အခန်း ၃၂၃
Vol. 33 Ch. 323
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၃
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ယွမ်ရှန့်သည် လင်းချန်၏ စကားကြောင့် ခေတ္တမျှ မှင်သက်သွားပြီးနောက် ရယ်မောလိုက်၏။
"မင်းက တကယ်ကို မောက်မာလွန်းတယ်။ ပြီးတော့ မင်းစကားတွေက အရမ်း ပြတ်သားလွန်းနေတယ်။"
ယွမ်ရှန့် နားမလည်သည်ကို လင်းချန် သဘောပေါက်လိုက်သည်။
သူ၏ ယခင်ဘဝက ဆန်းကြယ်အင်ပါယာ အွန်လိုင်းဂိမ်းလောကသည် အလွန် ရက်စက်ကြမ်းကြုတ်လှ၏။
ကစားသမားတစ်ဦး ရှုံးနိမ့်သွားခြင်းမှာ ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ သို့သော် အင်ပါယာတစ်ခုလုံး ရှုံးနိမ့်သွားပါက ထိုနိုင်ငံ ပျက်သုဉ်းသွားပြီဟု အဓိပ္ပာယ်ရ၏။
နိုင်ငံပျက်သုဉ်းသွားခြင်း၏ အကျိုးဆက်မှာ အင်ပါယာ စီမံခန့်ခွဲမှုအား အစမှ ပြန်လည်စတင်ရခြင်းပင် ဖြစ်၏။
ချွင်းချက်အနေဖြင့် သုတေသနပြုပြီးသား နည်းပညာများနှင့် စွမ်းရည်များကိုမူ ထပ်မံ လေ့လာစရာမလိုဘဲ တိုက်ရိုက် ပြန်လည်အသုံးပြုနိုင်ခြင်းပင်။
လင်းချန်၏ မရှုံးနိမ့်ဖူးသည့် ဒဏ္ဍာရီသည် ဆန်းကြယ်အင်ပါယာ ဂိမ်းလောက တစ်ခုလုံး၌ စိတ်ဝင်တစား ပြောဆိုနေကြသည့် အကြောင်းအရာတစ်ခု ဖြစ်၏။
ဂိမ်းအား နိုင်ငံတကာအဆင့်ထိ ချဲ့ထွင်လိုက်ချိန်၌လည်း သူသည် ကမ္ဘာ့ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ကို တိုက်ခိုက်မည့် စစ်ပွဲ၌ အနိုင်ရသူမှာ သူသာ ဖြစ်ရမည်ဟု လင်းချန် အပြည့်အဝ ယုံကြည်နေခြင်း ဖြစ်၏။
သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သကဲ့သို့ ဟွာရှာအင်ပါယာကိုလည်း ယုံကြည်သည်။
ရှုံးနိမ့်မည်ကို စိုးရိမ်နေသည့် ယွမ်ရှန့်၏ အတွေးများသည် လုံးဝ မလိုအပ်သော အရာများဟု လင်းချန် ယူဆထား၏။
ညအချိန် ရောက်ရှိလာလေပြီ။ ကမ္ဘာငယ်လေး၏ စတုတ္ထဟင်းလင်းပြင် အတွင်း၌ နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ဤရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသည့် နယ်မြေအတွင်း၌ နွေဦး၏ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော နန်းတော်တစ်ခု တည်ရှိနေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လှိုင်းတံပိုးများ ရိုက်ခတ်နေသည့် ရေကန်ပြာများနှင့် နေရာအနှံ့ ပွင့်လန်းနေသော ပန်းများကို မြင်တွေ့နိုင်ကာ ပတ်ဝန်းကျင်ရှိ နှင်းဖုံးနေသည့် ကမ္ဘာနှင့် လုံးဝ ကွာခြားနေ၏။
ထိုညကောင်းကင်အောက်ရှိ နန်းတော်၏ ဥယျာဉ်တစ်ခုအတွင်း၌ သခင်လေးသည် ရေကန်ဘေး၌ ရပ်နေသည်။
သူ့လက်ထဲ၌ ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ ပါဝင်သည့် ကျောက်စိမ်းခွက်တစ်ခုကို ကိုင်ထားရာ ထိုအရာသည် သိုလှောင်စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်ကြောင်း ထင်ရှားလှ၏။
သခင်လေးသည် လက်ကိုလှည့်ကာ ခွက်ဝကို ဖွင့်လိုက်ရာ အမွှေးပွပွနှင့် သက်မဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင် ထွက်ကျလာပြီး ရေကန်ထဲသို့ ပစ်ချလိုက်သည်။
"ဗွမ်းးး"
အမွှေးပွပွ စိတ်ဝိညာဉ်သားရဲ ရေကန်ထဲသို့ ကျသွားသည်နှင့် တပြိုင်နက် ကျားသစ်ကွက်ငါးတစ်ကောင်သည် ရေထဲမှ ခုန်တက်လာပြီး သေဆုံးနေသည့် စိတ်ဝိညာဉ်သားရဲကို တမဟုတ်ချင်း မျိုချလိုက်သည်။
စိတ်ဝိညာဉ်သားရဲအား မျိုချပြီးနောက် ကျားသစ်ကွက်ငါးသည် လေထဲ၌ ကိုယ်ကိုလှန်ကာ ရေကန်ထဲသို့ ပြန်လည်ငုပ်လျှိုးသွားသည်။
သခင်လေး၏ နောက်ကျောဘက်၌ မျိုးနွယ်ဝင်တစ်ဦးက ဒူးထောက်ဂါရဝပြုလျက် သတင်းပို့နေ၏။
"သခင်လေး။ ဂိတ်တံခါးစောင့်မြို့က ပုံမှန် အစီရင်ခံစာတွေ မရောက်လာတော့ဘူး။ ပြီးတော့ ပိုင်ချီနဲ့လည်း ဆက်သွယ်လို့ မရတော့ဘူး။"
မျိုးနွယ်ဝင်၏ သတင်းပို့ချက်ကို ကြားသည့်အခါ သခင်လေးသည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
"သွားကြည့်ဖို့ လူလွှတ်ပြီးပြီလား။"
ဒူးထောက်ထားသည့် မျိုးနွယ်ဝင်က ပြန်ဖြေလိုက်၏။
"အမှတ် တစ် မြို့က လူတစ်ယောက်ကို စေလွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းထားပါတယ်။ မကြာခင် ရလဒ် သိရတော့မှာပါ။"
သခင်လေးက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်၌ လူရိပ်တစ်ခုသည် ရုတ်တရက် နံရံကို ကျော်တက်လာပြီး သခင်လေး၏ ရှေ့တည့်တည့်သို့ ရောက်လာ၏။
ထိုသူမှာ အခြားသူမဟုတ်ဘဲ လက်တစ်ဖက်ပြတ်နေသည့် အရိုးဓားငါးမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ သို့သော် အမှန်တကယ်၌မူ သူသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် တစ်ဦးသာ ဖြစ်၏။
လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို ရယူထားသည့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်က သခင်လေးကို မေးလိုက်သည်။
"ပိုင်ရှီးမင်။ ငါတို့မျိုးနွယ်စု တာဝန်ယူထားတဲ့ ဂိတ်တံခါးစောင့်မြို့နဲ့ အဆက်အသွယ် ပြတ်သွားပြီ။ မင်းတို့ဘက်ကရော ဆက်သွယ်လို့ ရသေးလား။"
ပိုင်ရှီးမင်သည် ခေါင်းခါလိုက်ပြီး သတင်းလာပို့သည့် မျိုးနွယ်ဝင်အား ထွက်သွားရန် လက်ပြလိုက်သည်။ တစ်ဖက်လူ ထွက်သွားပြီးနောက်မှ သူက ပြောလိုက်၏။
"အဆက်အသွယ် ပြတ်သွားပြီ။ နေ့စဉ် အစီရင်ခံစာတွေလည်း မရောက်လာဘူး။ ဆက်သွယ်လို့လည်း မရဘူး။ ဒီလိုအဖြစ်မျိုး ကြုံနေရတာ ငါတို့ဘက်ကတင် မဟုတ်ဘူး။"
"တကယ် သရဲခြောက်သလိုပဲ။ မြို့မှာ တစ်ခုခုများ ဖြစ်သွားတာလား။ မဖြစ်နိုင်ဘူး။ ဒီတစ်ခေါက် ဝင်လာတာ လူသားမျိုးနွယ်နဲ့ ပင်လယ်မျိုးနွယ်စုက လူရာဂဏန်းလောက်ပဲ ရှိတာ။ သူတို့က ဂိတ်တံခါးစောင့်မြို့ကို ဖောက်ဝင်နိုင်စရာ အကြောင်းမရှိဘူး။"
ပိုင်ရှီးမင်သည် သူ့ရှေ့ရှိ အရိုးဓားငါးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို ယူထားသည့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ကို နောက်ပစ်လျက် ရေကန်ထဲ၌ ကူးခတ်နေသော ကျားသစ်ကွက်ငါးအား ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"ဝူကျန့်ရွှမ်။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ငါလွှတ်လိုက်တဲ့ အဖွဲ့နှစ်ဖွဲ့ ပြန်မလာတော့သလိုမျိုးပေါ့။"
ဝူကျန့်ရွှမ်သည် တိတ်ဆိတ်နေပြီး ခဏကြာမှ ပြောလိုက်သည်။
"မင်းတို့ အရိပ်မဲ့မျိုးနွယ်က ပိုမြန်တယ်ဆိုတော့ ငါလူမလွှတ်တော့ဘူး။ အဖြေရရင် ငါ့ကို အသိပေး။ ငါ့အဖေနဲ့ တခြားလူတွေက ကမ္ဘာ့အမြုတေကို ကာကွယ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးဖို့ အလုပ်ရှုပ်နေကြတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့ သူတို့မှာ အချိန်မရှိဘူး။"
"ကောင်းပြီ။"
ပိုင်ရှီးမင်သည် ရေကန်ကို ကြည့်နေရင်း သူ၏ ဖြူစင်သည့် မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာသည်။
သူ၏ လက်ထဲ၌ အစိမ်းရောင် အလင်းတန်းတစ်ခု ဝိုးတဝါး ပေါ်လာပြီး ကျောက်စိမ်းခွက်ပုံသဏ္ဌာန် သိုလှောင်စိတ်ဝိညာဉ်ပစ္စည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ အမှုန့်ဖြစ်သွားသည်။
"ခွပ်"
တွန့်လိမ်နေသည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများက သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိချေ။
"ငါတို့ အစီအစဉ်ကို ဘယ်သူ ဖျက်ဆီးနေလဲဆိုတာ သိရရင်... အဲ့ဒီကောင်ကို သေချင်ပါလျက်နဲ့ မသေနိုင်အောင် လုပ်ပစ်မယ်။"
တတိယဟင်းလင်းပြင်၏ စစ်မြေပြင်လွင်ပြင်၌ အစိမ်းရောင် စိတ်ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားသည့် အရိပ်မဲ့မျိုးနွယ်ဝင် တစ်ဦးသည် သခင်လေး၏ အမိန့်အရ မြို့၏ အခြေအနေအား စစ်ဆေးရန် အရှိန်အဟုန်ဖြင့် ပျံသန်းသွားနေ၏။
သူ ပျံသန်းနေစဉ် ရုတ်တရက် အောက်ဘက်ရှိ မှိန်ဖျော့ဖျော့ မြက်ခင်းပြင်ထဲမှ ပုံရိပ်တစ်ခု ညဉ့်ကာလထဲသို့ တိုးထွက်လာပြီး အေးစက်သည့် အလင်းတန်းတစ်ခုက သူ၏ လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။
"ရွှပ်"
ရုတ်တရက် ပေါ်လာမှုသည် အလွန် လျင်မြန်လှသဖြင့် သူ မတုံ့ပြန်နိုင်သေးခင်မှာပင် ခန္ဓာကိုယ်သည် အရှိန်ကြောင့် ရှေ့သို့ လွင့်စင်သွားသည်ကို မြင်လိုက်ရ၏။
သူ၏ ဝေဝါးနေသည့် အသိစိတ်ထဲ၌ အနက်ရောင် ပုံရိပ်တစ်ခုသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး မည်သည့် ခြေရာလက်ရာမျှ ကျန်ရစ်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်သွားတာလဲ။"
အိပ်မက်မြို့သို့ သွားရန် တာဝန်ကျသည့် အရိပ်မဲ့မျိုးနွယ်ဝင်သည် သူ မသေဆုံးမီ ဘာဖြစ်သွားမှန်းကိုပင် နားမလည်လိုက်ချေ။
စေလွှတ်လိုက်သည့် မျိုးနွယ်ဝင်ထံမှ သတင်းအစအန မရရှိသဖြင့် အမှတ် တစ် မြို့၏ အသန်မာဆုံး အစောင့်အရှောက်ခေါင်းဆောင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။
ထို့ကြောင့် နောက်ထပ် လူတစ်ဦးအား ထောက်လှမ်းရန် ထပ်မံ စေလွှတ်လိုက်ပြီး အလွန် သတိထားရန်နှင့် ခြေရာများကို ဖုံးကွယ်ထားရန် မှာကြားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ရှိ အခြေအနေကို ပိုင်ရှီးမင်ထံသို့ သတင်းပို့လိုက်သည်။
စတုတ္ထဟင်းလင်းပြင်ရှိ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသည့် နေရာမှ နန်းတော်အတွင်း၌ သတင်းရရှိပြီးနောက် ပိုင်ရှီးမင်၏ မျက်နှာသည် မဲမှောင်သွား၏။
အမှတ် တစ် မြို့မှ ပထမဆုံး ကင်းထောက် ပျောက်ဆုံးသွားကြောင်း သတင်းပို့လာကတည်းက အခြေအနေ မကောင်းတော့ကြောင်း သူ ခံစားမိသည်။
ဒုတိယအကြိမ် သတင်းပို့လာချိန်၌မူ ကင်းထောက်လေးဦး အစအနမကျန် ပျောက်ဆုံးသွားပြီ ဖြစ်၏။
ဤသည်မှာ နောက်စရာ ကိစ္စမဟုတ်ပေ။ မြို့ကို ထောက်လှမ်းရန် တာဝန်ပေးထားသည့် အရိပ်မဲ့မျိုးနွယ်ဝင် လေးဦးသည် ညအရိပ်စစ်သည်နှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။ သူတို့၌ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေး မရှိချေ။
သေဆုံးသူ အရေအတွက် ဆယ်ဦးအထိ ရောက်လာသည့်အခါ ပိုင်ရှီးမင်သည် စိတ်မထိန်းနိုင်တော့ပေ။
သူ၏ ရှေ့ရှိ ကျောက်စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကျောက်မှုန်များ လေထဲသို့ လွင့်စင်တက်လာပြီး ကြမ်းပြင်ပေါ်သို့ အမှုန့်ပုံအဖြစ် ကျသွားသည်။
"ဝုန်းးး"
ယခုအချိန်၌ ပိုင်ရှီးမင် ကောင်းကောင်း နားလည်သွားပြီ ဖြစ်၏။ မြို့ထဲ၌ တစ်စုံတစ်ခု အမှန်တကယ် မှားယွင်းနေပြီး တစ်စုံတစ်ယောက်က သူတို့၏ အစီအစဉ်များကို ဖျက်ဆီးနေခြင်း ဖြစ်သည်။ ထိုသူသည် သူ၏ အဖွဲ့နှစ်ဖွဲ့ကို သတ်ဖြတ်ခဲ့သည့် သူပင် ဖြစ်လောက်သည်။
ဒုတိယဟင်းလင်းပြင်ရှိ ခံတပ်များအတွင်း လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်စုမှ ပါရမီရှင်များကို သိမ်းသွင်းမည့် အစီအစဉ် ပျက်ပြားသွားသည့် သတင်းဆိုးများ ဆက်တိုက် ရောက်လာ၏။
ဒုတိယဟင်းလင်းပြင်၌ ပုန်းအောင်းနေသည့် အရိပ်မဲ့မျိုးနွယ်ဝင်များ အားလုံး အသတ်ခံလိုက်ရပြီး မျိုးနွယ်ဝင် တစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်လာကာ စကားလုံး နှစ်လုံးပါသော စာတစ်စောင်ကို ယူဆောင်လာသည်။
သူ ပြောပြချက်အရ ထိုစာသည် အရိပ်ထဲမှ ခေါင်းစွပ်အနက်ရောင် ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ချန်ထားခဲ့သော စာဖြစ်သည်ဟု ဆို၏။
"ဘွာ... မခတ်ဘူး။"
ပိုင်ရှီးမင်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။ သို့သော် ချက်ချင်းဆိုသလိုပင် အမှတ် တစ် မြို့မှ အစီရင်ခံစာ တစ်စောင် ထပ်ရောက်လာသည်။
သတင်းထောက်လှမ်းရန် စေလွှတ်လိုက်သည့် မျိုးနွယ်ဝင်များထဲမှ တစ်ဦးသည် နောက်ဆုံး၌ ပြန်ရောက်လာပြီး စကားလုံး နှစ်လုံးပါသော စာတစ်စောင်ကို ယူဆောင်လာပြန်၏။
"စိမ်... ခေါ်ရင်။"
ပိုင်ရှီးမင်သည် ထိုစကားလုံး လေးလုံးကို အလွယ်တကူပင် ပေါင်းစပ်လိုက်မိသည်။ ဒေါသအိုးပေါက်ကွဲသွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများသည် ဥယျာဉ်တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးပစ်လိုက်ရာ မွေးမြူထားသည့် ကျားသစ်ကွက်ငါးသည် ငါးအသားလွှာများ ဖြစ်သွားသည်။
"စိမ်ခေါ်ရင် ဘွာမခတ်ဘူး။"
ပိုင်ရှီးမင်သည် အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်၏။
"ဒီသခင်လေးကို ဒီလိုမျိုး လာစော်ကားရဲတဲ့ကောင် မရှိတာ ကြာပြီပဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၃ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team