← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၆

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ဤမျှ စွမ်းအားကြီးမားလှသည့် သားရဲစစ်သည်တပ်မတော်ကြီး ရှိနေမှတော့ မြို့အား ကာကွယ်ထားသူများအနေဖြင့် အပြတ်အသတ် အောင်ပွဲခံနိုင်ခြင်းက မည်သူ့အတွက်မျှ အံ့ဩစရာကိစ္စတစ်ခု မဟုတ်တော့ချေ။

​သတ္တုဆူးချွန်များ တပ်ဆင်ထားသည့် ဝံပုလွေခြေသည်းများသည် လေပြင်းဝံပုလွေအလောင်းများအပေါ် နင်းဖြတ်သွားပြီး အသားစများအား နင်းချေဆုတ်ဖြဲပစ်လိုက်ကြ၏။

​ငွေလမင်းဝံပုလွေကြီးများသည် သေဆုံးနေသော လေပြင်းဝံပုလွေအလောင်းများ ပြန့်ကျဲနေသည့် လွင်ပြင်ထက်၌ ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေကြသည်။

​သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ရှိပြီး လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ငွေလမင်းဝံပုလွေကြီးများသည် ရှုပ်ထွေးနက်နဲသည့် စစ်မြေပြင်နည်းဗျူဟာများနှင့် ဉာဏ်ရည်ဉာဏ်သွေးကို ထုတ်ဖော်ပြသကြ၏။

​ဤတိုက်ပွဲ၌ သူတို့ဘက်မှ ဝံပုလွေတစ်ကောင်မျှ ကျဆုံးခြင်း မရှိချေ။

​ငွေလမင်းဝံပုလွေကြီးများ၏ အသန်မာဆုံး ခေါင်းဆောင်ဖြစ်သူသည် သတ္တုရောင် အေးစက်စက် တောက်ပနေသည့် ခြေသည်းများဖြင့် လေပြင်းဝံပုလွေဧကရာဇ်၏ ဦးခေါင်းထက်၌ ရပ်နေသည်။

​ဝံပုလွေခေါင်းဆောင်သည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်ဖြင့် စိုက်ကြည့်နေပြီး ပါးစပ်ကိုဖြဲကာ လှောင်ပြောင်သကဲ့သို့ ပြုံးပြလိုက်၏။

​ထိုသားရဲစစ်သည်များသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ တပ်ဖွဲ့များထံသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်လိုစိတ်များ ပြင်းပြနေသည်မှာ ထင်ရှားလှသော်လည်း လင်းချန်၏ အမိန့်မရရှိသေးသဖြင့် မဆင်မခြင် ပြုမူရဲခြင်း မရှိကြချေ။

​လင်းချန်သည် တိုက်ပွဲရလဒ်အတွက် အလွန် ကျေနပ်အားရနေမိ၏။

​ဟွာရှာအင်ပါယာ၏ တော်ဝင်တပ်မတော်နှင့် သားရဲစစ်သည်တပ်မတော်တို့သည် နည်းပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ယေဘုယျစွမ်းအား၌ ပြိုင်ဘက်များထက် သာလွန်ကြောင်း သူ အပြည့်အဝ အတည်ပြုနိုင်ပြီ ဖြစ်သည်။

​ထို့အပြင် ဤကမ္ဘာ၏ ထူးခြားသည့် ဝိသေသလက္ခဏာများအား လေ့လာသင်ယူပြီးနောက် ဟွာရှာအင်ပါယာအတွက် တိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေသေးကြောင်း သူ သဘောပေါက်လိုက်၏။

​လင်းချန်သည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ ရှိရာဘက်သို့ လှမ်းကြည့်ပြီးနောက် ရုတ်တရက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် မြို့ရိုးပေါ်၌ လူတစ်ရပ်စာမျှ မြင့်မားသော လေးကြီးများအား ကိုင်ဆောင်ထားသည့် သံချပ်ကာဝတ် စစ်သည်ငါးတန်း ထွက်ပေါ်လာ၏။

​စစ်သည်ငါးတန်း ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ မျက်လုံးများ အေးစက်သွားပြီး ရှေ့သို့ လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

​"သတ်။"

​"အူးးး ဝူးးး"

​လင်းချန်၏ အမိန့်ပေးသံအား ကြားလိုက်ရသည်နှင့် စိတ်အားထက်သန်နေသည့် ငွေလမင်းဝံပုလွေကြီးများသည် ဆက်လက်၍ အောင့်အီးမထားနိုင်တော့ဘဲ အူသံပေးကာ ရှေ့သို့ ပြေးထွက်သွားကြ၏။

​အားကောင်းမောင်းသန် ငွေလမင်းဝံပုလွေကြီးများအား မြင်လိုက်ရသည့်အခါ အရိပ်မဲ့မျိုးနွယ်မှ စစ်သည်တစ်ဦးက အလျင်စလို အော်ဟစ်လိုက်သည်။

​"ရန်သူ လာနေပြီ။ တိုက်ဖို့ ပြင်ကြစမ်း။"

​အခြားတစ်ဖက်မှ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် စစ်သည်တစ်ဦးကလည်း သတိပေးလိုက်၏။

​"ဟိုကောင်တွေရဲ့ အမြီးက ဓားသွားတွေကို သတိထားကြ။ မျက်လုံး၊ ကိုယ်လုံးတွေကို မတိုက်နဲ့။ လည်ပင်းကိုပဲ ပစ်မှတ်ထားပြီး တိုက်ကြ။"

​"ရွှီးးး ရွှီးးး ရွှီးးး"

​ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ဘေးနား၌ လေကိုခွင်းသော အသံများ ဆူညံစွာ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် မြှားတံများသည် သူ၏ မျိုးနွယ်စုဝင်များအား ဖောက်ထွက်သွားကြသည်။

​ထိုစိတ်ဝိညာဉ်စွမ်းအား မြှားတံများ၏ အမြန်နှုန်းနှင့် အင်အားသည် မယုံနိုင်လောက်အောင် ပြင်းထန်လွန်းလှရာ ပုံမှန်ဆိုလျှင် ဤမျှဝေးကွာလှသည့် အကွာအဝေး၌ ထိုသို့သော စွမ်းအားမျိုး ရှိနိုင်မည် မဟုတ်ချေ။

​ထိုအချက်ကို သတိထားမိလိုက်သဖြင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင် စစ်သည်သည် မြို့ရိုးပေါ်သို့ အလျင်အမြန် မော့ကြည့်လိုက်ရာ စစ်သည်တစ်တန်း ရှေ့သို့ တက်လာသည်ကို တွေ့လိုက်ရ၏။

​ထိုစစ်သည်များသည် အနောက်သို့ ဆုတ်ခွာသွားသည့် စစ်သည်များ၏ နေရာ၌ အစားထိုး ဝင်ရောက်လာပြီး ဧရာမလေးကြီးများအား မြို့ရိုးပေါ်၌ အခိုင်အမာ ထောက်ကာ သူတို့ထံသို့ ချိန်ရွယ်ထားကြသည်။

​မျက်စိတစ်မှိတ်အတွင်း သူတို့၏ အဝါဖျော့ရောင် သိုင်းဝိညာဉ်များအား လေးကြီးများအထဲသို့ ထည့်သွင်းလိုက်ရာ မြှားတံများသည် လူတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်လာပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကြောက်မက်ဖွယ် ကောင်းလှသော အလင်းရောင်များ တောက်ပလာ၏။

​"ဝုန်းးး"

​ကျယ်လောင်လှသော အသံကြီးနှင့်အတူ ဧရာမ မြှားကြီးများသည် လေးကြိုးများထံမှ ထွက်ခွာသွားပြီး သန်းနှင့်ချီနေသည့် ရန်သူတပ်ဖွဲ့ကြီးထံသို့ ပြင်းထန်စွာ ပျံသန်းသွားကြရာ ယွမ်ရှန့်ခမျာ စူးစမ်းလိုစိတ်ဖြင့် မျက်တောင်မခတ်တမ်း ကြည့်ရှုနေမိသည်။

​ဤမျှ ဆိုးရွားလှသည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသဖြင့် အရိပ်မဲ့မျိုးနွယ်မှ စစ်သည်တစ်ဦးက အရေးတကြီး အော်ဟစ်လိုက်၏။

​"ကာကွယ်ကြစမ်း။ တပ်ဖြန့်ကြ။ မြန်မြန်လုပ်။"

​သို့သော် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ တပ်ဖွဲ့များအား စုစည်းရန် ပြင်ဆင်နေချိန်မှာပင် ငွေလမင်းဝံပုလွေကြီးများသည် အူသံပေးလျက် သူတို့ထံသို့ ရောက်ရှိလာပြီး ပြင်းထန်လှသည့် တိုက်ပွဲအား စတင်လိုက်ကြပြီ ဖြစ်သည်။

​တစ်ခဏအတွင်းမှာပင် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ စစ်တပ်ဖွဲ့စည်းပုံမှာ လုံးဝ ပျက်စီးသွား၏။

​တိုက်ပွဲအလယ်၌ တပ်ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ရန် စဉ်းစားခြင်းသည် အလွန် နောက်ကျသွားလေပြီ။

​ဖရိုဖရဲဖြစ်နေသော အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့အား ကြည့်ရင်း လင်းချန်၏ မျက်နှာထက်၌ အထင်သေးသည့် အမူအရာများ ပေါ်လာသည်။ လင်းချန်က တွေးလိုက်၏။

​'မိုက်မဲလိုက်လေခြင်း။'

​အကယ်၍ သူ၏ မြို့စောင့်တပ်အား တိုက်ခိုက်ရန် ကြံစည်ထားသည်ဆိုပါက သူတို့အနေဖြင့် တပ်ဖွဲ့စည်းပုံများကို ကြိုတင်၍ သေသပ်စွာ ပြင်ဆင်ထားသင့်သည်။

​ပျော်ပွဲစားထွက်သကဲ့သို့ ပေါ့ပေါ့ဆဆ စိတ်ဓာတ်နှင့် ဖရိုဖရဲ တပ်ဖွဲ့စည်းပုံကို အသုံးပြုပြီး တိုက်ခိုက်ချင်ခြင်းသည် တကယ့်ကို အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

​ထိုအချိန်၌ ယွမ်ရှန့်သည် လေးကြီးများအား ကိုင်ဆောင်ထားသည့် အလင်းရောင်သံချပ်ကာဝတ် စစ်သည်များကို စူးစမ်းလိုစိတ်ဖြင့် လေ့လာနေမိ၏။

​ဤစစ်သည်များ၏ လေးကြီးများသည် စိတ်ဝိညာဉ်စွမ်းအားကို အကန့်အသတ်မရှိ ဖိသိပ်နိုင်သည့် စွမ်းရည်ရှိကြောင်း သူ သဘောပေါက်လိုက်သည်။

​ထို့ကြောင့် ပစ်လွှတ်လိုက်သည့် မြှားများသည် သိုင်းဝိညာဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သော်ငြား မြှားများ၏ စွမ်းအားမှာ အလွန်ကြီးမားလှပြီး လျှော့တွက်၍ မရနိုင်ချေ။

​စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော မြှားများသည် အလွန်ဝေးကွာသည့် ပစ်မှတ်ဆီသို့ ရောက်ရှိနိုင်ရုံသာမက ပြင်းထန်သည့် ထိုးဖောက်နိုင်စွမ်းလည်း ရှိကြ၏။

​ဤဧရာမ မြှားကြီးများသည် အခြားမျိုးနွယ်စုဝင် သုံးဦးထက်မနည်းကို ဖောက်ထွင်းပြီးမှသာ အရှိန်လျော့သွားတတ်ကြောင်း ယွမ်ရှန့် သေချာစွာ လေ့လာတွေ့ရှိလိုက်ရသည်။

​ထို့အပြင် ဤလေးသည်တော်များသည် အလွန် တိကျသေချာစွာ ပစ်ခတ်နိုင်သည့် စွမ်းရည်ရှိကြ၏။

​သူတို့ မြှားတစ်စင်း လွှတ်လိုက်တိုင်း အခြားမျိုးနွယ်စုဝင် တစ်ယောက်သည် မိုးပေါ်မှ ပြုတ်ကျလာစမြဲပင်။

​မသေဆုံးလျှင်တောင်မှ သေလုမြောပါး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

​ဤမျှ ဝေးကွာလှသော အကွာအဝေးအောက်၌ မြှား၏ စွမ်းအားအား ထိန်းသိမ်းထားနိုင်ခြင်းသည် အလွန် ခက်ခဲသည့် ကိစ္စဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။

​သို့သော် ယွမ်ရှန့်သည် သံချပ်ကာဝတ် စစ်သည်အုပ်စု၏ အားနည်းချက်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိလိုက်၏။

​ဤမျှဝေးကွာသော နေရာသို့ ပြင်းထန်သည့် ထိုးဖောက်နိုင်စွမ်းဖြင့် မြှားပစ်နိုင်ရန်အတွက် သူတို့သည် စိတ်ဝိညာဉ်စွမ်းအားအား စုစည်းရန် အချိန်တစ်ခု ယူရသည်။

​ထို့ကြောင့်ပင် လင်းချန်သည် အလင်းရောင်သံချပ်ကာဝတ် စစ်သည်များအား ငါးတန်း ခွဲထားခြင်း ဖြစ်၏။

​တစ်တန်း ပစ်ခတ်ပြီးသည်နှင့် နောက်တစ်တန်းက အလျင်အမြန် အစားထိုး ဝင်ရောက်လာသည်။

​သို့သော်ငြားလည်း ဧရာမမြှားကြီးများအား မပစ်လွှတ်မီ အချိန်အနည်းငယ်ကြာအောင် စွမ်းအားစုစည်းရန် လိုအပ်နေဆဲပင်။

​ထို့ကြောင့် စစ်သည်ထောင်ပေါင်းများစွာ ရှိပြီး ငါးတန်း အလှည့်ကျ ပစ်ခတ်နေသော်လည်း တိုက်ခိုက်မှုများကြား၌ ဟာကွက် အချိန်အပိုင်းအခြားများ ရှိနေသေး၏။ သို့တိုင်အောင် အကျိုးသက်ရောက်မှုမှာ ယုံကြည်နိုင်စရာမရှိအောင် ကြီးမားနေဆဲပင်။

​အကြိမ်တိုင်း၌ ဧရာမမြှားကြီး နှစ်ထောင်ခန့် ပစ်လွှတ်လိုက်ခြင်းသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့အပေါ် ကြီးမားသည့် ဖိအားကို သက်ရောက်စေသည်။

​ထိုမျိုးနွယ်စုဝင်များသည် ရှေ့မှ ရက်စက်ကြမ်းကြုတ်သော ငွေလမင်းဝံပုလွေကြီးများကို ရင်ဆိုင်ရုံသာမက ရုတ်တရက် ကျရောက်လာတတ်သည့် ဧရာမမြှားကြီးများကိုလည်း သတိထားနေရ၏။

​အနီးကပ်တိုက်ခိုက်မှုနှင့် ဝေးလံခေါင်သီသော ပစ်ကူပေးမှုတို့၏ ပေါင်းစပ်ညှိနှိုင်းမှုအောက်၌ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် တစ်ဖက်သတ် အသတ်ဖြတ်ခံရကာ ဆုတ်ခွာရမည့် အခြေအနေသို့ ရောက်ရှိသွားပြီး မျိုးနွယ်စုဝင်အများအပြားမှာ ထွက်ပြေးရန် စိတ်ကူးများ ဝင်လာကြသည်။

​ထိုအချိန်၌ လူအုပ်ကြီးထဲမှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

​"ပြေးကြ။ အသက်ရှင်ဖို့ အရေးကြီးတယ်။"

​ထိုစကားသံသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ စိတ်ဓာတ်ခံစစ်စည်းအား ရိုက်ချိုးလိုက်သော နောက်ဆုံး သေမင်းတမန် လက်နက်တစ်ခုသဖွယ် ဖြစ်လာပြီး သည်းခံနိုင်စွမ်းအား ကုန်ဆုံးသွားစေသည့် နောက်ဆုံးအကြောင်းတရား ဖြစ်လာသည်။

​သူတို့၏ လူများသည် ကြောက်လန့်တကြား ထွက်ပြေးကြ၏။

​သူ့လူများ တကွဲတပြား ထွက်ပြေးနေကြသည်ကို မြင်လိုက်ရသည့်အခါ အရိပ်မဲ့မျိုးနွယ်မှ ခေါင်းဆောင်တစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

​"မပြေးနဲ့။ ပြန်တိုက်ကြစမ်း။ မပြေးနဲ့။"

​လူစုကွဲသွားသည်နှင့် တစ်ပြိုင်နက် ရန်သူက ပိုမို လွယ်ကူစွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

​တိုက်ခိုက်နေစဉ်၌ ရန်သူကို မျက်နှာချင်းဆိုင် ရင်ဆိုင်ထားရသော်လည်း ထွက်ပြေးရန် ကြံစည်လိုက်သည်နှင့် ရန်သူကို ကျောပေးလိုက်ရမည် ဖြစ်၏။

​ရန်သူကို ကျောခိုင်းပေးလိုက်လျှင် မည်သို့သော အကျိုးဆက် ဖြစ်လာမည်နည်း။

​ထို့ကြောင့် ထွက်ပြေးသည့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် ပိုမို လျင်မြန်စွာ သေဆုံးကုန်ကြခြင်း ဖြစ်သည်။

​ကိုယ်ယောင်ဖျောက်မျိုးနွယ်မှ ပညာရှင်တစ်ဦးသည် သူ၏ မျိုးနွယ်စုဝင်တစ်ယောက်အား ဆွဲဖမ်းလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

​"ဘာလို့ ပြေးနေကြတာလဲ။"

​ထိုမျိုးနွယ်စုဝင် ပြန်ပြောရန် ပြင်လိုက်ချိန်မှာပင်...

​"ရွှပ်။"

​ငွေလမင်းရောင် စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းထားသည့် ဓားသွားတစ်ခုသည် သူ၏ ရင်ဘတ်ကို ရုတ်တရက် ထိုးဖောက်သွားပြီးနောက် နှလုံးသားကိုပါ ဖောက်ထွက်သွားသည်။

​ငွေလမင်းဝံပုလွေကြီးများ၏ ခေါင်းဆောင်သည် မကျေမနပ်ဖြင့် လဲကျသေဆုံးသွားသော ကိုယ်ယောင်ဖျောက်မျိုးနွယ် ပညာရှင်အား ငုံ့ကြည့်လိုက်ပြီး သူ၏ အမြီး၌ တပ်ဆင်ထားသည့် သံချပ်ကာဓားသွားကို ပြန်လည်ရုပ်သိမ်းလိုက်ကာ အရိပ်မဲ့မျိုးနွယ်မှ ပညာရှင်ကို ဆက်လက်တိုက်ခိုက်ရန် လှည့်လိုက်၏။

​သို့သော် ထိုအချိန်၌ပင် ရွှေနီရောင် မိုးကြိုးမြှားကြီး တစ်စင်းသည် လေထုကို ခွင်းလျက် ပျံသန်းလာပြီး အရိပ်မဲ့မျိုးနွယ်မှ ပညာရှင်အား ထိမှန်ကာ တစ်စစီ ဖြစ်သွားစေသည်။

​လက်သည်ကား မြို့ရိုးပေါ်ရှိ လေးကြီးကို ကိုင်ဆောင်ထားသည့် လင်းချန်ပင် ဖြစ်၏။

​အရိပ်မဲ့မျိုးနွယ်မှ ပညာရှင်အား အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် လင်းချန်သည် လက်ထဲမှ လေးကြီးအား ဘေးနားရှိ ချောင်ယွီထံသို့ ပစ်ပေးလိုက်ရာ သူ၏ မျက်ဝန်းအိမ်အတွင်းရှိ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

​အာဏာစက်စွမ်းရည်။

​ဤသည်မှာ လင်းချန် သေခြင်းရှင်ခြင်းနယ်ပယ်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်ပြီးနောက် စွမ်းရည်ပြောင်းလဲခြင်းမှတစ်ဆင့် ရရှိလာသည့် စိတ်ဝိညာဉ်စွမ်းရည်တစ်ခု ဖြစ်၏။

​အာဏာစက် စွမ်းရည်၏ သက်ရောက်မှုမှာ ရိုးရှင်းလှ၏။ လင်းချန်အနေဖြင့် အင်ပါယာစစ်သည်များထဲမှ တပ်ဖွဲ့ဝင်တစ်မျိုး၏ စွမ်းရည်ကို ရယူအသုံးပြုနိုင်ခြင်း ဖြစ်သည်။

​သို့သော် တစ်ကြိမ်လျှင် တပ်ဖွဲ့ဝင်တစ်မျိုး၏ စွမ်းရည်ကိုသာ ရယူအသုံးပြုနိုင်၏။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters