← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၅

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်၏ အမိန့်ပေးသံအဆုံး၌ မီးနီရောင် တောက်ပနေသည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်များသည် နောက်သို့ အရှိန်ဖြင့် ကန်ထွက်သွားပြီး အမြောက်ပြောင်းဝမှ စိတ်ဝိညာဉ်စွမ်းအား အလင်းတန်း တစ်ရာကျော်သည် မျိုးနွယ်ခြားစစ်တပ်ကြီးဆီသို့ ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။

​အမြောက်ဆန်များ၏ အရှိန်အဟုန်မှာ အလွန်လျင်မြန်လွန်းလှသဖြင့် မျိုးနွယ်ခြားများသည် ချက်ချင်းဆိုသလိုပင် တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရ၏။

​အရိပ်မဲ့မျိုးနွယ်မှ သန်မာသူတစ်ဦးက ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်သဖြင့် အလျင်အမြန် အော်ဟစ်သတိပေးလိုက်သည်။

​"ကာကွယ်ကြ။"

​သို့သော် အချိန်နှောင်းသွားလေပြီ။

​သူတို့၏ အထင်သေးသည့် သဘောထားနှင့် ပေါ့ဆသော စိတ်နေစိတ်ထားများကြောင့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ် တပ်ဖွဲ့များသည် စစ်တိုက်ရန် အဆင်သင့်မဖြစ်သေးသည့်အပြင် သူတို့၏ ကာကွယ်ရေး စိတ်ဝိညာဉ်စွမ်းအားများကိုပင် ထုတ်ဖော်ရန် အချိန်မရလိုက်ကြပေ။

​လုံလောက်သည့် ကာကွယ်မှု မရှိသောအချိန်၌ စိတ်ဝိညာဉ်စွမ်းအား အမြောက်များမှ ပစ်ခတ်လိုက်သော စွမ်းအင်တန်းများသည် မျိုးနွယ်ခြား တပ်ဖွဲ့များကြားသို့ အတားအဆီးမဲ့ ဝင်ရောက်သွား၏။

​"ရွှီးးး"

​ဦးစွာပထမ ထိမှန်ခံလိုက်ရသူမှာ ကျောက်ပြာမျိုးနွယ်၏ ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းထားသည့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်တစ်ဦး ဖြစ်၏။

​သူ၏ ခိုင်မာသည့် ခန္ဓာကိုယ်သည် စက္ကူစကဲ့သို့ ဖြစ်သွားကာ ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရပြီး နှစ်ပိုင်းပြတ်သွားသည်။

​စိတ်ဝိညာဉ်စွမ်းအား အမြောက်ဆန်များသည် ရန်သူလူအုပ်ကြီးထဲသို့ ရက်စက်စွာ ဆက်လက် တိုးဝင်သွားပြီး အရည်ပျော်ကျနေသည့် ခြေလက်အင်္ဂါအစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများသည် မိုးရွာသကဲ့သို့ ကောင်းကင်မှ ကျဆင်းလာ၏။

​စိတ်ဝိညာဉ်စွမ်းအား အမြောက်ဆန်များသည် သန်းချီသည့် စစ်သည်များ၏ အလယ်တည့်တည့်သို့ ရောက်ရှိသွားသောအခါ ရုတ်တရက် ပိုမိုတောက်ပသည့် အလင်းရောင်များနှင့်အတူ ပြင်းထန်သော အပူချိန်များ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည်။

​"ဘုန်းးး ဘုန်းးး ဘုန်းးး"

​နားကွဲမတတ် ပေါက်ကွဲသံကြီးများနှင့်အတူ မီးရှူးမီးပန်းများ ပွင့်အာလာသကဲ့သို့ တောက်ပသည့် မီးတောက်များသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျိုးနွယ်ခြား အများအပြားကို ဝါးမြိုသွားရာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ပြာမှုန့်ဘဝသို့ ရောက်ရှိသွားကြရရှာ၏။

​ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ပြင်းထန်သော လေလှိုင်းများသည် ပေါက်ကွဲမှု အဝန်းအဝိုင်း ပြင်ပရှိ လူများကိုပါ နောက်သို့ လွင့်စင်သွားစေပြီး အားလုံးက မီးတောက်များ လောင်ကျွမ်းနေသည့် ပေါက်ကွဲမှု ဗဟိုချက်ကို ထိတ်လန့်တကြား ကြည့်နေမိကြသည်။

​လင်းချန်၏ ဘေးနားရှိ ယွမ်ရှန့်သည် မျိုးနွယ်ခြား တပ်ဖွဲ့များကြားမှ ဖရိုဖရဲ ဖြစ်ပျက်နေသည့် မြင်ကွင်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေမိ၏။

​မူလက လင်းချန်သည် အဘယ်ကြောင့် မြို့ရိုးအတွင်း၌ မည်းနက်သည့် သတ္တုပိုက်လုံးများစွာကို တပ်ဆင်ခဲ့သနည်းဟု ယွမ်ရှန့် နားမလည်ခဲ့သော်လည်း ယခုအခါ၌မူ သူ ကောင်းစွာ နားလည်သွားပြီ ဖြစ်၏။

​စိတ်ဝိညာဉ်စွမ်းအား အမြောက်များ၏ ပစ်ခတ်အားသည် အလွန်အမင်း ပြင်းထန်လွန်းလှသည်။

​ထိုတစ်ကြိမ် ပစ်ခတ်မှုကြောင့်ပင် ရန်သူဘက်မှ အနည်းဆုံး စစ်သည်တစ်သောင်းကျော် သေဆုံးသွားသည်ကို ယွမ်ရှန့် အဝေးမှနေ၍ပင် ခန့်မှန်းနိုင်၏။

​ထိုထူးဆန်းပြီး ကြီးမားသည့် စိတ်ဝိညာဉ်လက်နက်ကို အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်းသည် ဤမျှလောက် သေစေနိုင်သော စွမ်းရည် ရှိနေလိမ့်မည်ဟု တွေးရုံဖြင့်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေ။

​အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ မျက်နှာထားများ လုံးဝ ပြောင်းလဲသွား၏။ သူတို့အားလုံးသည် လင်းချန်ကို ထိတ်လန့်ခြင်း၊ မသေချာခြင်းများဖြင့် ကြည့်နေကြသည်။

​အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။

​"ရန်သူက လွယ်လွယ် ကိုင်တွယ်လို့ရမယ့် သားကောင်မဟုတ်ဘူး။ အားလုံး သတိထားကြ။ ဒီတစ်ခါ သာမန်မဟုတ်ဘဲ သေရေးရှင်ရေး တိုက်ပွဲဖြစ်လာလိမ့်မယ်။"

​တစ်ချိန်တည်းမှာပင် သူ့ဘေးနားရှိ ကိုယ်ယောင်ဖျောက်မျိုးနွယ် ကျွမ်းကျင်သူတစ်ဦးက ဝင်ပြောလိုက်သည်။

​"ကြည့်ရတာ သူ့လက်နက်က တစ်ခါပဲ သုံးလို့ရတာ။ ဒါမှမဟုတ် ပြန်သုံးဖို့ အချိန်စောင့်ရတာမျိုး ဖြစ်မယ်။ အခွင့်အရေးယူပြီး အခုပဲ တိုက်ကြ။"

​အရိပ်မဲ့မျိုးနွယ် ကျွမ်းကျင်သူက ခေါင်းညိတ်သဘောတူလိုက်သည်။ "ဒီသားရဲတွေကို အရင်လွှတ်ပြီး ရန်သူ့အင်အားကို ဖြုန်းတီးပစ်။"

​ထို့နောက် သူ၏ မျက်နှာပေါ်၌ ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာပြီး အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ အောက်ဘက်ရှိ လေပြင်းဝံပုလွေကြီးများကို လှုံ့ဆော်လိုက်သည်။

​တစ်ခဏအတွင်း၌ပင် ရက်စက်ကြမ်းကြုတ်သည့် သိုင်းဝိညာဉ် ဝံပုလွေအုပ်ကြီး၏ မျက်လုံးများသည် သွေးရောင် လွှမ်းသွားပြီး သူတို့၏ ရှေ့ရှိ မြို့ရိုးမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်ကြတော့ပေ။

​"ဝေါင်းးး"

​ရှေ့ဆောင်ဝံပုလွေကြီးက ခေါင်းမော့၍ အူလိုက်ရာ နောက်ပါးမှ ဝံပုလွေအုပ်ကြီးသည် ရူးသွပ်စွာဖြင့် မြို့ရိုးဆီသို့ ပြေးဝင်လာကြ၏။ အပြာရောင် ရေလှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာသည့် ဝံပုလွေအုပ်ကြီးကို မြင်လိုက်ရသောအခါ ယွမ်ရှန့်သည် လင်းချန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်မိသည်။ ဤအခြေအနေကို လင်းချန် မည်သို့ တုံ့ပြန်မည်နည်း။

​ထိုသို့ တွေးမိရင်း ယွမ်ရှန့်သည် ခေါင်းပြန်လှည့်ကာ သူ့နောက်ဘက် လှမ်းကြည့်လိုက်၏။

​'သားရဲစစ်သည်လို့ ခေါ်တဲ့ အဲဒီ ကြမ်းတမ်းတဲ့ လက်အောက်ငယ်သားတွေကို သူ စေလွှတ်တော့မှာလား။'

​သို့သော် သားရဲစစ်သည်များ ထွက်ပေါ်လာခြင်း မရှိသေးသည်ကို ယွမ်ရှန့် အံ့ဩစွာ တွေ့လိုက်ရ၏။

​လင်းချန်သည် ဝင်ရောက်လာသည့် ဝံပုလွေအုပ်ကြီးကို မျက်လုံးမှေး၍ ကြည့်လိုက်ပြီး စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ မြို့ရိုးအောက်ရှိ ကျယ်ပြောသော မြေပြင်ပေါ်၌ ပုံရိပ်များ ရုတ်တရက် ပေါ်ထွက်လာသည်။

​"ဝေါင်းးး"

​မိုးချုန်းသံကဲ့သို့ ကျယ်လောင်သည့် ဝံပုလွေအူသံကြီး ထွက်ပေါ်လာ၏။ သို့သော် ထိုအသံသည် လေပြင်းဝံပုလွေကြီးများဆီမှ မဟုတ်ဘဲ မြို့ရိုးအောက်ရှိ မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာသော လူတစ်ရပ်ခန့် မြင့်သည့် အပြာရောင် ဝံပုလွေကြီးများဆီမှ ဖြစ်၏။

​မြို့ရိုးပေါ်၌ ရှိနေသည့် ယွမ်ရှန့်သည် အောက်ဘက်ရှိ ဝံပုလွေကြီးများကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားရသည်။

​"ဒါက..."

​အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော သိုင်းဝိညာဉ်သားရဲမျိုးကို သူ တစ်ခါမှ မမြင်ဖူးသောကြောင့်ပင်။

​လေပြင်းဝံပုလွေကြီးများနှင့် ယှဉ်လျှင် အောက်ဘက်၌ ပေါ်လာသည့် အပြာရောင် ဝံပုလွေကြီးများသည် ခန္ဓာကိုယ် အနည်းငယ် သေးငယ်သော်လည်း နဖူးပေါ်၌ လခြမ်းကွေး အမှတ်အသား အဖြူရောင် ပါရှိပြီး မျက်လုံးများမှာ တက်ကြွရွှန်းလက်နေ၏။

​ဟွာရှာအင်ပါယာ၏ အလယ်အလတ်အဆင့် တိုက်ပွဲဝင်သားရဲစစ်သည်များ ဖြစ်သည့် ငွေလမင်းဝံပုလွေကြီးများပင် ဖြစ်၏။

​အောက်ဘက်ရှိ သိုင်းဝိညာဉ်သားရဲများကို မြင်လိုက်ရသောအခါ ယွမ်ရှန့်သည် လင်းချန်ကို အံ့ဩတကြီး မေးလိုက်သည်။

​"မဖြစ်နိုင်တာ။ သိုင်းဝိညာဉ်သားရဲတွေက စိတ်ဝိညာဉ်သံချပ်ကာတွေ ဝတ်ထားတာလား။"

​အပြာရောင် ငွေလမင်းဝံပုလွေကြီးများသည် သံချပ်ကာများကို ဝတ်ဆင်ထားပြီး အလင်းရောင်အောက်၌ သတ္တုရောင်များ တောက်ပနေ၏။

​ငွေလမင်းဝံပုလွေကြီးများကို လွှမ်းခြုံထားသည့် သံချပ်ကာများ၌ အဆစ်အပိုင်းများစွာ ပါဝင်ပြီး ဝံပုလွေများ၏ လှုပ်ရှားမှုကို လွယ်ကူစေရန် ဒီဇိုင်းထုတ်ထားကာ သေးငယ်သော ဓားသွားများလည်း တပ်ဆင်ထားသည်။

​ထို့အပြင် ငွေလမင်းဝံပုလွေကြီးများ၏ အမြီးပိုင်းမှ သတ္တုတည်ဆောက်ပုံတစ်ခု ဆန့်ထွက်နေပြီး ကင်းမြီးကောက်၏ အဆိပ်ဆူးကဲ့သို့ အလွန် လျင်မြန်စွာ လှုပ်ရှားနိုင်ကာ စွမ်းအားကြီးမားပုံရ၏။

​လမင်းဝံပုလွေကြီးများ၏ ခန္ဓာကိုယ်သည် သံချပ်ကာများဖြင့် ဖုံးအုပ်ထားသဖြင့် အားနည်းချက်များကို ကောင်းစွာ ဖုံးကွယ်ထားသည်။

​ယွမ်ရှန့်ကို ပို၍ပင် မယုံနိုင်အောင် ဖြစ်စေသည့်အချက်မှာ ထိုဝံပုလွေကြီးများ၏ မျက်လုံးများကို ကြည်လင်သည့် သလင်းကျောက်ပြားများဖြင့် ဖုံးအုပ်ထားသဖြင့် မျက်လုံးကို အားနည်းချက်အဖြစ် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ခြင်းပင်။

​လင်းချန်သည် ပခုံးတွန့်ကာ ကြောင်အမ်းအမ်း ဖြစ်နေသည့် ယွမ်ရှန့်ကို ကြည့်လိုက်သည်။

​"ဒါ ငွေလမင်းဝံပုလွေကြီးတွေအတွက် သီးသန့်လုပ်ထားတဲ့ လေကာမျက်မှန်လေ။ အကြီးအကဲ နားလည်မှာ မဟုတ်ဘူး။ အလွယ်ပြောရရင် မျက်လုံးကို ကာကွယ်ပေးတာပဲ။ သံချပ်ကာတွေ အပြည့်အဝ တပ်ဆင်ထားမှ တိုက်ပွဲဝင်သားရဲစစ်သည်လို့ ခေါ်နိုင်မှာပေါ့။ သူတို့အတွက် စိတ်ဝိညာဉ်လက်နက်တွေ သုံးပေးရတာ တန်ပါတယ်။"

​လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ ယွမ်ရှန့်က စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။

​"ဒီလောက်ထိ လုပ်ဖို့ လိုလို့လား။ စိတ်ဝိညာဉ်သားရဲတွေမှာ လက်နက်သုံးနိုင်တဲ့ ဉာဏ်ရည် မရှိဘူး။ စိတ်ဝိညာဉ်သားရဲက ပစ္စည်းသုံးနိုင်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။"

​စိတ်ဝိညာဉ်သားရဲများသည် စိတ်ဝိညာဉ်ပစ္စည်းများကို အသုံးမပြုနိုင်ဟူသည်မှာ မျိုးနွယ်စုအားလုံးကြား၌ အများသိလက်ခံထားသည့် ဗဟုသုတတစ်ခု ဖြစ်၏။

​ယွမ်ရှန့်က ဆက်ပြောလိုက်သည်။

​"နေပါဦး။ မင်းက သူတို့သဘာဝနဲ့ ကိုက်ညီအောင် ဖန်တီးပေးနိုင်တယ် ထားဦး။ သူတို့မှာက သားရဲဗီဇနဲ့ သတ်ဖြတ်လိုစိတ်ပဲ ရှိတာလေ။ ပစ္စည်းသုံးဖို့ ဉာဏ်ရည်မှ မရှိတာ။"

​လင်းချန်သည် ယွမ်ရှန့်ကို ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

​"ဒါပေမဲ့ ကျုပ်ရဲ့ သားရဲစစ်သည်တွေက အရမ်းဉာဏ်ကောင်းတယ်ဗျ။"

​ယွမ်ရှန့်က ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။

​"ဘယ်လောက်တောင် ဉာဏ်ကောင်းလို့လဲ။"

​လင်းချန်သည် နောက်သို့ လှည့်လိုက်ပြီး မြို့ရိုးအောက်ရှိ ငွေလမင်းဝံပုလွေကြီးများ ရှိရာသို့ ရုတ်တရက် လှမ်းအော်လိုက်သည်။

​"ငွေလမင်းဝံပုလွေကြီးတွေအားလုံး... နောက်လှည့်။"

​"ဝုန်းးး"

​လင်းချန်၏ စကားသံအဆုံး၌ ယွမ်ရှန့်၏ အံ့ဩတကြီး ကြည့်နေသည့် မျက်လုံးများရှေ့၌ပင် အောက်ဘက်ရှိ ငွေလမင်းဝံပုလွေကြီးများသည် ညီညာစွာ နောက်သို့လှည့်လာကြပြီး သူတို့ကို မော့ကြည့်လာကြ၏။

​ထိုအချိန်၌ ငွေလမင်းဝံပုလွေကြီးတိုင်း၏ မျက်လုံးထဲ၌ ဉာဏ်ရည်ဉာဏ်သွေးရှိသည့် အရိပ်အယောင်များကို ယွမ်ရှန့် အထင်းသား မြင်တွေ့လိုက်ရသည်။

​"ထိုင်။"

​လင်းချန်၏ အမိန့်ပေးလိုက်သံနှင့်အတူ ငွေလမင်းဝံပုလွေကြီးများသည် ချက်ချင်းပင် ထိုင်ချလိုက်ကြရာ ဝတ်ဆင်ထားသည့် သံချပ်ကာဝတ်စုံများမှ "ချလွင် ချလွင်" ဟူသော သတ္တုချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။

​"မတ်တတ်ရပ်။"

​"ထိုင်။"

​အကောင်ရေ တစ်သိန်းကျော်ရှိသည့် ငွေလမင်းဝံပုလွေကြီးများ လိမ်မာစွာ ထိုင်လိုက်ကြသည်ကို ကြည့်ရင်း လင်းချန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။

​"မင်းတို့ရန်သူက ဟိုဘက်က ဝံပုလွေတစ်သန်းပဲ။ ယုံကြည်ချက်ရှိလား။"

​"ရှိပါတယ်။"

​ထိုမြင်ကွင်းကြောင့် ယွမ်ရှန့်၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားသလို လေထဲ၌ ရှိနေကြသည့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်သည်လည်း တုန်လှုပ်သွားကြကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားကြ၏။

​ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းသိမ်းလိုက်ပြီးနောက် ကိုယ်ယောင်ဖျောက်မျိုးနွယ်မှ ထိပ်သီးပညာရှင်တစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ဆဲဆိုကြိမ်းမောင်းလိုက်သည်။

​"ဘယ်သူ ငါ့ကို ရှင်းပြနိုင်မလဲ။ ဒါ ဘာတွေ ဖြစ်ကုန်တာလဲကွ။"

​ဆင့်ခေါ်လိုက်သည့် အကောင်ရေတစ်သိန်းရှိသော သံချပ်ကာဝတ် ဝံပုလွေကြီးများကပင် အံ့ဩစရာ ကောင်းနေပြီဖြစ်၏။

​ဘေးနားရှိ အရိပ်မဲ့မျိုးနွယ်မှ ထိပ်သီးပညာရှင်တစ်ဦးသည်လည်း အသက်ကို ပြင်းပြင်းရှူနေရသည်။ သူ၏ နားလည်မှုထဲ၌ သိုင်းဝိညာဉ်သားရဲများဆိုသည်မှာ အမဲလိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကိုသာ နားလည်ကြသည့် အခြေခံဉာဏ်ရည်သာ ရှိကြစမြဲဖြစ်၏။

​သို့သော် ယခုကဲ့သို့သော သိုင်းဝိညာဉ်သားရဲမျိုးကိုမူ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

​'ဒါပေမဲ့ ဒီသောက်ကျိုးနည်း ဝံပုလွေတွေက စကားပြောတတ်တယ်လား။'

​စကားမပြောနိုင် ဖြစ်နေသည့် ယွမ်ရှန့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး လင်းချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

​"စီနီယာ... ကျုပ်ရဲ့ သားရဲစစ်သည်တွေ လုံလောက်အောင် ဉာဏ်ကောင်းရဲ့လား။"

​ယွမ်ရှန့်သည် လင်းချန်၏ စကားကို ကြားပုံမရပေ။ သူကဲ့သို့ ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရင့်ကျက်သူ တစ်ဦးအတွက်ပင်လျှင် ဤမြင်ကွင်းသည် အလွန်အမင်း တုန်လှုပ်စရာ ကောင်းလွန်းလှ၏။

​"စိတ်ဝိညာဉ်သားရဲတွေက စကားတောင် ပြောတတ်ကြတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

​သူ့စိတ်ဓာတ် မခိုင်မာ၍ မဟုတ်ပေ။ သူ့ရှေ့မှ မြင်ကွင်းက လွန်ကဲလွန်းနေခြင်းသာ ဖြစ်၏။

​"မတ်တတ်ရပ်။ တိုက်ပွဲဝင်ဖို့ ပြင်။"

​"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။"

​လင်းချန် လက်ဝှေ့ယမ်းပြလိုက်သည်ကို မြင်လိုက်ရသောအခါ ငွေလမင်းဝံပုလွေကြီး တစ်သိန်းသည် နောက်သို့လှည့်လိုက်ကြသည်။

​သူတို့၏ ဝံပုလွေမျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူတို့ဆီသို့ ပြေးဝင်လာနေကြသည့် လေပြင်းဝံပုလွေကြီး တစ်သန်းအပေါ် အကြည့်ပို့လွှတ်လိုက်ကြ၏။

​ရှေ့ဆုံးမှ ဦးဆောင်သူ ဝံပုလွေခေါင်းဆောင်ကြီးက အူသံပေးလိုက်ပြီး ဦးစွာပထမ ပြေးထွက်သွား၏။

​ဒါကိုမြင်တော့ လင်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သားရဲစစ်သည်များသည် စစ်သားများကဲ့သို့ သက်ရှိသက်သက်မျှသာ မဟုတ်ပေ။ စစ်သည်များ၏ အေးစက်သည့် ခံစားချက်များနှင့် ယှဉ်လျှင် သားရဲစစ်သည်များက ရက်စက်ကြမ်းကြုတ်သည့် သားရဲဗီဇကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ရာ ထိုအချက်က သူတို့၏ တိုက်ခိုက်စွမ်းရည်ကို ပိုမို မြင့်မားလာစေသည်မှာ ထင်ရှားလှ၏။

​တခဏအတွင်းမှာပင် ဝံပုလွေအုပ်စုနှစ်ခုသည် ကြမ်းတမ်းစွာ ဝင်ရောက်တိုက်ခိုက်မိကြသည်။

​"ဝုန်းးး ဒုန်းးး"

​ထိုအချိန်၌ ယွမ်ရှန့်သည်လည်း စိတ်ကိုပြန်စုစည်းလိုက်ပြီး ဝံပုလွေအုပ်စုနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုကို ဂရုတစိုက် စောင့်ကြည့်လိုက်၏။

​စိတ်ဝိညာဉ်ပစ္စည်းများ တပ်ဆင်ထားသည့် ဤဉာဏ်ရည်မြင့် သားရဲစစ်သည်များနှင့် သာမန် စိတ်ဝိညာဉ်သားရဲများကြား ကွာခြားချက်ကို သူ သိမြင်လိုသောကြောင့် ဖြစ်၏။

​ကွာခြားချက်က ချက်ချင်းပင် ထင်ရှားသွားသည်။

​ငွေလမင်းဝံပုလွေကြီး တစ်သိန်းသည် သတ္တုပုဆိန်ကြီးများကဲ့သို့ လေပြင်းဝံပုလွေကြီး တစ်သန်းကြားသို့ လမ်းဖွင့်ဝင်ရောက်သွားကြ၏။ သွေးများနှင့် အသားစများ လွင့်စင်ကုန်၏။ ငွေလမင်းဝံပုလွေကြီးများကို တားဆီးနိုင်စွမ်း မရှိသလောက်ပင်။

​ရှေ့ဆုံးမှ ငွေလမင်းဝံပုလွေကြီးသည် လေပေါ်သို့ ခုန်တက်သွားပြီး အမြီးပိုင်းရှိ သတ္တုသံချပ်ကာမှ ဓားသွားများ ရုတ်တရက် ထွက်ပေါ်လာကာ ကျန်ရှိသည့် ဓားသွားများနှင့် ချိတ်ဆက်သွားပြီး စက်ယန္တရား ဓားကြီးတစ်လက်အသွင် ပြောင်းလဲသွားသည်ကို ယွမ်ရှန့် အထင်းသား မြင်လိုက်ရသည်။

​ငွေလမင်းဝံပုလွေခေါင်းဆောင်ကြီးသည် ရူးသွပ်စွာ စတင်လှည့်ပတ်လိုက်ရာ ငွေရောင်လမင်း စိတ်ဝိညာဉ်စွမ်းအားများ သူ၏ကိုယ်ပေါ်၌ တဖျပ်ဖျပ် တောက်ပလာ၏။

​ထိုအချိန်၌ ငွေလမင်းဝံပုလွေကြီးသည် ငွေရောင်လွှသွားကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး လေပြင်းဝံပုလွေအုပ်ထဲသို့ လိမ့်ဝင်သွားရာ ဝံပုလွေပုံသဏ္ဍာန် အသားကြိတ်စက်ကြီးတစ်ခု ဖြစ်လာ၏။

​"ရွှီးးး ရွှီးးး"

​သူနှင့် ထိမိသမျှ လေပြင်းဝံပုလွေကြီးများအားလုံး တစ်စစီ ပြတ်တောက်ကုန်ကြပြီး ခုခံနိုင်စွမ်း လုံးဝမရှိကြပေ။

​ဤငွေလမင်းဝံပုလွေကြီး တစ်ကောင်တည်း ထိုသို့ လုပ်ဆောင်နေခြင်း မဟုတ်ပေ။

​ငွေလမင်းဝံပုလွေတပ်သား တစ်သိန်းရှိ ရှေ့ဆုံးမှ ဦးဆောင်သူ ဝံပုလွေကြီးများအားလုံးသည် ဤသို့သော ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းကို အသုံးပြုပြီး နောက်မှလိုက်ပါလာသော ဝံပုလွေများအတွက် လမ်းဖောက်ပေးနေကြခြင်း ဖြစ်၏။

​လေပြင်းဝံပုလွေအုပ်စုထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသောအခါ ငွေလမင်းဝံပုလွေကြီးများသည် စက်ဝိုင်းပုံစံ ဖြန့်ကျက်လိုက်ပြီး အပြင်ဘက်သို့ အဆက်မပြတ် တွန်းထုတ်တိုက်ခိုက်ကြသည်။

​မျက်လုံးများ နီရဲနေသည့် လေပြင်းဝံပုလွေကြီးများသည် ချက်ချင်းပင် ခုန်အုပ်လိုက်ကြပြီး ငွေလမင်းဝံပုလွေကြီးများကို ကိုက်ခဲလိုက်ကြ၏။

​"ဂြွီ ဂျွတ်"

​သို့သော် စိတ်ဝိညာဉ်စွမ်းအား တုန်ခါမှုဖြင့် ပံ့ပိုးပေးထားသည့် မာကျောသော သံချပ်ကာများက ကိုက်ခဲလိုက်သော လေပြင်းဝံပုလွေကြီးများ၏ ထက်မြက်သည့် အစွယ်များကို တိုက်ရိုက်ပင် ချိုးဖျက်ပစ်လိုက်၏။

​ချက်ချင်းဆိုသလိုပင် အကိုက်ခံလိုက်ရသည့် ငွေလမင်းဝံပုလွေကြီးက ပါးစပ်ကို ဟလိုက်ရာ ငွေရောင်လမင်း စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းတစ်ခု ပန်းထွက်လာပြီး လေပြင်းဝံပုလွေကြီးကို ရိုက်ခတ်ကာ နောက်သို့ လွင့်စဉ်သွားစေသည်။

​ထို့နောက် ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး ငွေလမင်းဝံပုလွေကြီးသည် သူ၏ အမြီးမှ သတ္တုကြာပွတ်ကို လေပြင်းဝံပုလွေကြီးဆီသို့ ရိုက်ချလိုက်သည်။

​ထိခါနီးအချိန်၌ အမြီးသံချပ်ကာမှ ဓားသွားများ ထွက်ပေါ်လာပြန်၏။

​"ရွှပ်"

​တခဏအတွင်းမှာပင် လေပြင်းဝံပုလွေကြီးမှာ နှစ်ပိုင်းပြတ်သွားပြီး ကလီစာများ မြေပြင်ပေါ်သို့ ပုံကျလာသည်။

​မြို့ရိုးပေါ်မှ ကြည့်နေသည့် ယွမ်ရှန့်သည် လင်းချန် ဆင့်ခေါ်ထားသော သားရဲစစ်သည် ဝံပုလွေအုပ်စုနှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ စိတ်ဝိညာဉ်သားရဲများမှာ လုံးဝ ကွဲပြားခြားနားသည့် အဆင့်အတန်းတစ်ခု ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။

​လေပြင်းဝံပုလွေကြီးများသည် ကိုက်ခဲခြင်း၊ ကုတ်ခြစ်ခြင်း စသည့် အရိုင်းဆန်ဆုံး နည်းလမ်းများဖြင့်သာ တိုက်ခိုက်နေကြဆဲဖြစ်၏။

​သို့သော် လင်းချန်၏ ငွေလမင်းဝံပုလွေကြီးများမှာမူ သံချပ်ကာအပြည့်အစုံ တပ်ဆင်ထားသည်ဖြစ်ရာ လေပြင်းဝံပုလွေကြီးများ၏ အစွယ်များနှင့် ခြေသည်းများသည် သူတို့၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ပေ။

​ငွေလမင်းဝံပုလွေကြီးများ၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ စိတ်ဝိညာဉ်ပစ္စည်းများမှ တဖျပ်ဖျပ် တောက်ပနေသည့် အလင်းရောင်များက ထိုပစ္စည်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ယွမ်ရှန့်ကို သိမြင်စေ၏။

​ငွေလမင်းဝံပုလွေကြီးများ၏ တိုက်ပွဲစက်ဝန်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အပြင်ဘက်၌ အသက်ရှင်ကျန်ရစ်သည့် လေပြင်းဝံပုလွေကြီးများ နည်းပါးလာကာ အတွင်းဘက်၌ ဝံပုလွေအလောင်းများ ပုံသွားသည်ကို ကြည့်ရင်း ယွမ်ရှန့် ရေရွတ်လိုက်မိသည်။

​"သားရဲစစ်သည်တွေ။ တကယ့်ကို သားရဲစစ်သည်တွေပါလား။"

​ယွမ်ရှန့် တွေးတောနေစဉ်၌ ကိုယ်ယောင်ဖျောက်မျိုးနွယ်မှ ခေါင်းဆောင်များ၏ မျက်နှာများ ဖြူဖျော့သွားကြပြီး လင်းချန်ကို ကြည့်လိုက်သောအခါ သူတို့၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်လာကြ၏။

​ဤငွေလမင်းဝံပုလွေတပ်ဖွဲ့သည် ထိုလေပြင်းဝံပုလွေအုပ်စုနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

​သူတို့သည် သားရဲသားရေကို ဝတ်ဆင်ထားသည့် စစ်တပ်တစ်ခု၊ ရိုင်းစိုင်းခက်ထန်ပြီး အားကောင်းသော သားရဲစစ်သည်အင်အားစုကြီး တစ်ခုပင် ဖြစ်၏။

​အရိပ်မဲ့မျိုးနွယ်မှ စစ်သည်များသည် လင်းချန်ကို ကြည့်ရင်း တုန်လှုပ်ချောက်ချားစွာ တွေးတောလိုက်မိကြ၏။

​"ဒီလူသားက ဘယ်လိုလူစားမျိုးလဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၅ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters