပဲ။ အထွေထွေအားဖြင့်တော့ အဆင့်အနည်းငယ် ရှိတယ်။ ပစ်မှတ်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်တာ၊ ပစ်မှတ်ရဲ့ သတိထားမှုကို လျှော့ချတာ၊ ပစ်မှတ်နဲ့ ထိတွေ့တာ၊ ပြီးရင် ပစ်မှတ် ငြင်းဆန်လို့မရတဲ့ ပစ္စည်းအချို့ကို ထုတ်ပြတာပဲ။ သူ အခု လုပ်ဆောင်နေတာက ပထမဆုံး အဆင့်ပဲ။”
ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်၏။ ‘သြော် …’
သူ လုပ်ဆောင်ခဲ့သည့် အဆင့်များနှင့်လည်း ခပ်ဆင်ဆင် တူညီပေသည်။ သူက အပြာရောင်သရဖူ ကြက် ၏ ကြက်မောက်ကို အသုံးပြုခဲ့ခြင်းသာ ကွာခြား၏။
သားရဲယဉ်ပါးရေး ဆိုသည်မှာလည်း ရှားပါးဆန်းကြယ်သည့် ကိစ္စတစ်ခု ဖြစ်သည်။ သူတို့အနည်းငယ်က လူသူကင်းမဲ့သော နေရာတစ်ခုသို့ လျှောက်လှမ်းသွားခဲ့ကြသည် ဆိုသော်ငြား မျက်စိရှင်သည့် လူနှစ်ယောက်ကတော့ မြင်တွေ့သွားခဲ့သည်။
သူတို့ နှစ်ယောက်စလုံး လျှောက်လာခဲ့ကြပြီး ဤသည်မှာ သားရဲယဉ်ပါးရေး ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် အလွန် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ လက်ကို ပွတ်သပ်လျက် ပြောလိုက်ကြ၏။ “ဟာ … ဒါက အစွမ်းထက်တာပဲ။”
“ဒီအစ်မက ဘယ်သူလဲ မသိဘူး။”
ကျိရှောင်လုက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ဒါက ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ်ရဲ့ အစ်မကြီးလေ။ သားရဲယဉ်ပါးရေး လမ်းစဉ်ရဲ့ ပါရမီရှင်ပဲ။”
“အမလေး။”
“သားရဲယဉ်ပါးရေးစံအိမ်က … အစ်မကြီးလား။”
လူနှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြ၏။ သူတို့အတွက်မူ ပြင်ပတပည့် တစ်ယောက် ဖြစ်လျှင်ပင် အလွန် မြင့်မားလွန်းနေပြီ ဖြစ်သည်။ မျက်မှောက်ရှိ သူမှာမူ စံအိမ်တစ်ခု၏ အစ်မကြီး ဖြစ်နေသည် မဟုတ်ပါလား။ စံအိမ်တစ်ခုတွင် ပြင်ပတပည့် မည်မျှအထိ ရှိသနည်း။ မျက်မှောက်ရှိ ဤသူမှာ ထိုအထဲမှ စံအိမ်တစ်ခု၏ အစ်မကြီး ဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြ၏။ ဤသူက စံအိမ်တစ်ခု၏ အစ်မကြီး ဖြစ်ပေသည်။ ဖြစ်သလို လက်ကွက်တစ်ခုကို သင်ယူခွင့် ရရှိလျှင်ပင် အကျိုးကျေးဇူးက ကုန်ဆုံးနိုင်မည် မဟုတ်ချေ။
သို့သော်ငြား … နယ်ပယ်မတူပါက တောင်တန်းတစ်ခု ခြားနေသကဲ့သို့ ဖြစ်ရာ သူတို့က လွီဆုချင်း ယခု ဘာလုပ်နေသလဲ ဆိုတာကို လုံးဝ မသိရှိကြချေ။
“ဒါက … ဘာလုပ်နေတာလဲ။”
ကျိရှောင်လုက ပြုံးလိုက်၏။ “သားရဲယဉ်ပါးရေး လေ။ မိစ္ဆာသားရဲ အများစုရဲ့ အားနည်းချက်က သူတို့ရဲ့ ဝမ်းဗိုက်မှာ ရှိတယ်။ ဒီရွှေဝါရောင် ဝက်ဝံပေါက်လေးက အစ်မကြီးကို ဝမ်းဗိုက် လှန်ပြလိုက်တာနဲ့ ဒီတစ်ခေါက် သားရဲယဉ်ပါးရေးက ပြီးမြောက်သွားပြီပဲ။”
သူတို့နှစ်ယောက်သည် ချက်ချင်း တက်ကြွလာခဲ့ကြပြီး ပြောလိုက်၏။ “သြော် … ဒီလိုကိုး။”
သူတို့၏ အမြင်အာရုံက လွီဆုချင်းအပေါ်သို့ စိုက်ကြည့်နေခဲ့သည်။
ဤအချိန်တွင် ထူးဆန်းသော ပြောင်းလဲမှုက အဆုံးသတ်၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ လွီဆုချင်းက စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် ပွတ်သပ်နေသော လက်ဝါးနှစ်ဖက်ကြားတွင် တဖြည်းဖြည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ မြူခိုးဖြူများက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး၊ ထိုမြူခိုးဖြူများ အတွင်း၌ စိတ်စွမ်းအင်များ သိပ်သည်းစွာ ပါဝင်နေ၏။
တစ်ချိန်လုံး ကြည့်ရှုနေခဲ့သော ကျင့်ကြံသူက ရုတ်တရက် အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်၏။ “ဒါက … စိတ်စွမ်းအင် မြူခိုးတွေပဲ။”
ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာတိုင်းတွင် စိတ်စွမ်းအင် အမြောက်အမြား ပါဝင်နေသည်။ ရင့်ကျက်လာသည့် အချိန်တွင် သာမန် သစ်သီးများ ရင့်မှည့်၍ အညှာကြွေကျသကဲ့သို့၊ သို့မဟုတ် မျိုးစေ့များ ပေါက်ကွဲထွက်လာသကဲ့သို့၊ စိတ်စွမ်းအင် ကြွယ်ဝသော မြူခိုးငွေ့ တစ်သုတ်ကို ပေါက်ကွဲ ထွက်ပေါ်စေတတ်၏။
အထွေထွေအားဖြင့် ကျင့်ကြံသူများက ဤအရာကို မြင်တွေ့လိုက်ရခြင်းသည် ရတနာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းနှင့် ညီမျှပေသည်။ ထို့ကြောင့် ၎င်းကို ရတနာမြူခိုး ဟုလည်း ခေါ်ဆိုကြသည်။
တောင်တန်းကြီးများထဲတွင် နှစ်ရှည်လများ နေထိုင်ကြသော မိစ္ဆာသားရဲများမှာ ဤမြူခိုးငွေ့အပေါ် ပို၍ပင် အာရုံခံစားလွယ်ကြသည်။ ထို့ကြောင့် လူတိုင်းက ဟုန်ရှောင်ပေါင်၏ ဦးခေါင်းထိပ်ပေါ်ရှိ ရွှေဝါရောင် ဝက်ဝံပေါက်လေးထံသို့ တစ်ခဏချင်းမှာပင် လှမ်းကြည့်လိုက်ကြ၏။
“အု”
တကယ်ပင် စိတ်စွမ်းအင် မြူခိုး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရတနာရှာ ဝက်ဝံ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ ၎င်းက မြင့်တက်လာနေသော စိတ်စွမ်းအင် မြူခိုးကို သေချာစွာ စိုက်ကြည့်လျက် သံသယဝင်လာခဲ့ပြီး လက်ရော ခြေထောက်ပါ အသုံးပြု၍ ဟုန်ရှောင်ပေါင်၏ ပုခုံးပေါ်သို့ တစ်ခဏချင်းမှာပင် ခုန်ဆင်းသွားခဲ့သည်။
“အု”
နောက်ထပ် အသံကျယ်ကြီးဖြင့် တစ်ချက် အော်ဟစ်လိုက်ပြီး ရတနာရှာ ဝက်ဝံ၏ ရွှေရောင် အရိပ်လေး လက်ခနဲ ဖြစ်သွားကာ မြေကြီးပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။
လွီဆုချင်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။ ရတနာရှာ ဝက်ဝံတွင် ဤသို့သော တုံ့ပြန်မှု ရှိလာမည်ကို သူမက စောစောစီးစီးတည်းက ကြိုတင် ခန့်မှန်းထားခဲ့ပုံရသည်။
ဟုန်ရှောင်ပေါင်တစ်ယောက်ကသာ စိတ်ထဲတွင် အနည်းငယ် ဂယောက်ဂယက် ဖြစ်လာခဲ၏။ အဘိုးက ပြဿနာမရှိဘူးဟု ပြောထားခဲ့သည် ဆိုသော်ငြား ယခု ရတနာရှာ ဝက်ဝံက အောက်ကို ဆင်းသွားခဲ့ပြီ မဟုတ်ပါလား။
ဟိုဘာ... သားရဲယဉ်ပါးရေးစံအိမ်ရဲ့ အစ်မကြီး ဆိုတဲ့သူနဲ့ လက်တစ်ကမ်း အကွာအဝေးပဲ လိုတော့တာလေ။
“အု … အု … အုအုအု … ”
ဤအချိန်တွင် လွီဆုချင်းက ရတနာရှာ ဝက်ဝံနှင့် တစ်ထပ်တည်း တူညီသော အော်ဟစ်သံ အနည်းငယ်ကို ထုတ်ဖော်လိုက်၏။ တုံ့ဆိုင်းနေဆဲ ဖြစ်သော ရတနာရှာ ဝက်ဝံသည် သူမကို ပို၍ပင် သံသယတကြီး လှမ်းကြည့်လိုက်ပြီး ဤသည်မှာ သူ၏ အဖော် ဟုတ်၊ မဟုတ် ဆိုသည်ကို ကြိုးစား ခွဲခြားနေပုံရသည်။
ကျိရှောင်လု၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ “ဟိဟိ … အစ်မကြီးက သားရဲဘာသာစကား ရာပေါင်းများစွာကို တတ်ကျွမ်းတယ်။ မျိုးစိတ်တူအချင်းချင်းတောင် မခွဲခြားနိုင်တဲ့ အဆင့်အထိ ရောက်နေပြီလို့ ဆရာက ပြောဖူးတယ်။ အခုဆိုရင် ရွှေဝါရောင် ဝက်ဝံပေါက်လေးက အစ်မကြီးကို သူ့ရဲ့ မျိုးစိတ်တူ အဖော်လို့ သတ်မှတ်နေလောက်ပြီ။”
ရတနာရှာ ဝက်ဝံက သူမ၏ အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခု ဖြစ်နေပြီးသား အတိုင်းပင် ပြောဆိုနေသည်။
ကြည့်ရှုနေသူ တစ်ယောက်ကလည်း အံ့ဩတကြီး ပြောလိုက်၏။ “တကယ် အစွမ်းထက်တာပဲ။”
ထိုအသံက လွီဆုချင်း၏ ပါးစပ်မှ ထွက်ပေါ်လာသည်ကို ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့နေရသည့်တိုင် သူက အနည်းငယ် မယုံကြည်နိုင်သေးချေ။ “ဒီအသံက သိပ်ကို တူလွန်းနေတယ်။”
အခြား ကျင့်ကြံသူ တစ်ယောက်ကလည်း အလွန် အံ့အားသင့်နေခဲ့သည်။ “ဘာက သိပ်တူနေတာလဲ။ လုံးဝ တစ်သံတည်းပဲလေ။ ဒါက သားရဲယဉ်ပါးရေးစံအိမ်လား။ သိပ်အစွမ်းထက်တာပဲ။”
“အု … အုအုအုအု … ”
လွီဆုချင်း၏ နှုတ်ခမ်းများက ညင်သာစွာ လှုပ်ရှားသွားပြီး အသံအနည်းငယ် ထပ်မံ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရတနာရှာ ဝက်ဝံထံသို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ရတနာရှာ ဝက်ဝံက ခဏမျှသာ ကြက်သေသေသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် အပေါ်သို့ ခုန်တက်သွားခဲ့၏။ လွီဆုချင်း၏ လက်မောင်းနှစ်ဖက်အတိုင်း ပြေးတက်သွားခဲ့ပြီး သူမ၏ ရင်ခွင်ထဲသို့ အရှိန်ပြင်းပြင်း ခုန်ဝင်သွားခဲ့၏။
“ဟာ … ကိစ္စမလှတော့ဘူး … ကိစ္စမလှတော့ဘူး။” ဟုန်ရှောင်ပေါင်သည် ကြက်သေသေသွားခဲ့၏။ သစ္စာဖောက်မှာ မဟုတ်ဘူး ဆို။ ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ္စာဖောက်သွားတာလဲ။
သူက ဒေါသတကြီး မေးလိုက်သည်။ “အဘိုး … သူ သစ္စာမဖောက်ဘူး ဆိုပြီး ဘာလို့ အခုကျတော့ … ”
ယင်းကျိုယိုက ဆဲဆိုလိုက်၏။ “မင်း ဘာဖြစ်လို့ လောနေရတာလဲ။”
ဟုန်ရှောင်ပေါင်က ကြားပြီးနောက် စိတ်ထဲတွင် ယုံကြည်မှု ရှိသွားခဲ့ကာ တိတ်ဆိတ်စွာ ကြည့်ရှုနေလိုက်သည်။
“ဟာ … အောင်မြင်သွားပြီ။”
“အစွမ်းထက်တာ … ဒီလောက်နဲ့ပဲ ဒုတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူနိုင်သွားပြီလား။”
ဘေးနားရှိ ကျင့်ကြံသူများကလည်း ကြည့်ရှုရင်း စိတ်လှုပ်ရှားလာခဲ့ကြ၏။
ကျိရှောင်လု၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင် ပီပြင်လာခဲ့သည်။ “မဟုတ်သေးဘူး။ ရွှေဝါရောင် ဝက်ဝံပေါက်လေး က အစ်မကြီးရဲ့ ရင်ခွင်ထဲမှာ ကောင်းကင်ကို မော့ပြီး ဝမ်းဗိုက် လှန်ပြမှသာ အောင်မြင်တယ်လို့ သက်သေပြနိုင်မှာ။ ဒါပေမဲ့ … အစ်မကြီးရဲ့ ရင်ခွင်ထဲကို ရောက်သွားနိုင်တာကတင် ကိုးဆယ့်ကိုး ရာခိုင်နှုန်း အောင်မြင်နေပြီပဲ။ ဟိဟိ … အစ်မကြီး ယဉ်ပါးအောင် မမွေးမြူနိုင်တဲ့ ဒုတိယအဆင့် မိစ္ဆာသားရဲ မရှိဘူး ဆိုတာကို ပြင်ပဂိုဏ်း တစ်ခုလုံးမှာ ဘယ်သူက မသိဘဲ နေမှာလဲ။”
လွီဆုချင်းကလည်း အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သွယ်လျသော လက်ဖဝါးလေးဖြင့် စိတ်စွမ်းအင် တစ်ဆုပ်ကို ဖုံးလွှမ်းလိုက်ပြီး ရတနာရှာ ဝက်ဝံ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ရတနာရှာ ဝက်ဝံကလည်း အလွန် ဇိမ်ကျနေပြီး မျက်လုံးများကို မှေးကျဉ်းလျက် အလွန် သက်တောင့်သက်သာရှိစွာ တစ်ချက် အော်ဟစ်လိုက်၏။
“အု”
တစ်ချိန်တည်းမှာပင် ဦးခေါင်းဖြင့် လွီဆုချင်း၏ မို့မောက်နေသော ရင်ဘတ်ကို အားရပါးရ ပွတ်သပ်နေတော့သည်။