အခန်း ၃၂၉
Vol. 33 Ch. 329
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၉
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ယွမ်ရှန့် မေးမြန်းလိုက်ပြီးနောက် လင်းချန်သည် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပြုံးစစသာလုပ်ကာ နှုတ်ဆိတ်နေလိုက်၏။
လင်းချန်၏ အမူအရာကို မြင်လိုက်ရသည့်အခါ ယွမ်ရှန့်တစ်ယောက် သူ၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
အကယ်၍ လင်းချန်သာ ဤအရာကို အမှန်တကယ် စွမ်းဆောင်နိုင်ပါက သူသည် လူသားမဟုတ်ဘဲ မိစ္ဆာကောင်တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သိုင်းဝိညာဉ်တိုက်ကြီး၌ သက်ရှိသတ္တဝါများကို ထည့်သွင်းသိုလှောင်နိုင်သည့် စိတ်ဝိညာဉ်လက်နက်မဆိုထားနှင့်၊ လူသန်းပေါင်းများစွာ ဆံ့သော ပစ္စည်းမျိုးကိုပင် ဖန်တီးနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
သို့သော် ယခုဖြစ်ပျက်နေသည့် အရာများက သိုင်းဝိညာဉ်တိုက်ကြီး၏ အကန့်အသတ်ဟု သူနားလည်ထားသည့်ထက် များစွာ ကျော်လွန်နေလေပြီ။
'ဒီကောင်လေး တော်တော်လေး စွန့်စားခန်းဖွင့်ခဲ့ပုံရတယ်'
ယွမ်ရှန့်သည် ကျင့်ကြံခြင်း၌ ပြန်လည်အာရုံစိုက်သွားသည့် လင်းချန်ကို ကြည့်ရင်း လေးနက်စွာ တွေးတောနေမိ၏။
ခဏအကြာ၌ ယွမ်ရှန့်သည် လင်းချန်၏ ကျင့်ကြံခြင်းအား မနှောင့်ယှက်လိုတော့သဖြင့် ခေါင်းကို ဖြည်းညှင်းစွာယမ်းကာ အဆောက်အအုံထဲမှ ထွက်ခွာသွား၏။
ရန်သူများသည် အင်အားအလုံးအရင်းဖြင့် စုစည်းထားပြီး မကြာမီ မြို့တံခါးဝသို့ ရောက်ရှိလာတော့မည် ဖြစ်သော်လည်း လင်းချန်သည် တည်ငြိမ်အေးဆေးစွာဖြင့် သက်တောင့်သက်သာပင် ကျင့်ကြံနေဆဲ ဖြစ်သည်။
သူ ရင်ဆိုင်ရတော့မည့်အရာမှာ ဂြိုဟ်သားစစ်သည် သန်း ၆၀ ကျော် မဟုတ်ဘဲ အရေးမပါသော လေပြည်လေညင်းတစ်ခုအလားပင်။
သို့သော် လင်းချန်သည် ထိုအချိန်၌ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကြောင်းကိုမူ ယွမ်ရှန့် မသိရှိချေ။
ဤကဲ့သို့သော စစ်ပွဲကြီးမျိုး မဖြစ်ပွားခဲ့သည်မှာ အတော်ပင် ကြာမြင့်လေပြီ။
ဆင့်ကဲပြောင်းလဲထားသည့် စစ်သည်အမျိုးအစား ၁၂ မျိုးစလုံး ထွက်ပေါ်လာတော့မည်ဖြစ်ကာ သားရဲစစ်သည်များနှင့် စစ်ပွဲသုံး လက်နက်ကိရိယာများ ပေါင်းစပ်ပြီး တိုက်ခိုက်ကြတော့မည် ဖြစ်၏။
မူလနယ်မြေနှင့် ကမ်းရိုးတန်းနယ်မြေမှ ပြိုင်ဘက်များသည် အလွန်အားနည်းလွန်းလှပြီး သူ၏ တော်ဝင်တပ်မတော်အတွက် မည်သည့် ဆုံးရှုံးမှုကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။
သူသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သော်လည်း သူ၏ တော်ဝင်တပ်မတော်မှ စစ်သည်အတော်များများ ဆုံးရှုံးခဲ့ရပြီး အထိအခိုက်အကျအဆုံး နည်းပါးစေရန်အတွက် စစ်မြေပြင်အား ထိန်းချုပ်ရန် ဧကရာဇ်၏အဆုံးမဲ့ အေးခဲခြင်းအကြည့်ကို အသုံးပြုခဲ့ရ၏။
"လာစမ်းပါ... တိုးလာကြစမ်းပါ။"
ကျင့်ကြံနေဆဲဖြစ်သည့် လင်းချန်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟွာရှာအင်ပါယာသည်လည်း စစ်သည်အင်အား ၁၂ သန်းအား စုစည်းထားပြီး ရန်သူကို ရင်ဆိုင်ရန် အသင့်ဖြစ်နေလေပြီ။
ဆင့်ကဲပြောင်းလဲထားသည့် စစ်သည်အမျိုးအစား တစ်ခုလျှင် လူအင်အား တစ်သန်းပါဝင်ပြီး လင်းချန်သည် ထို့ထက်ပို၍ အသုံးပြုရန် ရည်ရွယ်ချက် မရှိချေ။
အဘယ်ကြောင့်ဆိုသော် လင်းချန်၏ အမြင်၌ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် သူ၏ တော်ဝင်တပ်မတော်နှင့် ယှဉ်လျှင် ဘာမျှ မဟုတ်သောကြောင့်ပင်။ စစ်သည်အင်အား အများအပြားသုံးလိုက်ခြင်းသည် သူ၏ တပ်ဖွဲ့ကို စော်ကားရာ ရောက်ပေလိမ့်မည်။
ထို့အပြင် တော်ဝင်တပ်မတော်သာမက သားရဲစစ်သည်တပ်ဖွဲ့နှင့် စစ်ပွဲအတွက် မွမ်းမံထားသည့် စိတ်ဝိညာဉ်လက်နက်များသည် ရန်သူ့စိတ်နှလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်သည်။
ထိုအချိန်၌ ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့သည်လည်း သူတို့၏ မျိုးနွယ်စုများကို လျင်မြန်စွာ လှုပ်ရှားရန် တိုက်တွန်းနေကြပြီး ဒုတိယမြို့တော် တည်ရှိရာနေရာသို့ ဦးတည်ချီတက်လာကြသည်။
ပိုင်ရှီးမင်က မြို့တော်(၂)ဘက်သို့ လှမ်းကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။ "လင်းချန်ဆိုတဲ့ကောင် ငါတို့လူအများကြီးကို မြင်လိုက်တဲ့အခါ ကြောက်သေးပန်းသွားမလား သိချင်သေးတယ်။"
ဝူကျန့်ရွှမ်က သူ၏ ဓားမြှောင်တိုလေးကို ထုတ်ယူကာ ဖွဖွလေး ပွတ်သပ်လိုက်ရင်း အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ "သူ ကြောက်လန့်တကြား ထွက်ပြေးရင်လည်း ပြေးမှာပဲ... အစ်ကိုပိုင်... ခင်ဗျားက ပိုမြန်တယ်မလား... သူ့ကို သေချာတားထားဦး... လွယ်လွယ်လေး ထွက်ပြေးခွင့် မပေးလိုက်နဲ့။"
ပိုင်ရှီးမင်၏ မျက်နှာ၌လည်း အေးစက်သည့် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။ "အဲဒါအတွက် စိတ်မပူနဲ့... ငါသာ သူ့ကို လွှတ်ပေးလိုက်မိရင် ခင်ဗျားရဲ့ မျိုးရိုးနာမည်ကို ခံယူလိုက်မယ်။"
ဝူကျန့်ရွှမ်က သူ၏ ဓားတိုကို ပြန်သိမ်းလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား... သဘောတူတာပေါ့။"
သူ၏ မျက်လုံးများထဲ၌ သွေးဆာနေသည့် အရိပ်အယောင်များ ပေါ်ပေါက်နေလေပြီ။
"ဝေါင်းးး..."
စစ်မြေပြင်လွင်ပြင်၏ တတိယဟင်းလင်းပြင်ထက်၌ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ ကြီးမားလှသည့် တပ်မတော်ကြီးများသည် မုန်တိုင်းတစ်ခုသဖွယ် မြို့တော်(၂)ဆီသို့ ဦးတည်ရွေ့လျားလာကြပြီး ဖိနှိပ်ထားသော မည်းမှောင်သည့် တိမ်တိုက်ကြီးများနှင့် တူနေ၏။
ကြီးမားသော မည်းမှောင်သည့် တပ်မတော်ကြီး ရှေ့သို့ ချီတက်လာသည်နှင့်အမျှ မြို့တော်(၂) အနီးရှိ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် သူတို့၏ မြို့စောင့်တပ်စခန်းများမှ ထွက်ခွာလာကြပြီး ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ရွေ့လျားနေသော ကြီးမားသည့် တပ်ပေါင်းစုကြီးနှင့် ပူးပေါင်းလိုက်ကြ၏။
သို့သော် သူတို့ မသိရှိလိုက်သည့်အချက်မှာ... မျိုးနွယ်စုနှစ်ခု၏ မြို့တစ်မြို့ချင်းစီမှ လူအကုန် ထွက်ခွာသွားပြီးနောက် မြေပြင်၏ ထောင့်တစ်နေရာစီမှ အပေါက်များ ရုတ်တရက် ပွင့်အာလာပြီး လေဟုန်စစ်သည်များ တိုးထွက်လာကာ မြို့ထဲသို့ ဝင်ရောက်သွားကြခြင်းပင်။
ထိုအရာမှာ ပထမမြို့တော်နှင့် ဒုတိယမြို့တော်တို့ကို သိမ်းပိုက်ခဲ့စဉ်က နည်းလမ်းအတိုင်းပင် ဖြစ်၏။
ယခင်အကြိမ်များနှင့် မတူညီသည်မှာ ဤတစ်ကြိမ်၌ အစီအရင် ဗဟိုထိန်းချုပ်ခန်းများထဲသို့ ပစ်ထည့်လိုက်သည့် သတ္တုပြားဝိုင်းများသည် အစီအရင်ကို စတင်တိုက်စားခြင်း မပြုသေးချေ။
ထိုသည်က လင်းချန်၏ ညွှန်ကြားချက်ပင် ဖြစ်သည်။ အကယ်၍ အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့သည် သူတို့၏ မြို့များကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး ထိန်းချုပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားပါက ထိတ်လန့်တကြားဖြစ်ကာ ကာကွယ်ရန် ပြန်လှည့်လာကြမည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်၏။
ထို့ကြောင့် လင်းချန်သည် သူတို့၏ တပ်မတော်တစ်ခုလုံး ရောက်ရှိလာပြီးမှသာ ပထမဆုံး လက်ဆောင်ကို ပေးအပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
လင်းချန်သည် မြို့ရိုးပေါ်၌ လက်ကို နောက်ပစ်ကာ ရပ်နေပြီး အဝေးတစ်နေရာသို့ တည်ငြိမ်စွာ လှမ်းမျှော်ကြည့်နေ၏။
အဝေးတစ်နေရာ၌ အရိပ်မည်းများကို ဝိုးတဝါး မြင်နေရလေပြီ။
သူတို့၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်ဖြင့်ဆိုလျှင် ထိုတပ်မတော်သည် မည်မျှကြီးမားကြောင်းကို အလွန်ထင်ရှားစွာ မြင်တွေ့နိုင်သည်။
သူ၏ ဘေး၌ ရပ်နေသည့် ယွမ်ရှန့်သည်လည်း အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များ မည်မျှများပြားစွာ ရောက်ရှိလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ယွမ်ရှန့်သည် ပြည့်သိပ်နေသည့် လူအုပ်ကြီးကို ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်မိသည်။ 'လူတွေ အများကြီးပါလား... မြို့တိုင်းက လူအကုန် လာကြတာ ဖြစ်လောက်တယ်။'
တစ်ချိန်တည်းမှာပင် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့အတွက် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာမိ၏။
ပထမမြို့တော်နှင့် ဒုတိယမြို့တော်ကို လင်းချန် မည်မျှ ဆန်းကြယ်စွာ သိမ်းပိုက်ခဲ့သည်ကို ယွမ်ရှန့် ကောင်းစွာ သိရှိထားသည်။
ယခုအခါ ရန်သူများက တစ်ယောက်မကျန် လူအကုန်ထုတ်သုံးပြီး မြို့များကို စွန့်ခွာခဲ့ကြသဖြင့် မြို့သိမ်းတိုက်ပွဲသည် အလွန်တရာ လွယ်ကူသွားဖွယ် ရှိနေလေပြီ။
"ဒုန်းးး ဒုန်းးး ဒုန်းးး"
တဖြည်းဖြည်းနှင့် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ ကြီးမားသည့် တပ်မတော်ကြီးများသည် ဒုတိယမြို့တော်၏ ရှေ့၌ ရပ်တန့်လိုက်ကြ၏။
မျိုးနွယ်စု အသီးသီးမှ ကြီးမားသည့် လူအုပ်ကြီးသည် အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြပြီး မြို့တော်(၂) တစ်ခုလုံးအား ဝိုင်းရံထားလိုက်ရာ ခွေးတိုးပေါက်ပင် မရှိသလောက် ဖြစ်သွားသည်။
ထို့အပြင် မျိုးနွယ်စုနှစ်ခုမှ အဖွဲ့ဝင်များသာမက ယခင်က ပထမမြို့တော်နှင့် ဒုတိယမြို့တော်၏ မြို့တံခါးများကို တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ပင် မြေပြင်ပေါ်၌ သိုင်းဝိညာဉ်သားရဲ အများအပြားလည်း ပါဝင်လာကြ၏။
ပိုမိုသန်မာပြီး အရေအတွက် ပိုများသည့် လေပြင်းဝံပုလွေကြီးများနှင့် ကောင်းကင်ပေါ်၌ ပျံဝဲနေသော သံတောင်ပံသိမ်းငှက်များကို ကြည့်ရသည်မှာ ကိုယ်ယောင်ဖျောက်မျိုးနွယ်မှ အမိန့်တစ်ခု ပေးလိုက်သည်နှင့် တဟုန်ထိုး ထိုးဆင်းလာပြီး ရူးသွပ်စွာ တိုက်ခိုက်ကြမည့်ပုံ ပေါက်နေသည်။
အရိပ်မဲ့မျိုးနွယ်၏ ရှေ့ဆုံး၌ လူငယ်တစ်ယောက် ရပ်နေပြီး သူ၏ စွမ်းအားကြီးမားသည့် အရှိန်အဝါကြောင့် လင်းချန်၏ မျက်နှာထား အနည်းငယ် တည်သွားရသည်။
သူ၏ သက်တူရွယ်တူများထဲ၌ ဤမျှ အစွမ်းထက်သည့် အရှိန်အဝါမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ထို့အပြင် ကိုယ်ယောင်ဖျောက်မျိုးနွယ်၏ ရှေ့ဆုံး၌ ရပ်နေသူမှာ ကျောက်ပြာမျိုးနွယ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အလွန်တရာ သန်မာပုံရ၏။
အနည်းဆုံးတော့ ဤလူနှစ်ယောက်သည် ယခုတစ်ကြိမ် ရှေးဟောင်းအမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည့် လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်မှ ပါရမီရှင်များကို များစွာ ကျော်လွန်နေသည်။
သူကလွဲလျှင် ထိုလူများကို ယှဉ်နိုင်မည့်သူ ရှိပုံမပေါ်ချေ။
သို့သော် ယီစင်းကတော့ တိုက်ခိုက်နိုင်သည့် အင်အား ရှိကောင်းရှိနိုင်၏။
သူ၏ စေ့စပ်ထားသူ မိန်းကလေးသည် ဟွာရှာအင်ပါယာမှ ပံ့ပိုးပေးထားသည့် အစီအစဉ်များဖြင့် ကိုယ်တိုင်လေ့ကျင့်ထားသူ ဖြစ်ရာ လျှော့တွက်၍ မရချေ။
ဤမျှ ငယ်ရွယ်ပြီး သူတို့၏ လူအများအပြားကို ဦးဆောင်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူနှစ်ဦး၏ အဆင့်အတန်းမှာ နိမ့်ကျမည် မဟုတ်ချေ။
သို့သော် သူတို့က လူငယ်များဖြစ်နေသည့်အတွက် လင်းချန်၏ စကားများက သူတို့ကို ဒေါသထွက်စေခဲ့ပြီး နောက်တစ်ကြိမ် ပြန်မစဉ်းစားတော့ဘဲ မျိုးနွယ်စုဝင် သန်း ၆၀ ကို ဦးဆောင်ကာ တည့်တည့်မတ်မတ် ချီတက်လာစေခဲ့ခြင်း ဖြစ်၏။
သူတို့၏ မာနထောင်လွှားပြီး ဘဝင်မြင့်နေသည့် အမူအရာများကို ကြည့်ခြင်းအားဖြင့် လင်းချန် ကြောက်လန့်တုန်လှုပ်နေသည်ကို မြင်ချင်နေကြမှန်း သိသာထင်ရှားလှသည်။
"ရွှီးးးးး"
လင်းချန်က အောင်နိုင်သူ၏ အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး မြို့အသီးသီးသို့ စိမ့်ဝင်နေသည့် လေဟုန်စစ်သည်များကို အမိန့်ပေးလိုက်သည်။ "လှုပ်ရှားဖို့ အချိန်တန်ပြီ။"
သူတို့၏ နောက်ကျောဘက်ရှိ မြို့ပေါင်း ၄၉၈ မြို့စလုံးကို ရုတ်တရက် လက်လွှတ်လိုက်ရကြောင်း သိလိုက်ရသည့်အချိန်၌ သူတို့၏ မျက်နှာများ မည်သို့ ဖြစ်သွားမည်ကို လင်းချန် အလွန်ပင် သိချင်နေမိသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၂၉ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team