အခန်း ၃၂၄
Vol. 33 Ch. 324
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၄
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ဝူကျန့်ရွှမ်သည် ဘေးမှနေ၍ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ကစားရင်း မေးလိုက်၏။ "ရန်သူက မာနကြီးလှချည်လား။ ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ။"
ထို့နောက် သူသည် စိတ်ဝိညာဉ်လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ လက်ဖက်ရည်ခွက်ကို လက်ဖြင့် ညှစ်လိုက်ရာ ခွမ်းခနဲ ကွဲကြေသွားပြီး အမှုန့်များအဖြစ် လွင့်ပျံသွား၏။
တစ်ချိန်တည်းမှာပင် ပိုင်ရှီးမင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဒေါသစိတ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်၏။ ထို့နောက် သူက မည်းမှောင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"သူတို့က ကစားချင်တယ်ဆိုမှတော့ ကစားပေးလိုက်ကြတာပေါ့။ ဘယ်ကောင်ကများ သတ္တိရှိရှိနဲ့ ငါ့ကို လာရန်စရဲတာလဲ ကြည့်ရသေးတာပေါ့။"
ဝူကျန့်ရွှမ်သည် ဘေးမှနေ၍ နှုတ်ခမ်းမဲ့လိုက်သော်လည်း ပိုင်ရှီးမင်၏ စကားမှာ အတော်လေး အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိ၏။ အရိပ်မဲ့မျိုးနွယ်၏ ထိပ်တန်းမိသားစုများထဲမှ ပိုင်မိသားစု၏ စတုတ္ထသခင်လေးကို ယခင်က မည်သူမျှ ရန်စရဲခြင်း မရှိဖူးချေ။
ပိုင်ရှီးမင်၏ စကားကို ကြားလိုက်ရသည့်အခါ ဝူကျန့်ရွှမ်သည်လည်း လှုပ်ရှားလိုက်ပြီး ကြွက်သားများကို ဆန့်ထုတ်လိုက်၏။
"ဒီပွဲမှာ ကျုပ်လည်း ပါမယ်။ ဘာပဲပြောပြော သူတို့ လွှတ်လိုက်တဲ့အကောင်က ကျုပ်ကို စော်ကားတာနဲ့ အတူတူပဲလေ။"
ထိုအချိန်၌ ဝူကျန့်ရွှမ်၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် အမူအရာများ ပေါ်ထွက်လာပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
"အဲ့ကောင်နဲ့ တွေ့တဲ့အခါကျရင် အပိုင်းပိုင်း ခုတ်ထစ်ပစ်ပြီး ဘယ်လိုအရသာရှိလဲ မြည်းစမ်းကြည့်ရတာပေါ့။"
မိုးသောက်ချိန်၌ လင်းချန်သည် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်၏။
ဝေးကွာသည့် ကောင်းကင်ယံထက်၌ ဝေဝါးသော ပုံရိပ်များ ပေါ်ထွက်လာပြီး ကြီးမားသည့် လူအုပ်ကြီးသည် သူတို့ရှိရာသို့ ဦးတည်ချီတက်လာကြ၏။
အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ဖြင့် ဖွဲ့စည်းထားသည့် ဤသန်းချီသော စစ်တပ်ကြီးသည် မြို့တံခါးဆီသို့ စနစ်တကျ ချီတက်လာကြသည်။
သူတို့ကို ဦးဆောင်လာသူ နှစ်ဦးမှာ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့မှ ဖြစ်ကြပြီး ပိုင်ချီနှင့် ဝူလျန်တို့ကဲ့သို့ပင် အားကောင်းသည့် အရှိန်အဝါများကို ပိုင်ဆိုင်ထားကြ၏။
ပို၍ ထူးခြားသည်မှာ မြေပြင်ပေါ်၌ မရေမတွက်နိုင်သည့် သိုင်းဝိညာဉ်သားရဲ အများအပြား ပါလာခြင်းပင် ဖြစ်၏။ ထိုသားရဲများကို ထိန်းကျောင်းမောင်းနှင်ရန် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များက ဝန်းရံလိုက်ပါလာကြသည်။
ဤသိုင်းဝိညာဉ်သားရဲ အများစုမှာ လေပြင်းဝံပုလွေကြီးများ ဖြစ်ကြပြီး ပါးစပ်မှ အစွယ်များ ပြူးထွက်နေကာ အေးစက်သည့် အရောင်များ တောက်ပနေသည်။
သူတို့၏ ခြေထောက်များ၌ အပြာရောင် အရှိန်အဝါများ ရစ်ပတ်နေ၏။ ထိုသိုင်းဝိညာဉ်သားရဲများ၏ အရေအတွက်သည်လည်း တစ်သန်းခန့် ရှိသည်။
အရေအတွက် တစ်သန်းရှိသည့် လေပြင်းဝံပုလွေကြီးများ ဖြစ်ကြပြီး တစ်ကောင်ချင်းစီသည် သေခြင်းရှင်ခြင်း နယ်ပယ်၏ စိတ်ဝိညာဉ်အဆင့် ခွန်အားများကို ပိုင်ဆိုင်ထားကြ၏။ ဤမျှ များပြားသည့် အရေအတွက်သည် ကြောက်မက်ဖွယ်ရာ အင်အားစုကြီးတစ်ခု ဖြစ်သည်။
မြို့ရိုးပေါ်၌ လင်းချန်နှင့်အတူ ရပ်နေသည့် ယွမ်ရှန့်က ခေါင်းကို အသာယမ်းလိုက်သည်။
"မျိုးနွယ်ခြား စစ်တပ် တစ်သန်းအပြင် သိုင်းဝိညာဉ်သားရဲတွေပါ ပါလာတာဆိုတော့ ဒီကိစ္စက ဖြေရှင်းရ သိပ်မလွယ်ဘူးပဲ။"
သူက ဆက်၍ ပြောလိုက်၏။ "စစ်မြေပြင်လွင်ပြင်မှာ စမ်းသပ်ဖို့ထားတဲ့ သိုင်းဝိညာဉ်သားရဲတွေ ဘယ်ရောက်ကုန်လဲ ငါစဉ်းစားနေတာ။ ဒီ မျိုးနွယ်ခြားတွေက မွေးမြူထားလိုက်တာကိုး။"
ယခင်က ဤကမ္ဘာငယ်လေးသည် စမ်းသပ်ကွင်းအဖြစ် ရှိနေစဉ်က စစ်မြေပြင်လွင်ပြင်၌ စမ်းသပ်မှုများ ပြုလုပ်ရာ၌ သိုင်းဝိညာဉ်သားရဲ အုပ်စုများ ပါဝင်လေ့ရှိ၏။
ယခုအခါ၌မူ စမ်းသပ်မှု၌ အသုံးပြုသည့် ဤသိုင်းဝိညာဉ်သားရဲများသည် ကိုယ်ယောင်ဖျောက်မျိုးနွယ်၏ ထိန်းချုပ်မှုကို ခံထားရပြီး သူတို့၏ တိုက်ခိုက်ရေး လက်နက်များအဖြစ် အသုံးပြုခံနေရပြီ။
လင်းချန်အနေဖြင့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ကို အနိုင်ယူပြီး ကမ္ဘာငယ်လေးကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်မလား ဆိုသည်မှာ အရေးကြီးလှသည်။
ဤသည်မှာ စစ်သည်တစ်သန်းနှင့် လေပြင်းဝံပုလွေကြီးတစ်သန်းကို ရင်ဆိုင်ရမည့် အဆုံးအဖြတ် အခိုက်အတန့်ပင် ဖြစ်သည်။
အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ စစ်တပ်ကြီးသည် မြို့တံခါးနားသို့ နီးကပ်လာသည်နှင့်အမျှ တဖြည်းဖြည်း ရပ်တန့်လိုက်ကြပြီး လေပြင်းဝံပုလွေကြီး တစ်သန်းလည်း ရပ်တန့်သွားကြ၏။
"ဝေါင်းးး။"
လေပြင်းဝံပုလွေကြီး တစ်သန်း၏ ရှေ့ဆုံးမှ ဝံပုလွေဧကရာဇ်သည် ရုတ်တရက် အူလိုက်ရာ သူ၏ နောက်ပါးမှ သန်မာထွားကြိုင်းသည့် လေပြင်းဝံပုလွေကြီး ၁၂ ကောင်ကလည်း လိုက်ပါ၍ ခေါင်းမော့ကာ ကောင်းကင်သို့ ကြာမြင့်စွာ အူလိုက်ကြသည်။
ထိုအူသံများသည် အခြားသော ဝံပုလွေကြီးများဆီသို့ ပျံ့နှံ့သွားပြီး အူသံများ ထပ်ဆင့်ကာ ဆက်တိုက် ပဲ့တင်ထပ် သွားသည်။
နောက်ဆုံး၌ ဝံပုလွေအူသံများသည် မျက်စိဖြင့် မမြင်နိုင်သည့် အသံလှိုင်းများအဖြစ် ပေါင်းစည်းသွားပြီး မြို့တံခါးဆီသို့ တိုးဝင်ကာ မြို့ကာကွယ်ရေး အစီအရင်နှင့် ရိုက်ခတ်မိသွား၏။
တစ်ချိန်တည်းမှာပင် မြို့တံခါး၏ အစီအရင်အတားအဆီးပေါ်၌ လှိုင်းဂယက်များ စတင် ပေါ်ပေါက်လာသည်။
သို့သော် ပြင်းထန်သည့် ဝံပုလွေအူသံ လှိုင်းများသည် အစီအရင်အတားအဆီးကို ဖောက်ထွက်နိုင်ခြင်း မရှိသဖြင့် အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မည်သည့် ထိခိုက်မှုမျှ မဖြစ်ပေါ်စေချေ။
ဝံပုလွေအူသံများ ရပ်တန့်သွားပြီးနောက် အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်တစ်ဦးက မြို့တံခါးဘက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"မြို့ရိုးပေါ်ကို ကြည့်လိုက်စမ်း။ တစ်ယောက်တည်းပဲ ရှိတယ်။"
ကိုယ်ယောင်ဖျောက်မျိုးနွယ် ခေါင်းဆောင်ကလည်း မြို့ရိုးပေါ်ရှိ လင်းချန်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ဒါ ဘာလှည့်ကွက်လဲ။ မြို့တံခါးကို လူသားတစ်ယောက်တည်းက သိမ်းပိုက်ထားတာလား။"
အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်က ရှေ့ကိုကြည့်ကာ စဉ်းစားခန်းဝင်လိုက်၏။
"လှည့်စားမှု ဖြစ်နေမလား။ ဒါ့အပြင် သခင်လေးဆီက အမိန့်က မြို့တံခါးကို သိမ်းပိုက်ပြီး အဲ့ဒီအရူးကောင်ကို ပြန်ဖမ်းခေါ်လာဖို့ပဲလေ။ ခြုံခိုတိုက်ခိုက်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့ ဆက်တိုက်ရမှာပဲ။"
ကိုယ်ယောင်ဖျောက်မျိုးနွယ် ခေါင်းဆောင်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။
"ဒါပေါ့။ ငါ နားလည်ပါတယ်။ ဒီသားရဲတွေကို ရှေ့ပြေးတပ်အနေနဲ့ သုံးလိုက်ရင် ခြုံခိုတိုက်ခိုက်မယ့်သူတွေ ရှိရင်တောင် ပေါ်လာမှာပဲ။"
ကိုယ်ယောင်ဖျောက်မျိုးနွယ် ခေါင်းဆောင်၏ စကားကို ကြားသည့်အခါ အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်ကလည်း ရယ်မောကာ ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်။ ကိုယ်ယောင်ဖျောက်မျိုးနွယ်က အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး သိုင်းဝိညာဉ်သားရဲတွေကို ကျွန်ပြုနိုင်တဲ့ စွမ်းရည်က တကယ်ကို ထူးခြားတာပဲ။"
လက်ရှိအချိန်၌ ထိုသူနှစ်ဦးသည် မြို့ရိုးပေါ်မှ လင်းချန်ကို အလေးအနက် မထားဘဲ လေပေါ်၌ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။
မြို့တံခါးကို ကာကွယ်စောင့်ရှောက်သူများသည် နှစ်ပေါင်းများစွာကြာအောင် သက်တောင့်သက်သာ နေခဲ့ကြသဖြင့် ပေါ့ဆမှုကြောင့် ရန်သူကို အခွင့်အရေး ပေးလိုက်မိခြင်း ဖြစ်တန်ရာ၏။
ထိုသူနှစ်ဦး စကားလက်ဆုံကျနေသည်ကို မြင်လိုက်ရသည့်အခါ မြို့ရိုးပေါ်ရှိ လင်းချန်က နှာခေါင်းရှုံ့လိုက်၏။
"ဟမ့်... အရူးနှစ်ကောင်။ တကယ်ပဲ စကားစမြည် ပြောနေကြသေးတယ်။"
"ကျွန်တော်သာဆိုရင် ဝံပုလွေတစ်သန်း အူပြီးတာနဲ့ ချက်ချင်း တိုက်ခိုင်းလိုက်မှာ။ အကြီးအကဲ ကြည့်လိုက်ပါဦး။ သူတို့က အတင်းအဓမ္မ ထိန်းချုပ်ထားတော့ သားရဲတွေက သာမန်တိရစ္ဆာန်တွေလို ဖြစ်နေပြီး ထိရောက်မှု သိပ်မရှိတော့ဘူး။ တိုက်ပွဲဝင်သားရဲတွေက ဒီလိုမဖြစ်သင့်ဘူး။"
လင်းချန်က ဆက်ပြောလိုက်သည်။
"ပထမမြို့နဲ့ ဒုတိယမြို့က အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်တွေ ပြီးတော့ သိုင်းဝိညာဉ်သားရဲတွေ အကုန်ထွက်လာကြတော့ မြို့တွေက ဟာလာဟင်းလင်းကြီး ဖြစ်ကျန်မှာပဲ။ တကယ့် အတုံးတွေပဲ။"
ယွမ်ရှန့်က လင်းချန်၏ မှတ်ချက်ကို သဘောကျကာ ပြန်ပြောလိုက်၏။
"အဲဒီလိုတော့ ပြောလို့မရသေးဘူး။ ဒီတတိယဟင်းလင်းပြင်ထဲမှာ ရန်သူအနေနဲ့ မင်းတစ်ယောက်ပဲ ရှိတာလေ။ အခြားပြင်ပလူမှ မရှိတာ။ မြို့ထဲမှာ လူချန်ထားမဲ့အစား မင်းကိုဖမ်းဖို့ အကုန်လုံး လာကြတာက ပိုကောင်းတာပေါ့။"
လင်းချန်က သနားစရာသတ္တဝါများကို ကြည့်သကဲ့သို့သည့် အကြည့်ဖြင့် ရန်သူခေါင်းဆောင်များကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ဒီနည်းနဲ့ဆိုရင် ကျွန်တော်က သွေးထွက်သံယို မရှိဘဲ မြို့နှစ်မြို့ကို သိမ်းပိုက်ပြီးသား ဖြစ်သွားပြီလေ။"
ယွမ်ရှန့်သည် မျက်မှောင်ကြုတ်လိုက်ပြီး လင်းချန်၏ စကားကို သိပ်နားမလည် ဖြစ်သွားကာ မေးလိုက်သည်။
"မင်းရဲ့လူတွေ အကုန်လုံးက ဒီမှာ ရှိနေတာလေ။ သူတို့မြို့တွေကို မင်း ဘယ်လိုလုပ် သိမ်းပိုက်နိုင်မှာလဲ။"
လင်းချန်က ပြုံးလိုက်၏။
"အကြီးအကဲ။ ကျွန်တော်က လေဟုန်စစ်သည် တစ်ထောင် စေလွှတ်လိုက်တာ ငါးရာပဲ ပြန်ရောက်လာတယ်ဆိုတာ မေ့နေတာလား။"
လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ယွမ်ရှန့်သည် ရုတ်တရက် အမှတ်ရသွားပြီး အံ့အားသင့်သွားရသည်။
'ဒါ ဖြစ်နိုင်ပါ့မလား။'
လင်းချန်က ဆက်ပြောလိုက်၏။
"အရိပ်မဲ့စစ်သည်တစ်ယောက်ကို ချန်ထားရစ်တယ်ဆိုတာက ဖြစ်လာနိုင်တဲ့ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ပါပဲ။ အခုတော့ အဲဒီအချိန် ရောက်လာပါပြီ။"
လင်းချန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် မျိုးနွယ်ခြားများ တည်ဆောက်ထားသည့် ပထမမြို့နှင့် ဒုတိယမြို့၏ မြေပြင်သည် ရုတ်တရက် ပွင့်အက်သွားပြီး အရိပ်မဲ့စစ်သည်တစ်ဦး၏ ပုံရိပ်သည် ပြေးထွက်လာသည်။
မြေကြီးထဲ၌ ပုန်းအောင်းနေသည့် အရိပ်မဲ့စစ်သည်သည် မြေကြီးထဲမှ ထွက်လာပြီးနောက် မြို့ရိုးဘေးသို့ ချက်ချင်း ကပ်သွားကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
ရုတ်တရက်ဆိုသလိုပင် မြို့ရိုး၏ ထောင့်လေးဖက်၌ ကပ်ထားသည့် သတ္တုပြားဝိုင်းများမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး မြို့ကို လွှမ်းခြုံထားသည့် အစီအရင်ကို နှောင့်ယှက်ထိန်းချုပ်လိုက်သည်။
အစီအရင်အတားအဆီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ထိုအချိန်၌ အသင့်စောင့်နေသည့် အရိပ်မဲ့စစ်သည်သည် ချက်ချင်း ပြေးဝင်သွားကာ အစီအရင်အတားအဆီး၏ နောက်ဘက်သို့ ရောက်ရှိသွား၏။
လက်ရှိအချိန်၌ ပထမမြို့နှင့် ဒုတိယမြို့အတွင်း၌ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဖြစ်စေ၊ အရိပ်မဲ့မျိုးနွယ်ဖြစ်စေ အားလုံး မြို့ရိုးတံခါးဆီသို့ ထွက်ခွာသွားကြပြီဖြစ်ရာ သူတို့ ထိန်းချုပ်ထားသည့် သိုင်းဝိညာဉ်သားရဲများ အပါအဝင် တစ်ကောင်တစ်မြီးမှ ကျန်မနေကြချေ။
ထို့အပြင် ကာကွယ်ရေးအစီအရင် ရှိနေသရွေ့ ရန်သူများ ဝင်ရောက်လာနိုင်မည် မဟုတ်ဟု တွေးထားကြ၏။
လူသူကင်းမဲ့သည့် မြို့ကြီးထဲသို့ ဝင်ရောက်သွားသော အရိပ်မဲ့စစ်သည်သည် လျင်မြန်စွာ ရွေ့လျားပြီး အစီအရင် ဗဟိုထိန်းချုပ်ခန်း အတွင်းသို့ ကျွမ်းကျင်စွာ ဝင်ရောက်သွားသည်။
အစီအရင် ဗဟိုထိန်းချုပ်ခန်းထဲ၌လည်း မည်သူမျှမရှိချေ။ မျိုးနွယ်စုနှစ်ခုလုံးမှ အစီအရင်ဆရာများသည်လည်း ပင်မတပ်ဖွဲ့နှင့်အတူ စည်ကားနေသည့် မြို့တံခါးဝသို့ လိုက်ပါသွားကြပြီ ဖြစ်၏။
ထိုအချိန်၌ အကာအကွယ်မဲ့နေသည့် ပထမမြို့နှင့် ဒုတိယမြို့၏ အစီအရင် ဗဟိုထိန်းချုပ်ခန်းများ၌ အရိပ်မဲ့စစ်သည်၏ လက်ထဲ၌ သတ္တုပြားဝိုင်းတစ်ခု ထပ်မံ ပေါ်ထွက်လာပြီး ဗဟိုချက်မဆီသို့ ပစ်သွင်းလိုက်သည်။
"ဝုန်းးး။"
ချက်ချင်းပင် သတ္တုပြားဝိုင်းမှ စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး အစီအရင်လမ်းကြောင်းများတစ်လျှောက် စီးဆင်းသွားကာ မြို့၏ အစီအရင် အစိတ်အပိုင်းအသီးသီးသို့ ပျံ့နှံ့သွား၏။
ထိုစွမ်းအားသည် မူလ အစီအရင်ကို တိုက်စားသည့် စွမ်းအားနှင့် ပေါင်းစပ်ကာ အစီအရင်ကို အလိုအလျောက် ပြုပြင်ပြောင်းလဲပြီး ထိန်းချုပ်လိုက်သည်။
ခဏအတွင်းမှာပင် ပထမမြို့နှင့် ဒုတိယမြို့၏ ကာကွယ်ရေး အစီအရင်များသည် "လင်း" ဟူသည့် အမည်နာမအောက်သို့ ရောက်ရှိသွားပြီး မြို့နှစ်မြို့စလုံးသည် လင်းချန်၏ လက်ထဲသို့ အလုံးစုံ ကျရောက်သွား၏။
တစ်ချိန်တည်းမှာပင် တစ်ဖက်၌ မျိုးနွယ်ခြား ခေါင်းဆောင်နှစ်ဦးသည် ရယ်မော စကားပြောဆိုနေကြပြီး တစ်ဖက်လူကို မည်သို့ နှိပ်စက်ညှဉ်းပန်းကာ သူတို့၏ သခင်လေးများထံသို့ မသေမရှင် ဆက်သရမည်ကို တိုင်ပင်နေကြသည်။
ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြပြီး ရင်ဘတ်ထဲမှ တံဆပ်ပြားကို အလျင်အမြန် ထုတ်ကြည့်လိုက်ကြ၏။
သတ္တုရောင်တောက်နေသည့် တံဆပ်ပြားများသည် သံချေးများ တက်လာပြီး ဆွေးမြည့်ကျိုးပဲ့သွားသည်ကို ထိတ်လန့်စွာ မြင်တွေ့လိုက်ရသည်။
ထို အဖြစ်အပျက်ကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့သော မျက်နှာထားများ ဖြစ်ပေါ်သွားကြ၏။
တံဆပ်ပြားသည် မြို့၏ အစီအရင်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ရာ ဤကဲ့သို့ ဖြစ်သွားခြင်းမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိ၏။ ထိုသည်မှာ သူတို့မြို့၏ အစီအရင် ဖောက်ထွင်းခံလိုက်ရခြင်းပင်။
အစီအရင် ဖောက်ထွင်းခံရခြင်းက ညွှန်ပြနေသည့် တစ်ခုတည်းသောအရာမှာ မြို့ သိမ်းပိုက်ခံလိုက်ရခြင်းပင် ဖြစ်သည်။
ထိုအချက်ကို သဘောပေါက်လိုက်ပြီးနောက် ရှေ့ရှိ မြို့တံခါးမြို့ရိုးပေါ်သို့ လှမ်းကြည့်လိုက်ကြ၏။
သူတို့၏ အကြည့်များနှင့် လင်းချန်၏ အကြည့်တို့ ဆုံသွားသည့်အခါ သူတို့ကို အရူးနှစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေသည်ကို ခံစားလိုက်ရသည်။
မည်သူမျှ သတိမထားမိဘဲ မြို့ရိုးအစီအရင်များကို တိတ်တဆိတ် ဖျက်ဆီးပစ်နိုင်ခြင်းမှာ မကြားဖူးသည့် ကိစ္စရပ်တစ်ခု ဖြစ်နေ၏။
လင်းချန်က ပြောလိုက်သည်။
"တကယ်တော့ ရန်သူတွေ အပြည့်အဝ သတိရှိနေပြီး ဟွာရှာအင်ပါယာကို သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်တာကို ကျွန်တော် လိုချင်တာပါ။"
လင်းချန်၏ စကားကြောင့် ယွမ်ရှန့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး နားမလည်နိုင်အောင် ဖြစ်သွားရ၏။
လင်းချန် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဟွာရှာအင်ပါယာသည်လည်း ပြောင်းလဲမှုအချို့ ကြုံတွေ့ရသည်။
ဥပမာအားဖြင့် ဟွာရှာအင်ပါယာ အသုံးပြုသည့် စွမ်းအားသည် စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။
ထိုအခြေအနေ၌ ဟွာရှာအင်ပါယာသည် ပြင်ပကမ္ဘာနှင့် လက်တွေ့တိုက်ပွဲများ ဆင်နွှဲပြီးမှသာ တော်ဝင်တပ်မတော်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို အကဲဖြတ်နိုင်မည်ဖြစ်ပြီး ပြင်ပကမ္ဘာ၏ အဆင့်အတန်းနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
တော်ဝင်တပ်မတော်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုကောင်းမွန်စွာ တိုင်းတာနိုင်ရန် ရန်သူများအနေဖြင့် အစွမ်းကုန် တိုက်ခိုက်ရန် လိုအပ်၏။
သို့မဟုတ်ပါက တော်ဝင်တပ်မတော်၏ စွမ်းအားကို သူ မည်သို့ တိကျစွာ တိုင်းတာနိုင်မည်နည်း။
အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ် ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်သည် လင်းချန်ကို အလွန် မကျေမနပ် ဖြစ်စေသည်။
သူသည် ယုံကြည်မှုရှိပြီး ဟွာရှာအင်ပါယာ ရှုံးနိမ့်မည်မဟုတ်ဟု ခံယူထားသော်လည်း ဤစစ်ပွဲကို အလွန် အလေးအနက် ထား၏။ သို့သော် ရန်သူ၏ သဘောထားမှာမူ အလွန် ပေါ့ပေါ့ဆဆ နိုင်လွန်းလှသည်။
ယခုအခါ ခေါင်းဆောင်နှစ်ဦး၏ သဘောထား ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သူတို့နောက်မှ မျိုးနွယ်ဝင်များသည် တိုက်ပွဲဝင်ရန် လာသည်မဟုတ်ဘဲ ပျော်ပွဲစားထွက်လာသကဲ့သို့ သက်တောင့်သက်သာ ပုံစံဖြစ်နေခြင်းက လင်းချန်ကို ဒေါသထွက်စေ၏။
'ငါက မင်းတို့ကို ရန်သူလို သဘောထားနေတာကို မင်းတို့က ငါ့ကို ဟာသလို သဘောထားနေကြတာလား။'
လင်းချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"စိတ်ဝိညာဉ်စွမ်းအား အမြောက်တွေ။ သူတို့ကို ကြိုဆို လက်ဆောင်တစ်ခုအနေနဲ့ တစ်သုတ် ပစ်ထည့်လိုက်စမ်း။"
ရန်သူ၏ ပေါ့ဆသည့် အမူအရာကို မြင်လိုက်ရသောအခါ စစ်ပွဲဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူတို့ကို သင်ခန်းစာပေးရန် လိုအပ်သည်ဟု လင်းချန် ခံစားလိုက်ရ၏။
ဤမျှ အေးအေးဆေးဆေး ပုံစံဖြင့်ဆိုလျှင် တိုက်ခိုက်ရကျိုးပင် နပ်မည်မဟုတ်ချေ။
လင်းချန်၏ အမိန့်ပေးသံအဆုံး၌ မျိုးနွယ်ခြားစစ်တပ်နှင့် မျက်နှာချင်းဆိုင်ရှိနေသည့် မြို့ရိုးပေါ်၌ "ဂျလောက်... ဂျလောက်" ဟူသော ပွတ်တိုက်သံများနှင့်အတူ မည်းနက်နေသည့် အပေါက်ကြီးများ ရုတ်တရက် ပေါ်ထွက်လာပြီး ထူထဲသော အမြောက်ပြောင်းကြီးများ ထွက်ပေါ်လာသည်။
မြို့ရိုးထိပ်၌ အစီအရင်စွမ်းအားများ ရူးသွပ်စွာ စုစည်းလာပြီး အမြောက်ပြောင်းဝများ၌ မီးနီရောင် အလင်းတန်းများ တောက်ပလာ၏။
"ဘုန်းးး။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၄ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team