← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၁

ဘာသာပြန် - Ko Yoohtoo

True Immortal Team

မြို့၏ အစီအရင်နှင့် တံခါးပေါက်ကို ပြန်လည်မွမ်းမံပြီး ဖြစ်သော်လည်း အသိပညာရှင်များနှင့် လက်မှုပညာရှင်များသည် အရာအားလုံး စိတ်ချရစေရန် မြို့တစ်မြို့လုံးကို လှည့်လည်စစ်ဆေးနေကြဆဲ ဖြစ်၏။

​လေဟုန်စစ်သည် အယောက်တစ်ထောင် တပ်ဖွဲ့သည် မြို့ထဲမှ ထွက်ခွာသွားကြပြီး လာမည့် စစ်ပွဲအတွက် တန်ဖိုးရှိသည့် သတင်းအချက်အလက်များကို ရှာဖွေရန် အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကျက်သွားကြပြီ ဖြစ်သည်။

​ပိုင်ချီနှင့် ဝူလျန်တို့ထံမှ သတင်းအချက်အလက်များ ရရှိထားသော်လည်း နည်းဗျူဟာမြေပုံပေါ်၌ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ မြို့များ တည်နေရာကို ခန့်မှန်းခြေသာ ပြသထားခြင်း ဖြစ်၏။

​နည်းဗျူဟာမြေပုံပေါ်၌ မြို့များ၏ တည်နေရာအတိအကျကို သိရှိနိုင်ရန် လေဟုန်စစ်သည်များ၏ ထောက်လှမ်းမှုသည် မရှိမဖြစ် လိုအပ်သည်။

​ရှန်ဟွမ်ကြယ်၌လည်း အလုံးစုံစစ်ပွဲအတွက် လိုအပ်သည့် အရင်းအမြစ်များကို စတင်စုဆောင်းနေကြပြီ ဖြစ်သည်။

​လေဟုန်စစ်သည်များ၏ ထောက်လှမ်းမှု ပြီးဆုံးသွားသည်နှင့် တကယ့်စစ်ပွဲကြီး စတင်ရန် အချိန်ကျရောက်လာမည် ဖြစ်၏။

​အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် ဤကမ္ဘာ၌ ဟွာရှာအင်ပါယာ၏ စွမ်းအားကို ပထမဆုံး ခံစားရမည့်သူများ ဖြစ်လာကြပြီး ကဏ္ဍပေါင်းစုံ၌ အလုံးစုံ ဖိနှိပ်ခံရခြင်း ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း နားလည်သွားကြရပေလိမ့်မည်။

​စစ်သည် သုံးသိန်းသည် ဟွာရှာအင်ပါယာသို့ ပြန်လည်မဆုတ်ခွာဘဲ မြို့ရိုးအတွင်းရှိ လွင်ပြင်ကျယ်ကြီး၌ တပ်စွဲအခြေချ နေထိုင်လိုက်ကြ၏။

​သူတို့၏ ခန္ဓာကိုယ်များပေါ်၌ သွေးရောင်လွှမ်းသည့် အရှိန်အဝါများ ရစ်ပတ်နေဆဲပင် ဖြစ်သည်။

​သွေးဆာခြင်း အရှိန်အဝါများ ထပ်ပေါင်းစုစည်းထားမှုသည် ဆယ်ရက်တိတိ ကြာမြင့်နိုင်ပြီး ထိုအချိန်ကျော်လွန်မှသာ အာနိသင်ပြယ်သွားမည် ဖြစ်သည်။

​သို့သော် ထိုဆယ်ရက်အတွင်း ရန်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ပါက သွေးဆာခြင်း အာနိသင်သည် နောက်ထပ် ဆယ်ရက် ထပ်မံ သက်တမ်းတိုးသွားပေလိမ့်မည်။

​ထို့ကြောင့် ယခင်ဘဝ ဂိမ်းကစားစဉ်က သွေးလွှမ်းစစ်သည်တပ်ဖွဲ့ကို စောစောစီးစီး အမြန်ဆုံး ရှင်းပစ်လေ့ရှိကြ၏။

​အထူးသဖြင့် သွေးဆာခြင်းစွမ်းရည်များ မစုစည်းမိခင် အချိန်၌ ဖြစ်၏။

​အစွမ်းကုန် ဖြည့်ဆည်းထားသည့် သွေးဆာခြင်း အရှိန်အဝါပိုင်ဆိုင်သော သွေးလွှမ်းစစ်သည်အဖွဲ့သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

​သို့သော် ဤကမ္ဘာ၌မူ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် သွေးလွှမ်းစစ်သည်ဆိုသည်မှာ မည်သည့်အရာမှန်း မသိကြသကဲ့သို့၊ သူတို့ကို ရစ်ပတ်ထားသည့် သွေးရောင်အရှိန်အဝါများ၏ အဓိပ္ပာယ်ကိုလည်း နားမလည်ကြချေ။

​ယွမ်ရှန့်သည် ထို သွေးလွှမ်းစစ်သည်တပ်မတော်ကြီးကို ကြည့်ကာ အံ့အားသင့်နေမိ၏။ လူပေါင်းသုံးသိန်း၏ စိတ်ဝိညာဉ်စွမ်းအင်များ၊ ခန္ဓာကိုယ် အချိုးအစားများနှင့် အရှိန်အဝါများအားလုံး ထပ်တူညီမျှ ဖြစ်နေသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

​ကွာခြားသွားသည်မှာ... သူတို့၏ မျက်နှာများသာ ဖြစ်သည်။

​စိတ်ဝိညာဉ်စွမ်းအင်များ ထပ်တူညီမျှ ဖြစ်နေခြင်းမှာ မဖြစ်နိုင်သည့်အရာပင်။ လူနှစ်ဦးစလုံး မီးစွမ်းအား ပိုင်ဆိုင်ထားသည် ဆိုလျှင်တောင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအား အတက်အကျ လှိုင်းများမှာ ကွာခြားနေမည်သာ ဖြစ်၏။

​တူညီသည့် စွမ်းအားစွမ်းရည်များ ရှိနေခြင်းက မဆန်းကြယ်သော်လည်း စိတ်ဝိညာဉ်စွမ်းအား အတက်အကျ လှိုင်းများပါ တူညီနေခြင်းမှာမူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

​ယွမ်ရှန့်ပင် နားမလည်နိုင်သည်မှာ မဆန်းပေ။ လင်းချန် ကိုယ်တိုင်ပင် နားမလည်နိုင်ချေ။

​ဟွာရှာအင်ပါယာ၌ ဉာဏ်ရည်နှင့် အသက်ရှိသည့် သတ္တဝါတိုင်း မိတ်လိုက်သားပေါက်နိုင်သော်လည်း တိုက်ခိုက်ရေးစစ်သည် နှစ်မျိုးမှာမူ ချွင်းချက်ဖြစ်သည်။

​ထိုသည်တို့မှာ တော်ဝင်တပ်မတော်နှင့် သားရဲ စစ်သည်များပင် ဖြစ်၏။ စစ်သူကြီးများနှင့် သားရဲစစ်သည် တပ်မှူးများကသာ ဉာဏ်ရည်နှင့် အသက်ကို ပိုင်ဆိုင်ကြ၏။

​သို့သော် သာမန်စစ်သည်များနှင့် သားရဲစစ်သည်များသည် ထူးဆန်းစွာပင် ဉာဏ်ရည်ရှိသည့် ရုပ်သေးရုပ်များနှင့် တူညီနေသည်။

​သားရဲစစ်သည်များသည် အခြေခံ စစ်သည်အမျိုးအစား ခြောက်မျိုးထဲမှ ဓားကိုင်စစ်သည်များကို စစ်တန်းလျားထဲသို့ ပြန်လည်ပို့ဆောင်ကာ ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်၏။

​ဓားကိုင်စစ်သည် ငါးဦးလျှင် သားရဲစစ်သည်တစ်ဦးနှုန်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့အတူ လှံကိုင်စစ်သည်၊ ဓားကိုင်စစ်သည်၊ သိုင်းဓားစစ်သည်၊ ဒိုင်းကာစစ်သည်၊ လေးသည်တော်နှင့် လေဟုန်စစ်သည်များသည်လည်း စစ်တန်းလျားထဲမှ တိုက်ရိုက်ဖန်တီးထားခြင်း ဖြစ်၏။

​အချို့ကိုမူ ကျပန်းပေါ်ထွက်လာသည့် တောရိုင်းသားရဲများကို ယဉ်ပါးအောင် မွေးမြူထားခြင်း ဖြစ်သည်။

​အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသည့် အရာများ ဖြစ်သောကြောင့် တစ်ပုံစံတည်း တူညီနေသည်မှာ မဆန်းပေ။

​မျက်နှာများ မတူညီကြခြင်းမှာမူ ယခင်ဘဝ ဂိမ်းကုမ္ပဏီ၏ ဒီဇိုင်းကြောင့် ဖြစ်၏။

​ကစားသမားများအနေဖြင့် တစ်ပုံစံတည်းတူညီသည့် မျက်နှာများကို မြင်ရလျှင် ငြီးငွေ့သွားမည် စိုးသဖြင့် ကျပန်းမျက်နှာပုံစံ စနစ်ကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။

​ဤကမ္ဘာသို့ ရောက်ရှိလာချိန်၌လည်း ဟွာရှာအင်ပါယာသည် ထိုဝိသေသလက္ခဏာကို ဆက်လက် ထိန်းသိမ်းထားသည်။

​ယွမ်ရှန့် တစ်ယောက် လင်းချန်၏ ဘေးနားသို့ ရောက်လာသည်။ "ဒါနဲ့... အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ကို စစ်တိုက်ဖို့ ပြင်နေပြီဆိုတော့ ဘယ်တော့လောက် စမလဲ။"

​ယွမ်ရှန့်၏ စူးစမ်းလိုစိတ် ပြင်းပြနေသည့် မျက်နှာထားကို ကြည့်ရင်း လင်းချန် ပြုံးလိုက်သည်။ "အကြီးအကဲ... ခင်ဗျားပဲ ကျုပ်ကို အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ကို စစ်မတိုက်ဖို့ တားခဲ့တာ မဟုတ်ဘူးလား။ အခုကျတော့ ခင်ဗျားက ကျုပ်ထက်တောင် ပိုစိတ်လောနေပါရောလား။"

​ယွမ်ရှန့်က အလျင်အမြန် ခေါင်းရမ်းလိုက်သည်။ "ဘယ်တူမလဲကွ... အစတုန်းက မင်း လူလေးငါးဆယ်လောက်နဲ့ လူသန်းပေါင်းများစွာရှိတဲ့ မျိုးနွယ်စုနှစ်ခုကို သွားတိုက်မယ် ထင်လို့ ငါ တားခဲ့တာပေါ့။ မင်းမှာ စစ်တပ်နဲ့ လူစွမ်းကောင်းတွေကို ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်ရှိမယ်လို့ ငါ ဘယ်ထင်မလဲ။"

​ယွမ်ရှန့်၏ စကားကို ကြားပြီးနောက် လင်းချန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

​စောစောက သူ နောက်ပြောင်ခြင်းသာ ဖြစ်သည်။ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ "ရန်သူကိုသိပြီး ကိုယ့်ကိုယ်ကိုယ်သိရင် စစ်ပွဲတစ်ရာ တိုက်လည်း အန္တရာယ်မရှိနိုင်ဘူး... ဘာမှ နားမလည်ဘဲ ဒီအတိုင်း တိုက်ရင်တော့ ရှုံးနိုင်တယ်။"

​ယွမ်ရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါကို ငါ နားမလည်ဘူး... မင်း အရင်က သူတို့ကို အမှန်အတိုင်း ပြောစေဖို့ ထူးဆန်းတဲ့ဆေးရည် တိုက်ခဲ့တယ် မဟုတ်ဘူးလား။"

​ထိုအချိန်၌ လင်းချန်၏ မျက်နှာထားသည် ယုံကြည်မှုအပြည့် ရှိနေသည်။ "တချို့ကိစ္စတွေကို ကိုယ်တိုင် အတည်ပြုမှ ရမှာ... စီနီယာ... စောင့်သာ ကြည့်နေ။"

​သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ "အလုံးစုံစစ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ... ကျုပ် တိုက်မယ့် မျိုးနွယ်စုနှစ်ခု ဒူးထောက်ပြီး အမေကိုတောင် တစာစာ အော်ဟစ်တမ်းတသွားစေရမယ်။"

​ပြောရင်းဆိုရင်း လင်းချန်၏ မျက်နှာ၌ ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေသည့် အမူအရာများ ပေါ်လာပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားလွန်း၍ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်နေ၏။

​သူ့ယခင်ဘဝမှ လက်ရှိအချိန်အထိ ဟွာရှာအင်ပါယာသည် စစ်မှန်သည့် စစ်ပွဲတစ်ခုကို အမှန်တကယ် ဆင်နွှဲတော့မည် ဖြစ်သည်။

​ယခင်က မူလပြည်နယ်နှင့် ကမ်းရိုးတန်းပြည်နယ်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် စစ်ပွဲဟု မခေါ်ဆိုနိုင်ပေ။

​ထိုသည်တို့မှာ တစ်ဖက်သတ် အနိုင်ကျင့် သတ်ဖြတ်ခြင်းများသာ ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ မရှိချေ။

​အထူးသဖြင့် ယခုတစ်ကြိမ် ရင်ဆိုင်ရမည့် ရန်သူများထဲ၌ နိုးထခြင်းနယ်ပယ် ရောက်ရှိနေသူများပင် ပါဝင်နေသဖြင့် လင်းချန်၏ သွေးများ ဆူပွက်ကာ စိတ်လှုပ်ရှားလာရခြင်း ဖြစ်၏။

​အခက်အခဲ အနည်းငယ် ရှိမှသာ စိန်ခေါ်မှု ရှိပေမည်။ အလွယ်တကူ သိမ်းပိုက်နိုင်လျှင် ဤမျှကောင်းမွန်သည့် ကမ္ဘာငယ်လေးကို သိမ်းပိုက်ရခြင်းက မည်သို့ အဓိပ္ပာယ် ရှိပါတော့မည်နည်း။

​လင်းချန် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့် ယွမ်ရှန့်သည် တစ်ဖက်လူ ပြောသောစကားများကို တွေးတောရင်း လင်းချန်ပြောသည့် အလုံးစုံ စစ်ပွဲဆိုသည်မှာ မည်သို့ ဖြစ်မည်ကို တိတ်တဆိတ် စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။

​လက်ရှိ လင်းချန် ရှိနေသည့် မြို့၏ ရှေ့မျက်နှာစာရှိ လွင်ပြင်ကျယ်ကြီးပေါ်၌ လေဟုန်စစ်သည် တစ်ထောင်သည် အလွန်လျင်မြန်သော နှုန်းဖြင့် ပြေးလွှားသွားလာနေကြသည်။

​ရုတ်တရက် လေဟုန်စစ်သည်များ လူစုခွဲလိုက်ကြပြီး နှစ်ယောက်တစ်တွဲစီ လှုပ်ရှားလိုက်ကြ၏။

​သူတို့ ပြေးလွှားနေရင်း လက်ထဲ၌ စွမ်းရည်ကျောက်တုံး အများအပြား ပေါ်လာပြီး ဝါးပင်မဝါးဘဲ ပါးစပ်ထဲသို့ ပစ်ထည့်ကာ မျိုချလိုက်ကြသည်။

​"ထောက်လှမ်းမှု ဟန့်တားခြင်း အစီအရင် စတင်ခြင်း..."

​"အစီအရင် ထောက်လှမ်းမှုကို ပိတ်ဆို့ခြင်း..."

​"အမြင်အာရုံ မြှင့်တင်ခြင်း..."

​"ရှင်းလင်းပြတ်သားမှု နှစ်ဆ တိုးမြှင့်ခြင်း.."

​"အမြန်နှုန်း မြှင့်တင်ခြင်း..."

​"ဝုန်းခနဲးး ဝုန်းခနဲးး"

​မျက်စိတစ်မှိတ် အတွင်းမှာပင် လေဟုန်စစ်သည်များ၏ အမြန်နှုန်းသည် ရုတ်တရက် မြင့်တက်လာပြီး လေထုကို ခွင်းလျက် အသံထက်မြန်သည့် လေခွင်းသံများ ထွက်ပေါ်လာကာ ထောက်လှမ်းရမည့် မြို့ဆီသို့ ဦးတည်ပြေးဝင်သွားကြသည်။

​လင်းချန်၏ အစီအမံများက အလွန် ရှင်းလင်းပြတ်သားလှ၏။

​အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ မြို့အနေအထားများကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် ထောက်လှမ်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

​လူစုခွဲသွားသည့် လေဟုန်စစ်သည်များထဲမှ အလယ်ဗဟိုအနီးရှိ နှစ်ဦးသည် ရှေ့မှ မြို့၏ ပုံသဏ္ဌာန်ကို စတင် မြင်တွေ့နေရပြီ ဖြစ်၏။

​မြို့နှင့် နီးကပ်လာသည်နှင့်အမျှ ထိုလေဟုန်စစ်သည်နှစ်ဦး၏ အရှိန်သည် တဖြည်းဖြည်း လျော့ကျသွားသည်။

​မြို့အနီးသို့ ရောက်သည့်အခါ လေဟုန်စစ်သည်နှစ်ဦးသည် ခေါင်းဆောင်းများကို အနည်းငယ် ပြင်ဆင်လိုက်ပြီး အစိမ်းရင့်ရောင် သံချပ်ကာများသည် အရောင်စတင် ပြောင်းလဲလာကာ အောက်ဘက်ရှိ မြက်ခင်းပြင်အရောင်နှင့် တစ်သားတည်း ဖြစ်သွား၏။

​ထိုအချိန်၌ ရှေ့ရှိမြို့မှ အစီအရင်၏ စွမ်းအင်လှိုင်းတစ်ခုသည် လေဟုန်စစ်သည်နှစ်ဦး ရှိရာနေရာသို့ ရုတ်တရက် ဖြတ်သန်းသွားသည်။

​သို့သော် အစီအရင်၏ ထောက်လှမ်းမှုလှိုင်းသည် အလွန် အားနည်းလှ၏။

​လေဟုန်စစ်သည်နှစ်ဦးကို ဖြတ်ကျော်သွားသော်လည်း သူတို့၏ ကိုယ်ပေါ်၌ မြက်နံ့သင်းသည့် အစိမ်းရောင် အလင်းပါးပါးလေး လွှမ်းခြုံထားသဖြင့် မည်သည့်အရာကိုမျှ ထောက်လှမ်းမိခြင်း မရှိချေ။

​ထိုမြို့၏ အစီအရင်သည် လေဟုန်စစ်သည်နှစ်ဦး ကပ်လာသည်ကို သတိမထားမိလိုက်ကြောင်း ထင်ရှားလှသည်။

​အမှန်တကယ်၌လည်း ဤမြို့အတွင်းရှိ အစီအရင်၏ ထောက်လှမ်းနိုင်စွမ်းသည် အလွန်တရာ အားနည်းလှသည်။

​အဘယ်ကြောင့်ဆိုသော် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် လင်းချန်ကဲ့သို့ ထူးဆန်းသည့် လူတစ်ယောက်က သူတို့ကို တိုက်ရိုက် စစ်ကြေညာလိမ့်မည်ဟု ထင်မှတ်မထားခဲ့သကဲ့သို့၊ စွမ်းရည်ကျောက်တုံးများ စားသုံးပြီးနောက် သူတို့၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ထားနိုင်သော လေဟုန်စစ်သည်များ ရှိနေမည်ဟုလည်း မျှော်လင့်မထားခဲ့ကြသောကြောင့်ပင်။

​မြို့ရိုးပေါ်ရှိ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်မှ ကင်းသမားများသည် ပေါ့ပေါ့ပါးပါး စကားပြော ရယ်မောနေကြ၏။

​လေဟုန်စစ်သည်နှစ်ဦး တိတ်တဆိတ် ကပ်လာသည်ကို မည်သူမျှ သတိမထားမိကြပေ။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၁ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters