← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၃၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်၏ အမိန့်သံ ဆုံးသည်နှင့် တစ်ပြိုင်နက်...

​ကျန်ရှိနေသေးသည့် မြို့ပေါင်း ၄၉၈ မြို့၏ အစီအရင် ဗဟိုထိန်းချုပ်ခန်းများအတွင်း လေဟုန်စစ်သည်များ သယ်ဆောင်လာသော သတ္တုပြားဝိုင်းများမှ အစီအရင် စိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

​သတ္တုပြားဝိုင်းများထဲ၌ ကိန်းအောင်းနေသည့် အစီအရင်ဖျက် ကပ်ပါးပိုးများသည် ချက်ချင်းဆိုသလိုပင် အစီအရင် ဗဟိုထိန်းချုပ်ခန်း တစ်ခုလုံးကို တိုက်စားသွားပြီး တစ်ဝက်တစ်ပျက် ထိန်းချုပ်ခံထားရပြီးဖြစ်သော အစီအရင်များကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

​ထိုခဏ၌ စစ်မြေပြင်လွင်ပြင်ထက်ရှိ မြို့ပေါင်း ၅၀၀ စလုံးသည် လင်းချန် ပိုင်ဆိုင်သည့် အရာများ ဖြစ်သွားလေပြီ။

​သတ္တုပြားဝိုင်းများထဲ၌ ပါဝင်သည့် အစီအရင်ဖျက် ကပ်ပါးပိုးများသည် မြို့၏ အစီအရင်ကို တိုက်စားဖျက်ဆီးရုံသာမက အစီအရင်ကိုပါ ပြုပြင်ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

​ထို့အပြင် သတ္တုပြားဝိုင်းတိုင်း၌ လင်းချန်၏ စိတ်ဝိညာဉ်အမြုတေ အငွေ့အသက် အနည်းငယ်စီ ပါဝင်နေသည့်အတွက် အသစ်ဖွဲ့စည်းလိုက်သော အစီအရင် အကာအရံများသည် ကနဦး၌ တောက်ပသည့် အဝါရောင်အလင်းများ ထွက်ပေါ်လာသော်လည်း နောက်ဆုံး၌ ဖျော့တော့သွားကာ ကြည်လင်သော အရောင်အဖြစ် ပြောင်းလဲသွားသဖြင့် သတိထားမိရန် ခက်ခဲသွား၏။

​ကောင်းကင်ယံအလယ်မှ စီးနင်းလိုက်ပါလာသည့် အရိပ်မဲ့မျိုးနွယ်မှ ပိုင်ရှီးမင်သည် မြို့ရိုးပေါ်ရှိ လင်းချန်ကို ငုံ့ကြည့်ကာ မေးလိုက်၏။

​"လင်းချန်ဆိုတဲ့ကောင်က မင်းလား..."

​လင်းချန်သည် ထိုအရိပ်မဲ့မျိုးနွယ်ဝင် လူငယ်ကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

​"မင်းအဖေကိုတောင် မသိတော့ဘူးလား... မင်းက ဒီမေးခွန်းကို မေးနေတာ ရယ်စရာ မကောင်းလွန်းဘူးလား..."

​လင်းချန်၏ စကားသံအဆုံး၌ ပိုင်ရှီးမင်၏ နောက်ဘက်ရှိ သန်မာသည့် အရိပ်မဲ့မျိုးနွယ်ဝင်တစ်ဦးက လင်းချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

​"ရိုင်းစိုင်းလိုက်တာ... သေခါနီးနေတာတောင် အဓိပ္ပာယ်မရှိတာတွေ ပြောရဲသေးတယ်... သခင်လေးကို မလေးမစား လုပ်တယ်ပေါ့လေ..."

​ပိုင်ရှီးမင်က လက်ကာပြကာ ထိုလူကို တားဆီးလိုက်ပြီး အောက်ဘက်ရှိ လင်းချန်ကို လှမ်းကြည့်လိုက်သည်။

​"ငါ ဝန်ခံပါတယ်... မင်းမှာ အရည်အချင်း တချို့တော့ ရှိကောင်းရှိနိုင်တယ်... မင်းသာ ငါ့ကို ပြစ်မှားမထားဘူးဆိုရင် ငါ့ဘေးနားမှာ အမှုထမ်းခွင့် ရကောင်း ရနိုင်လိမ့်မယ်... နှမြောစရာပဲ... မင်းရဲ့ တောက်ပတဲ့ အနာဂတ်လမ်းကို မင်းကိုယ်တိုင်ပဲ မိုက်မိုက်မဲမဲ ပိတ်ပင်လိုက်မိပြီ"

​ပိုင်ရှီးမင် စကားဆုံးသည်နှင့် နောက်လိုက် အရိပ်မဲ့မျိုးနွယ်ဝင်များသည် လင်းချန်ကို ဝမ်းနည်းသနားသည့် မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။

​သူတို့၏ အမြင်၌ လင်းချန်တစ်ယောက် ပိုင်ရှီးမင်၏ လက်အောက်၌ အလုပ်လုပ်ခွင့် ဆုံးရှုံးသွားခြင်းသည် အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်နေပုံရသည်။

​ဝူကျန့်ရွှမ်ကလည်း လင်းချန်ကို ကြည့်ကာ ခေါင်းကို အဆက်မပြတ် ယမ်းလိုက်သည်။

​"ဖြစ်နိုင်ရင် ငါ မင်းကို လမ်းညွှန်ပေးချင်သေးတယ်... တံခါးစောင့်မြို့၊ မြို့တော် (၁) နဲ့ မြို့တော် (၂) ကို သိမ်းပိုက်နိုင်တာက မင်းမှာ အရည်အချင်းရှိတာ သက်သေပြနေတာပဲ"

​ဝူကျန့်ရွှမ်၏ နောက်ဘက်ရှိ ကိုယ်ယောင်ဖျောက် မျိုးနွယ်ဝင်များ၏ မျက်နှာထက်၌လည်း မနာလိုဝန်တိုမှုများ ပေါ်လာကြပြီး လင်းချန်ရှိရာဘက်သို့ တံတွေးလှမ်းထွေးသူများကိုပင် လင်းချန် မြင်လိုက်ရသည်။

​ပိုင်ရှီးမင်သည် လင်းချန်ကို ပြောဆိုရာ၌ မာန်မာန ထောင်လွှားသည့် လေသံကို ဆက်လက် ထိန်းရှိမ်းထားလျက်ပင် ပြောလိုက်၏။

​"အခုတော့... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ပြီလို့ ပြောလိုက်မယ်... ဒါကြောင့် လက်နက်ချဖို့ စဉ်းစားရင်တောင် နောက်ကျသွားပြီ... ငါတို့ မြို့ကို မသိမ်းပိုက်ခင် မင်း ကိုယ့်ကိုယ်ကိုယ် သတ်မသေဘူးဆိုရင်တော့... မင်းရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေက ငရဲကျသလို ဆိုးရွားနေမယ်ဆိုတာ ငါ အာမခံရဲတယ်"

​လင်းချန်သည် ပိုင်ရှီးမင်၏ စကားများကို ကြားလိုက်ရသည့်အခါ အမှန်တကယ်ပင် ဆွံ့အသွားရသည်။

​တစ်ဖက်လူ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုမှာ အတိုင်းအဆမရှိ ကြီးမားလွန်းလှ၏။ ချင်မင်းဆက်က လူတွေလိုပင်... ဒီကမ္ဘာက လူငယ်တွေအားလုံးက ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာလား။

​သူတို့ထံ အမှုထမ်းခွင့်ရမယ့် အခွင့်အရေးကို ပိတ်ပင်လိုက်တယ် ဟုတ်လား...။

​သူ့ကို လမ်းညွှန်ပြသပေးဦးမယ် ဟုတ်လား...။

​"ဟားဟားဟား"

​ထိုအကြောင်းကို တွေးမိရင်း လင်းချန်တစ်ယောက် အောင့်ထား၍ မရတော့ဘဲ အားပါးတရ ရယ်မောလိုက်မိ၏။

​မြို့တော် (၂) ၏ မြို့ရိုးပေါ်၌ အထိန်းအကွပ်မဲ့စွာ ရယ်မောနေသည့် လင်းချန်ကို ကြည့်ရင်း ပိုင်ရှီးမင်၏ မျက်နှာထက်၌ သနားစရာသတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ အမူအရာ ပေါ်ပေါက်လာသည်။

​"ဘာလဲ... မင်းရဲ့ အတွင်းစိတ်က ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့ ရူးသွပ်သလို ရယ်မောတဲ့ အဆင့်ထိ ရောက်သွားပြီလား..."

​"မင်း ဒီလိုအခြေအနေမျိုး ရောက်သွားတာက မင်းကိုယ်တိုင် ဖန်တီးလိုက်တာပဲ"

​ဝူကျန့်ရွှမ်က စိတ်မရှည်သလို လက်ကာပြလိုက်သည်။

​"သူ့ကို စကားတွေ ပြောပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး... တိုက်ကြစို့... မြို့ရဲ့ အစီအရင်က ပြောင်းလဲသွားပုံရတယ်... နည်းနည်းတော့ အားစိုက်ရလိမ့်မယ်"

​ထိုအချိန်၌ လင်းချန်သည် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့ကို ကဲ့ရဲ့ရှုတ်ချသည့် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

​"ကျန်တဲ့ မြို့ပေါင်း ၄၉၈ မြို့ရဲ့ အခြေအနေကို မင်းတို့ အခုထိ မကြည့်ကြသေးဘူးလား..."

​လင်းချန်၏ စကားသံ အဆုံး၌ ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့၏ နောက်ဘက်မှ မျိုးနွယ်စုနှစ်ခုလုံး၏ အကြီးအကဲများ၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားကြပြီး အလျင်အမြန်ပင် တံဆိပ်ပြားတစ်ခုကို ထုတ်ကြည့်လိုက်ကြ၏။

​သူတို့ ထုတ်ယူလိုက်သည့် တံဆိပ်ပြားများသည် မြို့တော် (၁) နှင့် မြို့တော် (၂) တို့၌ မူလက ကိုင်ဆောင်ထားသော တံဆိပ်ပြားများကဲ့သို့ပင် တဖြည်းဖြည်း မှေးမှိန်လာပြီး အရောင်အဝါများ ပျောက်ကွယ်သွားကာ နောက်ဆုံး၌ သံချေးများ တက်လာပြီး မူလအရောင်များ အားလုံး ပျောက်ကွယ်သွားသည်။

​ပိုင်ရှီးမင်နှင့် အရိပ်မဲ့မျိုးနွယ်ဝင်များသည် ထိတ်လန့်တကြား ဖြစ်သွားကြ၏။

​"သခင်လေး... ကျုပ် မြို့ကို ကာကွယ်ဖို့ ပျက်ကွက်သွားပါပြီ... အစီအရင်က လုံးဝ ပျက်စီးသွားပြီ..."

​"ကျုပ်ဟာလည်း အတူတူပဲ... အစီအရင်က လုံးဝ ပြိုလဲသွားပြီ..."

​အထူးသဖြင့် သူတို့၏ လုပ်ဖော်ကိုင်ဖက်များ အားလုံး အလားတူ အခြေအနေမျိုး ကြုံတွေ့နေရသည်ကို မြင်လိုက်ရသည့်အခါ ကြောက်ရွံ့မှုများက သူတို့၏ မျက်နှာထက်၌ ပိုမို ထင်ရှားလာ၏။

​တစ်ချိန်တည်းမှာပင် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြ၏။ သူတို့နောက်ရှိ ကျွမ်းကျင်သူများ၏ အစီရင်ခံစာများအရ မြို့ပေါင်း ၄၉၈ မြို့စလုံး လက်ရှိအချိန်၌ ကျဆုံးသွားပြီဖြစ်ကြောင်း ထင်ရှားနေလေပြီ။

​"ဘုန်းးး... ဘုန်းးး... ဘုန်းးး"

​ထိုခဏ၌ တောက်ပသည့် အဝါရောင် အလင်းတန်းကြီးများသည် မြို့တစ်မြို့ချင်းစီ၏ အစီအရင် ဗဟိုထိန်းချုပ်ခန်းများမှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

​လက်ရှိအချိန်၌ စစ်မြေပြင်လွင်ပြင် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေသည်။

​ကောင်းကင်သို့ ထိုးတက်သွားသည့် အဝါရောင် အလင်းတန်းကြီးများသည် ရွှေရောင်ဝင်းလက်သော နဂါးကြီးများသဖွယ် ကောင်းကင်ယံ၌ လိမ်ယှက်သွားကြပြီး လေထုထဲ၌ ပြင်းထန်စွာ ရိုက်ခတ်ကာ ပေါက်ကွဲသွားကြသည်။

​ထို့နောက် တောက်ပသည့် အဝါရောင် အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး စစ်မြေပြင်လွင်ပြင်၏ ဟင်းလင်းပြင် တစ်ခုလုံးအပေါ်သို့ မိုးစက်များသဖွယ် ကျဆင်းလာ၏။

​တစ်ချိန်တည်းတွင် လင်းချန်သည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသည့် အဝါရောင် အနှစ်သာရ အလင်းတန်းတစ်ခုသည် သူ၏ဘေးရှိ ယွမ်ရှန့်ထံသို့ လွင့်ပျံသွားသည်။

​ယွမ်ရှန့်သည် နားမလည်နိုင် ဖြစ်သွားသော်လည်း တွန့်ဆုတ်မနေဘဲ လွင့်ပျံလာသည့် အဝါရောင် အနှစ်သာရ အလင်းတန်းကို လက်ခံယူလိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်ပလာ၏။

​တတိယဟင်းလင်းပြင်၏ စစ်မြေပြင်လွင်ပြင်ကို အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့က ကာလကြာရှည်စွာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

​ထို့ကြောင့် သူ့အနေဖြင့် ဤဟင်းလင်းပြင်ကို ထိန်းချုပ်ရန် သို့မဟုတ် အာရုံခံနိုင်ရန် နည်းလမ်းမရှိပေ။

​သို့သော် လင်းချန်ပေးလိုက်သည့် အနှစ်သာရကို လက်ခံရရှိပြီးနောက် တတိယဟင်းလင်းပြင် တစ်ခုလုံးကို စောင့်ကြည့်နိုင်သည့် အာရုံခံစားမှုများ ပြန်လည်ရရှိလာ၏။

​မြို့တစ်မြို့ချင်းစီမှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး မြို့ရိုးများပေါ်၌ လေဟုန်စစ်သည်များကဲ့သို့သည့် ပုံရိပ်များ ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေသည်များကိုပင် မြင်တွေ့နေရသည်။

​လင်းချန်ရှိနေသည့် မြို့တော် (၂) ၌လည်း အဝါရောင်နဂါးကြီး တစ်ကောင်ကဲ့သို့သော အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်နေသည်။

​ယွမ်ရှန့် ယခုမှပင် အလုံးစုံ နားလည်သွား၏။

​လင်းချန်သည် ရန်သူကို တမင်သက်သက် ဒေါသထွက်အောင် စော်ကားခြင်းမှာ တတိယဟင်းလင်းပြင်ရှိ တိုက်ခိုက်ရေး အင်အားစုများ အားလုံးကို မြို့များမှ ထွက်ခွာလာစေပြီး ဤနေရာသို့ စုဝေးရောက်ရှိလာစေရန် ဖြစ်သည်။

​ဤအရာအားလုံးသည် လက်ရှိအချိန်အခါသမယ အတွက်သာ ဖြစ်၏။

​စစ်မြေပြင်လွင်ပြင်ရှိ မြို့များအားလုံးကို ထိန်းချုပ်လိုက်နိုင်ခြင်းသည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့ သိမ်းပိုက်ထားသည့် တတိယဟင်းလင်းပြင်၏ "အစီအရင် ဆုံမှတ်များ" ကို ထိန်းချုပ်လိုက်ခြင်းပင် ဖြစ်သည်။

​မြို့ပေါင်း ၅၀၀ စလုံးသည် လင်းချန်၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ပြီး မြို့များ၏ အစီအရင်များမှာလည်း အလုံးစုံ ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး မဟာအစီအရင်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြပြီ ဖြစ်၏။

​"ဟွာရှာကမ္ဘာ မဟာအစီအရင်..."

​ဤသည်မှာ နယ်မြေဒေသကို ထိန်းချုပ်ရန်အတွက် အခြေခံအကျဆုံး အစီအရင်ဖြစ်သည်။

​မူလနယ်မြေနှင့် ကမ်းရိုးတန်းနယ်မြေတို့၌လည်း ဟွာရှာကမ္ဘာ မဟာအစီအရင်ကို တပ်ဆင်ထားပြီး ဖြစ်၏။

​ဟွာရှာကမ္ဘာ မဟာအစီအရင်ကို စတင်အသက်သွင်းလိုက်သည်နှင့် ဟွာရှာနယ်မြေအတွင်းရှိ ဟွာရှာအင်ပါယာ နိုင်ငံသားအားလုံး၏ တိုက်ခိုက်စွမ်းရည်သည် ၅၀% တိုးတက်လာမည် ဖြစ်သည်။

​ထို့အပြင် ဟွာရှာကမ္ဘာ မဟာအစီအရင်၌ အမှန်တကယ် အကာအရံဟူ၍ မရှိပေ။

​ထိုအစီအရင်ကို ဖျက်ဆီးရန် တစ်ခုတည်းသည့် နည်းလမ်းမှာ အစီအရင် ဆုံမှတ်များ အားလုံးကို ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။ ဆုံမှတ်များကို နှောင့်ယှက်ရန်အတွက် အကာအရံကို အင်အားသုံး တိုက်ခိုက်မည့် နည်းလမ်းမှာ ဖြစ်နိုင်ချေ မရှိပေ။

​လက်ရှိအချိန်၌ စစ်မြေပြင်လွင်ပြင် တစ်ခုလုံးကို ဟွာရှာကမ္ဘာ မဟာအစီအရင်ဖြင့် လွှမ်းခြုံထားလိုက်ပြီ ဖြစ်၏။

​ဤတတိယဟင်းလင်းပြင်သည် အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်တို့၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ဘဲ လင်းမျိုးနွယ်ပိုင်ဆိုင်သည့် နယ်မြေ ဖြစ်သွားလေပြီ။

​အောင်မြင်စွာ ဖွဲ့စည်းလိုက်နိုင်သည့် ဟွာရှာကမ္ဘာ မဟာအစီအရင်ကြီးကို ကြည့်ရင်း လင်းချန်သည် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့အား အရူးနှစ်ကောင်ကို ကြည့်သကဲ့သို့ မော့ကြည့်လိုက်ပြီး တွေးလိုက်မိသည်။

​"ဒါနဲ့ဆိုရင်တော့... အထိအခိုက် အကျအဆုံးတွေ အများကြီး လျော့နည်းသွားပြီး တိုက်ပွဲက ပိုပြီး လွယ်ကူသွားတော့မှာပါ"

​'တစ်ခါတစ်ရံမှာ သားကောင်တွေက သူတို့ကိုယ်သူတို့ မုဆိုးတွေလို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြတယ်'

​"ဝေါင်းးး"

​နဂါးဟိန်းသံကြီးသည် ကောင်းကင်ယံကို ထိုးဖောက်သွား၏။

​လင်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဧကရာဇ် စိတ်ဝိညာဉ်စွမ်းအားများသည် နဂါးကိုးကောင်အသွင် ပြောင်းလဲသွားကာ ခန္ဓာကိုယ်တစ်ဝိုက်၌ ခေတ္တမျှ လှည့်ပတ်သွားပြီးနောက် နောက်ဆုံး၌ သူ၏ ကျောဘက်၌ ရွှေရောင်အတိပြီးသည့် ဧကရာဇ်၏ အလိုဆန္ဒအဖြစ် စုစည်းသွားသည်။

​နဂါးကိုးကောင် ရွှေပလ္လင်တော်။

​လင်းချန်သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး နဂါးကိုးကောင် ရွှေပလ္လင်တော်ထက်၌ တည်ငြိမ်စွာ ဝင်ထိုင်လိုက်၏။

​ဧကရာဇ် စိတ်ဝိညာဉ်စွမ်းအားများသည် တောက်လောင်လာပြီး ဧကရာဇ်ကောင်းကင်ဝတ်ရုံတော် အဖြစ် ဖွဲ့စည်းသွားသည်။

​ပလ္လင်တော်သည် သူ့ကို သယ်ဆောင်လျက် ဖြည်းညှင်းစွာ မြင့်တက်သွားပြီး ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့၏ ခေါင်းပေါ် အနည်းငယ်ကျော်လွန်သည့် နေရာရောက်မှ ရပ်တန့်သွား၏။

​ဧကရာဇ်တစ်ပါးအနေဖြင့် သူတစ်ပါး၏ အောက်၌ မည်သို့လုပ်၍ နေနိုင်ပါမည်နည်း။

​တစ်ချိန်တည်းမှာပင် လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဧကရာဇ် စိတ်ဝိညာဉ်စွမ်းအားများသည် ပြီးပြည့်စုံစွာ တည်ဆောက်ထားပြီးဖြစ်သော ဟွာရှာကမ္ဘာ မဟာအစီအရင်နှင့် ဆန်းကြယ်သည့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာ၏။

​လင်းချန်ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါနှင့် ကောင်းကင်သို့ ထိုးတက်နေသော အဝါရောင်နဂါး အလင်းတန်းကြီးများကို မြင်လိုက်ရသောအခါ ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့သည် သူတို့၏ ရှေ့မှောက်ရှိ လူသား၏ ကစားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း မည်သို့သတိမပြုမိဘဲ နေပါမည်နည်း။

​ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့သည် အခြားမြို့များမှ မျိုးနွယ်စုဝင် အားလုံးကို စုစည်းခေါ်ဆောင်လာကြခြင်း ဖြစ်သည်။ လင်းချန်၏ ကြောက်လန့်တုန်လှုပ်နေသည့် မျက်နှာကို မြင်တွေ့လိုသော ဆန္ဒစောကြ၏။

​သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် တတိယဟင်းလင်းပြင် တစ်ခုလုံးသည် လင်းချန်၏ ပိုင်နက်နယ်မြေ ဖြစ်သွားလေပြီ။

​'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

​ပိုင်ရှီးမင်တစ်ယောက် လုံးဝပင် မှင်သက်မိသွားရ၏။

​သူတို့ စစ်မြေပြင်လွင်ပြင်ကို စတင်ထိန်းချုပ်စဉ်က အစီအရင် တစ်ခုချင်းစီကို စေ့စပ်သေချာစွာ ရှင်းလင်းထုတ်ဖော်ရသည်။ ယခင် အစီအရင်ဟောင်းများကို လုံးဝ ဖျက်ဆီးပြီးမှသာ မြို့သစ်များ တည်ဆောက်ခြင်း၊ အစီအရင်သစ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ရခြင်း ဖြစ်၏။

​ထိုလုပ်ငန်းစဉ် ပြီးမြောက်ရန် ရာစုနှစ်တစ်ခုကျော်မျှ အချိန်ယူခဲ့ရသည်။

​သို့သော် လက်ရှိအချိန်၌မူ... သူတို့ လူစုပြီး မြို့တော် (၂) ရှေ့သို့ ရောက်လာသည့် အချိန်မှာ စုစုပေါင်း တစ်နာရီခန့်သာ ရှိသေးသည်။

​လင်းချန်သည် ဤမျှ တိုတောင်းသည့် အချိန်အတွင်း မြို့အားလုံးကို ထိန်းချုပ်လိုက်ရုံသာမက တတိယဟင်းလင်းပြင်၏ စစ်မြေပြင်လွင်ပြင် တစ်ခုလုံးကိုပါ မည်သို့မည်ပုံ သိမ်းပိုက်လိုက်နိုင်သနည်း။

​လင်းချန်သည် နဂါးကိုးကောင် ရွှေပလ္လင်တော်ထက်မှနေ၍ မျက်နှာပျက်နေသည့် ပိုင်ရှီးမင်နှင့် ခန့်မှန်းရခက်သော မျက်နှာထားဖြင့် ရှိနေသည့် ဝူကျန့်ရွှမ်တို့ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ ပြုံးလိုက်သည်။

​"ကြိုပြောထားလိုက်မယ်နော်... မင်းတို့ အခု လက်နက်ချမယ်လို့ စဉ်းစားနေရင်တောင် ငါက လက်ခံမှာ မဟုတ်ဘူး"

​သူတို့ ပြောဖူးသည့် စကားကို လင်းချန်၏ ပါးစပ်မှ ပြန်ကြားလိုက်ရသောအခါ ပိုင်ရှီးမင်၏ မျက်နှာသည် သွေးဆုတ်ဖြူရော်သွားပြီး စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသည့် အသံဖြင့် ကြမ်းတမ်းစွာ ပြောလိုက်၏။

​"ငါတို့လူတွေ မစောင့်ကြပ်ထားတဲ့ မြို့တွေကို မင်း သိမ်းပိုက်လိုက်နိုင်တယ် ဆိုဦးတော့... ငါ့ရဲ့ စစ်သည် သန်း ၆၀ နဲ့ သိုင်းဝိညာဉ်သားရဲ သန်း ၈၀ ရဲ့ တိုက်ခိုက်မှုကို မင်း ဘယ်လို တောင့်ခံမလဲ"

​ဝူကျန့်ရွှမ်ကလည်း ပခုံးကို လှုပ်ရှားလိုက်သည်။

​"မင်းကို အရှင်ဖမ်းပြီး မြို့တွေကို ထိန်းချုပ်တဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေကို မင်းပါးစပ်ကနေ အန်ထွက်အောင် လုပ်ရတာလည်း မဆိုးပါဘူးကွာ"

​ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့ စကားပြောနေစဉ်မှာပင် မြို့တော် (၂) ကို ဝိုင်းရံထားသော ကြီးမားလှသည့် လူအုပ်ကြီးသည် ငြိမ်သက်မနေတော့ပေ။

​စိတ်ဝိညာဉ်စွမ်းအား လှိုင်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မြို့တော် (၂) ဆီသို့ သတ်ဖြတ်လိုစိတ် ပြင်းထန်သည့် အကြည့်များဖြင့် ကြည့်နေကြ၏။

​ကိုယ်ယောင်ဖျောက်မျိုးနွယ်၏ ထိန်းချုပ်မှုအောက်ရှိ သိုင်းဝိညာဉ်သားရဲများ၏ မျက်လုံးများသည်လည်း သွေးရောင် ပြန်လည် လွှမ်းမိုးလာပြီး သူတို့၏ အရှိန်အဝါများ ရိုင်းစိုင်းကြမ်းတမ်းလာ၏။

​အကယ်၍ ကိုယ်ယောင်ဖျောက်မျိုးနွယ်သာ ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ပါက ဤသားရဲများသည် ဒီရေအလား တိုးဝင်လာပြီး မြို့တော် (၂) ၏ အစီအရင် အကာအရံကို မရပ်မနား တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

​ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့၏ အမြင်၌ မြို့တော် (၂) ၌ လင်းချန်နှင့် သူ၏ ဘေးနားရှိ စိတ်ဝိညာဉ်ပုံသဏ္ဌာန်နှင့် ထူးဆန်းသည့် အဘိုးအိုတစ်ဦးသာ ရှိသည်ဟု ထင်မြင်နေကြသည်။

​အောက်ဘက်၌ အဆောက်အအုံများကို ပြုပြင်မွမ်းမံရန် အလုပ်ရှုပ်နေသည့် ပုံရိပ်များမှာမူ သာမန် လက်သမားများသာ ဖြစ်ပြီး မည်သည့် ခုခံမှုကိုမျှ ပြုလုပ်နိုင်မည် မဟုတ်ဟု ယူဆထားကြ၏။

​ပိုင်ရှီးမင်က လင်းချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

​"တကယ်တမ်း လက်တွေ့ရင်ဆိုင်ရတဲ့အခါ မင်း ဒီလောက် လေကြီးနိုင်ဦးမလားဆိုတာ ငါ ကြည့်ချင်စမ်းပါဘိကွာ"

​"ဂလုန်း... ဂျိန်းးးးး"

​ပိုင်ရှီးမင် လက်ဆန့်တန်းပြီး ပြောလိုက်ချိန်မှာပင် သူ၏ ရှေ့ရှိ မြို့တော် (၂) ၏ မြို့ရိုးပေါ်၌ အပေါက်ငယ်အများအပြား ရုတ်တရက် ပွင့်ဟလာပြီး အရောင်မှိန်နေသည့် သတ္တုပြွန်ချောင်းများ ထွက်ပေါ်လာကာ အပေါက်ဝရှိ အုတ်များနှင့် ရိုက်မိပြီး ကျယ်လောင်သော သတ္တုချင်းရိုက်ခတ်သံများ ထွက်ပေါ်လာ၏။

​ပိုင်ရှီးမင် မြင်လိုက်ရသည့် မြို့ရိုးတစ်ဖက်တည်းသာ မဟုတ်ဘဲ အရပ်လေးမျက်နှာမှ ဝိုင်းရံထားသော မျိုးနွယ်စုနှစ်ခု၏ စစ်သည် သန်း ၆၀ ၏ အမြင်၌လည်း သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ မြို့ရိုးများပေါ်၌ ထိုကဲ့သို့သည့် အပေါက်များ ရုတ်တရက် ပွင့်ဟလာသည်ကို မြင်တွေ့လိုက်ရသည်။

​"ဘုန်းး"

​ကြောင်အသွားသည့် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့ကို ကြည့်ပြီး လင်းချန်က အပြုံးတစ်ခုဖြင့် ပါးစပ်မှ အသံထွက်ကာ လှမ်းစလိုက်၏။

​နောက်တစ်ခဏ၌ အမြောက်ပြောင်းများသည် မျက်စိကျိန်းမတတ် တောက်ပသည့် အဝါရောင်အဖြစ် ပြောင်းလဲသွားပြီး အပူချိန်များ မြင့်တက်လာကာ ပြောင်းဝများထဲမှ ပူပြင်းသော စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများ ပစ်လွှတ်လိုက်ပြီး ရန်သူလူအုပ်ကြီးထံသို့ တိုးဝင်သွားသည်။

​ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့ နှစ်ဦးစလုံး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကြ၏။ သူတို့ထံသို့ ဦးတည်လာနေသည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်များကို ကြည့်ရင်း သူတို့၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

​စိမ်းပြာရောင် လေပြင်းများ ဝန်းရံလျက် ပိုင်ရှီးမင်သည် သူ့ကို ဖောက်ထွင်းတော့မည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်ချက်ကို လျင်မြန်သည့် လှုပ်ရှားမှုဖြင့် ရှောင်တိမ်းလိုက်နိုင်၏။

​ပူပြင်းသည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်ချက်သည် သူ့ကို သီသီလေး ကပ်၍ ရှောင်ထွက်သွားပြီး သူ မူလရပ်နေသော နေရာ၏ နောက်ဘက်ရှိ လူအုပ်ကြီးထံသို့ ဆက်လက် တိုးဝင်သွား၏။

​ဝူကျန့်ရွှမ်၏ ခန္ဓာကိုယ်ကိုမူ အနက်ရောင် စိတ်ဝိညာဉ်စွမ်းအားများက ဖုံးလွှမ်းထားပြီး လက်မောင်းများဆီသို့ စုစည်းသွားသည်။

​သူ၏ သန်မာထွားကျိုင်းသည့် ကျောက်ပြာမျိုးနွယ် ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် သူ၏လက်ထဲမှ ဓားတိုလေးများသည် ကလေးကစားစရာ အရုပ်များကဲ့သို့ သေးငယ်နေသော်လည်း သူသည် ထိုဓားတိုလေးများကို လျင်မြန်သွက်လက်စွာ အသုံးပြုလိုက်၏။

​သူ၏ ဓားတိုများသည် အနက်ရောင် လခြမ်းကွေးများကို ဖန်တီးလိုက်ပြီး အနီရောင် စိတ်ဝိညာဉ်စွမ်းအား အမြောက်ချက်ကို ကြားဖြတ်တားဆီးရန် ကြိုးစားလိုက်၏။

​သို့သော် အမြောက်ချက်က ဓားချက်များကို လောင်ကျွမ်းစေပြီး မည်းနက်သည့် မီးခိုးငွေ့များ ထွက်ပေါ်လာစေသည်။

​ထိပ်တိုက်ရင်ဆိုင်ခြင်းသည် မိုက်မဲရာကျမှန်း သိလိုက်သည့် ဝူကျန့်ရွှမ်သည် ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရာ သူဖန်တီးထားသော အနက်ရောင် လခြမ်းကွေးများသည်လည်း ပေါက်ကွဲပျောက်ကွယ်သွားပြီး အမြောက်ပစ်ချက်သည် သူ၏ နောက်ဘက်ရှိ မျိုးနွယ်စုဝင် လူအုပ်ကြီးထဲသို့ တိုးဝင်သွား၏။

​ပိုင်ရှီးမင်ရော ဝူကျန့်ရွှမ်ပါ သူတို့၏ လူများထံသို့ ပစ်ခတ်လိုက်သည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်များကို တားဆီးရန် အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိကြပေ။

​"အားလုံးပဲ ရှောင်ကြ... ဘယ်သူမှ မခုခံနဲ့"

​ပိုင်ရှီးမင်၏ အော်သံသည် ကောင်းကင်ယံအောက်၌ ပဲ့တင်ထပ်သွား၏။

​အရိပ်မဲ့မျိုးနွယ်နှင့် ကိုယ်ယောင်ဖျောက်မျိုးနွယ်ဝင်များသည် ထိုအသံကို ကြားလိုက်သည်နှင့် အလိုအလျောက် ဘေးသို့ ရှောင်တိမ်းလိုက်ကြသည်။

​သို့သော် ရုတ်တရက် တိုက်ခိုက်မှုဖြစ်ခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအား အမြောက်များ၏ အမြန်နှုန်း မြန်ဆန်လွန်းခြင်းတို့ကြောင့် အခြားသည့် မျိုးနွယ်စုဝင်များသည် ပိုင်ရှီးမင်နှင့် ဝူကျန့်ရွှမ်တို့ကဲ့သို့ စွမ်းရည်မရှိကြသလို အင်အားလည်း မလုံလောက်ကြပေ။

​မျိုးနွယ်စုဝင် အများအပြားသည် အချိန်မီ မရှောင်တိမ်းနိုင်ကြဘဲ စိတ်ဝိညာဉ်စွမ်းအား အမြောက်ချက်များ၏ တည့်တည့် ဖောက်ထွင်းခြင်းကို ခံလိုက်ကြရသည်။

​အချို့မှာ ပွဲချင်းပြီး သေဆုံးသွားကြပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရကာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားကြ၏။

​"ဘုန်းး... ဘုန်းး... ဘုန်းး"

​လူအုပ်ကြီးထဲသို့ တိုးဝင်သွားသည့် စိတ်ဝိညာဉ်စွမ်းအား အမြောက်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ မြို့တော် (၂) တစ်ခုလုံးကို တုန်ခါသွားစေသည်။

​ဖုန်မှုန့်များကဲ့သို့ ထူထပ်သည့် မီးခိုးလုံးကြီးများ လှိမ့်တက်လာပြီး ရန်သူတပ်ကြီးကို ဖုံးလွှမ်းသွားရာ သူတို့၏ မျက်စိရှေ့၌ ဘာဖြစ်ပျက်နေမှန်း မမြင်ရတော့ပေ။

​ပိုင်ရှီးမင်သည် ဤကဲ့သို့သော အခြေအနေကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

​ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်နှင့် မီးခိုးများကို ဖယ်ရှားရန် စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုကြရန် အားလုံးကို အလျင်အမြန် ညွှန်ကြားလိုက်၏။

​မြင်ကွင်းများ ပြန်လည် ရှင်းလင်းလာသောအခါ ပိုင်ရှီးမင်သည် ဖရိုဖရဲ ဖြစ်နေသည့် တပ်ဖွဲ့ကြီးကို မြင်လိုက်ရသည်။

​သေဆုံးသူ တစ်သိန်းကျော်သာ ရှိသော်လည်း စစုပေါင်း သန်း ၆၀ နှင့် နှိုင်းယှဉ်လျှင် ထိုပမာဏမှာ အသေးအဖွဲမျှသာ ဖြစ်၏။

​သို့သော် ဤသည်မှာ ပထမဆုံးအကြိမ် အပြန်အလှန် တိုက်ခိုက်မှုသာ ရှိသေးသည်။ သူတို့ဘက်က ဘာမှပင် မလုပ်ရသေးဘဲ အရင်ဆုံး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်၏။

​"ရှက်စရာကောင်းလိုက်တာကွာ"

​ပိုင်ရှီးမင်၏ ရင်ဘတ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

​သူသည် လင်းချန်ရှိရာဘက်သို့ ခေါင်းလှည့်လိုက်သော်လည်း... သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာထားသည် ရေခဲရိုက်ထားသကဲ့သို့ တောင့်ခဲသွား၏။

​သူတစ်ယောက်တည်းသာ မဟုတ်ပေ။ ဝူကျန့်ရွှမ်ကလည်း ရှေ့မှောက်ရှိ အရာအားလုံးကို မြင်လိုက်ရသည့်အခါ မျက်နှာပေါ်၌ အံ့ဩမှင်သက်သော အမူအရာများ ပေါ်ပေါက်လာပြီး ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေ၏။

​သူတို့၏ မျက်လုံးအိမ်များမှာ ကျွတ်ထွက်မတတ် ပြူးကျယ်သွားကြပြီး ထိုမြင်ကွင်းကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည့် ကြောက်ရွံ့မှုလှိုင်းကို မည်သို့မျှ မဖုံးကွယ်နိုင်ကြတော့ချေ။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၃၃၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters