အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း ၃၈၇။ ကလေးကို စနောက်ကစားခြင်း။ တောဝက်ပေါက်လေးက ဧရာမ တောဝက်ကြီးများကို ခေါ်လာခြင်း။
"တော်တော် မြန်မြန် ပြေးသွားတာပဲ..."
ခန္ဓာကိုယ်ကို အဆက်မပြတ် ကွေးကောက်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသော ကြွက်ခဲမြွေကို ကြည့်ရင်း ရွှီယန် နေရာတွင်ပင် ရပ်လျက် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဤကြွက်ခဲမြွေက ခန္ဓာကိုယ်ကို မြှောက်ကာ သူ့ကို တစ်ချက် ကြည့်ပြီးနောက် ထွက်ပြေးသွားပုံရသည်။ သူက အလွန် ကြောက်စရာ ကောင်းနေသည့် အလားပင် ဖြစ်သည်။
"ဒီလောက်တောင် ကြောက်သွားတာလား..."
ရွှီယန်က ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အင်တာနက်သုံးစွဲသူများ ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် မျက်နှာ အမူအရာမျိုး ပြသနေကြသည်။
"ဒီကြွက်ခဲမြွေက အခြေအနေကို ကောင်းကောင်း နားလည်တာပဲ... ဆိုက်ဘေးရီးယားက တိရစ္ဆာန် ပီသပါပေတယ်"
"ကြွက်ခဲမြွေ... မကောင်းတော့ဘူး... သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ရနေတယ်"
"မြွေလေး မြန်မြန်ပြေး... ဆက်မပြေးရင် မိစ္ဆာဘုရင်ကြီးရဲ့ သတ်ဖြတ်တာကို ခံရလိမ့်မယ်"
"သစ်တော ပထမအဆင့် သတိပေးချက်... လောင်ရွှီ ကျူးကျော် ဝင်ရောက်လာပြီ"
အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အဆက်မပြတ် နောက်ပြောင်နေကြသည်။
ဤအခိုက်အတန့်တွင် အင်တာနက်သုံးစွဲသူများ၏ မျက်လုံးထဲ၌ လောင်ရွှီမှာ သစ်တော၏ နံပါတ်တစ် အကြောက်ရဆုံး လူသတ်သမားကြီး အဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ မည်သူက သူ့ကို ယှဉ်နိုင်မည်နည်း ဟူသော သဘောပင် ဖြစ်သည်။
သို့သော် အားလုံးက စိုးရိမ်သင့်ချိန်တွင် စိုးရိမ်နေကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သန့်စင်သော တောရိုင်း သဘာဝ ဖြစ်ရာ တစ်ခါတစ်ရံ ငှက်အော်သံများနှင့် အင်းဆက် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာတတ်သည်။
မည်သည့် နေရာမှ ငှက်များ အော်မြည်နေမှန်း မသိရဘဲ အသံများက တစ်ခါ နီးကပ်လာလိုက် တစ်ခါ ဝေးကွာသွားလိုက် ဖြစ်နေသည်။
ကင်မရာ ဖြတ်သွားသော နေရာများတွင် တစ်ခါတစ်ရံ သစ်ရွက်များ လှုပ်ခါသွားတတ်သည်။
၎င်းမှာ ဒရုန်းက တိရစ္ဆာန်များကို လှုပ်ရှားမှုဖြင့် ဖမ်းယူမိခြင်း ဖြစ်သော်လည်း ကင်မရာ လှည့်သွားသည်နှင့် တိရစ္ဆာန်များက ရွှီယန်ကို မြင်တွေ့သွားပြီး ချက်ချင်း ထွက်ပြေးသွားကြသဖြင့် ရိုက်ကူးမိခြင်း မရှိခဲ့ပေ။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးကမှ နေရာတိုင်းတွင် အန္တရာယ်များ ကိန်းအောင်းနေတတ်လေသည်။
ရွှီယန်က ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
"သစ်တောထဲမှာ တကယ်ပဲ အန္တရာယ်တွေ အများကြီး ရှိတယ်... တိရစ္ဆာန် အများစုက အရမ်း သတိထားတတ်ကြတယ်..."
"သတိမထားတတ်တဲ့ တိရစ္ဆာန်တွေက အသက်ရှင်ဖို့ အရမ်း ခက်ခဲလို့ပါပဲ..."
သူက သစ်တောထဲတွင် ဆက်လက် လမ်းလျှောက်သွားရာ အရှေ့ဘက်ရှိ သစ်ပင်များက အတော်လေး ထူထပ်နေဆဲ ဖြစ်သည်။
သို့သော် သူ ခြေလှမ်း အနည်းငယ်မျှ လျှောက်သွားရုံသာ ရှိသေးချိန်တွင် ဘေးနားရှိ အနိမ့်ပိုင်း နေရာမှ မြက်ပင်များ တစ်ဟုန်ထိုး လှုပ်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။ သေချာစွာ ထပ်မံ ကြည့်ရှုလိုက်သောအခါ တောဝက်ပေါက်လေး တစ်ကောင်က မြေကြီးကို ယက်ရင်း အောက်ဘက်မှနေ၍ တက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဤတောဝက်ပေါက်လေးမှာ မွေးဖွားလာသည်မှာ သိပ်မကြာသေးပုံ ရသည်။
၎င်းက ခေါင်းငုံ့ကာ အစာရှာနေပြီး မြက်ပင် တစ်ပင်ကို တွေ့သည်နှင့် အရသာရှိသော မြက်မြစ်များ ရှိမရှိ သိရန်အတွက် တစ်ချက် ယက်ကြည့်တတ်လေသည်။
ရွှီယန်က ၎င်း၏ အရှေ့တွင် ရပ်နေသည်ကိုပင် မကြောက်ရွံ့ပေ။
ရွှီယန် ချက်ချင်း ခြေလှမ်း ရပ်တန့်လိုက်ပြီး ၎င်းကို အံ့ဩတကြီး ကြည့်နေလိုက်သည်။
'ဟေ့ကောင်လေး... မင်း အမြင်အာရုံ သိပ်မကောင်းဘူး ထင်တယ်...'
'ဒီလောက် သေးငယ်တဲ့ တောဝက်လေးက လူကို မြင်တာတောင် မပြေးဘူးလား...'
သစ်တောထဲရှိ တိရစ္ဆာန်များက အတော်လေး သတိထားတတ်ကြောင်း ခုလေးတင် ပြောဆိုခဲ့ပြီးမှ ယခုလို ထူးဆန်းသော အကောင်ငယ်လေး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ဤတောဝက်လေးက အရှေ့သို့ ဆက်လက် ယက်နေဆဲဖြစ်ပြီး မကြာခင်မှာပင် ရွှီယန်၏ ခြေထောက် အနားသို့ ရောက်ရှိလာခဲ့သည်။
၎င်း၏ သတ္တိက တကယ်ကို ကောင်းမွန်လှသည်။ ရွှီယန်၏ ဖိနပ်နှင့် ဘောင်းဘီစများကို အနံ့ခံကြည့်ကာ အရသာရှိသော မြက်မြစ်များ ဟုတ်မဟုတ် စစ်ဆေးကြည့်နေသေးသည်။
ရွှီယန်က ခေါင်းငုံ့ကာ ၎င်းကို ကြည့်ရင်း အကူအညီမဲ့စွာ ရယ်မောလိုက်သည်။
"သေချာတာပေါ့... တချို့ တိရစ္ဆာန်တွေကလည်း အဲဒီလောက် သတိမထားတတ်ကြပါဘူး... သစ်တောက ဒီလောက် ကြီးတာ... တောဝက် မျိုးစုံ ရှိနိုင်တာပဲလေ..."
သူ ထိုသို့ ပြောသည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း ရယ်မောသွားကြသည်။
"ဒီတောဝက်က အရမ်းကို ရမ်းကားလွန်းတယ်"
"ဟားဟားဟား... သေးသေးလေး နဲ့ တော်တော် ချစ်စရာ ကောင်းတာပဲ"
"တောဝက် ဆိုတာ လောင်ရွှီ ရဲ့ တစ်သက်တာ ရန်သူ မဟုတ်ဘူးလား... သူ တောဝက် နဲ့ သတ်ပုတ်နေတဲ့ ဗီဒီယို အတော်များများကို ငါ မြင်ဖူးတယ်"
"သူ နေတဲ့ နေရာမှာ တောဝက် များတယ်လေ... မကြာခဏ တွေ့ရတာ ပုံမှန်ပါပဲ... ငါတို့ ဒီမှာလည်း တောဝက် တွေ အများကြီး ရှိတယ်... ငါတို့ ရွာက လူတွေ နေ့တိုင်း သတ်နေကြတာပဲ"
တောဝက်ပေါက်လေးက ရွှီယန်၏ ခြေထောက် အနားတွင် ရှိနေပြီး မည်သည့် အသိစိတ်မျှ မရှိပုံ ရသည်။
ရွှီယန်က ၎င်းကို တကယ် အူကြောင်ကြောင်လေး ဖြစ်နေသည်ကို မြင်သောအခါ ခြေထောက်ဖြင့် ဘေးသို့ တစ်ချက် ဖယ်ထုတ်လိုက်သည်။
ခြေထောက်ဖြင့် ထိုသို့ အဖယ်ခံလိုက်ရသဖြင့် တောဝက်ပေါက်လေးမှာ ဘေးသို့ ခြေလှမ်း အနည်းငယ် ယိမ်းထိုးသွားခဲ့သည်။
၎င်းက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး ဝက်ခေါင်းကို ချက်ချင်း လှည့်ကာ ရွှီယန်၏ ခြေထောက်ကို ကြည့်လျက် အသံဗလံများ ပြုလုပ်ကာ အော်ဟစ်တော့သည်။
ထိုအသံက နားထောင်ရသည်မှာ အနည်းငယ် စိတ်ဆိုးနေပုံ ရလေသည်။
"ဒေါသက တော်တော် ကြီးတာပဲ..."
ရွှီယန် ချက်ချင်း ရယ်မောလိုက်မိသည်။
တောဝက်ပေါက်လေးက အနည်းငယ်မျှပင် အလျှော့မပေးဘဲ တိုက်ခိုက်မည့် အနေအထားကို ချက်ချင်း ပြင်ဆင်ကာ ရွှီယန်ဆီသို့ ပြေးဝင်လာတော့သည်။
ဤကောင်လေးက သေးငယ်သော်လည်း ဒေါသကတော့ မသေးငယ်လှပေ။
ရွှီယန်က ၎င်း ပြေးလာသည်ကို မြင်သောအခါ ဘယ်ဘက် နောက်ကျောသို့ ပေါ့ပါးစွာ ဆုတ်လိုက်ရာ တောဝက်ပေါက်လေးမှာ ချက်ချင်းပင် လွဲချော်သွားတော့သည်။
ဤအခါတွင်တော့ ကောင်လေးက ပို၍ စိတ်ဆိုးသွားပြီး နောက်လှည့်ကာ ရွှီယန်ကို ထပ်မံ ဝင်တိုက်ရန် ကြိုးစားသော်လည်း ရွှီယန်က နောက်ထပ် တစ်ကြိမ် ပေါ့ပါးစွာ ရှောင်တိမ်းလိုက်ပြန်သည်။
ဝက်ပေါက်လေး၏ ဝင်တိုက်သော စွမ်းရည်က ရွှီယန် အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။
ဤအချိန်တွင် ရွှီယန်က ၎င်း ထပ်မံ ပြေးဝင်လာသည်ကို မြင်သောအခါ ဝင်တိုက်မှုကို ရှောင်တိမ်းလိုက်ရုံ သာမက ၎င်း၏ အနောက်တွင် ရပ်ကာ ပုန်းကွယ်နေလိုက်သည်။
ဝက်၏ လည်ပင်းက ထိုမျှလောက် မပြောင်းလွယ်ပြင်လွယ် ရှိလှသဖြင့် ကောင်လေးက ဘယ်ညာ လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း ရွှီယန်၏ အရိပ်အယောင်ကို မတွေ့ရသောအခါ နေရာတွင်ပင် ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
၎င်း၏ မျက်နှာ အမူအရာမှာ ဤသို့ ပြောနေသည့် အလားပင် ဖြစ်သည်။
'လူကော...'
အင်တာနက်သုံးစွဲသူများ က ဤကဲ့သို့သော မြင်ကွင်းကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ အသံထွက် ရယ်မောလိုက်ကြတော့သည်။
"ဟားဟားဟား... လောင်ရွှီ က တော်တော် ဆိုးတာပဲ... ကလေးကို စနောက်နေတယ်"
"ဝက်ပေါက်လေးကို အနိုင်ကျင့်တာက ဘာစွမ်းရည် ဟုတ်လို့လဲ... စွမ်းရင် တောဝက်ကြီးကို အနိုင်ကျင့်ကြည့်ပါလား"
"ဒီကောင်လေးက တကယ် သေရမှာ မကြောက်ဘူးပဲ... ဒါကိုတောင် ဝင်တိုက်ရဲတယ်"
"တောဝက်ကြီး လာမှာ သတိထားဦး"
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ လေထုက ပျော်ရွှင်စရာ ကောင်းနေသည်။
ဤဝက်ပေါက်လေးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
ရွှီယန်လည်း ၎င်းကို ဆက်မစနောက်တော့ဘဲ နောက်လှည့်ကာ ပြေးထွက်သွားလိုက်သည်။ သို့သော် ဝက်ပေါက်လေးက ရွှီယန်ကို မြင်သောအခါ အလွန် ကြမ်းကြုတ်စွာဖြင့် နောက်မှ ထပ်မံ လိုက်လံ ပြေးဆွဲလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ထိုအခြေအနေကို မြင်သောအခါ ရွှီယန် လည်း ဘာမှ မတတ်နိုင်တော့ချေ။ တောဝက်ပေါက်လေးက ရွှီယန်၏ ခြေသလုံးကို အားကုန်သုံး၍ ယက်နေချိန်တွင် ရွှီယန်က ခြေထောက်ကို အနည်းငယ် အားပြုကာ ဝက်ပေါက်လေးကို အရှေ့သို့ တစ်ချက် ကန်ထုတ်လိုက်သည်။
တောဝက်ပေါက်လေးက ချက်ချင်းပင် လိမ့်ထွက်သွားပြီး နှစ်ပတ် သုံးပတ်ခန့် လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။
ဤအခါမှသာ ၎င်းက စွမ်းရည် ကွာဟချက်ကို သိရှိသွားပြီး ထရပ်လိုက်သည်နှင့် အသံဗလံများ ပြုလုပ်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
ထပ်မံ၍ မမောက်မာရဲတော့ပေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များမှာ ရယ်မောနေကြဆဲ ဖြစ်ပြီး မူလက စိုးရိမ်နေသော လေထုကလည်း အများကြီး ပို၍ ပေါ့ပါးသွားခဲ့သည်။
ရွှီယန်က လူသူကင်းမဲ့သော နယ်မြေ၏ အနက်ပိုင်းသို့ ဆက်လက် လမ်းလျှောက် ဝင်ရောက်သွားသည်။
နေရာတိုင်းတွင် သစ်ပင်များက အုပ်စုလိုက် ထူထပ်စွာ ရှိနေလေသည်။
အကယ်၍ ဦးတည်ရာ အရပ်မျက်နှာ အာရုံခံနိုင်စွမ်း မရှိဘဲ လမ်းညွှန်လည်း မပါရှိပါက သာမန် လူများ အနေဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် လမ်းပျောက်ရန် အလွန် လွယ်ကူလှပေသည်။
အခြေခံအားဖြင့် လမ်းဟူ၍ လုံးဝ မရှိပေ။
ရွှီယန် ကတော့ လောလောဆယ်တွင် အတော်လေး တည်ငြိမ်နေဆဲ ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို တစ်ခါတစ်ရံ စစ်ဆေး ကြည့်ရှုရင်း အားလုံးကို ပြောလိုက်သည်။
"ဒီလို လူသူကင်းမဲ့တဲ့ နယ်မြေ ထဲကို ဝင်ရောက်လာရင် ပတ်ဝန်းကျင် အခြေအနေကို အချိန်မရွေး စောင့်ကြည့်နေရမယ်..."
"ပတ်ဝန်းကျင်ကို ကြည့်ပြီး ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေ ရှိမရှိကို မှန်းဆလို့ ရတယ်..."
"ဥပမာအားဖြင့် တိရစ္ဆာန်တွေရဲ့ မစင်တွေ... ဒါမှမဟုတ် သေတာ ရက်ပိုင်းလောက်ပဲ ရှိသေးတဲ့ သားကောင်တွေ ရှိမရှိ စတာတွေပေါ့..."
ရွှီယန်က တစ်ဖက်မှ ပြောဆိုရင်း တစ်ဖက်မှလည်း ဆောင့်ကြောင့် ထိုင်ချကာ မြေကြီးပေါ်ရှိ သမင်ပြောက် တစ်ကောင်၏ ဦးခေါင်းခွံကို စစ်ဆေး ကြည့်ရှုလိုက်သည်။
သစ်တောထဲတွင် အရိုးဖြူများ၊ သမင်ချိုများ စသည်တို့လည်း အတော်လေး များပြားလှပေသည်။
အင်တာနက်သုံးစွဲသူများ က သူ ထိုသို့ ပြောသည်ကို ကြားသောအခါ နောက်တစ်ကြိမ် လေးစားသွားကြပြန်သည်။
ဤအရာကို ပရော်ဖက်ရှင်နယ် ဟု ခေါ်ဆိုနိုင်ပေသည်။
စွမ်းရည် မရှိဘဲနှင့် ဤသို့ တောင်ထဲ ဝင်ရဲမည် မဟုတ်ပေ။
ရွှီယန်က မတ်တတ်ထရပ်ကာ ဆက်လက် လမ်းလျှောက်သွားသည်။ ထိုစဉ်မှာပင် ရုတ်တရက် သူ၏ နောက်ကျောမှ အသံဗလံများ တစ်သီကြီး ထွက်ပေါ်လာခဲ့သည်။
ရွှီယန်က ဤအသံကို အလွန် ရင်းနှီးနေပြီး တောဝက် ရောက်လာခြင်း ပင် ဖြစ်ကြောင်း သိလိုက်သည်။
သူက နောက်လှည့်ကြည့်လိုက်ရာ စောစောက ထိုတောဝက်ပေါက်လေး ပြန်ပြေးလာသည်ကို မြင်တွေ့လိုက်ရပြီး အနောက်တွင် ခန္ဓာကိုယ် အရွယ်အစား အလွန် ကြီးမားသော တောဝက်ကြီး နှစ်ကောင်ပါ လိုက်ပါလာခဲ့သည်။
ဤတောဝက်ကြီး နှစ်ကောင်၏ ခန္ဓာကိုယ် အရွယ်အစားက အလွန် ပုံကြီးချဲ့ရလောက်အောင် ကြီးမားလှပြီး နောက်ဘက် တောင်ကုန်းတွင် လူကို ထိခိုက် ဒဏ်ရာရစေ၍ အသတ်ခံလိုက်ရသော တောဝက်ကြီး ထက်ပင် ပို၍ ကြီးမားနေသေးသည်။
"လခွမ်း... လူသွားခေါ်လာတာလား... မဟုတ်ဘူး... ဝက်သွားခေါ်လာတာလား..."
"ဆိုက်ဘေးရီးယား တောဝက်ကြီးတွေက တကယ်ကို အကောင်ကြီးလွန်းတာပဲ..."
ရွှီယန်က အံ့ဩတကြီး ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူများ ကလည်း တောဝက်ကြီး များကို မြင်တွေ့လိုက်ရသည်။ အားလုံးက အနည်းငယ် စိုးရိမ်နေကြသော်လည်း ရွှီယန်၏ စကားထဲမှ တည်ငြိမ်သော ခံစားချက်ကို ကြားလိုက်ရသောအခါ အားလုံးမှာ တစ်ခဏချင်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြရသည်။
ပရိသတ် အဟောင်းများက အသားကျနေပြီ ဖြစ်ကြောင်း ပြသနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသို့ အသစ်ရောက်လာသော အင်တာနက်သုံးစွဲသူများ မှာ အံ့အားသင့်ကာ စကားပင် မပြောနိုင်တော့ပေ။
'ဒီနှစ်ကောင် က တောဝက် တွေလား...'
'ဒီလောက်ကြီးတဲ့ တောဝက် တွေ ရှိလို့လား...'
ဆိုက်ဘေးရီးယား ရှိ တောဝက်များက တကယ်ကို ကြီးမားလှပြီး စရိုက် ကလည်း ကြမ်းကြုတ်လှသည်။ မည်သို့ပင်ဖြစ်စေ ဤဘက်တွင် ဆောင်းတွင်း ရာသီဥတုက အထူး အေးခဲလှသဖြင့် စွမ်းရည် မရှိပါက တောဝက်များ လည်း အသက်ရှင် နေထိုင်နိုင်မည် မဟုတ်ပေ။
ဆိုးရွားသော ပတ်ဝန်းကျင် အခြေအနေများ အောက်တွင် လေ့ကျင့်မှုများ ပြုလုပ်ထားရခြင်း ပင် ဖြစ်သည်။
ရွှီယန်၏ လုပ်ရပ် ကလည်း ရိုးရှင်းလှသည်။ ကျောပိုးအိတ်ကို သစ်ကိုင်းခွဆုံပေါ်သို့ ပစ်တင်လိုက်ပြီးနောက် သူ တစ်ကိုယ်လုံး ပေါ့ပါးစွာဖြင့် သစ်ပင်ပေါ်သို့ တွယ်တက်သွားလိုက်သည်။
နည်းလမ်းဟောင်း ကြီးပင် ဖြစ်သည်။
ရိုးအီနေပြီ ဖြစ်သော်လည်း အသုံးဝင်လှပေသည်။
ရွှီယန် သစ်ပင်ပေါ်သို့ ရောက်သွားသည်ကို မြင်သောအခါမှသာ အင်တာနက်သုံးစွဲသူများ၏ ရင်ထဲတွင် သက်ပြင်းချနိုင်သွားကြတော့သည်။
ထို့နောက် အားလုံးက ပေါ့ပေါ့ပါးပါးပင် ထပ်မံ ဖော်ပြလိုက်ကြသည်။
"လောင်ရွှီ ရဲ့ ဒီသစ်ပင်တက်တဲ့ အရှိန်က တော်တော် မြန်တာပဲ"
သို့သော် ဆက်လက် ဖြစ်ပေါ်လာမည့် ကိစ္စများက အားလုံး၏ မျှော်လင့်ချက်ကို ကျော်လွန်သွားကြောင်း သိသာလှပေသည်။
ထိုဧရာမ တောဝက်ကြီး နှစ်ကောင်က ရွှီယန်ကို မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။
ထိုအထဲမှ တောဝက် တစ်ကောင်က ရုတ်တရက် အရှိန်တင်လိုက်ပြီးနောက် ဘုန်း ဟူသော အသံနှင့်အတူ ၎င်း၏ ခေါင်းဖြင့် သစ်ပင်စည်ကို တိုက်ရိုက် ဝင်တိုက်လိုက်တော့သည်။
ဤသစ်ပင်က အတော်လေး ကြီးမားသော်လည်း တောဝက်၏ ဝင်တိုက်မှုကို ခံလိုက်ရသဖြင့် ပြင်းထန်စွာ တစ်ချက် တုန်ခါသွားခဲ့သည်။
"လခွမ်း..."
အင်တာနက်သုံးစွဲသူများ က ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာ တစ်ခုလုံး အံ့အားသင့်သွားကြသည်။
ဤတောဝက်က ဝက်မိစ္ဆာ တစ်ကောင် နှင့်ပင် တူနေပြီး နတ်ဝင်ပူးလုနီးပါး ဖြစ်နေကာ သစ်ပင်ကို ဤသို့ ဝင်တိုက်ခြင်းက အနည်းငယ် ကြောက်စရာ ကောင်းနေဆဲပင် ဖြစ်သည်။
အကယ်၍ သာမန်လူ တစ်ယောက်သာ သစ်ပင်ပေါ်တွင် ရှိနေပါက စောစောစီးစီး ကတည်းက လန့်ဖြတ်ကာ အထိတ်တလန့် အော်ဟစ်နေမည် ဖြစ်သော်လည်း ရွှီယန် ကတော့ မျက်မှောင်ကြုတ်လိုက်ရုံ သာမက အနည်းငယ် မကျေမနပ် ဖြစ်သွားသလို ခံစားလိုက်ရသည်။
မူလက မည်သည့် ပြဿနာမျှ မရှိစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
"အားလုံးပဲ တွေ့တဲ့အတိုင်းပါပဲ... တောဝက် က အရင် စတင် လှုပ်ရှားခဲ့တာပါ..."
အင်တာနက်သုံးစွဲသူများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ရွှီယန် က ရုတ်တရက် ဤစကားတစ်ခွန်းကို ပြောလိုက်သည်။
အားလုံး တစ်ကိုယ်လုံး ထုံကျဉ်သွားကြတော့သည်။
'သူ အရင် စတင် လှုပ်ရှားခဲ့တာ... အဲဒီတော့ ဘာဖြစ်လဲ...'
'မင်းက သူ့ကို ယှဉ်နိုင်လို့လား...'
"ဒီဘက်မှာ တောဝက်ကို အမဲလိုက်တာက လုံးဝ ဥပဒေ နဲ့ မဆန့်ကျင်ပါဘူး... တချို့ နေရာတွေမှာ ဆိုရင် ဆုငွေတောင် ရှိသေးတယ်..."
"အဲဒါကြောင့် ကျွန်တော် သူ့ကို ရိုက်တာကလည်း စည်းကမ်း နဲ့ မဆန့်ကျင်ပါဘူး..."
"ဒီခေါက်တုတ် ကို အားလုံး မှတ်မိကြသေးလား..."
ရွှီယန်က ကျောပိုးအိတ် ထဲမှနေ၍ ခေါက်တုတ် တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ခေါက်တုတ်ကို မြင်သောအခါ ပရိသတ် အဟောင်းများ၏ မျက်ခွံများက အနည်းငယ် လှုပ်ခတ်သွားကြသည်။
ပရိသတ် အဟောင်းများက သေချာပေါက် မှတ်မိကြသည်။
အရင်တုန်းကလည်း တောဝက် တစ်ကောင် ရှိခဲ့ဖူးပြီး သစ်ပင်ကို ဝင်တိုက်ခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်ကို မြှောက်ကာ ရွှီယန်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးလေသည်။
ထို့နောက် ဝက်မျက်နှာမှာ အရိုက်ခံရမှု မနည်းခဲ့ချေ။
'အခု ဧရာမ တောဝက်ကြီး က သစ်ပင်ကို ဝင်တိုက်နေတာ... ရွှီယန် က သူ့ကိုများ ရိုက်ချင်နေတာလား...'
ရွှီယန်က လက်တစ်ဖက်ဖြင့် သစ်ကိုင်းတုတ်တုတ်ကို ဖက်ထားပြီး ခြေထောက်က သစ်ပင်စည်ကို နင်းထားကာ ခန္ဓာကိုယ်ကို အပြင်သို့ ထုတ်လျက် အောက်ဘက်ရှိ တောဝက်ကို အော်ဟစ်လိုက်သည်။
"လာလေ... ထပ်လာခဲ့စမ်း..."
တောဝက် ကလည်း အားနာမနေဘဲ ရွှီယန်ကို တိုက်ခိုက်နိုင်မည်ကို မြင်သောအခါ သစ်ပင်ကို ဆက်မတိုက်တော့ဘဲ ရှေ့ခြေထောက်များဖြင့် ခန္ဓာကိုယ်ကို မြှောက်ကာ အပေါ်သို့ တိုက်ခိုက်ရန် ကြိုးစားတော့သည်။
ရွှီယန် စောင့်နေသည်မှာ ဤတစ်ချက်ကိုပင် ဖြစ်သည်။
သူက လက်တစ်ဖက်ဖြင့် အပေါ်သို့ အားကုန်ဆွဲတင်ကာ ခန္ဓာကိုယ်ကို အပေါ်သို့ မြှောက်တင်လိုက်သည်။
ထို့နောက် အခြား လက်တစ်ဖက်ဖြင့် ခေါက်တုတ်ကို မြှောက်ကာ လက်မောင်းကို ဝိုင်းအောင်လွှဲ၍ အောက်သို့ ရိုက်ချလိုက်တော့သည်။
"ဖြန်း... ဖြန်း... ဖြန်း... ဖြန်း..."
သူ တစ်ချက် ရိုက်လိုက်တိုင်း အင်တာနက်သုံးစွဲသူများ၏ မျက်ခွံများက တစ်ချက် လှုပ်ခတ်သွားကြလေသည်။
တောဝက် ၏ ပထမဆုံး ဝင်တိုက်မှုတွင် ရွှီယန်က လေးချက်သာ ရိုက်လိုက်နိုင်ခဲ့သည်။
တောဝက်က မျက်နှာပေါ်တွင် ပူစပ်ပူလောင် ဖြစ်သွားသော နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော် ဤတောဝက်က အလွန် ကြမ်းကြုတ်လှပြီး ရိုက်ထုတ်ခံလိုက်ရပြီးနောက်တွင်လည်း မကျေနပ်သေးဘဲ သစ်ပင်စည်ကို နင်းကာ အပေါ်သို့ ထပ်မံ ထိုးတက်လာပြန်သည်။
"ထပ်လာဦးမလို့လား..."
"လာစမ်း... လာခဲ့စမ်း..."
ရွှီယန်က လာစမ်း ဟု တစ်ခွန်း အော်လိုက်တိုင်း ၎င်းကို တစ်ချက် ရိုက်ချလိုက်ရာ စည်းချက်ညီမှုက အလွန် ကောင်းမွန်လှပေသည်။
ဤအချိန်တွင် ရွှီယန် လည်း ဒေါသ ထွက်လာခဲ့ပြီ ဖြစ်သည်။
မူလက တောဝက်ပေါက်လေးကို စနောက်ရုံ သက်သက်သာ ဖြစ်သော်လည်း ဤနေရာရှိ တောဝက်များက အကြီးအကဲ လုပ်ရသည်ကို အသားကျနေပြီး အနည်းငယ် မျက်စိစူးသည်နှင့် ပြဿနာ လာရှာလိမ့်မည်ဟု မည်သူက သိမည်နည်း။
ဤသည်မှာ နဂါးပျံ နှင့် မြွေဟောက် တို့၏ ထိပ်တိုက် တွေ့ဆုံမှု ပင် ဖြစ်လေသည်။
ရွှီယန် က ချန်ပိုင်တောင်တန်း ၏ အကြီးအကဲ တစ်ယောက် အနေဖြင့် ၎င်းတို့ကို လုံးဝ အလျှော့ပေးမည် မဟုတ်ချေ။
အောက်ဘက်ရှိ တောဝက်ပေါက်လေး က ဤမြင်ကွင်းကို မြင်သောအခါ အဝေးသို့ ပြေးထွက်သွားပြီး အနားသို့ပင် မကပ်ရဲတော့ချေ။
အခြား တောဝက် တစ်ကောင် က သစ်ပင် အောက်တွင် ရှိနေပြီး မျက်နှာ အနည်းငယ် နာကျင်သွားသလို ခံစားလိုက်ရပုံ ရသဖြင့် ရွှီယန်ကို သွားရောက် မတိုက်ခိုက်တော့ချေ။
ရွှီယန်ကို တိုက်ခိုက်နေသော ဤတစ်ကောင်၏ မျက်လုံးများထဲတွင်တော့ ကြမ်းကြုတ် ရက်စက်မှုများ ပြည့်နှက်နေလေသည်။
ရလဒ် အနေဖြင့် တုတ်ချက် ဆယ်ချက်ကျော် အရိုက်ခံလိုက်ရပြီးနောက် မျက်လုံးများက တဖြည်းဖြည်း နှင့်ပင် ကြည်လင်လာခဲ့တော့သည်။
အဝေးတစ်နေရာတွင် ဒေသခံ လယ်ယာခြံဝင်း ပိုင်ရှင် အီဗန် က ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာ တစ်ခုလုံး အံ့အားသင့်သွားပြီး မိမိ၏ မျက်နှာကို မနေနိုင်ဘဲ ပွတ်သပ်လိုက်မိတော့သည်။
'ဒါက တကယ်ကို ကြမ်းတမ်းတာပဲ…’
အခန်း ၃၈၈။ သဘာဝနိယာမအောက်မှ မြင်ကွင်း၊ လွင်ပြင်ထဲမှ အန္တရာယ်များသော အခြေအနေ
နောက်ဆုံးတွင် တောဝက်ကြီးမှာ တောင့်မခံနိုင်တော့ဘဲ သစ်ပင်အောက်တွင် ရပ်လျက် ရွှီယန်ကို မော့ကြည့်ကာ မျက်နှာတစ်ခုလုံး ပူစပ်ပူလောင် ဖြစ်နေသည်ကိုသာ ခံစားနေရသည်။
'ဒီကောင်ကို ဘယ်လို ဆက်တိုက်ရမလဲ...'
တောဝက်ကြီးက အပေါ်သို့ ထိုးတက်လာတိုင်း ရွှီယန်က သူ၏ ခန္ဓာကိုယ်ကို အပေါ်သို့ ဆွဲတင်လိုက်ပြီး ပြန်လည် တိုက်ခိုက်လေသည်။
ဤသည်မှာ ဒဏ္ဍာရီလာ ဝက်ရုပ်ပေါက်သွားအောင် အရိုက်ခံရခြင်းပင် ဖြစ်သည်။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် တောဝက်ကြီးမှာ ဆက်လက် မတိုက်ခိုက်တော့ဘဲ အသံဗလံများ ပြုလုပ်ကာ နောက်လှည့်၍ ပြေးထွက်သွားတော့သည်။
"ဝက်ရေပြားက တကယ်ကို ထူတာပဲ..."
ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဒီလိုနေရာမျိုးမှာ သူတို့ကို အလိုလိုက်ထားလို့ မဖြစ်ဘူး... မဟုတ်ရင် သစ်ပင်ပေါ်မှာ တောဝက်တွေရဲ့ အနိုင်ကျင့်တာကို အကြာကြီး ခံနေရလိမ့်မယ်..."
"သူတို့ကို ရိုက်ထုတ်ပစ်မှ ရမှာ..."
ရွှီယန်က သစ်ပင်ပေါ်မှ ဆင်းလာပြီး အဝေးသို့ ထွက်ပြေးသွားသော တောဝက်ကြီး၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ဆူညံပွက်လောရိုက် သွားတော့သည်။
[လခွမ်း... အစ်ကိုယန်... မင်းက နောက်ထပ် အကြီးကြီး ကစားလိုက်ပြန်ပြီ]
[မင်း လက်မခိုင်ဘဲ ပြုတ်ကျသွားမှာကို ငါ တကယ် စိုးရိမ်နေခဲ့တာ]
[အရွယ်ရောက်ပြီးသား တောဝက်ကြီးတွေက လူကို သေအောင် အထိုးခံရနိုင်တယ်... သတိထားပါဦး]
[ဒီလောက်ကြီးတဲ့ တောဝက်ကြီးက အရမ်း ကြောက်စရာ ကောင်းတာကို မင်းက တကယ်ကြီး သွားရိုက်ရဲတယ်]
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အလွန် နာမည်ကြီးနေပြီး ယခုအခါ အင်တာနက် တစ်ခွင်လုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ရွှီယန်ကတော့ အလွန် ပေါ့ပါး သွက်လက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဆဲပင်။
"အားလုံးပဲ စိတ်ချပါ... ကျွန်တော် ကိုယ့် အတိုင်းအတာ ကိုယ် သိပါတယ်... အကယ်၍ ကျား ဒါမှမဟုတ် ဝက်ဝံညို တွေနဲ့သာ တွေ့ရင် ကျွန်တော် သေချာပေါက် အဝေးဆုံးကို ရောက်အောင် ပြေးမှာပါ..."
"ဒါပေမဲ့ တောဝက် ကတော့ နည်းနည်း လေးလံ ထိုင်းမှိုင်းတော့ ပြဿနာ မရှိပါဘူး..."
"ကွင်းပြင်ကျယ် ထဲမှာ သူ့ကို မရင်ဆိုင်ရင် ရပါပြီ..."
သူက ကျောပိုးအိတ်ကို လွယ်လိုက်ပြီး ဤစကားကို ပြောကာ အတွင်းဘက်သို့ တောက်လျှောက် လျှောက်သွားလိုက်သည်။
မွန်းလွဲပိုင်း အချိန်သို့ ရောက်သောအခါ ရွှီယန်က အတော်လေး အနက်ပိုင်းသို့ ရောက်ရှိနေပြီဟု ခံစားရသဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။
ဤနေရာ၏ ရတနာရှာဖွေရေး အဆင့်က အလွန် မြင့်မားသဖြင့် ရှားပါးတာဝန် ထွက်ပေါ်လာနိုင်ခြေ အလွန် များပြားလှပေသည်။
သူ ထင်မှတ်ထားသည့် အတိုင်းပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်ထံမှ အချက်ပြသံ ထွက်ပေါ်လာခဲ့သည်။
[ရှားပါးတာဝန်ကို စတင်ပါပြီ... ဆိုက်ဘေးရီးယား ၏ ဝံပုလွေဘုရင်... ရတနာရှာဖွေရေး အကြိမ်ရေ ၁၀ ကြိမ် ကုန်ကျမည် ဖြစ်သည်... လက်ခံမည်လား]
[တာဝန် အကြောင်းအရာ... ဝံပုလွေဘုရင် နေရာ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်ရာ သတ်မှတ်ထားသော ဝံပုလွေပေါက်လေး ကို ကယ်တင်ပေးပါ]
[ရရှိမည့် ပစ္စည်း... အရေးပေါ် ဆေးသေတ္တာ... မိမိကိုယ်ကို ကယ်တင်နိုင်သော အရေးပေါ် ဆေးသေတ္တာ ဖြစ်ပြီး သွေးတိတ်ဆေး... အက်ဒရီနယ်လင်း ဆေး... ပိုးသတ်ဆေး နှင့် ပတ်တီး စသည်တို့ ပါဝင်ပါသည်]
[တာဝန် ထမ်းဆောင်နေစဉ် အတွင်း ရရှိမည့် စွမ်းရည်... အပြေးအမြန်နှုန်း မြင့်တက်ခြင်း... တာဝန် ထမ်းဆောင်နေစဉ် အတွင်း အပြေးအမြန်နှုန်း ပိုမို မြန်ဆန်လာမည် ဖြစ်သည်]
[တာဝန် ဆုလာဘ်... ကျပန်း ကျွမ်းကျင်မှု တစ်ခု... ကျောက်စိမ်း ဆွဲကြိုး တစ်ကုံး... ဝံပုလွေပေါက်လေး ၏ ခင်မင်မှု တစ်ခု]
စနစ် မျက်နှာပြင် ပေါ်ရှိ တာဝန် အချက်အလက်များကို ကြည့်ရင်း ရွှီယန် တစ်ယောက် အနည်းငယ် တွေဝေသွားခဲ့သည်။
'ဆိုက်ဘေးရီးယား လွင်ပြင် ဝံပုလွေ တွေပါလား...'
'ဒါက နာမည်ကြီးတဲ့ ဝံပုလွေအုပ် တွေထဲက တစ်ခုပဲ...'
ဆိုက်ဘေးရီးယား ဒေသတွင် တောဝက်များ များပြားရုံ သာမက ဝံပုလွေများ ကလည်း အလွန် ပေါများလှပေသည်။
ယခု လက်ရှိ အချိန်တွင်ပင် ဆိုက်ဘေးရီးယား ၌ ဝံပုလွေ အကောင်ရေ သိန်းချီ၍ ရှိနေလေသည်။
တရုတ်နိုင်ငံ တွင် ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် ဖြစ်သော ဝံပုလွေများက ဤဘက်တွင်တော့ အရေအတွက် အလွန် များပြားလှပြီး အားလုံးက ဝံပုလွေအုပ်များ အဖြစ် အတူတကွ နေထိုင်ကြလေသည်။
'ဝံပုလွေအုပ် တွေကို ရန်စဖို့ သိပ်မလွယ်ဘူး...'
'တစ်ဖက်က ကြည့်ရင် သူတို့က ကျားတွေ ထက်တောင် ကိုင်တွယ်ရ ပိုခက်သေးတယ်...'
'ကျားတွေက အငြိုး မထားတတ်ဘူး... မျက်နှာချင်းဆိုင် တွေ့တဲ့ အချိန်မှာ မမီလိုက်ရင် ဆက်ပြီး ဂရုစိုက်နေမှာ မဟုတ်တော့ဘူး...'
'ဒီဝံပုလွေအုပ် ကသာ ငါ့ကို ပစ်မှတ်ထားလိုက်ရင် ထွက်ပြေး လွတ်မြောက်ဖို့ ဆိုတာ တော်တော် ခက်သွားပြီ...'
'ဒီနေရာက ဘာပဲဖြစ်ဖြစ် ရာသီဥတု ဆိုးရွားတဲ့ မြောက်ဘက် ဒေသ ဆိုတော့ အသက်ရှင် ကျန်ရစ်နိုင်တဲ့ တိရစ္ဆာန်တွေ အားလုံးက ကိုယ်ပိုင် စွမ်းရည်တွေ ရှိကြတာချည်းပဲ...'
ရွှီယန်က တိတ်တဆိတ် စဉ်းစားနေမိသည်။
ဤဘက်ရှိ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လိုက်ပါက ချန်ပိုင်တောင်တန်း က အတော်လေး သာယာနေသေးသည်ဟု ဆိုရမည်။
ဤနေရာက စစ်မှန်သော သဘာဝတရား သက်သက်သာ ဖြစ်ပြီး ဆောင်းတွင်းတွင် အလွန် အေးခဲလွန်းသဖြင့် ဤနေရာတွင် နေထိုင်သူ အလွန် နည်းပါးလှရာ ဤကဲ့သို့သော အပျိုစင် သစ်တောများ တည်ရှိနေခြင်း ပင် ဖြစ်လေသည်။
ရွှီယန်က တာဝန်ကို လက်ခံရန်သာ ရွေးချယ်လိုက်သည်။
အခြေအနေကို အရင်ဆုံး လေ့လာကြည့်မည်ဟု တွေးတောလိုက်သည်။
ဝံပုလွေပေါက်လေး တစ်ကောင်ကို ကာကွယ်ပေးရမည် ဆိုသည်မှာ နားထောင်ကြည့်ရုံဖြင့် အနည်းငယ် ခက်ခဲနေပုံ ရလေသည်။
တာဝန်ကို လက်ခံရရှိပြီးပြီ ဖြစ်ရာ ရွှီယန်လည်း သတ်မှတ်ထားသော နေရာဆီသို့ လျှောက်သွားလိုက်သည်။
အချိန် သိပ်မကြာခင်မှာပင် သစ်တောထဲမှ ထွက်လာခဲ့ပြီး အပြင်ဘက်ရှိ လွင်ပြင် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
လွင်ပြင် ပေါ်တွင် ပေါင်းပင်များ အပြည့် ပေါက်ရောက်နေပြီး မြေပြင် အနေအထား ကလည်း အနိမ့်အမြင့် မညီညာချေ။
သေချာစွာ ကြည့်ရှုလိုက်ရာ အဝေးတွင် ဝံပုလွေ ဆယ်ကောင်ကျော် က ဝက်ဝံညို တစ်ကောင်ကို ဝိုင်းရံထားသည်ကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန် အနည်းငယ် အံ့အားသင့်သွားရသည်။
"ဝက်ဝံညို တောင် ရှိနေသေးတာလား..."
ဒရုန်း ကလည်း အရှေ့ဘက်ရှိ မြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့် ပြသနေလေသည်။
ကွင်းပြင် အလယ်တွင် ဝက်ဝံညို တစ်ကောင်က သေဆုံးနေသော တောသမင် တစ်ကောင် အပေါ်တွင် ဖိမှောက်ထားပြီး တောသမင်မှာ အကိုက်ခံထားရသဖြင့် သွေးသံရဲရဲ အသားစများ ပေါ်လွင်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဤတောသမင် ကို မည်သူက ဖမ်းဆီးရမိခဲ့သည်ကို မသိရသော်လည်း လက်ရှိ အခြေအနေမှာ ဝက်ဝံညို က ဤတောသမင်ကို သိမ်းပိုက်ထားပြီး ဝံပုလွေအုပ် ကလည်း လက်မလွှတ်ချင်ဘဲ ပတ်ဝန်းကျင် တွင် အခွင့်အရေး ချောင်းကာ ဝက်ဝံညို ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်း ပင် ဖြစ်လေသည်။
မြင်ကွင်းက အထူးပင် ကြမ်းတမ်း ရိုင်းစိုင်းလှပြီး ဤသည်ကမှ စစ်မှန်သော သဘာဝတရား ဖြစ်ကြောင်း အားလုံးကို နားလည် သဘောပေါက်သွားစေခဲ့သည်။
အားနည်းသူက အားကြီးသူ၏ အစာ ဖြစ်ရမည် ဆိုသည့် သဘာဝတရား အတိုင်း သားရဲတိရစ္ဆာန် များက အစားအစာ အတွက် အသက်နှင့် ရင်းကာ တိုက်ခိုက်နေကြခြင်း ပင် ဖြစ်လေသည်။
[လခွမ်း... အဲဒါ ဝံပုလွေအုပ် နဲ့ ဝက်ဝံညို လား]
အင်တာနက်သုံးစွဲသူများ က ဤကဲ့သို့သော မြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ် ထိတ်လန့်လာကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရခြင်းက မှတ်တမ်းရုပ်ရှင် များထဲတွင် ကြည့်ရှုရသည်နှင့် လုံးဝ ကွာခြားသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။
မှတ်တမ်းရုပ်ရှင် ဆိုသည်မှာ ဇာတ်လမ်း တစ်ပုဒ်နှင့် ပိုတူပြီး တည်းဖြတ်ထားပြီးသား ဖြစ်ရာ မည်သည့် အန္တရာယ်မှ ရှိမည်ကို စိုးရိမ်စရာ မလိုချေ။
သို့သော် ယခု ကတော့ စစ်မှန်သော တိုက်ရိုက်ထုတ်လွှင့်မှု ပင် ဖြစ်လေသည်။
နောက်တစ်စက္ကန့်တွင် မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
"အဲဒါ ဆိုက်ဘေးရီးယား ဝံပုလွေ တွေနဲ့ ဝက်ဝံညို ပဲ..."
"ဆိုက်ဘေးရီးယား မှာ ဝံပုလွေ အရေအတွက် က အရမ်း များပြားပြီး အဆမတန် ပေါများနေတာ..."
"သူတို့တွေ စုစည်းလိုက်ရင် အလွန် အားကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအား တစ်ခု ဖြစ်လာတာပဲ..."
"ကြည့်ရတာ ဝံပုလွေအုပ် က ဝက်ဝံညို နဲ့ အဲဒီ တောသမင် ကို လုနေကြပုံပဲ..."
"ဝံပုလွေ တစ်ကောင်တည်း ဆိုရင်တော့ သေချာပေါက် ဝက်ဝံညို ကို မယှဉ်နိုင်ဘူး... ဒါပေမဲ့ သူတို့က အရေအတွက် များတယ်လေ... အကယ်၍ အားလုံး ဝိုင်းတိုက်ကြမယ် ဆိုရင် အသေအပျောက်ခံပြီး ဝက်ဝံညို ကို တကယ် သတ်ပစ်နိုင်လောက်တယ်..."
"ဒါပေမဲ့ သေရမှာ မကြောက်တဲ့ ဝံပုလွေ က အဲဒီလောက် မများဘူးလေ... ဒီကောင်တွေ ကလည်း ကိုယ့်အသက်ကို နှမြောကြတာပဲ..."
ရွှီယန်က ဆောင့်ကြောင့် ထိုင်ချကာ အဝေးရှိ အခြေအနေကို သေချာစွာ စောင့်ကြည့်နေလိုက်သည်။
ဝံပုလွေအုပ် က ဝက်ဝံညို ၏ ဘေးတွင် ဝိုင်းရံထားပြီး အားလုံးက စမ်းသပ် ချဉ်းကပ်နေကြလေသည်။
ခွေးမျိုးရင်း တိရစ္ဆာန်များ က ဤသို့ပင် တိုက်ခိုက်တတ်ကြပြီး မြက်ခင်းပြင်ရှိ အကောင်များ ကလည်း ထိုနည်းတူစွာပင် ဝိုင်းရံထားကာ ဖြည်းညင်းစွာ ချဉ်းကပ်လျက် အခွင့်အရေး ရှာဖွေတတ်ကြလေသည်။
ဝက်ဝံညို က တစ်ခါတစ်ရံ နောက်လှည့်ကာ အနားသို့ ကပ်လာသော ဝံပုလွေများကို မောင်းထုတ်နေလေသည်။
ဤဝက်ဝံညို ကလည်း အတော်လေး ကြမ်းတမ်းကြောင်း သိသာလှပြီး အနည်းငယ်မျှပင် နောက်ဆုတ်ပေးခြင်း မရှိချေ။
တချို့ ဝက်ဝံညိုများ က ဝံပုလွေအုပ်ကို မြင်လျှင် ကြောက်ရွံ့တတ်ကြပြီး ထွက်ပြေးတတ်ကြသော်လည်း ဤဝက်ဝံညို ကတော့ ကြောက်ရွံ့တတ်သော စရိုက်မျိုး လုံးဝ မဟုတ်ချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူအရေအတွက် မှာ ပုံကြီးချဲ့ရလောက်အောင်ပင် များပြားနေလေသည်။
အခြား တိုက်ရိုက်ထုတ်လွှင့်သူများ က လူကြိုက်များမှု ရရှိရန် မဲတောင်းခံနေရပြီး စက်ရုံများကို အသုံးပြုကာ လူကြိုက်များမှု တိုးမြှင့်နေရချိန်တွင် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကတော့ ပြိုင်ဘက်ကင်း ပထမ နေရာတွင် ရပ်တည်နေပြီ ဖြစ်သည်။
အင်တာနက် တစ်ခွင်လုံးက အာရုံစိုက်နေကြခြင်း ပင် ဖြစ်လေသည်။
အသက်အရွယ် မျိုးစုံ မှ လူများက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြလေသည်။
ယခင်က တိုက်ရိုက်ထုတ်လွှင့်မှု များကို ဆူညံသည်ဟု ထင်ကာ မကြည့်ဖူးသော လူလတ်ပိုင်း အမျိုးသား အများအပြား ပင်လျှင် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အလွန် သဘောကျ နှစ်သက်လာကြလေသည်။
ဤလူများ အထဲတွင် ငွေကြေး ချမ်းသာသူ အများအပြား ပါဝင်သဖြင့် တန်ဖိုးကြီး လက်ဆောင် များလည်း အထူးပင် များပြားလှပေသည်။
[ဒါ ဆိုက်ဘေးရီးယား ပဲ... တောင်နက်ကြီး တွေထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသေးတယ်]
[ဒီနေရာမှာ တကယ့် သားရဲတိရစ္ဆာန် တွေ ရှိနေတာပဲ]
[တိုက်ခိုက်ရေး လူမျိုးစု တွေတောင် အလွယ်တကူ အနား မကပ်ရဲကြဘူးလေ]
[ဒီဝံပုလွေတွေ က ဝက်ဝံညို ကို သွားရန်စရဲတယ် ဆိုတော့ သေချင်နေကြတာလား]
အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဆွေးနွေး ပြောဆိုနေကြလေသည်။
မှတ်ချက်များ က အဆက်မပြတ် လည်ပတ်နေပြီး စကားမျိုးစုံ ပါဝင်နေလေသည်။
ရွှီယန်က အဝေးရှိ အခြေအနေကို အချိန် အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
"ဝံပုလွေအုပ် က လက်မလွှတ်ချင်ကြဘူး... ဝံပုလွေဘုရင် က တခြား ဝံပုလွေတွေကို အတူတူ ဝင်တိုက်ဖို့ အတင်း တိုက်တွန်းနေတယ်... ဒါပေမဲ့ လက်ရှိ အခြေအနေ အရ ကြည့်ရင် ဒီဝံပုလွေတွေ က သူ့စကားကို နားမထောင်ကြဘူး..."
"ဝံပုလွေအုပ် က တစ်ခါတလေ အဲဒီလောက် စည်းလုံးမှု မရှိဘူး... အထူးသဖြင့် အသက် သွားပေးရမယ့် အမိန့်မျိုး ဆိုရင် အရွယ်ရောက်ပြီးသား ဝံပုလွေ အများစု က နားမထောင်ကြဘူးလေ..."
"သူတို့တွေ ဒီဝက်ဝံညို ကို မယှဉ်နိုင်ဘူး..."
"ဒီအချိန်မှာ ဝံပုလွေဘုရင် က တော်တော်လေး အခြေအနေ ဆိုးနေပြီ... သူ နောက်ဆုတ်လို့ မရဘူး... ဝံပုလွေအုပ် ကို ဆက်ပြီး ထိန်းချုပ်ထားချင်ရင် အနိုင်ရအောင် တစ်ခုခု လုပ်ရတော့မှာပဲ..."
ရွှီယန်၏ အကဲခတ်မှု က အလွန် တိကျလှပေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ဝံပုလွေ အများစု က ဝက်ဝံညို ကို တိုက်ခိုက်ရန် လက်လျှော့လိုက်ကြပြီ ဖြစ်သည်။
အကြောင်းမှာ လုံးဝ မယှဉ်နိုင်သောကြောင့် ပင်။
သို့သော် ဝံပုလွေဘုရင် ကတော့ လက်မလျှော့ချင်သေးချေ။
ဝက်ဝံညို အသားစားနေသည်ကို မြင်တိုင်း ၎င်းက ချက်ချင်းပင် ဟိန်းဟောက်ကာ ပြေးဝင်သွားပြီး ဝက်ဝံညို ထွက်ခွာသွားစေရန် ခြိမ်းခြောက်လေ့ ရှိသည်။
ဝက်ဝံညို ထလာပါက ၎င်းက ပြန်လည် ထွက်ပြေးသွားတတ်လေသည်။
ဤသို့ဖြင့် တစ်ကြိမ် နှစ်ကြိမ်ခန့် လုပ်ဆောင်နေလေသည်။
ဝက်ဝံညို ကလည်း နောက်ဆုံးတွင် စိတ်ရှုပ်သွားခဲ့ပြီ ဖြစ်ရာ ဝံပုလွေဘုရင် ထပ်မံ ပြေးဝင်လာမည့် အချိန်ကို စောင့်ဆိုင်းကာ ရုတ်တရက် အရှိန်ဖြင့် ပြေးထွက်သွားပြီး ၎င်း၏ လက်သည်းဖြင့် ဝံပုလွေဘုရင် ၏ ခန္ဓာကိုယ် ပေါ်သို့ အားကုန် ရိုက်ချလိုက်ကာ ချက်ချင်းပင် သွေးစွန်းနေသော ပါးစပ်ကြီးကို ဟလျက် ဝံပုလွေ၏ လည်ပင်းကို ကိုက်ချလိုက်တော့သည်။
ဝံပုလွေဘုရင် က မည်သို့ပင်ဖြစ်စေ ဝံပုလွေဘုရင် ပီသစွာ အတော်လေး ကြမ်းတမ်းလှပြီး ပါးစပ်ကြီး ဟကာ ချက်ချင်း ပြန်လည် တိုက်ခိုက်ရန် ကြိုးစားတော့သည်။
ဝံပုလွေများ၏ ကိုက်ဖြတ်နိုင်စွမ်း က အလွန် မြင့်မားပြီး ခွေးမျိုးရင်း တိရစ္ဆာန်များ၏ အကြီးမားဆုံးသော တိုက်ခိုက်ရေး နည်းလမ်း မှာလည်း ၎င်းတို့၏ ကိုက်ဖြတ်နိုင်စွမ်း ပင် ဖြစ်လေသည်။
သို့သော် ဝက်ဝံ မျိုးရင်း နှင့် တစ်ကောင်ချင်း ယှဉ်ပြိုင်ရာတွင် ခွေးမျိုးရင်း က လုံးဝ အားသာချက် မရှိကြောင်း သေချာလှပေသည်။
တစ်ကြိမ်တည်း နှင့်ပင် ဝံပုလွေဘုရင် ၏ လည်ပင်းမှာ ဝက်ဝံ ၏ အကိုက်ခံလိုက်ရပြီးနောက် ဝက်ဝံညို က ၎င်းကို ဘေးသို့ တိုက်ရိုက်ပင် ပစ်ချလိုက်တော့သည်။
ဝံပုလွေဘုရင် က ဤသို့ဖြင့် အသက် ဆုံးရှုံးသွားရတော့သည်။
သဘာဝတရား ကြီး၏ ကရုဏာမဲ့မှု နှင့် ရက်စက်မှု တို့က မျက်နှာဆီသို့ တိုက်ရိုက် ရိုက်ခတ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် မှသာ တိုက်ရိုက်ထုတ်လွှင့်မှု ထဲရှိ အင်တာနက်သုံးစွဲသူများ က ရွှီယန် ရောက်ရှိနေသော ပတ်ဝန်းကျင် မှာ အတိအကျ မည်သို့ ရှိနေကြောင်းကို ခံစားသိရှိသွားကြတော့သည်။
ဤနေရာတွင် သားရဲတိရစ္ဆာန် များနှင့် ကြုံတွေ့ရပါက တကယ်ကို ချက်ချင်း သေဆုံးသွားနိုင်လေသည်။
အားလုံးက ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြပြီး ပရိသတ် အဟောင်းများ ပင်လျှင် မနေနိုင်ဘဲ ပြောဆိုလာကြတော့သည်။
[လောင်ရွှီ... ပြန်လာခဲ့ပါတော့... အဲဒီနေရာက အရမ်း အန္တရာယ် များလွန်းတယ်... မင်း တစ်ယောက်တည်း ဒုက္ခ မရောက်စေနဲ့နော်]
[အရမ်း ကြောက်စရာ ကောင်းလွန်းတယ်]
[ငါတောင် မကြည့်ရဲတော့ဘူး]
ရွှီယန် က အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာ အမူအရာ ကလည်း အနည်းငယ် လေးနက်သွားခဲ့သည်။
ထင်သည့် အတိုင်းပင် ဆိုက်ဘေးရီးယား လူသူကင်းမဲ့ သစ်တော က ထိုမျှလောက် မရိုးရှင်းချေ။
သူက အလွန် သေးငယ်သော နေရာလေး တစ်ခုတွင်သာ လှုပ်ရှား သွားလာနေသေးခြင်း ဖြစ်ပြီး ဤမျှ ကျယ်ပြောလှသော ဆိုက်ဘေးရီးယား တွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုး မည်မျှ ရှိနေမည်ကို မသိနိုင်ချေ။
ဝံပုလွေဘုရင် က ဤသို့ဖြင့် အသက် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ဝံပုလွေအုပ် က ဝံပုလွေဘုရင် သေဆုံးသွားသည်ကို မြင်သောအခါ အချိန် အတန်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
ထို့နောက် ဤဝံပုလွေအုပ် က စတင် ဆုတ်ခွာသွားကြပြီး ၎င်းတို့တွင် ခေါင်းဆောင် မရှိတော့သော်လည်း ဆုတ်ခွာသည့် လမ်းကြောင်း ကတော့ တစ်ညီတစ်ညွတ်တည်း ဖြစ်နေကြလေသည်။
"ဝံပုလွေဘုရင် သေသွားပြီ ဆိုတော့ ဝံပုလွေဘုရင် အသစ် တစ်ကောင် မွေးဖွားလာတော့မယ်..."
ရွှီယန်က စကားစတင် ပြောဆိုလိုက်သည်။
"အရွယ်ရောက်ပြီးသား ဝံပုလွေအထီး တွေက ရာထူး နေရာ ရဖို့ အတွက် ဝံပုလွေဘုရင် အသစ် တစ်ကောင် ထွက်လာတဲ့ အထိ စတင် သတ်ပုတ်ကြတော့မှာ... အခြေခံအားဖြင့် ဝံပုလွေအုပ် ထဲမှာ အသန်မာဆုံး တစ်ကောင် ဖြစ်လာမှာပဲ..."
"ဝံပုလွေဘုရင် အသစ် ရာထူး တက်လာရင် အရင် ဝံပုလွေဘုရင် ရဲ့ ကလေးတွေကို ကိုက်သတ်ပစ်လေ့ ရှိတယ်... ဒါကလည်း ထုံးစံ တစ်ခုပဲ..."
"ဒီဝံပုလွေ တွေ ပြန်ရောက်သွားရင် ဝံပုလွေဘုရင် နေရာ အတွက် စတင် လုယက်ကြတော့မှာ သေချာတယ်..."
ရွှီယန်က သူ၏ တာဝန် မည်သည့် နေရာမှ လာသည်ကို နားလည်သွားခဲ့သည်။
ဤဝံပုလွေဘုရင် လုယက်မည့် တိုက်ပွဲ ပင် ဖြစ်လေသည်။
အပျိုစင် သစ်တော အနက်ပိုင်း သို့ ဝင်ရောက်လာရာမှ ဝံပုလွေဘုရင် မွေးဖွားမည့် ကိစ္စနှင့် ကြုံတွေ့ရလိမ့်မည် ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ အနည်းငယ် စိတ်ဝင်စားသွားသဖြင့် အခြေအနေကို ကြည့်ရှုရန် အတွက် ဝံပုလွေအုပ်၏ နောက်သို့ လိုက်သွားရန် ရည်ရွယ်လိုက်သည်။
အဝေးရှိ လွင်ပြင် ပေါ်တွင် ဝက်ဝံညို က မျက်နှာ တစ်ခုလုံး သွေးများ ပေကျံနေလျက် တောသမင် ၏ အသားကို မြည်းစမ်းနေပြီး ဝံပုလွေဘုရင် ၏ လည်ပင်း တွင်လည်း သွေးများ ရဲရဲနီနေကာ လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ဤသည်မှာ သဘာဝတရား ၏ ဥပဒေသ အောက်ရှိ မြင်ကွင်း တစ်ခုပင် ဖြစ်လေသည်။
လက်ရှိ ရွှီယန် ကလည်း ဤကဲ့သို့သော ဥပဒေသ အောက်တွင် ရှိနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူက မိမိ၏ လုံခြုံရေး ကို အလွန် ဂရုစိုက်နေဆဲ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံရပ်ခြား က အနည်းငယ် ရှုပ်ထွေးပြီး ပြည်တွင်း နှင့် တကယ်ကို မတူညီချေ။