← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၂

ဘာသာပြန် - Ko Yoohtoo

True Immortal Team

မြို့ရိုးအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည့် လေဟုန်စစ်သည်နှစ်ဦးသည် မြို့တွင်းသို့ ဇွတ်အတင်း ဝင်ရောက်ခြင်း မပြုကြပေ။ အကယ်၍ ထိုသို့ ဝင်ရောက်မိပါက မြို့တွင်းရှိ အစီအရင်များသည် ချက်ချင်း တုံ့ပြန်လာမည်ဖြစ်ပြီး ကြီးမားသည့် ဘေးအန္တရာယ်များ ဆိုက်ရောက်လာနိုင်သောကြောင့်ပင်။

လူသားတို့၏ သာမန်ခံစားချက်များ ကင်းမဲ့ကာ အင်ပါယာအပေါ်၌သာ အကြွင်းမဲ့ သစ္စာရှိကြသည့် တော်ဝင်တပ်မတော်မှ လေဟုန်စစ်သည်များသည် မြို့ပတ်လည်ကို အေးဆေးတည်ငြိမ်စွာဖြင့် လှည့်ပတ် ကြည့်ရှုစစ်ဆေးလိုက်ကြ၏။

သူတို့သည် မြို့၏ အရွယ်အစား အချက်အလက်များကိုသာမက မြို့ရိုးတစ်ခုချင်းစီ၏ ထောင့်ချိုးများနှင့် ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင် အခြေအနေများကိုပါ အသေးစိတ် မှတ်တမ်းတင်ကာ ရှန်ဟွမ်ကြယ်ရှိ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာန ဌာနချုပ်သို့ ပေးပို့လိုက်ကြသည်။ သို့သော် လေဟုန်စစ်သည်များ၏ ထောက်လှမ်းခြင်းမှာ ဤမျှ ရိုးရှင်းသည်တော့ မဟုတ်ချေ။

​လေဟုန်စစ်သည်များ၏ လက်ထဲ၌ သာမန်ဟု ထင်ရသည့် သတ္တုပြားဝိုင်းလေးတစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုအရာသည် ကောင်းကင်လက်မှုပညာဌာနမှ ပုံစံထုတ်ပြီး မီးသွန်းဌာနမှ ကျွမ်းကျင်ပညာရှင်များ ဖန်တီးထားသော အစီအရင်နှင့် သက်ဆိုင်သည့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည်။

သတ္တုပြားဝိုင်းပေါ်ရှိ ရှုပ်ထွေးသည့် အစီအရင် လမ်းကြောင်းများကို ကြည့်ရုံမျှဖြင့် ထိုအရာသည် သာမန်မဟုတ်ကြောင်း ရှင်းလင်းစွာ သိနိုင်၏။ လေဟုန်စစ်သည်သည် သတ္တုပြားဝိုင်းကို ဆုပ်ကိုင်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို စီးဆင်းစေလိုက်သည်။

ထို့နောက် ညာဘက်လက်ကောက်ဝတ်ကို တည်ငြိမ်စွာ လှုပ်ရှားလိုက်ရာ သတ္တုပြားဝိုင်းသည် လက်ထဲမှ လွတ်ထွက်သွားပြီး မြို့၏ ထောင့်တစ်နေရာဆီသို့ တိုးဝင်သွား၏။

​ရွှီးးး

​စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်သွားသည့် သတ္တုပြားဝိုင်းသည် မြို့ထောင့်တစ်နေရာသို့ ပျံသန်းသွားသော်လည်း မြို့၏ မူလအစီအရင်ကို တုန်လှုပ်စေခြင်း မရှိဘဲ မြို့ရိုးထောင့်ရှိ ခြေရင်း၌ တိတ်တဆိတ် ကပ်သွားသည်။

သတ္တုပြားဝိုင်း၏ သေးငယ်ပြီး သေသပ်သည့် ပုံသဏ္ဌာန်ကြောင့် မြက်ခင်းပြင်ထဲ၌ ရောနှောသွားကာ သာမန်မျက်စိဖြင့် ကြည့်ရုံမျှဖြင့် သတိထားမိရန် ခက်ခဲလှ၏။

သတ္တုပြားဝိုင်းသည် ကြီးမားသည့် စုပ်ယူအားတစ်ခု ရှိနေသကဲ့သို့ မြို့ရိုးမျက်နှာပြင်၌ မြဲမြံစွာ ကပ်တွယ်သွား၏။

ထို့နောက် ထိုသတ္တုပြားဝိုင်းမှ အစီအရင်စွမ်းအားများ ထွက်ပေါ်လာပြီး မြို့၏ မူလအစီအရင်ထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားသည်။

သတ္တုပြားဝိုင်း အလုပ်လုပ်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ လေဟုန်စစ်သည်သည် အခြားသော မြို့ရိုးထောင့်တစ်နေရာသို့ သွားရောက်ကာ နောက်ထပ် သတ္တုပြားဝိုင်းတစ်ခုကို ထပ်မံ တပ်ဆင်လိုက်ပြန်၏။

​တစ်ချိန်တည်းမှာပင် အခြားလေဟုန်စစ်သည်တစ်ဦးကလည်း သတ္တုပြားဝိုင်းနှစ်ခုကို တပ်ဆင်ပြီးစီးသွားလေပြီ။

ထို့နောက်တော့ လေဟုန်စစ်သည်နှစ်ဦးသည် မြို့ရိုး၏ ဆန့်ကျင်ဘက် နေရာများ၌ တိတ်တဆိတ် ဝပ်နေလိုက်ကြပြီး သတ္တုပြားဝိုင်းများ အာနိသင်ပြမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

သတ္တုပြားဝိုင်းများထဲ၌ ပါဝင်သည့် အစီအရင်စွမ်းအားများသည် မြို့၏ မူလအစီအရင် တည်ဆောက်ပုံကို မသိမသာ ပြောင်းလဲပစ်လိုက်ပြီး ဟွာရှာအင်ပါယာ၏ အမှတ်အသားကို တိတ်တဆိတ် ခတ်နှိပ်လိုက်ကြသည်။

​တတိယဟင်းလင်းပြင် စစ်မြေပြင်လွင်ပြင်သည် ကမ္ဘာငယ်လေးအတွင်း မျိုးနွယ်စုနှစ်ခု ထိန်းချုပ်ထားသည့် ပြင်ပနယ်မြေတစ်ခုသာ ဖြစ်သော်လည်း နေထိုင်သူဦးရေ အလွန်များပြားသော နေရာတစ်ခုလည်း ဖြစ်၏။

စုစုပေါင်း မြို့ပေါင်းငါးရာသည် လေဟုန်စစ်သည်များ၏ ပစ်မှတ်ဖြစ်သည်။ သူတို့၏ တာဝန်မှာ မြို့၏ အချက်အလက်များကို လေ့လာပြီး ကောင်းကင်လက်မှုပညာဌာနမှ ပေးအပ်ထားသည့် သတ္တုပြားဝိုင်းများကို တပ်ဆင်ရန် ဖြစ်၏။

ညအချိန်ရောက်သောအခါ မြို့ပတ်လည်၌ ငြိမ်သက်နေသော လေဟုန်စစ်သည်များသည် လရောင်အောက်၌ မြို့၏ အရိပ်ကျရာနေရာကို ရှာဖွေပြီး မြေအောက်ခန်းတစ်ခု စတင်တူးဖော်လိုက်ကြသည်။ လေဟုန်စစ်သည်တစ်ဦးက ထိုမြေအောက်ခန်းထဲ၌ ပုန်းအောင်းလိုက်ပြီး ကျန်တစ်ဦးကမူ မြက်ခင်းပြင်၏ မျက်နှာပြင်ကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပေးလိုက်၏။

​လုပ်ဆောင်မှု ပြီးသွားသည့်အခါ ဤနေရာ၌ လူပုန်းရန် ကျင်းတူးထားကြောင်း မည်သူမျှ ရိပ်မိနိုင်တော့မည် မဟုတ်ပေ။ ကိစ္စအားလုံး ပြီးစီးသွားသည့်အခါ အဖော်ဖြစ်သူ၏ ခြေရာများကို ဖျောက်ဖျက်ပေးသော လေဟုန်စစ်သည်သည် ညဉ့်အမှောင်ကို အကာအကွယ်ယူကာ မူလလာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားသည်။

​ရှန်ဟွမ်ကြယ်ရှိ ဟွာရှာအင်ပါယာ ကောင်းကင်လက်မှုပညာဌာန ဌာနချုပ်၌ ကျူးကော့မင်သည် မြင့်မားသည့် စင်မြင့်ထက်၌ လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေရင်း အရသာခံကာ လျှာသပ်နေမိ၏။

သူ့ရှေ့၌ ကြီးမားသည့် နည်းဗျူဟာမှန်ပြင်ကြီး အများအပြား လေထဲ၌ ပေါလောပေါ်နေပြီး မြို့အသီးသီး၏ ပုံရိပ်များနှင့် သတင်းအချက်အလက်များကို ပြသနေသည်။

မြို့တွင်းရှိ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များ၏ အရေအတွက် ၊ သူတို့၏ စွမ်းအားအဆင့်များနှင့် မြို့၏ အဆောက်အဦး တည်ဆောက်ပုံများအားလုံးသည် နေ့ခင်းကြောင်တောင်ကဲ့သို့ ရှင်းလင်းပြတ်သားစွာ ပေါ်နေ၏။

သတ္တုပြားဝိုင်း၏ လုပ်ဆောင်ပုံမှာ အစီအရင်များကို ဖျက်ဆီးတတ်သည့် ကပ်ပါးပိုးကဲ့သို့ပင်။ မြို့၏ အစီအရင်ကို တိုက်စားပြီး ဖောက်ထွင်းဝင်ရောက်ကာ ကျူးကော့မင်၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိသွားစေခြင်း ဖြစ်၏။

​ထိုစဉ် ကျူးကော့မင်၏ ဘေးနားမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ "အမတ်ချုပ်... ခင်ဗျားကတော့ တော်တော် အေးဆေးနိုင်တာပဲ..."

​ဖူးးး

​ကျူးကော့မင် လှည့်ကြည့်လိုက်ချိန်၌ သူသောက်နေသည့် လက်ဖက်ရည်များ အမှတ်တမဲ့ မှုတ်ထုတ်မိလျက်သား ဖြစ်သွားရသည်။ သို့သော် သူ၏ ဘေးနား၌ ရှိနေသည့် ကျီချင်းသည် အခြားတစ်ဖက်သို့ ရောက်ရှိနေပြီး သူ၏ ကိုယ်ပေါ်၌ ရစ်ပတ်နေကျ အနက်ရောင် မြူခိုးများလည်း ပျောက်ကွယ်သွားလေပြီ။

ကျီချင်းသည် ခန့်ညားထည်ဝါသည့် တပ်မှူးတစ်ဦး၏ အရှိန်အဝါဖြင့် ရပ်နေ၏။ ကျီချင်းသည် လေထဲရှိ နည်းဗျူဟာမှန်ပြင်ကို မော့ကြည့်လိုက်ပြီးနောက် ပါးစပ်ထောင့်မှ လက်ဖက်ရည်စများကို သုတ်နေသည့် ကျူးကော့မင်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

​ကျူးကော့မင်သည် စိတ်တိုတိုဖြင့် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချကာ မျက်မှောင်ကြုတ်လိုက်သည်။

"တပ်မှူးကျီကတော့ တကယ်ကို အစအန ရှာမရပါလား... အနားရောက်လာတာတောင် သတိမထားမိလိုက်ဘူး... ဒါက ကောင်းကင်လက်မှုပညာဌာနဗျ... ခင်ဗျားရဲ့ အရိပ်ကမ္ဘာ မဟုတ်ဘူး... လာမယ်ဆိုရင်လည်း ကျွန်တော့်ကို ကြိုအကြောင်းမကြားဘူးလား..."

​ကျီချင်း၏ ဖြူဖျော့ဖျော့ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြီး ကျူးကော့မင်၏ ပခုံးကို ဖက်လိုက်သည်။ "ကျူးကော့ရယ်... ကျွန်တော်နဲ့ ခင်ဗျားကြားမှာ ဒီလောက်လေး လာတာကို သတင်းပို့ဖို့ လိုသေးလို့လား... ပြီးတော့ အရှင်မင်းကြီးက အပြင်မှာ အလုံးစုံစစ်ပွဲ ဆင်နွှဲနေချိန်မှာ ခင်ဗျားက ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာတောင် လက်ဖက်ရည် ထိုင်သောက်နေနိုင်သေးတာလား..."

​ကျူးကော့မင်က သူ့ပခုံးပေါ် တင်ထားသည့် ကျီချင်း၏ လက်ကို ပေါ့ပေါ့ပါးပါးပင် ဖယ်ရှားလိုက်သည်။ "အရှင်မင်းကြီးက အလုံးစုံစစ်ပွဲ ဆင်နွှဲနေတယ် ဆိုပေမဲ့... ဒီမြို့လေးလောက်ကို တိုက်တာက ဘာများ ပြောပလောက်လို့လဲ... အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေက အရှင်မင်းကြီး ဦးဆောင်တဲ့ တော်ဝင်တပ်မတော်ရဲ့ ရှေ့မှာ ဘာမှမဟုတ်တဲ့ ကောင်တွေပါဗျာ..."

​ကျီချင်းက နဖူးပေါ်သို့ ကျနေသည့် သူ၏ ဆံပင်ရှည်များကို သပ်တင်ရင်း မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။ "ဟားဟား... နှမြောစရာပဲ... အင်ပါယာရဲ့ ပထမဆုံး စစ်မှန်တဲ့ တိုက်ပွဲမှာ အရှင်မင်းကြီးဘေးနား မနေရတာ တကယ် နှမြောစရာပဲ... ရုပ်သေးခန္ဓာ စီမံကိန်းကရော ဘယ်တော့ ပြီးမှာလဲ..."

​ကျူးကော့မင်က သက်ပြင်းချလိုက်သည်။ "ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် ပြီးပြည့်စုံတဲ့ ကျမ်းစာကို ရှာမတွေ့သေးဘူး... ဘယ်လို ပစ္စည်းတွေ လိုအပ်လဲ ဆိုတာတောင် မသိရသေးဘူး... အရှင်မင်းကြီးဆီက သတင်းကောင်းကိုပဲ စောင့်ကြတာပေါ့... အရှင်မင်းကြီးလည်း အတော်ပင်ပန်းနေရှာပါရော... လက်ရှိစစ်ပွဲမှာ အရှင်မင်းကြီး အောင်ပွဲခံဖို့ကိုပဲ အာရုံစိုက် ကူညီပေးကြတာပေါ့..."

​ကျီချင်းသည် နည်းဗျူဟာမှန်ပြင်ပေါ်၌ ပေါ်နေသည့် မြို့၏ ပုံရိပ်ကို လွမ်းဆွတ်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ "အရှင်မင်းကြီး အခြားအင်ပါယာတွေကို တိုက်ခိုက်ပြီး ရှန်ဟွမ်ကြယ် တစ်ခုလုံးကို သိမ်းပိုက်ခဲ့တဲ့ နေ့ရက်တွေကို ကျွန်တော် တကယ် သတိရမိတယ်..."

​ကျူးကော့မင်ကလည်း နည်းဗျူဟာမှန်ပြင်ပေါ်ရှိ ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ "အမှန်ပါပဲ..."

​လင်းချန်ဘက်၌မူ မြို့ကို ထိုးဖောက်ဝင်ရောက်ပြီးကြောင်း ကျူးကော့မင်ထံမှ သတင်းရရှိပြီးနောက် လက်ရှိ တိုးတက်မှု အခြေအနေကို အလွန် ကျေနပ်အားရနေသည်။ ယွမ်ရှန့်သည် လင်းချန်၏ မျက်နှာထားကို မြင်သည့်အခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။ လူလွှတ်ပြီး မြို့တည်နေရာကို သွားကြည့်ခိုင်းရုံဖြင့် အောင်ပွဲခံတော့မည့် ပုံစံမျိုး ဖြစ်နေရသလော။

​ယွမ်ရှန့်က သတိပေးလိုက်သည်။ "ငါ မင်းကို သတိပေးရလိမ့်မယ်... ငါတို့ အရင်တုန်းက မြို့ထဲကို လွယ်လွယ်ကူကူ ဝင်နိုင်ခဲ့တာက ဂိတ်တံခါးကို သုံးခဲ့လို့ပဲ... မင်း တကယ်တမ်း အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ကို စစ်ကြေညာပြီး သူတို့မြို့ကို ဝင်တိုက်မယ်ဆိုရင် ပထမဆုံး ရင်ဆိုင်ရမှာက အစီအရင်တွေပဲ..."

​လင်းချန်သည် ယွမ်ရှန့်၏ သတိပေးစကားကို နားထောင်ပြီးနောက် မထီမဲ့မြင် ပြုံးလိုက်သည်။ "အဲဒီလောက် ရှင်းလင်းနေတဲ့ အချက်ကို ကျွန်တော် နားလည်တာပေါ့... လေဟုန်စစ်သည်တွေကို လွှတ်လိုက်ရတဲ့ အကြောင်းရင်းက အဲဒီမြို့က အစီအရင်တွေကို ထိန်းချုပ်ဖို့ပဲ..."

​ယွမ်ရှန့်သည် ထိုအရာကို ဆန်းသစ်သည်ဟု ထင်မှတ်ကာ လင်းချန် ဆိုလိုသည်ကို နားမလည်နိုင် ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "အစီအရင်တွေကို ထိန်းချုပ်လိုက်တာလား..."

​လင်းချန်က ပြုံးလိုက်သည်။ "ရိုးရှင်းပါတယ်... အနီးဆုံးမြို့ကို ကိုယ်တိုင် သွားကြည့်လိုက်ရင် နားလည်သွားမှာပါ... ဒါပေမဲ့ ကိုယ်ယောင်ဖျောက်သွားဖို့နဲ့ အဖမ်းမခံရအောင် သတိထားဖို့တော့ စီနီယာ့ကို ပြောချင်တယ်..."

​လင်းချန်၏ စကားကို ကြားပြီးနောက် ယွမ်ရှန့်သည် စူးစမ်းလိုစိတ်ဖြင့် လင်းချန် ညွှန်ပြသည့် အရပ်မျက်နှာဆီသို့ ပျံသန်းသွား၏။ အချိန်အနည်းငယ် ကြာပြီးနောက် ယွမ်ရှန့် ပြန်ရောက်လာချိန်၌ မယုံနိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာထားဖြင့် လင်းချန်၏ ဘေးနားသို့ အပြေးအလွှား ရောက်ရှိလာသည်။

​ယွမ်ရှန့်က အံ့ဩ နေမိသည်။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီနေ့ စောစောပိုင်းက မြင်တွေ့ခဲ့ရတာတွေကို ရှင်းရှင်းလင်းလင်း မသိရရင်..."

​ယွမ်ရှန့်၏ မူလခန္ဓာကိုယ်သည် ဤနေရာသို့ ကိုယ်တိုင်ရောက်ရှိလာကာ လင်းချန်အား ခေါ်၍ ရှင်းပြခိုင်းမိလိမ့်မည်ဟုပင် သူ ယုံကြည်နေမိ၏။ အစောပိုင်း၌ လင်းချန်၏ လမ်းညွှန်မှုအောက်၌ ယွမ်ရှန့်သည် မြို့ရှိရာသို့ ဦးစွာ ပျံသန်းသွားခဲ့သည်။

​ရွှီးးး

​လေတိုးသံနှင့်အတူ မြို့ကို ဝိုးတဝါး မြင်လိုက်ရသည့်အချိန်၌ အရှိန်ကို လျှော့ချလိုက်ပြီး သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားလိုက်သည်။ မြို့နှင့် နီးကပ်သွားသည့်အခါ ယွမ်ရှန့်သည် မည်သည့်ထူးခြားမှုကိုမျှ သတိမထားမိပေ။ ထို့ကြောင့် လင်းချန်က သူ့ကို နောက်ပြောင်လိုက်ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့မိ၏။ သို့သော် ယွမ်ရှန့် ပြန်လှည့်ပြီး လင်းချန်အား သွားရောက် ရန်တွေ့မည် ပြုလိုက်စဉ်မှာပင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

​ညအချိန်ရောက်သည့်အခါ

ဝုန်းးး

​မြို့ကို ဖုံးအုပ်ထားသည့် အစီအရင်သည် အလင်းရောင်များ ထွက်ပေါ်လာပြီး ညရှုခင်းကို နေရာအနှံ့ ဖြာကျနေစေ၏။ သာမန်အားဖြင့် အင်အားစုများစွာသည် ညဘက်၌ အလင်းရောင်ရရှိစေရန်အတွက် သူတို့၏ အစီအရင်များကို အလင်းရောင်လွှတ်ထားလေ့ရှိပြီး ထိုအကျိုးသက်ရောက်မှုမှာလည်း အတော်လေး ကောင်းမွန်သည်။

သို့သော် ယွမ်ရှန့်အား အလွန်အမင်း အံ့အားသင့်သွားစေသည်မှာ မြို့ရိုးအစီအရင် အတားအဆီးပေါ်၌ လင်းချန်၏ ပြုံးနေသည့် မျက်နှာ ပေါ်လာခြင်းပင် ဖြစ်၏။

ထို့အပြင် ထိုပြုံးနေသည့် မျက်နှာက ကြောင်အမ်းအမ်း ကြည့်နေသော ယွမ်ရှန့်အား သတိထားမိပုံရပြီး မဲ့ရွဲ့ကာ လှောင်ပြောင်လိုက်သေးသည်။

​သို့သော် ထိုမျက်နှာသည် ခဏတာမျှသာ ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

ယွမ်ရှန့်သည် မြို့ရိုးပေါ်ရှိ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်များကို မော့ကြည့်လိုက်သည့်အခါ သူတို့က မည်သည့်အရာကိုမျှ သတိထားမိပုံမရဘဲ ပုံမှန်ပင် သက်ဝင်လှုပ်ရှား နေကြသည်ကို တွေ့လိုက်ရသည်။

လင်းချန်၏ ယခင်က ထူးဆန်းသည့် အမူအရာများနှင့် စကားများကို ပြန်လည်ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ မြို့၏ အစီအရင်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း ယွမ်ရှန့် သေချာသွားသည်။

ဖြစ်နိုင်ချေ အများဆုံးမှာ လင်းချန်က မြို့၏ အစီအရင်ကို တစ်စုံတစ်ခု ပြုလုပ်လိုက်ခြင်းပင်။ သို့သော် မြို့ထဲရှိ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်များ သတိမထားမိအောင် လင်းချန်က မည်သို့ ပြုလုပ်လိုက်သနည်း ဆိုသည်ကိုတော့ ယွမ်ရှန့် လုံးဝ စဉ်းစားမရ ဖြစ်နေရ၏။

လင်းချန်၏ ယုံကြည်မှု ရှိနေရခြင်း အကြောင်းရင်းမှာ အစီအရင်၏ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုကြောင့် ဖြစ်ပေလိမ့်မည်။

​သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် ယွမ်ရှန့်သည် လင်းချန်ထံမှ အမှန်တရားကို သိရှိလိုဇောဖြင့် အလျင်အမြန် ပြန်လှည့်လာခဲ့သည်။

ယွမ်ရှန့်၏ သိလိုစိတ် ပြင်းပြနေသည့် မျက်လုံးများကို ကြည့်ရင်း လင်းချန်က ပြုံးလိုက်သည်။

"သိပ်ရိုးရှင်းပါတယ်။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို တီထွင်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အစီအရင်စွမ်းအားကို ရန်သူ့ရဲ့ အစီအရင်ထဲ စိမ့်ဝင်သွားစေပြီး တိုက်စားပစ်လိုက်တာလေ။ အဲဒီနည်းနဲ့ ရန်သူ့အစီအရင်ရဲ့ တစ်ဝက်ကို ကျွန်တော်တို့ဘက် ပါလာအောင် လုပ်လိုက်တာ။"

​"အစီအရင် တစ်ဝက်က မင်းအပိုင် ဖြစ်သွားတယ်..." လင်းချန်၏ စကားကို ကြားသော်လည်း ယွမ်ရှန့်မှာ သေချာ နားမလည်သေးပေ။

​ယွမ်ရှန့်၏ မေးခွန်းထုတ်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသောအခါ လင်းချန်၏ မျက်နှာပေါ်၌ ဂုဏ်ယူသည့် အမူအရာတစ်ခု ပေါ်လာသည်။

"ဒါက အမတ်ချုပ် ရှာဖွေတွေ့ရှိခဲ့တဲ့ အစီအရင်ကို ဖျက်ဆီးတဲ့ နည်းလမ်းတစ်ခုပဲ... ကပ်ပါးပိုးနဲ့ တူတယ်။ ထားပါတော့လေ စီနီယာက ကပ်ပါးပိုးဆိုတာ ဘာလဲဆိုတာ နားလည်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဆက်မရှင်းပြတော့ဘူး။ ဒါပေမဲ့ စီနီယာ သိထားသင့်တာက မြို့ရဲ့ အစီအရင်က တိုက်စားခံလိုက်ရပြီ။ အစီအရင်က ခုခံကာကွယ်နိုင်စွမ်း ရှိနေသေးပေမဲ့ မြို့ထဲကလူတွေက အစီအရင်ကို ထိန်းချုပ်လို့ မရတော့ဘူး။"

​"ဒါ့အပြင် အဲဒီအစီအရင်ကနေတစ်ဆင့် သူတို့ကို ကျွန်တော် လှမ်းကြည့်လို့ရတယ်။ သူတို့ဆီမှာ လူဘယ်နှစ်ယောက်ရှိလဲ၊ အင်အား ဘယ်လောက်ရှိလဲဆိုတာ ဆုံးဖြတ်လို့ရတယ်။ ပြီးတော့ အစီအရင်က ထုတ်လွှတ်တဲ့ အလင်းရောင်ကို ထိန်းချုပ်တာမျိုးလောက်တော့ အသာလေး လုပ်လို့ရတယ်။ စီနီယာ မြို့နား ရောက်မယ့်အချိန်ကို ကျွန်တော် တွက်ချက်ပြီး အစီအရင်ရဲ့ အလင်းတောက်ပမှုကို ထိန်းချုပ် မျက်နှာပြောင်ပြလိုက်တာလေ။ စိတ်ဝင်စားဖို့ မကောင်းဘူးလား... ဟဟ..."

​ယွမ်ရှန့်သည် ကပ်ပါးပိုးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်ရန် ကြိုးစားမနေတော့ချေ။ လင်းချန် ဆက်ပြောသည့် စကားများကသာ သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ ယွမ်ရှန့် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

"စောစောက မင်းပြောတော့ အစီအရင်က ခုခံကာကွယ်တဲ့ သက်ရောက်မှုပဲ ရှိတော့တယ်... တခြားဘာမှ လုပ်လို့မရတော့ဘူးဆိုတော့ မြို့ထဲကလူတွေ အပြင်ထွက်လို့ မရတော့ဘူးပေါ့ ဟုတ်လား"

​လင်းချန်၏ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသည့် အပြုံးတစ်ခု ပေါ်လာ၏။ "အစီအရင်ရဲ့ အသက်ဆက်ရှင်သန်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကတော့ ပုံမှန် အလုပ်လုပ်နေတုန်းပါပဲ... ဒါပေမဲ့ ရန်သူကို တိုက်ခိုက်ဖို့ လုပ်ဆောင်ချက်တွေ အကုန်လုံးကတော့ လုံးဝ အသုံးမဝင်တော့ဘူး။"

​လင်းချန်၏ စကားကြောင့် ယွမ်ရှန့်မှာ ဆွံ့အသွားရသည်။ သူ၏ ကျယ်ပြန့်သည့် အတွေ့အကြုံနှင့် ဗဟုသုတများ ရှိသော်လည်း အစီအရင်တစ်ခုကို ဤကဲ့သို့ ဖျက်ဆီးသည့် နည်းလမ်းမျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။

အစီအရင်တစ်ခုကို ဖျက်ဆီးရာ၌ အင်အားသုံး၍ အကြမ်းပတမ်း ဖြိုခွင်းခြင်း သို့မဟုတ် အစီအရင်ပညာရှင်က အစီအရင်၏ အားနည်းချက်ကို ရှာဖွေဖျက်ဆီးခြင်း သို့မဟုတ် အခြားအစီအရင်တစ်ခုဖြင့် တန်ပြန်ခြင်းတို့သာ ရှိခဲ့၏။

သို့သော် လင်းချန်၏ ရန်သူ့အစီအရင်ကို တိုက်စားပြီး တစ်ဝက်ကို ကိုယ့်ဘက်ပါအောင် လုပ်လိုက်သည့် နည်းလမ်းမှာမူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

​အထူးသဖြင့် လင်းချန် ပြောသည့်အတိုင်း အစီအရင်၏ ကာကွယ်ရေး လုပ်ဆောင်ချက်သည် ကြောက်မက်ဖွယ် အကောင်းဆုံး အစိတ်အပိုင်း ဖြစ်နေသည်။

ကာကွယ်ရေး အစီအရင်တစ်ခုသည် ရန်သူ့တိုက်ခိုက်မှုကို ဟန့်တားရန် စွမ်းအင်အတားအဆီးများ ဖန်တီးပေးရုံသာမက အခြားနည်းလမ်းများဖြင့်လည်း သေချာပေါက် အကူအညီ ပေးလေ့ရှိ၏။

ဥပမာအားဖြင့် ခံစစ်အင်အားကို မြှင့်တင်ပေးခြင်း၊ အတားအဆီး၏ စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှတ်မှုကို ထိန်းသိမ်းပေးခြင်းနှင့် သဘာဝစွမ်းအင်များကို စုပ်ယူ၍ လည်ပတ်မှုအတွက် အသုံးပြုခြင်းတို့ ဖြစ်သည်။

သို့သော် လင်းချန်၏ အဆိုအရ အစီအရင်များ တိုက်စားခံရပြီးနောက် ထိုအထောက်အကူပြု သက်ရောက်မှုများ အားလုံး ပျက်စီးသွားပြီ ဖြစ်၏။

ဆိုလိုသည်မှာ ခမ်းနားထည်ဝါသည့် ခံစစ်အစီအရင်ကြီးသည် လိပ်ခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။ ယခု လင်းချန်က အစီအရင်ကို တိုက်စားလိုက်ပြီ ဖြစ်ရာ ရန်သူ့အစီအရင်သည် တိုက်ခိုက်မှုကို ခံရုံသာ ခံနေရတော့မည် ဖြစ်သည်။

​ဤအချက်သည် လာမည့် တိုက်ပွဲများနှင့် မြို့သိမ်းတိုက်ပွဲများအတွင်း မိမိဘက်မှ အကျအဆုံးကို သိသိသာသာ လျော့နည်းသွားစေပေလိမ့်မည်။

ထိုအချိန်ကျမှသာ လင်းချန်သည် အဘယ်ကြောင့် ထိုမျှ လျင်မြန်သည့် စစ်သည်များကို စေလွှတ်ခဲ့သည်ကို ယွမ်ရှန့် နားလည်သဘောပေါက်သွားသည်။

မြို့တည်နေရာများကို အတည်ပြုရန်သာမက အစီအရင်များကို တိုက်စားဖျက်ဆီးရန် တာဝန်ပေးထားခြင်း ဖြစ်နေ၏။

ထိရောက်သည့် ရလဒ်များ ရရှိရန်အတွက် မြို့ရိုးထောင့်များ၌ သီးသန့် စိတ်ဝိညာဉ်ပစ္စည်းများကို မည်သို့ တပ်ဆင်ရကြောင်း ကြားသိလိုက်ရသောအခါ ယွမ်ရှန့်သည် ထိုနည်းဗျူဟာကို မလေးစားဘဲ မနေနိုင်တော့ချေ။

​သူသည် စိတ်ဆန္ဒရှိပါက ကိုယ်ယောင်ဖျောက်ပြီး မြို့များသို့ ချဉ်းကပ်နိုင်သည်။ သို့သော် ထိုလေဟုန်စစ်သည်များမှာမူ သူ့ကဲ့သို့ စွမ်းရည်မရှိဘဲလျက်နှင့် ရန်သူများ သတိမထားမိအောင် ချဉ်းကပ်ကာ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြ၏။

​တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ရှန့်က လင်းချန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ "မင်းအနေနဲ့ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ကို ဉာဏ်ကစားနိုင်မလားဆိုတာ ငါ တကယ် သိချင်နေပြီ... အကယ်၍ မင်းသာ ဒီကမ္ဘာငယ်လေးကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဒါက သိုင်းဝိညာဉ်တိုက်ကြီးမှာရှိတဲ့ လူသားမျိုးနွယ်တွေအတွက် ကံကောင်းခြင်းကြီးတစ်ခု ဖြစ်လာလိမ့်မယ်။"

​ယွမ်ရှန့်၏ စကားကြောင့် လင်းချန်က ခေါင်းခါကာ ရယ်မောလိုက်သည်။ "စီနီယာကလည်း နောက်မနေပါနဲ့ဗျာ..."

​လင်းချန်၏ အမူအရာကို မြင်သည့်အခါ ယွမ်ရှန့်က ထူးဆန်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ငါ နောက်နေတယ်လို့ ဘာလို့ ထင်ရတာလဲ... အရင်တုန်းက မင်း ယုံကြည်ချက်တွေ ပြည့်ဝနေတာ မဟုတ်ဘူးလား... အခုကျမှ ယုံကြည်မှု မရှိတော့တာလား"

​ယွမ်ရှန့် အထင်လွဲသွားမှန်း သိလိုက်သဖြင့် လင်းချန်က ပြုံးလိုက်သည်။ "စီနီယာ... ကျွန်တော် ဆိုလိုတာ အဲဒီသဘော မဟုတ်ပါဘူး... ဒီစစ်ပွဲက ကျွန်တော်တို့ နိုင်မလား၊ မနိုင်ဘူးလား ဆိုတဲ့ မေးခွန်းမဟုတ်ဘူး... သေချာပေါက် အနိုင်ယူမယ့် ကိစ္စပဲ... ဒီကမ္ဘာငယ်လေးက ကျွန်တော့်လက်အောက် ရောက်လာမလားဆိုတာကလည်း မေးခွန်းထုတ်စရာ မလိုဘူး... အချိန်နှောင်းမလား၊ စောမလားဆိုတဲ့ ကိစ္စပဲ ရှိတယ်။"

​ထိုသို့ ပြောလိုက်ပြီးနောက် လင်းချန်သည် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် နက်ရှိုင်းနေပြီး တစ်ပါးမျိုးနွယ် မြို့ငါးရာကို လှမ်းမြင်နေရသကဲ့သို့ပင်။

​ထို့နောက် သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ဟွာရှာအင်ပါယာဆိုတာ ဘယ်တုန်းကမှ မရှုံးနိမ့်ဖူးဘူး... တစ်ကြိမ်တစ်ခါလေးတောင် မရှုံးနိမ့်ဖူးဘူး... ကျွန်တော်ကတော့ ရှုံးနိမ့်မှုကို လက်ခံနိုင်တယ်... ဒါပေမဲ့ ဟွာရှာအင်ပါယာကတော့ လုံးဝ အရှုံးခံမှာ မဟုတ်ဘူး... တစ်ကြိမ်တစ်ခါလေးတောင် အရှုံးခံမှာ မဟုတ်ဘူး"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၂ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters