← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၈

ဘာသာပြန် - Ko Yoohtoo

True Immortal Team

"ကျွန်တော့်ထက် အဆင့်ပိုမြင့်တယ် ဟုတ်လား... ဘိုးဘေးကြီး... တကယ်ပြောနေတာလား..."

​ယွမ်ရှန့်၏ စကားကို ကြားလိုက်ရသည့်အခါ ယွမ်ခေါင်းဆောင်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွား၏။

​ယွမ်ရှန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက ဤကဲ့သို့သော အမိန့်ကို ပေးရလောက်အောင် တစ်ဖက်လူမှာ မည်သို့သည့်သူ ဖြစ်နေမည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

​ယွမ်ခေါင်းဆောင်သည် အာဏာမက်မောသူ တစ်ဦး မဟုတ်ပေ။ သူ့လို အဆင့်အတန်းမျိုး ရောက်ရှိနေသူတစ်ယောက်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ နယ်ပယ်အဆင့်ကို မည်သို့ ထပ်မံ မြှင့်တင်ရမည်ဆိုသည့် အချက်သာ ဖြစ်ပြီး အာဏာကို ချုပ်ကိုင်ထားလိုခြင်း မဟုတ်ပေ။

​လက်ရှိအခြေအနေအရ သူသည် ယွမ်မိသားစု၏ စိတ်ဝိညာဉ်ရေးရာ ပြယုဂ်တစ်ခုအဖြစ် ရပ်တည်နေပြီး မိသားစု၏ ဘုန်းကျက်သရေကို သူ၏ ကာကွယ်မှုအောက်၌ ဆက်လက် ထိန်းသိမ်းထားခြင်းသာ ဖြစ်၏။

​သို့သော် ယွမ်ရှန့် စီစဉ်ပေးလိုက်သည့် ပုဂ္ဂိုလ်မှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ယွမ်ခေါင်းဆောင် အလွန် သိလိုလှသည်။

​"ဘိုးဘေးကြီး... အဲဒီလူက ဘယ်သူလဲဆိုတာ ပြောပြပေးလို့ ရမလား... အနာဂတ်မှာ ယွမ်မိသားစုရဲ့ ကံကြမ္မာကို ထိန်းချုပ်မယ့်သူက တကယ်တမ်း ဘယ်သူများလဲ..."

​"သူက အရမ်းငယ်သေးတဲ့ ကောင်လေးတစ်ယောက်ပါ... လက်ရှိမှာ သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ပဲ ရှိသေးတယ်... ဒါပေမဲ့ သူက အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်တဲ့ ကလေးတစ်ယောက်ပဲ..."

​ယွမ်ရှန့်သည် သူ၏ မျိုးဆက်သွေးသားဖြစ်သူ၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိနားလည်ထား၏။

​ယွမ်ခေါင်းဆောင် မေးမြန်းနေခြင်းမှာ အာဏာကို လက်မလွှတ်ချင်၍ မဟုတ်ဘဲ ယွမ်မိသားစု၏ အနာဂတ်ကို စိတ်ပူပန်သည့်အတွက်သာ ဖြစ်ကြောင်း သူ နားလည်သည်။

​"သူ့ရဲ့ စိတ်ဝိညာဉ်က အလွန် အားကောင်းတယ်... ပြီးတော့ သူ့နောက်မှာ ဘယ်ကရမှန်း မသိနိုင်တဲ့ ကြီးမားသည့် ကံတရားတစ်ခု ရှိနေတယ်...

​ငါ့ရဲ့ စိတ်ဝိညာဉ်အသိစိတ်က သူ့ရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားရင်တောင် ငါ့ရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ် ထိခိုက်သွားနိုင်တယ်..."

​လင်းချန်သည် သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်သာ ရှိသေးကြောင်း ကြားသိရစဉ်က မျက်မှောင်ကြုတ်ထားသည့် ယွမ်ခေါင်းဆောင်သည် ယွမ်ရှန့်၏ နောက်ဆက်တွဲ စကားကို ကြားလိုက်ရသောအခါ မျက်မှောင်များ ပြေလျော့သွားပြီး အံ့ဩမှင်သက်သွား၏။

​သူ၏ ဘိုးဘေးကြီးသည် မည်မျှ မြင့်မားသည့် အဆင့်အတန်း၌ ရှိသည်ကို သူ ကောင်းစွာ သိရှိထားသည်။

​ထို့အပြင် ပြင်ပကောလာဟလများအရ သူ၏ ဘိုးဘေးကြီး သေဆုံးသွားပြီဟု ဆိုကြသော်လည်း သူနှင့် မိသားစုအတွင်းရှိ သက်ကြီးဝါကြီးအချို့၊ လက်ရှိ မိသားစုခေါင်းဆောင်တို့သာ ဘိုးဘေးကြီး အသက်ရှင်လျက် ရှိနေသေးကြောင်း သိရှိကြ၏။

​ဘိုးဘေးကြီးသည် ရံဖန်ရံခါ၌ သိုင်းဝိညာဉ်တိုက်ကြီးသို့ တိတ်တဆိတ် ပြန်လာပြီး မိသားစုအတွက် တစ်စုံတစ်ရာ ယူဆောင်လာလေ့ ရှိသည်။

​ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်ပေါင်း သုံးသောင်းခန့်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ယွမ်မိသားစုသည် သိုင်းဝိညာဉ်တိုက်ကြီး၏ ထိပ်တန်းမိသားစုကြီးများထဲမှ တစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်၏။

​"ဒါ့အပြင် ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်အလင်းတန်းက ၁၂ ဆင့်မြောက် အလွှာအထိ ရှိတယ်... အဲဒါက စက်ဝန်းပြန်လည်ဖြည့်ဆီးခြင်း ၁၂ ကြိမ် လည်ပတ်ခြင်းကို ဖောက်ထွက်နိုင်တဲ့ အဆင့်ပဲ..."

​ယွမ်ရှန့်၏ စကားကြောင့် ယွမ်ခေါင်းဆောင်ကဲ့သို့ ပုဂ္ဂိုလ်ကြီးပင်လျှင် ထိတ်လန့်တုန်လှုပ်သွားပြီး စကားများပင် ထစ်အသွားရသည်။

​"ဘိုးဘေးကြီး... တ... တကယ်ပဲ သေချာလို့လား..."

​ယွမ်ရှန့်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဘာလဲ... မင်းရဲ့ ဘိုးဘေးက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မယ် ထင်နေလား..."

​သူ၏ ဘိုးဘေးကြီးက ဤမျှ သေချာပေါက် ပြောဆိုနေသည်ကို မြင်လိုက်ရသဖြင့် ယွမ်ခေါင်းဆောင်သည် ထိုကဲ့သို့သော ထူးခြားဆန်းကြယ်သည့် ပုဂ္ဂိုလ်မျိုး အမှန်တကယ် ရှိနေကြောင်း ယုံကြည်သွား၏။

​"သူ့နာမည်က လင်းချန်တဲ့... မင်းအနေနဲ့ သူ့ကို တကူးတက လိုက်ရှာဖို့၊ ဆက်သွယ်ဖို့ မလိုဘူး... အချိန်တန်လို့ သူနဲ့ တွေ့ရတဲ့အခါကျမှ ငါ့ရဲ့ အမိန့်ပါလို့ ပြောလိုက်..."

​"မှတ်ထားပါ... ယွမ်မိသားစုကို ပျက်စီးစေမယ့် ကိစ္စမျိုးကလွဲရင် ကျန်တဲ့ သူ့ရဲ့ အမိန့်တွေနဲ့ တောင်းဆိုချက်တွေကို မင်း မဖြစ်မနေ လိုက်လျောပေးရမယ်... အချိန်တန်တဲ့အခါကျရင် မင်းကိုယ်တိုင် သွားပြီး သူ့ကို ကြိုဆိုရလိမ့်မယ်..."

​ယွမ်ခေါင်းဆောင်သည် ဘိုးဘေးကြီး၏ အမိန့်ကို လက်ခံကာ ခေါင်းညိတ်လိုက်သည်။ "ဘိုးဘေးကြီး... အချိန်တန်တဲ့အခါ ဆိုတာ ဘာကို ဆိုလိုတာပါလဲ..."

​"ဒီကောင်လေး မင်းရဲ့ မြင်ကွင်းထဲကို ဝင်လာတဲ့အချိန်... အဲဒါ အချိန်တန်ပြီပေါ့..."

​ထိုသို့ ပြောဆိုပြီးနောက် ယွမ်ရှန့်သည် လက်ကို ရှေ့သို့ ဆန့်တန်းလိုက်ရာ လင်းချန်၏ မျက်နှာပုံရိပ်သည် သူ့ရှေ့၌ ထင်ရှားစွာ ပေါ်လာ၏။

​လင်းချန်၏ ခန့်ညားသည့် မျက်နှာကို မြင်လိုက်ရသောအခါ ယွမ်ခေါင်းဆောင်သည် ရုတ်တရက် နားမလည်နိုင်သော အမူအရာ ဖြစ်သွားသည်။

​'ထူးဆန်းတယ်... ဘာလို့ ဒီလူငယ်လေးက ယွမ်မိသားစုက ဟိုကောင်လေးနဲ့ တူနေရတာပါလိမ့်...'

​စိတ်ထဲ၌ သိချင်စိတ် ဖြစ်ပေါ်လာသော်လည်း ယွမ်ခေါင်းဆောင်သည် ထုတ်ဖော်မမေးတော့ဘဲ မှတ်သားထားလိုက်ကြောင်း ပြသသည့်အနေဖြင့် ယွမ်ရှန့်ကို ခေါင်းညိတ်ပြလိုက်၏။

​"ယွမ်ခေါင်းဆောင်... မင်းကို ရှင်းရှင်းလင်းလင်း သိထားစေချင်တဲ့ အချက်တစ်ချက် ရှိသေးတယ်... ဒီကောင်လေးနဲ့ ငါနဲ့က နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိတယ်... တကယ်လို့ မင်း ငါ့စကားကို ဖီဆန်ပြီး ယွမ်မိသားစုကြောင့် သူ သေဆုံးသွားမယ်ဆိုရင်... ငါကိုယ်တိုင် သိုင်းဝိညာဉ်တိုက်ကြီးကို ပြန်လာမယ်..."

​"ဒါ့အပြင် ငါပြန်ရောက်လာရင် ယွမ်မိသားစုတစ်ခုလုံး သူ့နောက်ကို လိုက်ပြီး သေဆုံးရလိမ့်မယ်... အဲဒီကျရင် ငါ့လက်ချက် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်လိမ့်မယ်... မင်း နားလည်လား..."

​ယွမ်ရှန့်၏ လေးနက်သည့် သတိပေးစကားကို ကြားလိုက်ရသောအခါ ယွမ်ခေါင်းဆောင်သည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး သူ၏ ဘိုးဘေးကြီးအား လေးလေးနက်နက် ကတိပြုလိုက်သည်။

​ယွမ်ခေါင်းဆောင်၏ ကတိစကားကို ကြားရသဖြင့် ယွမ်ရှန့်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အလင်းရောင်တစ်ချက် လက်သွားကာ ပျောက်ကွယ်သွား၏။

​ဘိုးဘေးကြီး၏ စိတ်ဝိညာဉ်ပုံရိပ် ထွက်ခွာသွားပြီးနောက် ယွမ်ခေါင်းဆောင်သည် နောက်ဆုံး၌ စိတ်ကို လျှော့ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်မိသည်။

​ဘိုးဘေးကြီး၏ ရုတ်တရက် အမိန့်ပေးမှုကြောင့် ယွမ်ခေါင်းဆောင်သည် ဇဝေဇဝါ ဖြစ်နေဆဲပင်။

​သို့သော် ဘိုးဘေးကြီး၏ လုပ်ရပ်များ၌ အကြောင်းပြချက် ခိုင်လုံမှု ရှိစမြဲဖြစ်ကြောင်း သူ ယုံကြည်၏။

​အထူးသဖြင့် ဘိုးဘေးကြီး၏ ပြောပြချက်အရ လင်းချန် အမည်ရှိသည့် ဤလူငယ်သည် ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

​ရှည်လျားသည့် နှစ်ကာလများတစ်လျှောက် ဘိုးဘေးကြီးသည် မိသားစုကို ကူညီရန် မကြာခဏ တိတ်တဆိတ် ပြန်လာလေ့ရှိပြီး အကောင်းဆုံးသော ကျင့်စဉ်များ၊ စိတ်ဝိညာဉ်စွမ်းရည်များ၊ ဆေးလုံးများနှင့် စိတ်ဝိညာဉ်ပစ္စည်းများကို ပေးသနားခဲ့သည်။

​ဤသည်မှာ သူ၏ မျိုးဆက်သွေးသားများအပေါ် ထားရှိသည့် နက်ရှိုင်းသော သံယောဇဉ်ကို ပြသနေခြင်းပင်။

​ထို့ကြောင့် ဘိုးဘေးကြီး၏ စီစဉ်မှုသည် ယွမ်မိသားစုအတွက် ကောင်းသည့် ကိစ္စတစ်ခုသာ ဖြစ်လာနိုင်ပေသည်။

​ယွမ်ခေါင်းဆောင်သည် လင်းချန်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း မုတ်ဆိတ်မွေးကို သပ်လိုက်၏။ "လင်းချန်... ဒီလူငယ်လေးက ယွမ်မိသားစုက ဟိုကလေးနဲ့ တော်တော်လေး တူတာပဲ..."

​"ဒါ့အပြင် ယွမ်မိသားစုမှာ အဆင်မပြေမှုတွေ ဖြစ်ပြီးတော့ အဲဒီကလေးက သူ့သမီးတွေ၊ သားမက်တွေ၊ သစ္စာရှိ အဘိုးကြီးတွေနဲ့အတူ ယွမ်မိသားစုကနေ ခွဲထွက်သွားတယ်လို့ ကြားတယ်... နေပါဦး... ယွမ်မိသားစုရဲ့ သားမက်ကလည်း လင်းမျိုးရိုးပဲ မဟုတ်လား..."

​ထိုအချက်ကို တွေးမိလိုက်သည့်အခါ ယွမ်ခေါင်းဆောင်၏ မျက်လုံးများ အရောင်တောက်လာပြီး အပြင်ဘက်သို့ ချက်ချင်း လှမ်းအော်လိုက်သည်။

​"ယွမ်မိသားစုကနေ ခွဲထွက်သွားတဲ့ လင်းမျိုးရိုးနဲ့ သားမက်ရဲ့ သတင်းအချက်အလက်တွေကို ငါ့ဆီ ယူလာခဲ့... အထူးသဖြင့် ပုံရိပ်တွေ ရှိရင် ပိုကောင်းတယ်..."

​"ဟုတ်ကဲ့ပါ..."

​အပြင်ဘက်မှ ပြန်ကြားသံ ထွက်ပေါ်လာပြီးနောက် မကြာမီအချိန်အတွင်း ယွမ်ခေါင်းဆောင် လိုချင်သည့် အချက်အလက်များ တဲအိမ်အတွင်းသို့ ရောက်ရှိလာ၏။ ယွမ်ခေါင်းဆောင်သည် စာရွက်စာတမ်းများကို ဖွင့်ကြည့်လိုက်ပြီး ယွမ်မိသားစု၏ သားမက်ဖြစ်သူ လင်းမျိုးရိုးရှင်၏ ပုံရိပ်ပါသည့် သလင်းကျောက်ကို အထူးဂရုစိုက် ကြည့်ရှုလိုက်သည်။

​လင်းဒီနှင့် လင်းချန်၏ မျက်နှာများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ယွမ်ခေါင်းဆောင်သည် သဘောပေါက်သွားကာ ရယ်မောလိုက်၏။ "လင်းဒီ... တကယ်ပဲ ငါ့ထင်ကြေးက မမှားပါလား..."

​ထို့နောက် ယွမ်ခေါင်းဆောင်သည် စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး အပြင်ဘက်သို့ အမိန့်တစ်ခု ပေးလိုက်သည်။

​"အခု ခွဲထွက်သွားတဲ့ ယွမ်မိသားစုအသစ်ကို တိတ်တဆိတ် သွားကူညီပေးလိုက်... ဆေးလုံးတွေ၊ စိတ်ဝိညာဉ်ပစ္စည်းတွေ ပေးလိုက်... ပြီးတော့ ပြင်ပလူတွေ မသိနိုင်တဲ့ ပိုင်ဆိုင်မှုတချို့ကိုပါ လက်ဆောင်အနေနဲ့ ပေးလိုက်..."

​"နားလည်ပါပြီ..."

​အပြင်ဘက်မှ ယွမ်မိသားစုဝင်သည် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ၏ မျက်နှာ၌ နားမလည်နိုင်သည့် အမူအရာများ ပေါ်နေ၏။

​ဘိုးဘေးကြီးက ဘာကြောင့် ဒီလို အမိန့်မျိုး ပေးလိုက်ရသလဲဆိုတာ သူ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

​သူ ထွက်ခွာတော့မည့်အချိန်၌ ယွမ်ခေါင်းဆောင်၏ အသံသည် တဲအိမ်အတွင်းမှ ထပ်မံ ထွက်ပေါ်လာပြန်၏။

​"ဒါနဲ့... မိသားစု အကြီးအကဲတွေအားလုံးနဲ့ ကောင်းကင်၊ မြေကြီး၊ လူသား အဆင့်သတ်မှတ်ချက်က ထိပ်တန်း တပည့် (၁၀) ယောက်လုံးကို ငါ သူတို့နဲ့ ဆွေးနွေးစရာ ရှိတယ်လို့ အကြောင်းကြားလိုက်..."

​ယွမ်ခေါင်းဆောင်၏ ညွှန်ကြားချက်ကို ကြားလိုက်ရသည့်အခါ အပြင်ဘက်မှ လူသည် အလွန်အမင်း အံ့အားသင့်သွားပြီး ခေတ္တမျှ ကြောင်အမ်းသွားသည်။ ယွမ်ခေါင်းဆောင်ကိုယ်တိုင် ညွှန်ကြားချက် ပေးလာပြီဆိုလျှင် ဆွေးနွေးစရာ ကိစ္စရပ်သည် အလွန် အရေးကြီးသည့် ကိစ္စဖြစ်တန်ရာ၏။

​"မင်း မြန်မြန် မသွားသေးဘူးလား..."

​ယွမ်ခေါင်းဆောင်၏ အသံကြောင့် ထိုလူသည် သတိပြန်ဝင်လာပြီး အလျင်အမြန် ဦးညွှတ်ကာ ယွမ်မြို့တော်ဆီသို့ ပျံသန်း ထွက်ခွာသွားသည်။

​...

​အရပ်လေးမျက်နှာကမ္ဘာအတွင်း၌...

​ပြုံးရွှင်သည့် မျက်နှာထားဖြင့် ပြန်ရောက်လာသော ယွမ်ရှန့်ကို လင်းချန်က နားမလည်နိုင်စွာ ကြည့်လိုက်၏။

​"လူငယ်လေး... မင်း သိုင်းဝိညာဉ်တိုက်ကြီးကို ရောက်တဲ့အခါ မင်းရဲ့ လမ်းခရီးက အများကြီး ပိုပြီး ချောမွေ့သွားလိမ့်မယ်... အချိန်တန်ရင် မင်းကို ကူညီခဲ့တဲ့သူတွေကို သေချာ ပြန်ပြီး ကျေးဇူးဆပ်သင့်တယ်နော်..."

​ယွမ်ရှန့်၏ စကားကို ကြားလိုက်ရသည့်အခါ လင်းချန်သည် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် စိတ်ဝိညာဉ်ပုံရိပ်ကို ငေးကြည့်ရင်း သူ ဘာမှ နားမလည်နိုင်အောင် ဖြစ်နေမိ၏။

​ယွမ်ရှန့်၏ ကျေးဇူးကြောင့် သိုင်းဝိညာဉ်တိုက်ကြီး၌ သူ အသုံးပြုနိုင်မည့် အားကောင်းသော အင်အားစုကြီးတစ်ခုကို ရရှိလိုက်ပြီ ဖြစ်ကြောင်း လင်းချန် လုံးဝ မသိရှိခဲ့ပေ။

​ပိုင်ရှီးမင် လက်ခံရရှိလိုက်သည့် သတင်းမှာ တစ်ခုတည်းသာ ရှိသည်။ မြို့တော် (၁) နှင့် မြို့တော် (၂) တို့နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီ ဖြစ်ကာ အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။

​အခြားမြို့များ၌ တပ်စွဲထားသည့် မျိုးနွယ်စုဝင်များသည် အမိန့်မရရှိဘဲ စစ်ဆေးရန် ထွက်ခွာခြင်း မပြုရဲကြဘဲ သခင်လေးနှစ်ယောက်၏ အမိန့်ကိုသာ စောင့်မျှော်နေကြ၏။

​ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်...

​"တကယ်ကို ထူးခြားတာပဲ... တံခါးစောင့်မြို့ ၊ မြို့တော် (၁) နဲ့ မြို့တော် (၂) မှာ ရှိတဲ့ မျိုးနွယ်စုဝင်တွေက တိုက်ခိုက်ရေးစွမ်းရည် နိမ့်ပါးကြပေမဲ့... သူတို့အားလုံးကို အကုန် သတ်ဖြတ်နိုင်တယ်ဆိုတာကတော့ တော်တော်လေး စွမ်းရည်ရှိတဲ့သူပဲ..."

​ပိုင်ရှီးမင်၏ ဘေးနား၌ ရပ်နေသည့် ဝူကျန့်ရွှမ်သည် ယခင်နှင့် မတူတော့ဘဲ ပြောင်းလဲသွားပြီ ဖြစ်သည်။

​သူသည် လက်တစ်ဖက်ပြတ်နေသော အရိုးဓားငါးမျိုးနွယ်ဝင် မဟုတ်တော့ဘဲ ယခုအခါ ကျောက်ပြာမျိုးနွယ်ဝင် တစ်ဦး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်၏။

အရိုး​ဓားငါးမျိုးနွယ်ဝင် ခန္ဓာကိုယ်သည် ဝူကျန့်ရွှမ်၏ အစီအစဉ်များအတွက် ယာယီအသုံးချခံ ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ခဲ့ပြီး ယခုရရှိထားသည့် ကျောက်ပြာမျိုးနွယ်ဝင် ခန္ဓာကိုယ်မှာမူ အရိုးဓားငါးမျိုးနွယ်ထက် များစွာ သာလွန်ကောင်းမွန်သည်။

​ပိုင်ရှီးမင်မှာမူ ဒေါသအကြီးအကျယ် ထွက်နေပြီး သူတို့ကို စိန်ခေါ်ရဲသည့် ထိုလူမှာ မည်သူမည်ဝါ ဖြစ်သည်ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် မစောင့်နိုင်လောက်အောင် ဖြစ်နေ၏။

​အကယ်၍ ဝူကျန့်ရွှမ် ခန္ဓာကိုယ်အသစ် ပြောင်းလဲမည့်အချိန်ကို စောင့်ဆိုင်းနေစရာ မလိုပါက သူသည် မြို့တော် (၁) နှင့် မြို့တော် (၂) တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေရာသို့ စောစောစီးစီး ရောက်ရှိနေပြီး ဖြစ်ပေလိမ့်မည်။

​ပိုင်ရှီးမင်သည် မျက်မှောင်ကြုတ်လျက် ဝူကျန့်ရွှမ်ကို ကြည့်ကာ စိတ်မရှည်စွာ မေးလိုက်သည်။ "အခု ဘယ်လိုလဲ... ငါတို့ သွားလို့ရပြီလား..."

​တဖက်လူကြောင့် အချိန်မကြာမြင့်ခဲ့လျှင် သူသည် ယခင်တိုက်ပွဲဖြစ်ပွားခဲ့ရာသို့ အချိန်မီ ရောက်ရှိနိုင်ခဲ့မည် ဖြစ်၏။

​သူသာ ရှိနေခဲ့လျှင် ရန်သူအနေဖြင့် ဤမျှ လှုပ်ရှားရဲလိမ့်မည်ဟု ပိုင်ရှီးမင် လုံးဝ မယုံကြည်ပေ။

​ပိုင်ရှီးမင်သည် အလွန် ဒေါသထွက်နေသည်။ လင်းချန်၏ ရန်စမှုသည် သူ့ကို ဂုဏ်သိက္ခာပိုင်းအရ စော်ကားခံလိုက်ရသည်ဟု ခံစားနေရ၏။

​သူသည် လင်းချန်ကို ဖမ်းဆီးပြီး သေပါရစေဟု တောင်းပန်လာသည်အထိ နှိပ်စက်ညှဉ်းပန်းရန် စိတ်အားထက်သန်နေသည်။

​ဝူကျန့်ရွှမ်သည် ပိုင်ရှီးမင်ကို ခေါင်းညိတ်ပြလိုက်၏။ "သွားကြတာပေါ့... ဘယ်ကောင်က ဒီလောက်တောင် သတ္တိကောင်းနေလဲဆိုတာ သွားကြည့်ကြတာပေါ့..."

​သူ၏ ကျောက်ပြာမျိုးနွယ်ဝင် မျက်နှာပြာကြီးပေါ်၌ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာသည့် အပြုံးတစ်ခု ပေါ်လာသည်။

​"ဒါပေမဲ့ မင်းက သူ့ကို အရှင်လိုချင်တယ်ဆိုရင်... အရင်ဆုံး ငါ့ကို သူနဲ့ ကစားခွင့်ပေးရမယ်..."

​ပိုင်ရှီးမင်က သဘောတူလိုက်၏။ "မင်းသဘောပဲ... ငါက သူ့ကို သေချာ နှိပ်စက်ဖို့အတွက် အရှင်ဖမ်းမိဖို့ပဲ လိုတာ..."

​ထို့နောက် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့သည် လူတစ်စုကို ဦးဆောင်ကာ ရေခဲကမ္ဘာရှိ နွေဦးဥယျာဉ်မှ ထွက်ခွာလာပြီး တတိယကမ္ဘာ စစ်မြေပြင်လွင်ပြင်ဆီသို့ ဦးတည်သွားကြသည်။

​ထိုအချိန်၌ လင်းချန်သည် ဆက်လက်သိမ်းပိုက်ရန် အလျင်လိုခြင်း မရှိပေ။ တံခါးစောင့်မြို့ကို ပြုလုပ်ခဲ့သကဲ့သို့ပင် မြို့တော် (၁) နှင့် မြို့တော် (၂) ကို စတင် ပြုပြင်ပြောင်းလဲနေ၏။

​လင်းချန်၏ နောက်သို့ လိုက်ပါလာသည့် ယွမ်ရှန့်သည် ဤမြို့များကို ခံတပ်အဖြစ် ပြောင်းလဲရန် လင်းချန် ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။

​အထူးသဖြင့် လင်းချန်သည် စိတ်ဝိညာဉ်စွမ်းအား အမြောက်ကြီးများကို ထုတ်ယူပြီး မြို့ရိုးများပေါ်၌ တပ်ဆင်လိုက်သည်ကို မြင်သောအခါ ယွမ်ရှန့်၏ စူးစမ်းလိုစိတ်မှာ ပိုမို ကြီးထွားလာ၏။

​"တကယ့်ကို နားမလည်နိုင်စရာပဲ... ကောင်လေး... မင်းရဲ့ စိတ်ဝိညာဉ် သိုလှောင် ပစ္စည်းက ဘယ်လောက်တောင် ကြီးမားလို့လဲ... မင်းမှာ လက်အောက်ငယ်သားတွေ အများကြီး ရှိနေပုံရတယ်..."

​တံခါးစောင့်မြို့မှ ထွက်ခွာလာစဉ်က လင်းချန်သည် သွေးလွှမ်းစစ်သည်များ၊ ငွေလမင်းဝံပုလွေကြီးများနှင့် ချောင်ယွီ အပါအဝင် မြို့ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် လက်မှုပညာရှင်များနှင့် ပညာရှင်များကို ထားရစ်ခဲ့ပြီး မည်သူ့ကိုမျှ ခေါ်ဆောင်မသွားသည်ကို ယွမ်ရှန့် မြင်တွေ့ခဲ့ရသည်။

​သို့သော် မြို့တော် (၁) သို့ ရောက်ရှိသည့်အခါ လင်းချန်သည် မြို့ပြပြုပြင်ရေး လုပ်ငန်းများ စတင်ရန်အတွက် လက်မှုပညာရှင်များနှင့် ပညာရှင် များစွာကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်၏။

​ထို့အပြင် မြို့တော် (၂) သို့ ရောက်ရှိသည့်အခါ၌လည်း လင်းချန်သည် မြို့ပြပြုပြင်ရေး လုပ်ငန်းများ စတင်ရန်အတွက် လူအင်အား အမြောက်အမြားကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်သည်။

​ထို့ကြောင့် လင်းချန်သည် မည်မျှသော လူအင်အားကို ဆင့်ခေါ်နိုင်မည်နည်းဟူသည်ကို ယွမ်ရှန့် သံသယဖြစ်ကာ သိချင်နေမိသော်လည်း လင်းချန်ကမူ သူ့အား မည်သည့် စကားမျှ ပြန်မပြောခဲ့ပေ။

​လင်းချန်သည် မြို့တော် (၂) ၏ ပြုပြင်ပြောင်းလဲမှု တိုးတက်အခြေအနေများကို စစ်ဆေးနေစဉ် သူ၏ စိတ်ထဲ၌ ကျူးကော့မင်၏ အသံ ထွက်ပေါ်လာ၏။

​"အရှင်မင်းကြီး... ကျွန်တော် ပို့လိုက်တဲ့ ပုံရိပ်ကို တစ်ချက်လောက် ကြည့်ပေးပါ..."

​ကျူးကော့မင် ရုတ်တရက် ဆက်သွယ်လာသဖြင့် လင်းချန် စိတ်ဝင်စားသွားသည်။

​သူသည် စိတ်ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်ပြီး မျက်လုံးကို ဖွင့်ကာ ဟွာရှာအင်ပါယာ စနစ်မျက်နှာပြင်မှ ပေးပို့လိုက်သည့် ပုံရိပ်ကို ကြည့်ရှုလိုက်၏။

​ထိုပုံရိပ်မှာ စာတစ်စောင်ဖြစ်ပြီး အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ အနှစ်ချုပ်အားဖြင့် လင်းချန်ကို လာရောက် အဖမ်းခံသင့်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးသင့်ကြောင်း ရေးသားထားခြင်း ဖြစ်၏။

​ထိုသတင်းစကားသည် မြို့တော် (၅၀၀) မှ လာခြင်းဖြစ်ပြီး မြို့တော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း အနာဂတ်၌ အသုံးဝင်နိုင်သဖြင့် မဖျက်ဆီးဘဲထားခဲ့သော မူလဆက်သွယ်ရေး အစီအရင်မှတဆင့် ပေးပို့လာခြင်း ဖြစ်သည်။

​ရန်သူသည် ဆက်သွယ်ရေး အစီအရင် မပျက်စီးသေးကြောင်း သိရှိသွားပြီး ထိုအစီအရင်ကို အသုံးပြုကာ သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။

​ကျူးကော့မင်သည် မရေရာသဖြင့် လင်းချန်ထံမှ အမိန့်တောင်းခံလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..."

​ခေတ္တမျှ စဉ်းစားပြီးနောက် လင်းချန်က ကျူးကော့မင်ကို ပြန်လည်ဖြေကြားလိုက်၏။ "ရိုးရှင်းပါတယ် မောင်မင်း... ငါပြောတဲ့အတိုင်း သူတို့ကို ပြန်စာ ပို့လိုက်..."

​မကြာမီအချိန်အတွင်း...

​စစ်မြေပြင်လွင်ပြင်၏ နက်ရှိုင်းသည့် နေရာရှိ မြို့တော် (၅၀၀) ၌ ပိုင်ရှီးမင်သည် သူ့ရှေ့မှ စားပွဲခုံကို ဒေါသတကြီး ရိုက်ခွဲလိုက်ရာ စားပွဲခုံမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

​"ခွမ်းးး..."

​သူ့ဘေးနားရှိ ဝူကျန့်ရွှမ်၏ မျက်နှာ အမူအရာသည်လည်း မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲနေ၏။ အဘယ်ကြောင့်ဆိုသော် လင်းချန်ထံမှ ရောက်လာသော စာသည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသောကြောင့် ဖြစ်သည်။

​"ငါက မင်းတို့ကို သီးသန့်ရွေးပြီး ပြောတာ မဟုတ်ပါဘူး... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ အရိပ်မဲ့မျိုးနွယ်နဲ့ ကိုယ်ယောင်ဖျောက်မျိုးနွယ်ဆိုတာ အမှိုက်တွေပါပဲ..."

​ဒါက ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်။ အမှန်တကယ်၌လည်း လင်းချန်သည် ထိုသို့ပင် ပြုလုပ်ခဲ့၏။

​သူ့အမြင်၌ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် ကမ္ဘာငယ်လေးကို သိမ်းပိုက်ပြီးနောက် လူသားမျိုးနွယ်ကို စစ်ခင်းရန် ကြံစည်နေကြသူများ ဖြစ်သည်။

​ထို့ကြောင့် သူက အဘယ်ကြောင့် ယဉ်ကျေးနေရမည်နည်း။

​လင်းချန်၏ ရည်ရွယ်ချက်မှာ ရိုးရှင်း၏။

​တစ်ဖက်လူကို ဒေါသထွက်လာအောင် ဆွပေးပြီးနောက် သူ့ဟွာရှာအင်ပါယာကို အငြိုးတကြီး လာရောက် တိုက်ခိုက်စေရန် ဖြစ်သည်။

​စစ်ပွဲကြီး ဖြစ်ပွားလာပါက လင်းချန်၏ ဟွာရှာအင်ပါယာသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ကို ကြောက်ရွံ့နေမည်လော။

​ဟာသပါပေ... လင်းချန်သည် ယခုအခါ ပင်မစစ်သည် ခြောက်မျိုးမှ ဆင့်ပွားဖြစ်ပေါ်လာသည့် အဆင့်မြင့် စစ်သည် ၁၂ မျိုးကို ဆင့်ခေါ်နိုင်ပြီ ဖြစ်ပြီး ရေ၊ မြေ၊ လေ သုံးမျိုးစလုံး၌ တိုက်ခိုက်နိုင်စွမ်းရှိသော အလယ်အလတ်အဆင့် သားရဲစစ်သည်များကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်၏။

​ထို့အပြင် သေစေနိုင်သော စွမ်းအားရှိသည့် စစ်ပွဲသုံး စိတ်ဝိညာဉ်ပစ္စည်း အမျိုးမျိုးကိုလည်း အသုံးမပြုရသေးဘဲ စမ်းသပ်ရန် အခွင့်အရေးကိုသာ ရှာဖွေနေခြင်း ဖြစ်သည်။

​ယခုအခါ လင်းချန်သည် တစ်ဖက်လူ ပြဿနာလာရှာမည့်အချိန်ကို စောင့်မျှော်နေ၏။

​အကယ်၍ သူတို့သာ မြို့ထဲ၌ ပုန်းအောင်းနေပါက လင်းချန်အနေဖြင့် စိတ်ဝိညာဉ်စွမ်းအားဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မြို့ကို ဖောက်ဝင်ရုံသာ ရှိပေလိမ့်မည်။

​ထိုသို့ဆိုလျှင် သေစေနိုင်သည့် စိတ်ဝိညာဉ်ပစ္စည်းများကို စမ်းသပ်ခွင့် ရမည် မဟုတ်ပေ။

​မြို့သိမ်းတိုက်ပွဲအတွက် အသင့်တော်ဆုံး စစ်သည်များမှာ ဓားကိုင်စစ်သည်များသာ ဖြစ်ပြီး အခြားစစ်သည်များ မလိုအပ်ပေ။

​ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာ မကောင်းလှပေ။ အဲဒီလိုသာဆိုရင် ဘာများ စမ်းသပ်စရာ ရှိမည်နည်း။

​"မင်းတို့ လာတိုက်ပေးပါလို့ တောင်းပန်ပါတယ်ကွာ... များလေ ကောင်းလေပဲ... ငါ မြို့တော် (၂) မှာ ရှိနေမယ်... ဒါပေမဲ့ မင်းတို့လို သူရဲဘောကြောင်တဲ့ကောင်တွေက လာရဲမှာ မဟုတ်ပါဘူးလေ..."

​"မင်းတို့အဖေ နာမည်က လင်းချန်တဲ့... မြန်မြန်လာခဲ့ကြပါ ငါ့သားလေးတို့ရေ..."

​နောက်ထပ်ရောက်လာသည့် ဤစာနှစ်စောင်ကို ဖတ်ပြီးနောက် ပိုင်ရှီးမင်သည် မျက်လုံးများ နီရဲကာ ဒေါသအကြီးအကျယ်ထွက်ပြီး မြင်ရာတွေ့ရာ ပစ္စည်းများကို ရိုက်ခွဲပစ်သည်။

​"မြို့ပေါင်း ၄၉၈ မြို့လုံးမှာ ရှိတဲ့ မျိုးနွယ်စုဝင်တွေကို စုစည်းလိုက်... ပြီးရင် အဲဒီကောင် ရှိတဲ့ဆီ သွားသတ်မယ်..."

​သူ့ဘေးနားရှိ ဝူကျန့်ရွှမ်မှာမူ တည်ငြိမ်နေဆဲပင်။

​သူသည် ပိုင်ရှီးမင် စားပွဲခုံကို ရိုက်ခွဲလိုက်စဉ် လွင့်စင်လာသည့် အစအနများကြောင့် ထွက်ပေါ်လာသော သွေးစက်များကို ဖြည်းညှင်းစွာ သုတ်သင်လိုက်ပြီး အလောင်းများကို ဆွဲထုတ်သွားရန် အခြားသူများကို အမိန့်ပေးလိုက်၏။

​ဝူကျန့်ရွှမ်က နှုတ်ခမ်းကို သပ်ရင်း အေးစက်စွာ ပြောလိုက်သည်။ "အစ်ကိုပိုင်... အချိန်တန်ရင် အဲဒီကောင်ရဲ့ နှလုံးသားကို ငါ့အတွက် ချန်ထားပေးပါ... ငါ့ဝိုင်ထဲ ထည့်သောက်ချင်လို့..."

​တချိန်တည်းမှာပင် မြို့တော် (၂) ၌ ရှိနေသည့် ယွမ်ရှန့်သည် ရယ်စရာကောင်းနေသဖြင့် မေးလိုက်၏။

​"ဘာလို့ သူတို့ကို ဒီလောက်တောင် ရန်စနေရတာလဲ... မြို့တစ်မြို့ချင်းစီ လိုက်သိမ်းတာက ပိုပြီး လွယ်ကူမှာ မဟုတ်ဘူးလား..."

​ယွမ်ရှန့်သည် တိတ်တဆိတ် သွားရောက် လေ့လာကြည့်ရှုခဲ့ရာ မြို့ပေါင်း ၄၀၀ ကျော်မှ မျိုးနွယ်စုဝင်များ စုဝေးနေကြသည်ကို အထင်သား မြင်တွေ့ခဲ့ရသည်။

​ပြန်ရောက်သည့်အခါ သူက လင်းချန်ကို နောက်ပြောင်ကာ သတင်းပို့လိုက်ခြင်း ဖြစ်၏။

​လင်းချန်သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "တစ်မြို့ချင်းစီ လိုက်တိုက်နေတာ အချိန်ဖြုန်းတာပဲ... အကုန်လုံးကို တစ်ခါတည်း သိမ်းကျုံး ဖမ်းလိုက်တာက ပိုပြီး ကျေနပ်စရာ မကောင်းဘူးလား... သူတို့က လူအင်အား သန်း ၆၀ ကျော်လောက်ပဲ ရှိတာပါ... သူတို့ကို ရှင်းပစ်ဖို့က တကယ့်ကို ပြဿနာ မဟုတ်ပါဘူး..."

​ထိုစကားကို ကြားလိုက်ရသည့်အခါ ယွမ်ရှန့်သည် လင်းချန်ကို အံ့ဩမှင်သက်စွာ ကြည့်လိုက်မိ၏။

​"လူငယ်လေး... မင်းက တကယ်ပဲ စစ်သည်သန်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်နိုင်လို့လား..."

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၈ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters