အခန်း (၃၈၅-၃၈၆)
Vol. 39 Ch. 385-386
အခန်း ၃၈၅။ ရွှီယန် - "ငါ့ လယ်ယာခြံဝင်းက တော်တော်လေး သမားရိုးကျ ဆန်နေသေးတာပဲ"
'ကမ္ဘာ့မြေပုံကို စတင် ဖွင့်လှစ်ပေးလိုက်ပြီပဲ...'
'လောလောဆယ် အာရှနဲ့ သြစတြေးလျပဲ ဖွင့်သေးတယ် ဆိုပေမယ့် ငါ စူးစမ်းရှာဖွေဖို့ လုံလောက်ပါတယ်...'
'တခြားနိုင်ငံတွေကို သွားပြီး ရတနာရှာမယ်... ပြီးတော့ ပြန်သယ်လာမယ် ဆိုရင် ခံစားချက် မဆိုးလောက်ဘူး...'
'သေချာတာကတော့ ဘယ်လို ရတနာမျိုးလဲ ဆိုတာကိုလည်း ကြည့်ရဦးမှာပေါ့...'
ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်ပြီး သူ၏ တစ်ကိုယ်လုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
ကမ္ဘာပေါ်တွင် အဖြေမရှာနိုင်သေးသော ပဟေဠိများစွာ ရှိလေသည်။
ဥပမာအားဖြင့် ဆိုက်ဘေးရီးယား ဒေသတွင် ယခင်က ရုရှား ဇာဘုရင်များ ဆုတ်ခွာ ထွက်ပြေးခဲ့စဉ် လမ်းတစ်လျှောက်တွင် ရတနာ မည်မျှ ချန်ရစ်ခဲ့ကြောင်းကို မည်သူမျှ မသိနိုင်ချေ။
ရေခဲနေသော ဘိုင်ကယ်ရေကန်ကြီး ပေါ်တွင် လူမည်မျှ သေဆုံးခဲ့ကြောင်း မသိရသလို ရွှေစင် ပေါင်ထောင်ပေါင်းများစွာကို ရေခဲပြင်အား ဖောက်ထွင်း၍ ရေကန် အောက်ခြေသို့ နှစ်မြှုပ်ခဲ့ကြောင်း ကောလာဟလများ ရှိလေသည်။
ကောလာဟလများ သက်သက်သာ ဖြစ်သော်လည်း ထိုမျှလောက် ကျယ်ဝန်းသော လူသူကင်းမဲ့သည့် နယ်မြေကြီးတွင် ကျန်ရစ်နေခဲ့သော ရတနာများ သေချာပေါက် ရှိနေမည်သာ ဖြစ်သည်။
ထို့အပြင် သြစတြေးလျ တွင်လည်း ဇီဝမျိုးစိတ် အရင်းအမြစ်များ ကြွယ်ဝပြီး ပထဝီဝင် အနေအထား အရ အထူး ကောင်းမွန်ကာ ချစ်စရာ ကောင်းသော တိရစ္ဆာန်လေးများ အများအပြား ရှိလေသည်။
သို့သော် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရွှီယန်က တရုတ်နိုင်ငံ အတွင်းရှိ တိရစ္ဆာန်များကိုသာ ပို၍ စိတ်ဝင်စားပြီး တရုတ်နိုင်ငံ၏ တိရစ္ဆာန်များကသာ သူ၏ အလှတရား ခံစားမှုနှင့် ပို၍ ကိုက်ညီသည်ဟု ထင်မှတ်လေသည်။
နိုင်ငံရပ်ခြားရှိ တိရစ္ဆာန်များကိုတော့ အဆန်းတကြယ် အနေဖြင့် ကြည့်ရှုရုံမျှဖြင့် လုံလောက်ပေသည်။
ထို့ကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရတနာရှာဖွေရန် သက်သက်သာ ဖြစ်လေသည်။
ရွှီယန်က ရတနာရှာဖွေရေး မြေပုံကို ပထမဆုံး အနေဖြင့် ဝင်ရောက် ကြည့်ရှုလိုက်ရာ ဆိုက်ဘေးရီးယား ဒေသ၏ ရတနာရှာဖွေရေး အဆင့်က ခရမ်းရင့်ရောင် ဖြစ်နေပြီး အဆင့် သတ်မှတ်ချက်တွင် အကောင်းဆုံး ဟု ရေးသားထားလေသည်။
ပုံမှန်အားဖြင့် ရွှီယန်က အတော်လေး ကောင်းမွန် သည်ဟူသော အဆင့်ကိုသာ မြင်တွေ့ဖူးလေသည်။
ဤကဲ့သို့သော အကောင်းဆုံး ဟူသည့် အဆင့်ကို မြင်တွေ့ရသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
'ဒီနေရာရဲ့ ရတနာရှာဖွေရေး အဆင့်က ဒီလောက်တောင် မြင့်မားနေတာလား...'
'အကောင်းဆုံး တဲ့...'
'ဒီမှာ ရတနာတွေ ဘယ်လောက်တောင် မြှုပ်နှံထားမလဲ မသိဘူး...'
ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်သည်။
ဆိုက်ဘေးရီးယား ၏ ဧရိယာက အလွန် ကျယ်ဝန်းပြီး မြေကျယ်ကာ လူနေကျဲပါးလှပေသည်။
ဤနေရာတွင် ကြမ်းကြုတ် ရက်စက်သော တိရစ္ဆာန်များ အများအပြား ရှိပြီး အထင်ရှားဆုံး မှာ ဧရာမ တောဝက်ကြီးများ နှင့် ဆိုက်ဘေးရီးယား ကျားများပင် ဖြစ်သည်။
ဆိုက်ဘေးရီးယား ကျား ဆိုသည်မှာ အရှေ့မြောက်ကျား ပင် ဖြစ်ပြီး အခေါ်အဝေါ် ကွဲပြားသွားခြင်းသာ ဖြစ်ကာ ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံးသော သားရဲတိရစ္ဆာန်များ ဖြစ်ကြသည်။
၎င်းတို့က ကိုယ်စားပြု တိရစ္ဆာန်များသာ ဖြစ်ပြီး အခြားသော သားရဲများ ဖြစ်သည့် တောခွေး၊ ဝံပုလွေ၊ ကျားသစ်၊ ဝက်ဝံညို နှင့် ဝက်ဝံနက် တို့လည်း ဤနေရာတွင် ရှိနေကြလေသည်။
တကယ်ကို အန္တရာယ် များလှပေသည်။
'ဆိုက်ဘေးရီးယား က လူသူကင်းမဲ့တဲ့ နယ်မြေဆိုတော့ အသက်ကယ်နိုင်မယ့် အာမခံချက် တစ်ခုမှ မရှိဘဲနဲ့ အလွယ်တကူ သွားလို့ မဖြစ်ဘူး...'
'ဟူနျို လိုမျိုး အရမ်း ကြမ်းတမ်းတဲ့ အရှေ့မြောက်ကျား နဲ့ ထပ်တွေ့ရင်တော့ သေချာပေါက် သေလမ်းပဲ...'
ရွှီယန်က ဤနေရာကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် သွားရောက်ချင်စိတ်များ ဖြစ်ပေါ်နေလေသည်။
သွားချင်သော်လည်း အသက်ရှင်သန်ရေး က ပို၍ အရေးကြီးလှပေသည်။
လောလောဆယ်တွင် အသက်ကယ်နိုင်မည့် ဖဲချပ်မျိုး မရှိချေ။ ဥပမာအားဖြင့် လူကောင်းကတ် မျိုး မပါဘဲ သွားရောက်ပါက ဆိုက်ဘေးရီးယား ကျားနှင့် တွေ့ဆုံချိန်တွင် အသက် ဆုံးရှုံးရမည် သေချာလှပေသည်။
ထိုဘက်ရှိ ကျားများက ရွှီယန်ကို ရွာတူသား တစ်ယောက် အဖြစ် သတ်မှတ်မည် မဟုတ်ချေ။
ထို့ကြောင့် ဤကိစ္စကို အချိန်ယူ၍ စဉ်းစားရဦးမည် ဖြစ်သည်။
အင်တာနက်သုံးစွဲသူများ က ရွှီယန်ကို သေရမည်ကို မကြောက်သူ ဟု ထင်မှတ်ထားကြသော်လည်း တကယ်တမ်းတွင် မည်သူက သေရမည်ကို မကြောက်ဘဲ နေမည်နည်း။ အားလုံးက လက်ထဲတွင် ဖဲချပ်များ ရှိနေသောကြောင့်သာ ဖြစ်လေသည်။
'အနည်းဆုံးတော့ လူကောင်းကတ် တစ်ကတ် ရှိမှ ဖြစ်မယ်... ဒါမှ ကျား ဒါမှမဟုတ် ဝက်ဝံညို တွေနဲ့ တွေ့ရင်တောင် အသက်ရှင်နိုင်မှာလေ...'
ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်သည်။
ထို့ကြောင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အဆင့်မြှင့်တင်ပြီး သွားသော်လည်း သူက လတ်တလောတွင် အလျင်စလို သွားရောက်ခြင်း မရှိသေးချေ။
လယ်ယာခြံဝင်း ၏ ဖွံ့ဖြိုးတိုးတက်မှု က ယခုအခါ အတော်လေး တည်ငြိမ်နေပြီ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာများ အားလုံးက ပုံမှန် အတိုင်းသာ လည်ပတ်နေလေသည်။
ပုံမှန် အချိန်များတွင် ရွှီဟုန်ရှန်း ကလည်း ကူညီ ကြည့်ရှုပေးတတ်လေသည်။
သေချာသည်ကတော့ ရွှီယန် အနေဖြင့် အလုပ်များကို လွှဲပြောင်းပေးကာ အေးအေးဆေးဆေး နေချင်ပါက အလုပ်များကို ကြည့်ရှု စစ်ဆေးပေးမည့် သူများကို ရှာဖွေရဦးမည် ဖြစ်သည်။
ထို့ကြောင့် အစောပိုင်းကာလ မှ စတင်၍ အလုပ်လုပ်ခဲ့ကြသော ဝါရင့် အလုပ်သမား သုံးယောက် ဖြစ်သည့် မာဝန်၊ လီဆန်း နှင့် ဝမ်ဝူ တို့ကို တာဝန်ခံများ အဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်။ မာဝန် က တိရစ္ဆာန် မွေးမြူရေး ဘက်ကို တာဝန်ယူရပြီး လီဆန်း က ဘလူးဘယ်ရီ မှန်လုံအိမ် ဆယ့်ငါးလုံးကို တာဝန်ယူရကာ ဝမ်ဝူ ကတော့ အပြင်ဘက်ရှိ လယ်ကွင်းများ နှင့် ကျန်ရှိသော မှန်လုံအိမ် ငါးလုံးကို တာဝန်ယူရလေသည်။
ဤသည်မှာ စီးပွားရေး စတင် တည်ထောင်စ ကတည်းက အစ်ကိုကြီး၏ နောက်သို့ လိုက်ပါခဲ့ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ အထက်တွင် လူမရှိသဖြင့် ရာထူးတိုး လျင်မြန်ခြင်း ဖြစ်လေသည်။
သေချာသည်ကတော့ လယ်ယာခြံဝင်း ၏ ပတ်ဝန်းကျင် အခြေအနေ က အတော်လေး ကောင်းမွန်ပြီး စီမံခန့်ခွဲရမည့် ကိစ္စများ လည်း ထိုမျှလောက် များပြားခြင်း မရှိချေ။
အားလုံးတွင် အကြံဉာဏ်များ ရှိပါက ရွှီယန် ထံသို့ တင်ပြနိုင်လေသည်။
ယခင်က ဒေ့ဗ် ၏ စတိုးဆိုင်မှ ဝယ်ယူလာခဲ့သော မျိုးစေ့များ ဖြစ်သည့် အရည်အသွေးမြင့် အထူးစပ် ငရုတ် မျိုးစေ့၊ နေကြာပန်း မျိုးစေ့ နှင့် ပိုးလွှင့်ပန်း စသည်တို့ကို အားလုံး စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်သည်။
ယခုအခါ နွေရာသီသို့ ရောက်ရှိလာတော့မည် ဖြစ်ရာ လယ်ယာခြံဝင်း ထဲတွင် ပန်းများစွာ ပွင့်လန်းနေပြီး ကြည့်ရသည်မှာ အလွန် လှပ သေသပ်လှပေသည်။
လယ်ယာခြံဝင်း ၏ နွေရာသီ က တကယ်ကို သာယာလှပလှပေသည်။
ထုတ်ကုန်များ ကြွယ်ဝသလို တိရစ္ဆာန်လေးများ ကလည်း တက်ကြွ လှုပ်ရှားနေကြလေသည်။
တစ်ခါတစ်ရံ ရှောင်ဟေး က မြေခွေးများကို လိုက်လံ ဖမ်းဆီးနေသည်ကို မြင်တွေ့ရသလို ကြောင်စင်းကျားလေး က နေရာ တစ်နေရာ ရှာကာ နေပူဆာလှုံ နေသည်ကိုလည်း မြင်တွေ့နိုင်လေသည်။
ရွှီယန် က အားနေပါက တောင်ထဲသို့ ဝင်ကာ ကျားသစ် ကို သွားရောက် ကြည့်ရှုလေ့ ရှိပြီး လမ်းကြုံသည့် အနေဖြင့် ရတနာရှာဖွေရေး တာဝန် တစ်ခုကိုပါ လုပ်ဆောင်လေ့ ရှိသည်။
ထိုနေ့တွင် ရွှီယန် က အလုပ်အားနေသဖြင့် စောစောစီးစီး ပင် မာဝန် ကို ခေါ်ကာ တောင်နက်ကြီး ထဲသို့ တစ်ခေါက် သွားရောက်ပြီး ကျားများကို သွားကြည့်လိုက်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူက တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်ခဲ့ချေ။
ကျားသစ် က ရှင်းပြရန် အနည်းငယ် လွယ်ကူသော်လည်း ကျား ကိုတော့ ရှင်းပြရန် တကယ်ကို ခက်ခဲလှပေသည်။
တိုက်ဆိုင်စွာပင် တောင်စောင့်နတ်ငယ်လေး က ဤနေရာတွင် ရှိနေဆဲ ဖြစ်သော်လည်း ဟူနျို ၏ အရိပ်အယောင်ကိုတော့ မမြင်တွေ့ရတော့ချေ။
တောင်စောင့်နတ်ငယ်လေး မှာ မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင်ပင် ပျော်ရွှင်နေလေသည်။
အနောက်မှ လိုက်ပါနေသော ကျားမကြီး မရှိတော့သဖြင့် ဘဝ က အမှန်တကယ်ပင် ပေါ့ပါး လွတ်လပ်လာခဲ့ပြီ ဖြစ်သည်။
အဓိက အကြောင်းရင်းမှာ ဟူနျို က အလွန် သန်မာလွန်းပြီး ဖိအားပေးမှု ကလည်း အလွန် ပြင်းထန်လွန်းသောကြောင့် ပင် ဖြစ်သည်။
တောင်စောင့်နတ်ငယ်လေး အပြင် ဘေးနားတွင် အသက် ခြောက်လခန့် အရွယ်ရှိ ကျားပေါက်လေး တစ်ကောင် လည်း ရှိနေသေးသည်။ ထိုအကောင်လေး မှာ တောင်စောင့်နတ်ငယ်လေး ၏ သားဖြစ်ပြီး တာ့ဟူ ဟု ခေါ်ကာ လောလောဆယ်တွင် တောင်စောင့်နတ်ငယ်လေး နောက်သို့ လိုက်ပါနေခြင်း ဖြစ်သည်။
၎င်းက ရွှီယန် ရောက်လာသည်ကို မြင်သောအခါ သတိကြီးစွာဖြင့် ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အချိန် အတော်ကြာအောင် မတွေ့ရသဖြင့် ပြန်လည် တွေ့ဆုံချိန်တွင် အမြဲတမ်း စိမ်းသက်နေမည်သာ ဖြစ်သည်။
တာ့ဟူ ဟိန်းဟောက်နေသည်ကို ကြားသောအခါ တောင်စောင့်နတ်ငယ်လေး က ၎င်း၏ ခေါင်းကို တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။
ဤတစ်ချက် အရိုက်ခံလိုက်ရပြီးနောက် တာ့ဟူ မှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
တောင်စောင့်နတ်ငယ်လေး က ၎င်းကို ဟိန်းဟောက်လိုက်သေးရာ ဤသို့ ပြောနေသည့် အလားပင်။
"မင်း နို့ သောက်ချင်သေးရဲ့လား..."
တာ့ဟူ မှာ ရှက်ကိုးရှက်ကန်း ဖြင့် လျှာသပ်လိုက်ပြီး ထပ်မံ အသံမထွက်ရဲတော့ချေ။
ရွှီယန် က ချက်ချင်းပင် ရယ်မောလိုက်မိသည်။
အသက် ခြောက်လ အရွယ် ကျားပေါက်လေး မှာ ထိုမျှလောက် မကြီးမားသေးသဖြင့် ရွှီယန် လည်း မကြောက်ရွံ့ချေ။
အရွယ်ရောက်ပြီးသော ကျားကြီးများကို မယှဉ်နိုင်သော်လည်း အသက် ခြောက်လ အရွယ် ကျားပေါက်လေး ကိုတောင် မယှဉ်နိုင်ဘဲ နေမည်လား။
ရွှီယန်က နို့ဘူးကို ထုတ်ယူကာ ပုံမှန်အတိုင်းပင် တောင်စောင့်နတ်ငယ်လေး ကို နို့တိုက်ကျွေးလိုက်သည်။
တောင်စောင့်နတ်ငယ်လေး က ချက်ချင်းပင် အနားသို့ ကပ်လာကာ သောက်သုံးတော့သည်။
ကျား၏ ခေါင်းက တကယ်ကို ကြီးမားလှပေသည်။ လက်တစ်ဖက်ဖြင့် သွားတင်လိုက်ပါက ၎င်း၏ နဖူးကိုပင် အပြည့် ဖုံးအုပ်နိုင်မည် မဟုတ်ချေ။
လူ၏ ဦးခေါင်းနှင့် ယှဉ်လိုက်ပါက အများကြီး သေးငယ်သွားသလို ထင်ရလေသည်။
ဘေးနားရှိ တာ့ဟူ က ဤမြင်ကွင်းကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ တံတွေး အကြိမ်ကြိမ် မျိုချနေမိသည်။
ထို့နောက် ၎င်းကလည်း သတိကြီးစွာဖြင့် အနားသို့ ကပ်လာကာ နို့သောက်ချင်နေလေသည်။
ကံကောင်းသည်မှာ ရွှီယန် က အများအပြား ပြင်ဆင်လာခဲ့သဖြင့် ၎င်းကိုပါ နို့တစ်ဘူး တိုက်ကျွေးလိုက်သည်။
သစ်တော အတွင်းရှိ ဤမြင်ကွင်းလေး က အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ယနေ့က မူလကတည်းက အလွန် ပုံမှန် နေ့တစ်နေ့သာ ဖြစ်လေသည်။
ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အကြိမ်ရေ များပြားလာသဖြင့် သူက သာမန် ရတနာရှာဖွေရေး တာဝန် တစ်ခုကို လဲလှယ်ကာ အပျော်သဘော လုပ်ဆောင်လိုက်သည်။
ရလဒ် အနေဖြင့် ရရှိလာသော ဆုလာဘ် မှာ...
[လူကောင်းကတ် တစ်ကတ်]
ဤဆုလာဘ်ကို ရရှိပြီးနောက် ရွှီယန် တစ်ယောက် တစ်ခဏချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
'လူကောင်းကတ် လား...'
'ရောက်လာပြီပေါ့...'
'အတော်ပဲ... အသက်ကယ်နိုင်မယ့် ဖဲချပ် ရှိလာပြီဆိုတော့ အန္တရာယ် များတဲ့ နေရာတွေကို သွားရင်လည်း ပြဿနာ လုံးဝ မရှိတော့ဘူး...'
'သားရဲတိရစ္ဆာန် တွေနဲ့ တွေ့ရင်တောင် အနည်းဆုံးတော့ အသက်ရှင်နိုင်မှာပဲ...'
ရွှီယန် က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဆိုက်ဘေးရီးယား သို့ သွားရောက်ကာ ရတနာရှာရန် ပင် ဖြစ်သည်။
လူသူကင်းမဲ့သော နယ်မြေများ အတွင်းရှိ ရတနာများကို အားလုံး သယ်ဆောင်လာမည် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ရွှီယန် က ခရီးစဉ် အတွက် စတင် ပြင်ဆင် အလုပ်များ နေတော့သည်။
သူ ပထမဆုံး အနေဖြင့် သွားရောက်မည့် နေရာမှာ ဘိုင်ကယ်ရေကန် ဖြစ်လေသည်။
ဘိုင်ကယ်ရေကန် မှာ ကမ္ဘာပေါ်တွင် အနက်ဆုံးနှင့် ရေသိုလှောင်မှု ပမာဏ အများဆုံးသော ရေချိုကန်ကြီး ဖြစ်သည်။
ဆူးဝူ သိုးကျောင်းခဲ့သည့် နေရာပင် ဖြစ်လေသည်။
ယခင်က တရုတ်နိုင်ငံ၏ ရှေးဟောင်း မင်းဆက်များ ပိုင်ဆိုင်ခဲ့ဖူးသော်လည်း နှမြောစရာ ကောင်းသည်မှာ နောက်ပိုင်းတွင် ခွဲထုတ်ခံလိုက်ရခြင်း ပင် ဖြစ်သည်။
ထိုခေတ်အခါက ဧကရာဇ် များက ဘိုင်ကယ်ရေကန် မှာ ဆောင်းတွင်း ရောက်ပါက ရေခဲများ ဖုံးလွှမ်းသွားပြီး နေရာတိုင်းတွင် ရေခဲနေသဖြင့် မည်သည့် တန်ဖိုးမှ မရှိဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ဘိုင်ကယ်ရေကန် ၏ ရေချို အရင်းအမြစ် နှင့် ခရီးသွားလာရေး လုပ်ငန်းက အလွန် ဖွံ့ဖြိုး တိုးတက်ကြောင်းကို သူတို့ မသိရှိခဲ့ကြချေ။
သဘာဝ အရ ရေများပြားသော နေရာတွင် လူများပြားခြင်း က သဘာဝတရား၏ သတ်မှတ်ချက် ပင် ဖြစ်လေသည်။
ရွှီယန်က လမ်းကြုံသည့် အနေဖြင့် ချစ်သူကိုပါ ချိန်းဆိုလိုက်သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ ချစ်သူမှာ အလွန် လှပပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သော မိန်းကလေး တစ်ယောက် ဖြစ်ရာ အတူတကွ နေထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိလှပေသည်။
အချိန်တန်ပါက သူမနှင့် အတူ ရက်အနည်းငယ်ခန့် လည်ပတ်ပြီးနောက် သူမကို လေယာဉ်ပေါ် တင်ပေးကာ ပြန်လွှတ်လိုက်ပြီး မိမိဘာသာ လူသူကင်းမဲ့သော နယ်မြေများ အတွင်းသို့ ဝင်ရောက် စူးစမ်းရှာဖွေမည် ဖြစ်သည်။
ထို့ကြောင့် ခရီးစဉ်ကို ဆုံးဖြတ်ပြီးနောက် ရွှီယန်က ပစ္စည်းများ သိမ်းဆည်းကာ ဘိုင်ကယ်ရေကန် သို့ အားလပ်ရက် အနားယူရန် နှင့် ချိန်းတွေ့ရန် ထွက်ခွာသွားတော့သည်။
ရေကန်ရှုခင်း အခန်း၊ ရေငုပ်ခြင်း၊ ရေကူးခြင်း၊ ရေထွက်ပစ္စည်းများ စားသုံးခြင်း နှင့် မြင်းစီးခြင်း၊ ကာတင်းကား မောင်းနှင်ခြင်း များ ပါဝင်လေသည်။
ငွေရှိသူများ၏ ခရီးသွားလာခြင်း က အမြဲတမ်း ပျော်ရွှင်စရာ ကောင်းလှပေသည်။
သူတို့ နှစ်ယောက် ကလည်း ရွှီယန် ဆိုက်ဘေးရီးယား မှ ပြန်လာပါက ထိုင်ဝမ် ကျွန်း ဘက်သို့ သွားရောက်ကာ မိဘများနှင့် သွားရောက် တွေ့ဆုံရန် ကတိပြုလိုက်ကြသည်။
သို့သော် ရွှီယန်က ရယ်မောကာ ပြောလိုက်သည်။
"ဒီလို စကားမျိုး လျှောက်မပြောရဘူးလေ... ရုပ်သံ ဇာတ်လမ်းတွဲတွေထဲမှာ မကြည့်ဖူးဘူးလား... 'ငါ အသက်ရှင်လျက် ပြန်လာရင် မင်းကို လက်ထပ်မယ်' လို့ ပြောတဲ့သူတွေ အကုန်လုံး အခြေခံအားဖြင့် သေကုန်ကြတာချည်းပဲ... ဒါတွေက သေချာပေါက် သေရမယ့် လက္ခဏာ တွေပဲ..."
စုယွီထုံ က အနည်းငယ် စိတ်ဆိုးသွားပြီး ပြောလိုက်သည်။
"ဘယ်မှာ အဲဒီလို အယူအဆ ရှိလို့လဲ... ရှင် နိမိတ်မရှိတာတွေ လျှောက်မပြောနဲ့..."
"စိတ်ချပါ... အဲဒီလို မဖြစ်ပါဘူး... ကျွန်တော် က အရမ်း လုံခြုံပါတယ်..."
ရွှီယန် က ဤကဲ့သို့သော ပြဿနာမျိုးကို အလွယ်တကူ နောက်ပြောင်၍ မရကြောင်းကို သိရှိထားလေသည်။ အထူးသဖြင့် မိမိကို ဂရုစိုက်သော သူများ၏ အရှေ့တွင် ဖြစ်ရာ သူက ချစ်သူကို ပွေ့ဖက်ကာ ချော့မော့လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ချိုသာ နူးညံ့သော မိန်းကလေး ဖြစ်သဖြင့် ချော့မော့ရသည် ကလည်း အတော်လေး ပျော်ရွှင်စရာ ကောင်းလှပေသည်။
ခရီးသွား လည်ပတ်မှု အတော်လေး ပြီးဆုံးသွားသောအခါ ဆိုက်ဘေးရီးယား အနက်ပိုင်းသို့ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဆိုက်ဘေးရီးယား က အလွန် ကြီးမားလှပေသည်။
ပုံကြီးချဲ့ရလောက်အောင်ပင် ကြီးမားလှပေသည်။
ဤနေရာတွင် ကြီးမား ကျယ်ပြန့်သော သစ်တောအုပ်ကြီး များ ရှိနေပြီး နေရာတိုင်းတွင် လူသူကင်းမဲ့ နေတတ်လေသည်။
တစ်ခါတစ်ရံ ရွာငယ်လေး တစ်ရွာ ရှိတတ်သော်လည်း ပြင်ပကမ္ဘာ နှင့် အဆက်အသွယ် ပြတ်တောက်နေပြီး ဆောင်းတွင်း ရောက်ပါက ရိက္ခာ ထောက်ပံ့ရေး ကားများ ပင်လျှင် ဖြတ်သန်းသွားလာ၍ မရနိုင်ချေ။
ဤသည်မှာ လူသူကင်းမဲ့သော ဆိုက်ဘေးရီးယား ပင် ဖြစ်လေသည်။
ရုရှား ၏ လူဦးရေ အများစု က ဥရောပ ဘက်တွင်သာ စုစည်းနေကြပြီး ဆိုက်ဘေးရီးယား တွင် ကျန်ရစ်သူ အလွန် နည်းပါးလှပေသည်။
သို့သော် ဤဘက်တွင် ဇာတ်လမ်း အများအပြား ရှိလေသည်။ ဥပမာအားဖြင့် လယ်ယာခြံဝင်း ပိုင်ရှင် အများအပြား က ဝက်ဝံ မွေးမြူထားကြခြင်း ပင် ဖြစ်သည်။
ရွှီယန် ကလည်း ကံကောင်းလှပေသည်။ ရွာထဲရှိ ဆွေမျိုး တစ်ယောက် က ရုရှား တွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူက ထိုသူနှင့် အဆက်အသွယ် ပြုလုပ်လိုက်ပြီးနောက် တည်းခိုရန် နေရာတစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုနေရာမှာ လူသူကင်းမဲ့သော နယ်မြေ၏ အတွင်းပိုင်းရှိ ရွာငယ်လေး တစ်ရွာ ဖြစ်ပြီး ဒေသခံ မိသားစု တစ်စုက သူ့ကို ဧည့်ခံမည် ဖြစ်လေသည်။
ရွာလေးက သစ်တောအုပ်ကြီး ၏ ဘေးတွင် တည်ရှိလေသည်။
အိမ်တစ်လုံး နှင့် တစ်လုံး အကြား အကွာအဝေး ကလည်း အတော်လေး ဝေးကွာလှပေသည်။
အစပိုင်းတွင် ရွှီယန်က ဂရုမစိုက်ခဲ့သော်လည်း ထိုမိသားစု ထံသို့ ရောက်ရှိသွားသော အခါတွင်တော့ ရွှီယန် တစ်ယောက် ထုံကျဉ်သွားရတော့သည်။
ဤမိသားစု က ဝက်ဝံ မွေးထားလေသည်။ သက်ရှိထင်ရှား ဝက်ဝံညို ကြီး တစ်ကောင် ဖြစ်လေသည်။
ဝက်ဝံညို ကို မြင်လိုက်ရသော အခိုက်အတန့်တွင် ရွှီယန်က သူ၏ လယ်ယာခြံဝင်း မှာ အတော်လေး သမားရိုးကျ ဆန်လွန်းနေသေးသည် ဟု ခံစားလိုက်ရသည်။
သူ၏ လယ်ယာခြံဝင်း က ကျားသစ် နှင့် တောဝံပုလွေ များကိုသာ မွေးမြူထားခြင်း ဖြစ်လေသည်။
ဤမိသားစု မွေးမြူထားသည် ကတော့ တကယ့်ကို ဝက်ဝံညို အစစ်ကြီး ပင် ဖြစ်လေသည်။
"လခွမ်း... ဝက်ဝံ လား..."
ရွှီယန်က ဝက်ဝံညို ကို မြင်သောအခါ မျက်လုံးများပင် အရောင်တောက်ပ လာခဲ့သည်။
ဤအိမ်ရှင် က အလွန် ထွားကျိုင်းသော အမျိုးသားကြီး တစ်ဦး ဖြစ်ပြီး မူလက ရွှီယန် ဝက်ဝံကို ကြောက်မည် စိုးသဖြင့် ဤဝက်ဝံကို ငယ်စဉ်ကတည်းက သူတို့ မွေးမြူလာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြရန် ရည်ရွယ်ထားခဲ့လေသည်။
သို့သော် ရွှီယန် က အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ချေ။
ထို့အပြင် ဝက်ဝံညို နှင့် အနီးကပ် ထိတွေ့ရသည် က ခံစားချက် မဆိုးလှဘူး ဟုပင် ထင်မှတ်နေသေးသည်။
"ဝက်ဝံညို ကြီး ပါလား... ခင်ဗျားတို့ မွေးထားတာ မဆိုးဘူးပဲ..."
ရွှီယန် က ရုရှား စကား အနည်းငယ် တတ်ကျွမ်းသဖြင့် တစ်ဖက်လူ နှင့် ရိုးရှင်းစွာ ဆက်သွယ် ပြောဆိုနိုင်လေသည်။
တစ်ဖက်လူ က ရွှီယန်၏ အခြေအနေကို မြင်သောအခါ အထူးပင် ပျော်ရွှင်သွားတော့သည်။
ညဘက် ရောက်သောအခါ ရွှီယန်ကို ဆွဲခေါ်၍ အရက်သောက်ရန် ပြင်ဆင်တော့သည်။
ဤဘက်ရှိ လူများက မည်သည့် ဝါသနာမှ မရှိဘဲ အရက်သောက်နိုင်ကြကာ ငွေရှိသည် နှင့် အရက်သောက်လေ့ ရှိကြသည်။
ရွှီယန် ကလည်း ယခုမှ ရောက်လာခြင်း ဖြစ်ရာ တစ်ညလုံး လွတ်လွတ်လပ်လပ် အရက်သောက်လိုက်လေသည်။
ထို့နောက် သူက ဝက်ဝံညို ကို အတော်လေး စိတ်ဝင်စားနေမိသည်။
ဒုတိယနေ့တွင် သူက ဗီဒီယို တစ်ခု ရိုက်ကူးလိုက်ပြီး တစ်ဖက်တွင် အားလုံးကို ယခု ရောက်ရှိနေသော နေရာကို မိတ်ဆက်ပေးရန် ဖြစ်သလို အခြား တစ်ဖက်တွင်တော့ တိုက်ရိုက်ထုတ်လွှင့်မှု အတွက် ကြိုတင် အသိပေးရန် ပင် ဖြစ်လေသည်။
ဗီဒီယိုကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ကလည်း ဆူညံပွက်လောရိုက် သွားကြတော့သည်။
အခန်း ၃၈၆။ အပျိုစင်သစ်တော၏ အန္တရာယ်၊ ကြွက်ခဲမြွေ - ဒီလူကို ရန်မစရဲဘူး
အင်တာနက်သုံးစွဲသူအချို့က ရွှီယန် အသစ်တင်ထားသော ဗီဒီယိုကို ဖွင့်ကြည့်လိုက်ကြသည်။
မြင်ကွင်းထဲတွင် ရွှီယန်က အနည်းငယ် ဟောင်းနွမ်းနေသော ခြံဝင်းတစ်ခုထဲ၌ ထိုင်နေပြီး ဘေးတွင် ခွဲခြမ်းထားသော ထင်းများကို အမြင့်ကြီး စီပုံထားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဧရာမ ဝက်ဝံညိုကြီး တစ်ကောင်က ရွှီယန်၏ အနောက်တွင် ရပ်လျက် ဖော်ရွေသော မျက်နှာပေးမျိုး ပြသနေလေသည်။
ဗီဒီယို မျက်နှာဖုံးပုံကို မြင်လိုက်ရုံဖြင့်ပင် အင်တာနက်သုံးစွဲသူများ အားလုံး ထုံကျဉ်သွားကြတော့သည်။
'လခွမ်း... ဝက်ဝံညိုကြီးပါလား'
'လောင်ရွှီ က ဘယ်လိုလုပ်ပြီး ဝက်ဝံညို နဲ့ ထပ်ပတ်သက်နေပြန်တာလဲ'
'အရမ်းကို အဓိပ္ပာယ်မဲ့လွန်းနေပြီ'
အားလုံးက ဗီဒီယိုထဲသို့ ဝင်ကြည့်လိုက်သောအခါ ရွှီယန်၏ ရှင်းပြသံကို ကြားလိုက်ရသည်။
"အခု ကျွန်တော် ဆိုက်ဘေးရီးယားက ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ ရောက်နေတာ... ဒီမှာ လယ်ယာခြံဝင်းငယ်လေး တစ်ခုရှိတယ်... ခြံရှင်က အီဗန် လို့ခေါ်တယ်..."
"ဒီဝက်ဝံညိုကြီးကို အီဗန် တို့က ငယ်ငယ်ကတည်းက ကယ်တင်ထားခဲ့တာ... သူတို့ မိသားစု နဲ့ အတူတူ ကြီးပြင်းလာခဲ့ရတော့ လူတွေကို အရမ်း ခင်တွယ်တယ်..."
"ရွာသားတွေကလည်း သူ့ကို အစာကျွေးရတာ သဘောကျကြတယ်..."
"ဒီဝက်ဝံညိုကြီးရဲ့ စရိုက်က တော်တော်လေး ကောင်းတယ်... ကျွန်တော် ဒီမှာ ဧည့်သည် လာလုပ်ရင်း သူ့ကို စနောက်ရတာ တော်တော်လေး သဘောကျနေပြီ..."
ရွှီယန်က ရှင်းပြနေရင်း တစ်ဖက်မှလည်း လက်ဆန့်ထုတ်ကာ ခေါင်းထက်ရှိ ဝက်ဝံညိုကြီးကို ပွတ်သပ်ပေးလိုက်သည်။
ဤဝက်ဝံညိုကြီးက ရွှီယန်ထက် ခေါင်းတစ်လုံးခန့် ပိုမို အရပ်ရှည်ပြီး မတ်တတ်ရပ်လိုက်ပါက ဘီလူးကြီး တစ်ကောင်နှင့်ပင် တူနေကာ ကြည့်ရသည်မှာ အတော်လေး ကြောက်စရာကောင်းလှပေသည်။ သို့သော် မျက်နှာ အမူအရာ ကတော့ အလွန် အူကြောင်ကြောင် နိုင်လှပြီး ရွှီယန် ပွတ်သပ်ပေးသည့် အချိန်တွင်လည်း လိမ္မာရေးခြား ရှိစွာဖြင့် ငြိမ်နေလေသည်။
ဤသို့ ငယ်စဉ်ကတည်းက လူများနှင့် အတူ ကြီးပြင်းလာခဲ့ရသော ဝက်ဝံညိုများက အလွန် ကောင်းမွန်ပြီး စရိုက် ကလည်း အလွန် ဖော်ရွေလှပေသည်။ ရွှီယန် ကိုယ်တိုင်လည်း ဤမျှလောက် ဖော်ရွေသော ဝက်ဝံညိုကြီးကို ပထမဆုံး အကြိမ် ထိတွေ့ဖူးခြင်း ဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
အင်တာနက်သုံးစွဲသူများက ရွှီယန်၏ ဗီဒီယိုကို ကြည့်ရှုပြီးနောက် မှတ်ချက်ပေးသည့် နေရာသို့ ဝင်ရောက်လာကြပြီး ရွှီယန်၏ ကိစ္စရပ်များကို အဆက်မပြတ် ဆွေးနွေး ပြောဆိုနေကြတော့သည်။
[လောင်ရွှီ က ဘယ်ကို ရောက်သွားပြန်တာလဲ... ဆိုက်ဘေးရီးယား ထိတောင် ရောက်သွားတာလား]
[လခွမ်း... အရင်တုန်းက လောင်ရွှီ ကျားသစ် မွေးတာကိုပဲ သတ္တိကောင်းလှပြီ ထင်နေခဲ့တာ... သူ့ထက် သတ္တိကောင်းတဲ့ သူတွေ ရှိနေသေးတာပဲ... ဝက်ဝံညို ကိုတောင် မွေးထားသေးတယ်]
[ဒီအကြောင်းတွေကို ငါက ဟာသတွေ လို့ပဲ အမြဲတမ်း ထင်နေခဲ့တာ]
[လခွမ်း... ဝက်ဝံညိုကြီးက ဒီလောက်တောင် ကြီးတာလား... ကြည့်ရတာ တကယ် ကြောက်စရာကြီးပဲ]
[တကယ် အစွမ်းထက်တာပဲ... ဝက်ဝံညိုကြီး ကိုတောင် သွားပြီး ပွတ်သပ်နေသေးတယ်]
[မြန်မြန် လိုက်ဖ်လွှင့်ပါတော့]
အင်တာနက်သုံးစွဲသူများက ရွှီယန် ချက်ချင်း တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန် မျှော်လင့်နေကြသည်။
ရွှီယန် ကလည်း ထိုသို့ ရည်ရွယ်ထားသော်လည်း အီဗန် ၏ အိမ်တွင် တစ်ရက်ခန့် အနားယူရဦးမည် ဖြစ်သည်။
ဤဘက်ရှိ အစားအသောက်များက အဓိကအားဖြင့် အသားကိုသာ စားသုံးကြလေသည်။ ဤနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အီဗန် က အမဲလိုက်ရာမှ တောဝက် တစ်ကောင် ရရှိလာခဲ့ပြီး ရွှီယန်ကို ဧည့်ခံရန် ပြင်ဆင်နေလေသည်။
ဧည့်သည် ဖြစ်သော်လည်း တစ်ခုခုတော့ ဝင်လုပ်ပေးရမည်သာ ဖြစ်သည်။ ထို့ကြောင့် ရွှီယန်က ဟင်းချက်သည့် တာဝန်ကို ကိုယ်တိုင် ယူလိုက်သည်။
အီဗန် က တောဝက်သားကို အသင့် ပြင်ဆင်ပြီးသောအခါ ရွှီယန်က တောဝက်သား၏ အညှီနံ့များကို ဖယ်ရှားကာ အရသာသွင်းပြီးမှ မီးဖိုပေါ်တွင် ကင်လိုက်သည်။ အရသာသွင်းပြီးမှ ကင်လိုက်သဖြင့် အရသာက အများကြီး ပို၍ ကောင်းမွန်သွားခဲ့သည်။
ထိုအရသာက အီဗန် တို့ မိသားစု တစ်စုလုံးကို အဆက်မပြတ် ချီးကျူးသွားစေခဲ့သည်။
ရွှီယန်၏ အဝေးဆွေမျိုး ဖြစ်သူ ကျန်းဟဲ့ ကလည်း အတူတကွ လိုက်ပါလာခဲ့သည်။ ဤနေရာသို့ ရွှီယန်ကို ခေါ်ဆောင်လာခဲ့သူမှာ ကျန်းဟဲ့ ပင် ဖြစ်ပြီး ဘာသာစကား အခက်အခဲ ရှိသည့် နေရာများတွင် သူ့ကို ဘာသာပြန် အဖြစ် အသုံးပြုရလေသည်။
အခြားသူများကလည်း အလကား လာရောက် ကူညီပေးခြင်း မဟုတ်သဖြင့် ရွှီယန်က လမ်းပြခ အဖြစ် ယွမ် သုံးသောင်း ပေးအပ်ခဲ့လေသည်။ ထို့အပြင် အီဗန် ကိုလည်း ဤနေရာတွင် တည်းခိုခ ပေးချေခဲ့သေးသည်။ အပြင်ထွက်ပါက သေချာပေါက် ငွေသုံးရမည်သာ ဖြစ်သည်။
အီဗန် က ရွှီယန်မှာ တရုတ်နိုင်ငံမှ နာမည်ကြီး စွန့်စားရှာဖွေသူ တစ်ဦးဖြစ်ကြောင်း သိရှိသွားပြီးနောက် ရွှီယန်၏ ဗီဒီယို အချို့ကို ကြည့်ရှုပြီးသောအခါ ရွှီယန် အပေါ် အမြင်များ ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ် အရွယ်အစား အရ ဆိုလျှင် အီဗန် က ပို၍ ထွားကျိုင်း သန်စွမ်းသော်လည်း သူကိုယ်တိုင်ပင် ကျားကို မြင်လျှင် သွားရောက် မရန်စရဲချေ။
သို့သော် ရွှီယန်က ကြမ်းကြုတ်သော ကျားကို ယဉ်ပါးအောင် လုပ်နိုင်ရုံသာမက ဆင်ကြီးများကိုပါ ယဉ်ပါးအောင် လုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဤသည်က အနည်းငယ် အဓိပ္ပာယ်မဲ့လွန်းလှပေသည်။
"ကံကောင်းလို့ပါ..."
ရွှီယန်က လက်ခါပြကာ ပြုံးလျက် ပြောလိုက်သည်။
"ဒါက ကံကောင်းရုံ သက်သက်နဲ့ လုပ်လို့ ရတာ မဟုတ်ဘူး... ကျွန်တော်တို့ ဘက်က လူတွေလည်း အမဲလိုက်ကြတယ်... သစ်တောထဲက တိရစ္ဆာန်တွေ အကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါတယ်... လူသူကင်းမဲ့တဲ့ နယ်မြေမှာ လှုပ်ရှားသွားလာရတာ အရမ်း အန္တရာယ်များတယ်... ပုံမှန်ဆို ကျွန်တော်တို့က လူအများကြီး အတူတူ သွားလေ့ရှိတာ... မင်း တစ်ယောက်တည်း အနက်ပိုင်းထိ ဝင်ရဲတယ် ဆိုတော့ သာမန်လောက် အစွမ်းထက်တာ မဟုတ်ဘူး..."
အီဗန် ပြောသည်ကလည်း မှန်ကန်ပေသည်။ အဓိက အကြောင်းရင်းမှာ ဆိုက်ဘေးရီးယား အပျိုစင် သစ်တော ၏ ဧရိယာက အလွန် ကြီးမားလွန်းသဖြင့် အန္တရာယ် များပြားခြင်း ဖြစ်လေသည်။ ပြည်တွင်းတွင်တော့ နှိုင်းယှဉ်ချက် အရ အနည်းငယ် ပို၍ လုံခြုံလှပေသည်။
ရွှီယန် လည်း ဘာမှ ထပ်မပြောတော့ချေ။ သူက မနက်ဖြန်တွင် သစ်တောထဲသို့ ဝင်ရောက်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန် ရည်ရွယ်ထားလေသည်။
အန္တရာယ်များသော နေရာသို့ မသွားရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှား နေမိသည်။ တိုက်ဆိုင်စွာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အကြိမ်ရေ ကလည်း ပြည့်နေပြီ ဖြစ်လေသည်။
ဒုတိယနေ့တွင် အီဗန် က ကားမောင်းကာ ရွှီယန်ကို အဝေးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ကျန်းဟဲ့ ကလည်း ဘာသာပြန် အဖြစ် အတူတကွ လိုက်ပါလာခဲ့သည်။
"မင်း တကယ်ပဲ တစ်ယောက်တည်း ဝင်သွားမလို့လား... အရမ်း အန္တရာယ် များလွန်းတယ်..."
အီဗန် က ထပ်မံ မေးမြန်းလိုက်သည်။
သူ၏ စိုးရိမ်မှု ကလည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်ချေ။ လူတစ်ယောက်တည်း ဆိုက်ဘေးရီးယား အပျိုစင် သစ်တော အတွင်းသို့ ဝင်ရောက်ခြင်းမှာ သေဆုံးနိုင်ခြေ အလွန် မြင့်မားလှပေသည်။
ဤနေရာက စစ်မှန်သော သဘာဝတရား ကြီး ဖြစ်ပြီး သေနတ် ကဲ့သို့သော လက်နက်များ မပါရှိပါက သဘာဝတရား ကြီး၏ အားနည်းသူက အားကြီးသူ၏ အစာ ဖြစ်ရမည် ဆိုသော စည်းမျဉ်းထဲသို့ တန်းတူညီမျှ ဝင်ရောက် ယှဉ်ပြိုင်ရမည်သာ ဖြစ်သည်။ အန္တရာယ်များသော သားရဲတိရစ္ဆာန် များနှင့် ကြုံတွေ့ရပါက ထွက်ပြေး လွတ်မြောက်ရန် အလွန် ခက်ခဲလှပေသည်။ မည်သို့ပင်ဖြစ်စေ လူသားများ၏ လက်ဗလာ တိုက်ခိုက်နိုင်စွမ်း က ထိုမျှလောက် မမြင့်မားချေ။
"စိတ်ချပါ... ပြဿနာ မရှိပါဘူး..."
ရွှီယန် က ပြန်လည် ဖြေကြားလိုက်သည်။
"ငါပါ မင်းနဲ့ အတူတူ လိုက်ခဲ့ရမလား... မင်း ဒီလိုပုံစံ နဲ့ ဆိုရင် တစ်ခုခု ဖြစ်သွားမှာကို ငါ တကယ် စိုးရိမ်နေမိတယ်... ငါလည်း တာဝန်ယူရဦးမယ်လေ..."
ရွှီယန် က ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသလို သစ်တော နှင့်လည်း မရင်းနှီးသဖြင့် အန္တရာယ် ရှိနိုင်သောကြောင့် အီဗန် က စိတ်မချနိုင်သေးချေ။
"ကိစ္စမရှိပါဘူး... ကျွန်တော် က အထဲဝင်ပြီး လိုက်ဖ်လွှင့်မလို့ပါ... ပြီးတော့ ဗီဒီယို အထောက်အထား လည်း မှတ်တမ်း တင်ထားပါတယ်... သစ်တောထဲ ဝင်တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ပါ... ဘာကိစ္စပဲ ဖြစ်ဖြစ် ကျွန်တော့် ဘာသာ တာဝန်ယူမှာပါ... ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး..."
ရွှီယန် က ထပ်မံ ပြောလိုက်သည်။ ရွှီယန် ဤမျှလောက် လေးလေးနက်နက် ပြောနေသည်ကို မြင်သောအခါ အီဗန် လည်း ဆက်မပြောတော့ချေ။
တောကြမ်းစီးကား က လူသူကင်းမဲ့သော လွင်ပြင် အတိုင်း အရှေ့သို့ တောက်လျှောက် မောင်းနှင်လာခဲ့ပြီး အချိန် အတော်ကြာ မောင်းနှင်ပြီးနောက် အဝေးမှနေ၍ ဧရာမ အပျိုစင် သစ်တောအုပ်ကြီး များကို မြင်တွေ့လိုက်ရသည်။ ယခုက နွေရာသီ ဖြစ်သဖြင့် ဤအပျိုစင် သစ်တောများ က စိမ်းလန်းစိုပြေနေပြီး အသက်ဝင် လှုပ်ရှားမှု များနှင့် ပြည့်နှက်နေလေသည်။
ဆိုက်ဘေးရီးယား ၏ နယ်မြေက အလွန် ကျယ်ဝန်းပြီး သစ်တော၊ လွင်ပြင် နှင့် ရေတိမ်ပိုင်း စသည့် မြေပြင် အနေအထား မျိုးစုံ ရှိလေရာ ဤနေရာတွင် မည်သည့် တိရစ္ဆာန် မျိုးမဆို ရှိနေနိုင်လေသည်။ သစ်တော အစပ်သို့ ရောက်သောအခါ ကားက ဆက်လက် ဝင်ရောက်၍ မရနိုင်တော့ချေ။
ရွှီယန် က ကားပေါ်မှ ဆင်းကာ တောင်တက် ကျောပိုးအိတ်ကို လွယ်၍ အတွင်းဘက်သို့ လျှောက်သွားရန် ပြင်ဆင်လိုက်သည်။
"အရမ်း အတွင်းပိုင်း ထိ မဝင်သွားနဲ့နော်... အပြင်ဘက် အစွန်ပိုင်း လောက်ဆိုရင် ကျားတွေ မရှိဘူး... ကျားတွေ အကုန်လုံး က အနက်ပိုင်း ထဲမှာပဲ သွားလာလှုပ်ရှား ကြတာ..."
အီဗန် က ထပ်မံ သတိပေးလိုက်သေးသည်။
"ကျေးဇူးပါ..."
ရွှီယန် က ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် ရွှီယန် က သစ်တော အနက်ပိုင်း သို့ ဝင်ရောက်သွားခဲ့သည်။
ဤနေရာတွင် မည်သည့် နေရာဖြစ်ကြောင်း အခြားသူများ သိရှိသွားမည်ကို စိုးရိမ်စရာ မလိုသဖြင့် အတွင်းသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် ရွှီယန် က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။
မကြာခင်မှာပင် အင်တာနက်သုံးစွဲသူများ က ယခင်တိုင်းပင် လျင်မြန်စွာ ဝင်ရောက်လာကြသည်။ အားလုံးက သူ ဘယ်နေရာ ရောက်နေမှန်း မသိကြသော်လည်း ပတ်ဝန်းကျင် တွင် မြင့်မား ဖြောင့်တန်းသော သစ်ပင်ကြီးများ ရှိနေပြီး မြေကြီးပေါ်တွင် ပေါင်းပင်များ ရှိသော်လည်း နွယ်ပင်များ နည်းပါးသဖြင့် လမ်းလျှောက်ရသည်မှာ အတော်လေး လွယ်ကူကြောင်းကို မြင်တွေ့လိုက်ရသည်။
ဤကဲ့သို့သော သစ်တောမျိုး ယခုအခါတွင် အလွန် ရှားပါးလှပေသည်။ ဤသည်မှာ ကျယ်ပြန့်သော လွင်ပြင် သစ်တော တစ်ခုဖြစ်ပြီး တောင်ကုန်းများ ရှိလျှင်ပင် သေးငယ်သော တောင်ကြားလေး တစ်ခုမျှသာ ရှိလေသည်။
လူဦးရေ ထူထပ်သော နေရာများတွင် ကြီးမား ကျယ်ပြန့်သော လွင်ပြင်များ ဆိုပါက လူနေအိမ်ရာ များနှင့် စီးပွားရေး ဇုန်များ အဖြစ် ပြောင်းလဲ တည်ဆောက်ထားပြီး ဖြစ်လေသည်။ ပုံမှန်အားဖြင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများက တောင်တန်းများ အထိ တိုးချဲ့ပြီးမှသာ ရပ်တန့်သွားလေ့ ရှိသဖြင့် ညီညာပြန့်ပြူးသော သစ်တောများ အလွန် ရှားပါးခြင်း ဖြစ်လေသည်။
ဤဘက်ရှိ ရာသီဥတု အခြေအနေ က အလွန် ဆိုးရွားပြီး လူဦးရေ နည်းပါးကာ မရေမတွက်နိုင်သော သယံဇာတ များကို ထုတ်ယူ အသုံးမပြုရသေးသဖြင့်သာ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
အားလုံးက သစ်တော၏ မြင်ကွင်းကို ကြည့်ရင်း အံ့ဩ ချီးကျူးနေကြစဉ် ရွှီယန် ၏ ရှင်းပြသံကို ကြားလိုက်ရသည်။
"အခု ကျွန်တော် က ဆိုက်ဘေးရီးယား က သစ်တော လူသူကင်းမဲ့ နယ်မြေ ထဲမှာ ရောက်နေတာပါ..."
"ဒါက ကျွန်တော် သွားဖူးသမျှ ထဲမှာ အသက်သာဆုံး သစ်တော လို့ ပြောရမယ်... လမ်းတစ်လျှောက်လုံး ဝင်လာတာ မြေပြင်က ညီညာ ပြန့်ပြူးနေပြီး အနိမ့်အမြင့် မြေပြင် အနေအထား မျိုး မရှိဘူး..."
"ပြီးတော့ လမ်းကို ပိတ်ဆို့နေတဲ့ နွယ်ပင်တွေ မြက်ရိုင်းတွေလည်း နည်းပါးတော့ တော်တော်လေး လွယ်လွယ်ကူကူ ဖြတ်သွားလို့ ရတယ်..."
"လတ္တီတွဒ် မြင့်မားတဲ့ ဒေသက သစ်တောတွေ ရဲ့ အလှတရား တစ်မျိုး ပေါ့..."
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ ကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ဤနေရာက ကြည့်ရသည်မှာ တကယ်ကို မဆိုးလှချေ။ ထို့အပြင် ရွှီယန် က အတွင်းဘက်သို့ ဆက်လက် လျှောက်သွားရာ သိပ်မကြာခင်မှာပင် တောသမင် အချို့ အရှေ့မှနေ၍ အလျင်စလို ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရရာ ဤနေရာတွင် ဇီဝမျိုးစိတ်များ အလွန် ကြွယ်ဝကြောင်းကို သက်သေပြနေလေသည်။
"သမင် တွေ တော်တော် များတာပဲ... ခန့်မှန်းရသလောက် ပတ်ဝန်းကျင် မှာ သားရဲတိရစ္ဆာန် တွေလည်း မနည်းလောက်ဘူး..."
"ကျွန်တော် ဒီမှာ လှုပ်ရှား သွားလာရင် သတိထားမှ ရမယ်..."
"ဝက်ဝံညို... ကျား... ဧရာမ တောဝက်ကြီး... တောခွေး နဲ့ ဝံပုလွေ တွေ အကုန်လုံး က ကျွန်တော် ရင်ဆိုင်နိုင်တဲ့ ကောင်တွေ မဟုတ်ဘူး..."
"ပြီးတော့ ဒီသစ်တော ရဲ့ မြင်ကွင်း က တော်တော်လေး ရှင်းလင်းနေတော့ ပတ်ဝန်းကျင် ကို အမြဲတမ်း စောင့်ကြည့်နေမှ ရမယ်..."
"ပတ်ဝန်းကျင် ကနေ ကျား တစ်ကောင် အချိန်မရွေး ထွက်လာနိုင်တယ်လေ..."
ရွှီယန် က ပတ်ဝန်းကျင် ကို ကြည့်ရှုရင်း အေးအေးဆေးဆေး ပင် ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် အင်တာနက်သုံးစွဲသူများ မှာ ချက်ချင်းပင် စိုးရိမ် ထိတ်လန့်လာကြတော့သည်။
'ဘာကြီးလဲ...'
'ပတ်ဝန်းကျင် ကနေ ကျား တစ်ကောင် အချိန်မရွေး ထွက်လာနိုင်တယ် ဟုတ်လား...'
'ဒါက နည်းနည်း အဓိပ္ပာယ်မဲ့လွန်း မနေဘူးလား...'
'ဒါက တကယ်ကို အသက်နဲ့ ရင်းပြီး ကစားနေတာပဲ...'
အားလုံးက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပုံစံကို သိရှိထားကြပြီး စိုးရိမ် ထိတ်လန့်စရာ ကောင်းခြင်း၊ စိတ်လှုပ်ရှားစရာ ကောင်းခြင်း၊ လက်တွေ့ကျခြင်း နှင့် မသိနားမလည်သော အရာများ ပြည့်နှက်နေခြင်း ပင် ဖြစ်လေသည်။
အဓိက အချက်မှာ ရွှီယန် က အနည်းငယ်မျှပင် မကြောက်ရွံ့ခြင်း ပင်။ သူ့ တစ်ယောက်တည်း သာ ဤကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ရဲပြီး အခြား မည်သူမျှ လိုက်လုပ်ရဲမည် မဟုတ်ချေ။
ဤတစ်ကြိမ် တွင်လည်း ဆိုက်ဘေးရီးယား ကုန်းပြင်မြင့် တွင် ဖြစ်ရာ ဗီဒီယို အတို ပလက်ဖောင်း ဘက်မှ သူ့ကို သီးသန့် အစီအစဉ် တစ်ခု ပြုလုပ်ပေးထားလေသည်။
လူကြိုက်များသော သတင်း ခေါင်းစဉ်များ ထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်ပါက ရွှီယန်၏ ဓာတ်ပုံ နှင့် စာသားများကိုပါ မြင်တွေ့နိုင်လေသည်။ တကယ့်ကို ဂုဏ်ကျက်သရေ အပြည့်အဝ ပေးထားခြင်း ပင် ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ကြည့်ရှုသူ များ ကလည်း ပို၍ ပို၍ များပြားလာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ၏ လူကြိုက်များမှု ကလည်း ပေါက်ကွဲထွက်မတတ် မြင့်မားနေလေသည်။ ထပ်မံ၍ နာမည်ကြီးလာပြန်ပြီ ဖြစ်သည်။ ပုံမှန် အချိန်များတွင် တိုက်ရိုက်ထုတ်လွှင့်ပါက လူအနည်းငယ် နည်းပါးနိုင်သော်လည်း ရွှီယန် က အလုပ်ကြီး အလုပ်ခွင်များ လုပ်ဆောင်ပြီ ဆိုပါက ပရိသတ် အဟောင်းများ၊ ပရိသတ် အသစ်များ၊ လမ်းသွားလမ်းလာများ စသည်ဖြင့် အားလုံး ရောက်ရှိလာကြလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှီယန် ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသူ အရေအတွက် က တဟုန်ထိုး မြင့်တက်လာခဲ့သည်။
နောက်ကွယ်ရှိ အချက်အလက်များ အရ လူငါးသိန်းကျော် တစ်ပြိုင်နက်တည်း ကြည့်ရှုနေကြပြီး ဤအရေအတွက် က အဆက်မပြတ် တိုးပွားနေဆဲပင် ဖြစ်သည်။ တကယ့်ကို တိုက်ရိုက်ထုတ်လွှင့်မှု လောက၏ ထိပ်တန်း အဆင့်ပင်။ အလုပ်ကြီး အလုပ်ခွင် လုပ်ဆောင်ပြီ ဆိုသည်နှင့် တကယ်ကို ကွာခြားလှပေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန် လည်း အနည်းငယ် သတိထားနေလေသည်။ ချန်ပိုင်တောင်တန်း သို့ ပထမဆုံး အကြိမ် ဝင်ရောက်ခဲ့စဉ် ကကဲ့သို့ပင် ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု က အလွန် ကောင်းမွန်နေပြီး အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး ကျွမ်းကျင်မှုများ ရှိနေသော်လည်း စစ်မှန်သော သဘာဝတရား ကြီးထဲသို့ တစ်ယောက်တည်း ဝင်ရောက်ရခြင်း ကတော့ လုံလောက်မှု မရှိသေးချေ။
သစ်တော ထဲတွင် နေရာတိုင်း၌ အန္တရာယ်များ ပြည့်နှက်နေလေသည်။
ထိုစဉ်မှာပင် ရွှီယန် က ပတ်ဝန်းကျင် တွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သဖြင့် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များ ကလည်း စူးရှလာခဲ့သည်။
[ဘာဖြစ်လို့လဲ... ဘာကိစ္စ ရှိလို့လဲ]
ရွှီယန် ထိုသို့ ဖြစ်နေသည်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ က ချက်ချင်းပင် မေးမြန်းလိုက်ကြသည်။ အားလုံးက သူ့ကို အလွန် နားလည်ထားကြပြီး ရွှီယန် က တစ်ခုခုကို သေချာပေါက် ရှာတွေ့သွားပြီ ဖြစ်ကြောင်း သိရှိကြလေသည်။
"စောစောက တစ်ခုခု လှုပ်ရှားသွားတာကို သတိထားမိလိုက်တယ်... ဟိုဘက်ကို ကြည့်လိုက်... ကြွက်ခဲမြွေ တစ်ကောင်ပဲ... တော်တော် ကြီးတယ်..."
"ဒါပေမဲ့ ကြွက်ခဲမြွေ တွေက အဆိပ် မရှိပါဘူး... ကျွန်တော့် အတွက်တော့ ဘာအကျိုးသက်ရောက်မှု မှ မရှိပါဘူး..."
ရွှီယန် က အရှေ့ဘက်သို့ လက်ညှိုးထိုးပြကာ သူ၏ ရှာဖွေ တွေ့ရှိမှုကို အင်တာနက်သုံးစွဲသူများ အား ပြောပြလိုက်သည်။
အားလုံးက အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ မြက်ပင်များ ကြားတွင် သေးသွယ် ရှည်လျားသော မြွေတစ်ကောင်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။ မြွေကြောက်တတ်သော အင်တာနက်သုံးစွဲသူများ မှာ ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့သည်။
ရွှီယန် ကတော့ မြွေကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ အလွန် စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေလေသည်။
"ကြွက်ခဲမြွေ တွေက မြွေလောက မှာ တိုက်ခိုက်နိုင်စွမ်း တော်တော် ကောင်းတယ်... အဆိပ်ပြင်းတဲ့ မြွေတွေ တောင် ဖယ်ပေးရတယ်..."
"အကယ်၍ အားလုံးက သဘာဝတရား ကြီး အကြောင်းကို နားလည်မယ် ဆိုရင် ခွန်အား ကသာ အဓိက ဆိုတာကို သိကြမှာပါ... အဆိပ် သုံးတဲ့ တိရစ္ဆာန် အများစု က မူလ ကတည်းက အားနည်းတဲ့ ကောင်တွေပါ..."
"သေချာတာကတော့ အဆိပ်ရှိတဲ့ အကောင်တွေကို သွားမရန်စတာ အကောင်းဆုံးပါပဲ..."
ဤအချိန်တွင် ကြွက်ခဲမြွေ ကလည်း ရွှီယန်ကို သတိထားမိသွားခဲ့သည်။
လူများက မြွေကို ကြောက်သကဲ့သို့ မြွေများ ကလည်း လူကို ကြောက်ကြလေသည်။ ၎င်းက ခန္ဓာကိုယ်ကို မြှောက်ကာ တစ်ချက် လှမ်းကြည့်လိုက်ပြီး ရွှီယန် ဖြစ်နေသည်ကို မြင်သောအခါ နောက်လှည့်ကာ ခပ်သုတ်သုတ် တွားသွား ထွက်ပြေးသွားတော့ရာ အရှိန်က အလွန် မြန်ဆန်လှပေသည်။
ဤသို့ ပြောနေသည့် အလားပင်။
'ရန်မစရဲဘူး... ဒီလူကို သေချာပေါက် ရန်မစရဲဘူး…’