နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တို့ စုဝေးခြင်း…
Vol. 025 Ch. 1224
ဝမ်လင်းက တိတိကျကျ ပြန်မဖြေပေ။ သူက ရိုးရှင်းစွာပင် ခေါင်းစဉ်ပြောင်း၏။
သူက ထိုသို့ လုပ်လေ ချူယောင်လုံက တစ်မူထူးသည် ပိုခံစားမိလေ ဖြစ်သည်။ ချူယောင်လုံက သည်လူငယ်၌ ဆန်းကြယ်ထည်ဝါမှု ခြုံလွှမ်းနေသည်ဟု ခံစားမိ၏။
ချူယောင်လုံကလည်း ဝမ်လင်းကို အတင်းမဖြေစေပေ။ ထို့ကြောင့် သူက ပြုံး၍သာ ခေါင်းယမ်း၏။ သူက သည်ကိစ္စကို ဆက်ပြောမနေတော့ဘဲ ထိုအစား ဝမ်လင်းကို သတိပေး၏။ “ရောင်းရင်းကျင့်ကြံသူ…ဒါက သီးသန့်လေလံပွဲပဲ။ စည်းမျဉ်းတွေအရ တော်တော်များများက သူတို့ရဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားကြတယ်…”
ထိုသို့ ပြောပြပြီးနောက် သူတို့သည် ဝင်ပေါက်လမ်း၏ အဆုံးကို ရောက်လာကြပြီး ကျောက်တံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်သည်။
ခဏအကြာတွင် ကျောက်တံခါးက တုန်ခါကာ မျက်နှာပြင်ထက်၌ လှိုင်းများ ပျံ့လာ၏။ ချူယောင်လုံက ထိုလှိုင်းများ မပျောက်ကွယ်သွားခင် ဝမ်လင်းကို ပြန်လှည့်ကြည့်၏။
ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူက သူ့ပုံပန်းသွင်ပြင်ကို ဖုံးကွယ်မနေပေ။ သူက သည်နေရာသို့ လာဝံ့မှတော့ သူသည် ပြဿနာကို ကြောက်နေတော့မည် မဟုတ်ပေ။ သူက လှိုင်းများထဲသို့ လှမ်းလျှောက်သွားပြီး ပျောက်ကွယ်သွားသည်။
သူ့အမြင်က ဝေဝါးသွား၏။ သူ့အမြင် ပြန်ကြည်လင်လာချိန်၌ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ သူက သူ့ဘေးပတ်လည်သို့ ကြည့်ရာ ပေတစ်ရာခန့်ကျယ်သည့် အခန်းတစ်ခုကို မြင်သည်။ ထိုအခန်းက အမည်မသိသတ္တုအချို့နှင့် တည်ဆောက်ထားကာ အခန်းတွင်းကနေ တစ်စုံတစ်ယောက်သည် အောက်ဘက်ရှိ သားရဲများတိုက်ပွဲကို ထွင်းဖောက်မြင်နိုင်သည်။
အခန်းထဲ၌ ခုံအချို့ ရှိနေ၏။ ကျင့်ကြံသူခုနစ်ယောက်က သူတို့၏ ဆိုင်ရာခုံများတွင် ထိုင်နေကြသည်။ထိုသူတို့က သူတို့၏ မျက်နှာကို ဖုံးကွယ်မထားကြပေ။ ဝမ်လင်း ဝင်လာချိန်၌ အားလုံး၏အကြည့်က သူ့ထံသို့ ကျရောက်လာသည်။
ထိုသူတို့၏အကြည့်များက ဓားများကဲ့သို့ ထက်ရှလှသည်။ သူတို့၏ အကြည့်ဖြင့်ပင် လူတစ်ယောက်ကို အေးစိမ့်သွားစေလောက်၏။ သူတို့ထဲမှ တစ်ယောက်က ဝမ်လင်းကို တွေ့မြင်သည့်နောက် တစ်ခဏ မင်သက်သွားသည်။ သို့သော် မကြာခင်ပင် ထိုသူက ပုံမှန်ပြန်ဖြစ်ကာ ပြုံး၏။
ရှေ့ဆုံးခုံတွင် ထိုင်နေသည့်သူက မီးခိုးရောင်ဝတ်စုံဖြင့် အဘိုးအို ဖြစ်၏။ သူက မျက်လုံးကို အနည်းငယ်သာ ဖွင့်ကြည့်၏။ သို့သော် သူ ဝမ်လင်းကို ကြည့်လိုက်ချိန်၌ သူ့မျက်လုံးထဲတွင် ဖျပ်ခနဲ လင်းသွား၏။ ထိုကျင့်ကြံသူက နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွင် ရှိ၏။ သူ့နောက်တွင် ချူယောင်လုံက ခါးကိုင်းကာ ထိုသူ့ကို တစ်ခုခု ခပ်တိုးတိုး ပြောပြနေသည်။
ဝမ်လင်းက လူတိုင်း၏ အကြည့်ရှေ့မှာပင် ရှေ့သို့ တည်တည်ငြိမ်ငြိမ် လျှောက်လာ၏။ သူက ခုံတစ်ခုရှေ့သို့ ရောက်လာပြီးနောက် အေးဆေး ထိုင်ချသည်။ သူ့မျက်လုံးတို့က တည်ငြိမ်၏။ သူက သည်လူအုပ်ကို ကြည့်သည်။ထို့နောက် သူက သူ့အား ပြုံးပြသည့် သူကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။
ဝူချင်းက ဝမ်လင်းကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူက အံ့အားသင့်သွားမိ၏။ သို့သော်လည်း ဝမ်လင်းက အခုလိုသီးသန့်လေလံပွဲထဲ ဝင်လာနိုင်စွမ်းရှိခြင်းကြောင့် ဝူချင်း သူ့ကို ပို၍ အထင်ကြီးသွားစေသည်။
ဝမ်လင်းက အားလုံးကို ကြည့်ပြီးနောက် သည်နေရာရှိ လူများတွင် ချူယောင်လုံ၏ဆရာဦးလေးနှင့်ဝူချင်းတို့ကလွဲ၍ ကျန်သည့်သူများမှာ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်များ ဖြစ်နေသည်ကို သိ၏။
ဝမ်လင်း၏မျက်နှာချင်းဆိုင်တွင် ကြည့်ကောင်းသည့် အသားအရေဖြင့် ပညာတတ်လူငယ်တစ်ယောက် ထိုင်နေ၏။ သူက သူ့လက်ထဲရှိ သားမွှေးယပ်တောင်ကို ညင်သာစွာ ခတ်နေ၏။ သူက မည်သည့်စိတ်ခံစားမှုမှ ရှိမနေပေ။ ဝမ်လင်း သူ့ကို ကြည့်လာချိန်၌ သူကလည်း ဝမ်လင်းကို စိတ်ဝင်စားဟန်ဖြင့် ပြန်ကြည့်သည်။
သူ့ဘေးတွင် လှပသည့်အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမက လှပသည့် ပန်းပွင့်ဝတ်စုံကို ဝတ်ဆင်ကာ ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူမက ဝမ်လင်းကို တစ်ချက်သာ ကြည့်၍ သူ့ကို အရေးထပ်စိုက်မနေတော့ပေ။
သိပ်မဝေးသောနေရာတွင် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့ပုံပန်းသွင်ပြင်က ထူးဆန်းလှသည်။ သူ့မျက်နှာက အမာရွတ်များ ပြည့်နေကာ ကြောက်မက်ဖွယ်ကောင်း၏။ သူက သုန်မှုန်စွာဖြင့် သူ့ညာလက်ညှိုးထိပ်ရှိ ကွင်းကို လှည့်နေသည်။
ထိုသုံးယောက်အပြင် အခြားနှစ်ယောက်လည်း ဝမ်လင်းကို တည်တည်ငြိမ်ငြိမ် ကြည့်နေ၏။
ဘယ်ဘက်ခြမ်း သိပ်မနီးမဝေးတွင် ဝတ်စုံနက်အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုသည် အရိုးခြောက်ကဲ့သို့ ပိန်ပါးကာ သိမ်းငှက်ကဲ့သို့ လက်များ ပိုင်ဆိုင်ထားသည်။ သူ့ဘယ်လက်ထဲတွင် ကလေးလက်သီးစုပ်ခန့် အရွယ်အစားရှိသည့် အလုံးနှစ်လုံး ရှိသည်။ သူက ထိုအလုံးနှစ်လုံးကို လက်ထဲတွင် လှည့်ပတ်နေရင်း အလုံးနှစ်လုံး ပွတ်တိုက်ချိန်၌ ရံဖန်ရံခါ အသံတစ်ခု ထွက်ပေါ်သည်။
နောက်ဆုံးတစ်ယောက်က ဆံပင်ဖြူများဖြင့် ပြည့်နှက်နေသည့် အဘွားအိုပင်။ သူမ၏ အရေအပြားတို့မှာ အရေးအကြောင်းများ ရှိနေကာ သူမသည် အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသည်။ သူမက မလှုပ်မယှက် ထိုင်နေ၏။ ဝမ်လင်း ကြည့်လာသည့်အခါ သူမ၏ မျက်လုံးတို့မှာ လျှပ်စီးကဲ့သို့ တောက်ပသွားပြီး သူ့ကို အေးစက်စက် တန်ပြန်ကြည့်သည်။
ဤလေလံပွဲငယ်တွင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်များအတွက်ဟုသာ ဆိုလိုနေ၏။ ဤနေရာသို့ ဝင်ရောက်ဖို့က နောက်ခံနှင့်ခွန်အား ရှိရပေမည်။ ဝမ်လင်းက မိစ္ဆာစုဆောင်းခြင်းကလန်၏ တပည့်သုံးယောက်ကို လွယ်လင့်တကူ ဒဏ်ရာ ရရှိစေခဲ့ခြင်းကြောင့် မဟုတ်ပါက သူ့ ကမ်းလှမ်းမှုက အတော်လေးများသည် ဆိုလျှင်ပင် ဤနေရာသို့ ဝင်လာဖို့ ခက်ခဲလှပေမည်။
သူ ဤနေရာသို့ ဝင်လာခဲ့သည်တောင်မှ သူက လူတိုင်း၏ အမြင်၌ အောက်ဆုံးတွင်သာ ဖြစ်နေသေး၏။
ချူယောင်လုံက အဘိုးအိုကို ပြောလက်စ စကားစ သပ်ပြီးနောက် သူက ခါးဆန့်ကာ ဘေးတစ်ဖက်တွင် တလေးတစား ရပ်နေသည်။
ထိုအဘိုးအိုက ချောင်းဟန့်ကာ သူ့အကြည့်က အခန်းထဲရှိ ကျင့်ကြံသူများထံ ရောက်သွား၏။ သူ့ခပ်ဩဩ အသံက ဤအခန်းအတွင်း ထွက်ပေါ်လာ၏။
“ဒီနေ့ ငါ အရှင်ဟွေစုန်က ဒီလိုမျိုး သီးသန့်တွေ့ဖို့ စီစဉ်ခဲ့တာပဲ။ ငါ ဖိတ်ခေါ်ခဲ့တဲ့သူတိုင်းက ငါ့အသိဟောင်းတွေ၊ တကယ်တော့ ငါတို့မှာ မိတ်ဆွေသစ်နှစ်ယောက်လည်း ဒီတစ်ခေါက်မှာ ပါတယ်။ ယဉ်ယဉ်ကျေးကျေး မပြောတတ်တဲ့အတွက် ငါ့အပေါ်တော့ စိတ်မရှိကြနဲ့။ အရင်စည်းမျဉ်းတိုင်း ငါတို့ အရင်ဆုံးလောင်းကြေးပုံလိုက်ရအောင်…”
အဘိုးအို စကားဆုံးသည့်နောက် ချူယောင်လုံက ချက်ခြင်း ရှေ့သို့ လျှောက်လာကာ ကျောက်စိမ်းပြားခြောက်ခုကို ထုတ်ယူသည်။ သူက လူတိုင်းကို ကျောက်စိမ်းပြားတစ်ခုစီ ကမ်းပေးကာ နောက်ဆုံးတစ်ခုကို အဘိုးအိုထံသို့ တလေးတစား ကမ်းပေးသည်။
ဝမ်လင်းက ထိုကျောက်စိမ်းပြားကို ကိုင်ကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်၏။ သူက ချက်ခြင်းပင် ကျောက်စိမ်းပြားအတွင်း၌ သားရဲတစ်ရာကျော်၏ အချက်အလက်များကို မြင်လိုက်ရသည်။
“ဒီမှာ ဓားခြင်္သေ့သားရဲတောင် ပါနေတာပဲ။ ဒီအဘိုးအိုက ဒီသားရဲအပေါ်မှာ လောင်းကြေးတင်တယ်…”
အမာရွတ်များနှင့်အဘိုးအိုက ရယ်မော၍ ပြော၏။ သူ့နတ်ဘုရားအာရုံဖြင့် ကျောက်စိမ်းပြားကို ပြင်ဆင်ပြီးနောက် ချူယောင်လုံထံ ပြန်ပစ်ပေးသည်။
ဝမ်လင်းက ကျောက်စိမ်းပြားထဲရှိ သားရဲတစ်ကောင်ချင်းစီကို တည်တည်ငြိမ်ငြိမ် စစ်ဆေးကြည့်နေသည်။ သူက ထိုသားရဲများနှင့်ပတ်သတ်၍ သိရှိထားခြင်း မရှိပေ။ သူ မူလကလန်ကနေ သိထားသမျှမှာ မလုံလောက်ပေ။ ဤကျောက်စိမ်းပြားအတွင်းရှိ သားရဲအများစုကို မူလကလန်၏ မှတ်တမ်းများတွင် မဖော်ပြထားခဲ့ပေ။
ဝမ်လင်းက ကျောက်စိမ်းပြားကို စစ်ကြည့်နေရင်း သားရဲများအကြောင်း အတော်လေး သိလာ၏။ အခြားသူအများစုက သူတို့၏ကျောက်စိမ်းပြားကို ပစ်ပေးသည့်ကို တွေ့ရပြီးနောက် ဝမ်လင်းက လေတိမ်သားရဲ ဟု အမည်ရသည့် သားရဲပေါ်တွင် ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်ရာ တင်ကာ ချူယောင်လုံထံ ၎င်းကို ပြန်ပေးလိုက်သည်။
ဆံဖြူအဘိုးအိုက ပြုံး၍ ပြော၏။ “ဒီနေ့ ဘယ်သူက အကောင်းဆုံး ဆုံးဖြတ်နိုင်ခဲ့လည်း ငါ မြင်ချင်နေပြီ။ ငါတို့ သိပ်မကြာခင် သိရတော့မှာပါ။ အခု ဒီမှာ ရတနာသုံးခု ရှိတယ်။ သင်တို့ထဲက စိတ်ဝင်စားတဲ့ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ကမ်းလှမ်းနိုင်တယ်…”
ပြောပြောဆိုဆိုဖြင့် အဘိုးအိုက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သလင်းကျောက်သုံးခု ပျံသန်းထွက်လာကာ လေထဲတွင် မြောလွင့်နေသည်။
ပထမဆုံးပစ္စည်းက ဓားတစ်လက် ဖြစ်၏။ ၎င်းက သလင်းနှင့် ပြုလုပ်ထားကာ အေးစက်စက်အော်ရာကို ပေးစွမ်းလေသည်။ ၎င်းဓားအတွင်း၌ အနီရောင်လိုင်းတစ်ခု လှုပ်ရှားနေရာ မကောင်းဆိုးဝါးအော်ရာကို ပေးစွမ်းနေတော့သည်။
ဒုတိယပစ္စည်းက ပျက်စီးနေသည့် ချပ်ဝတ်တစ်ခုပင်။၎င်းထံကနေ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။
တတိယပစ္စည်းက ဆေးလုံးတစ်လုံး ဖြစ်၏။ ထိုဆေးလုံးက လုံးဝနက်မှောင်ကာ ဘာဆေးနံ့မှ မပေးစွမ်းပေ။ ထိုအစား ကြောက်မက်ဖွယ်အော်ရာကိုသာ ပေးစွမ်း၏။
“ပထမတစ်ခုက သွေးသလင်းဓားပဲ။ ငါ အဆင့်ရှစ်သားရဲတစ်ထောင်နီးပါးကို သတ်ခဲ့ပြီး သူတို့ရဲ့ သွေးနဲ့ ဒီဓားကို သန့်စင်မွန်းမံခဲ့တာ။ ငါ ဒီဓားကို ပြုလုပ်တဲ့အချိန်မှာ ဉာဏ်အလင်းရဖို့အတွက် စီနီယာတောက်ယဲ့ကိုလည်း အကူအညီတောင်းခဲ့တယ်။ဒါ့ကြောင့် ဒီဓားရဲ့စွမ်းအားက အတော်လေး တိုးလာခဲ့တယ်။ အထဲက သွေးကြောင်းကလည်း ထူးဆန်းတဲ့အဆိပ်တစ်မျိုး ပါနေတဲ့အတွက် ခန္ဓာကိုယ်ကို ထိတာနဲ့ မူလစိတ်ဝိညာဉ်ပါ အဆိပ်သင့်သွားစေလိမ့်မယ်…”
“စီနီယာတောက်ရဲ့က ဒါကို ဉာဏ်အလင်းသွင်းခဲ့တာလား…”
ပန်းပွင့်ဝတ်စုံနှင့်အမျိုးသမီးက သူမ၏ ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးသလင်းဓားသည် သူ့ထံ ပျံသန်းဝင်လာ၏။ အနီးကပ်ကြည့်ပြီးနောက် သူမက ဓားကို နောက်သို့ ပြန်လည် ပျံသန်းသွားစေသည်။
“ဒုတိယပစ္စည်းက မန္တာန်တစ်စုံ မှတ်တမ်းတင်ထားတဲ့ ချပ်ဝတ်ပဲ။ ဒါပေမဲ့ ဒီချပ်ဝတ်က ပျက်စီးနေပြီ။ ဒါ့ကြောင့် ကျင့်ကြံဖို့ မဖြစ်နိုင်တော့ဘူး။ စိတ်ပျက်စရာပဲ။ တတိယပစ္စည်းကတော့ ရောင်းရင်းကျင့်ကြံသူတို့ရဲ့ မြင်နိုင်စွမ်းပေါ်မှာပဲ မူတည်လိမ့်မယ်…”
အဘိုးအိုက ပြုံး၍ လူတိုင်းကို ကြည့်သည်။
ဝမ်လင်းနှင့် မလှုပ်မယှက်ရှိနေသည့် အစိမ်းရောင်ဝတ်စုံအဘွားအိုတို့ကလွဲ၍ အခြားလေးယောက်က ရတနာများအားလုံးကို တစ်ခုပြီးတစ်ခု ကြည့်ကြသည်။ လှပသောအမျိုးသမီးက သလင်းဓားကို ဝယ်၏။ တန်ဖိုးတိတိကျကျကိုတော့ မည်သူကမျှ မသိလိုက်ပေ။
ချပ်ဝတ်အစိတ်အပိုင်းကိုတော့ မည်သူကမျှ မမေးပေ။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ချပ်ဝတ်အပိုင်းက သူ့လက်ထဲသို့ ရောက်လာ၏။ သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို ကြည့်ရှုသည်။ သို့သော် သူက အတွင်းထဲရှိ မန္တာန်များကို အာရုံစိုက်ခြင်းမဟုတ်၊ ထိုအစား ချပ်ဝတ်သတ္တုကိုသာ စိတ်ဝင်စားသည်။
ထိုအပိုင်းက အရိုးတစ်ခုနှင့်တူ၏။ သို့သော် သေချာကြည့်ပြီးနောက် ၎င်းက မတူတော့ပြန်ပေ။ ဝမ်လင်းက မစဉ်းမိဘဲ မနေနိုင် ဖြစ်ရ၏။
သက်လတ်ပိုင်း ပညာတတ်အသွင်ရှိသူ၏ လက်ထဲတွင် အနက်ရောင်ဆေးလုံးကို ကိုင်ထားကာ သူက အနံ့ခံကြည့်သည်။ သူ့ပုံစံက ချီတုံချတုံ ဖြစ်ပေါ်ကာ အဘိုးအိုထံ လှမ်းကြည့်၍ ပြောသည်။
“အရှင်ဟွေစုန်…ငါ ဒီဆေးလုံးအတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား ငါးရာ ကမ်းလှမ်းတယ်…”
အရှင်ဟွေစုန်က ခေါင်းယမ်းကာ ဖြည်းဖြည်းချင်း ပြောသည်။ “အများကြီး တိုးပေးရဦးမယ်…”
သူက ထိုသို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတို့၏ မျက်ဝန်းတို့က ကျဉ်းမြောင်းသွား၏။ သူတို့က ဆေးလုံးကို ကြည့်သည်။ ဤကျင့်ကြံသူများက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိကြကာ ထို့ကြောင့် သူတို့သည် စိတ်ခံစားမှုကို မဖော်ပြတတ်ကြပေ။ သူတို့က ဆေးလုံးကို ကြည့်နေသော်လည်း သူတို့ ဘာတွေးနေသည်ကို မြင်နိုင်ဖို့က အမှန်တကယ် ခက်ခဲပေမည်။
ထိုသက်လတ်ပိုင်းလူက တစ်ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ပြုံးသည်။ ဈေးနှုန်းကို ကြားရပြီးနောက် သူက သူ့ဟာသူ တွက်ကြည့်နေ၏။ ထို့နောက် သူက ဆေးလုံးကို သိမ်းဆည်းကာ အရှင်ဟွေစုန်ကို ခေါင်းညိတ်ပြသည်။
အရှင်ဟွေစုန်က ပြုံး၏။ သူ့အကြည့်က ဝမ်လင်းထံ ကျရောက်လာပြီး ရယ်မော၍ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူက ဒါကို သဘောကျလို့လား…”
ဝမ်လင်းသည် မော့ကြည့်၏။ သူက အနည်းငယ် စဉ်းစားကာ ပြောသည်။ “ဒါက အသုံးတော့ မဝင်ဘူး။ဒါပေမဲ့ ငါက ရှားပါးတဲ့အရာတွေကို စိတ်ဝင်စားတယ်။ဒါ့ကြောင့် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ရာ ကမ်းလှမ်းမယ်..."
အရှင်ဟွေစုန်က အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက လက်ဝေ့ယမ်းကာ ရယ်၍မော၍ ဆိုသည်။ “အစတုန်းက ငါ ဒါကို ရောင်းဖို့ စိတ်ကူးမရှိခဲ့ဘူ။ ရောင်းရင်းတို့ ဒါကို ဘာမှန်း မြင်စေချင်ရုံပဲ။ ရောင်းရင်းက ဒီချပ်ဝတ်အပိုင်းကို သဘောကျမှတော့ ငါ သင့်ကို လက်ဆောင်ပေးလိုက်မယ်…”
ဝမ်လင်းက သူ့လက်နှစ်ဖက်ကိုဆုပ်ကာ ကျေးဇူးတင်ကြောင်း ပြော၍ ဤချပ်ဝတ်အပိုင်းကို သိမ်းဆည်းသည်။
အလုံးနှစ်လုံး ကိုင်ထားသည့် အဘိုးအိုက ဖြည်းဖြည်းချင်း ပြော၏။ “ဒီအဘိုးအိုက တကယ့်ကို မမြင်တတ်တာပဲ။ ဒီဆေးလုံးက တကယ့်ကို နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတွေကိုတောင် ချိန်းခြောက်နိုင်တဲ့ ပရမ်းပတာမူလဆေးလုံး ဖြစ်နေလိမ့်မယ် မမျှော်လင့်ထားမိဘူး။ ဒါပေမယ့်လည်း ဆေးလုံးတစ်လုံးတည်းနဲ့တော့ လုံလောက်အောင် အားမကောင်းသေးဘူး…”
ထိုသို့ ပြောရင်း အဘိုးအိုက လက်ဝေ့ယမ်းလိုက်ရာ ပစ္စည်းနှစ်ခု ပျံသန်းထွက်လာ၏။၎င်းတို့က လေထဲ၌ ဝဲနေသည်။
၎င်းတို့မှာ အနီရောင်အမွှေးတောင်တစ်ခုနှင့် ဦးခေါင်းအရွယ်အစား ပူဖောင်းတစ်လုံးဖြစ်သည်။ ထိုပူဖောင်းထဲ၌ သားရဲစိတ်ဝိညာဉ်တစ်ခု ရှိ၏။ ထိုသားရဲ၏ တစ်ဝက်က နဂါး၊ကျန်တစ်ဝက်က မြူခိုးများ ဖြစ်နေသည်။၎င်းသားရဲက ဤပူဖောင်းထဲကနေ လွတ်မြောက်ရန် ရုန်းကန်နေ၏။
ထိုပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်ချိန်၌ လူတိုင်းသည် လှမ်းကြည့်သည်။ ဝမ်လင်းက အနီရောင်အမွှေးတောင်ကို မြင်သည့်အခါ သူသည် တုန်လှုပ်မိသည်။ သို့သော် သူက ယင်းတုန်လှုပ်မှုကို ကောင်းစွာ ဖုံးကွယ်လိုက်နိုင်၏။
“ပထမပစ္စည်းက ဟင်္သာငှက်ရဲ့ ချပ်ဝတ်အမွှေးတောင်ပဲ။ ဒါက အစစ်အမှန် ဟုတ်လား၊မဟုတ်လား ခွဲခြားဖို့ ခက်ခဲပေမယ့် ဒီထဲမှာ ပါတဲ့ မီးမူလစွမ်းအင်က အားကောင်းလွန်းတယ်။ ဒုတိယပစ္စည်းကတော့ ငါ မိတ်ဆက်ပေးနေဖို့ မလိုဘူး။ ဒါက အဆင့်ဆယ့်နှစ်သားရဲစိတ်ဝိညာဉ်တစ်ပိုင်းပဲ။ ငါ့မှာ အရှင်ဟွေစုန်လို စည်းမျဉ်းတွေအများကြီး မရှိဘူး။ သင်တို့ ငါ သဘောကျလောက်မယ့်အရာနဲ့ ဒီပစ္စည်းနှစ်ခုကို လဲလှယ်နိုင်တယ်…”
အဘိုးအို၏ စကားဆုံးသည့်အခါ သူသည် လူတိုင်းကို ငြိမ်သက်စွာ ကြည့်ရှု၏။
“ကံမကောင်းစွာနဲ့ ဒါက မြူသားရဲတစ်ပိုင်းပဲ ဖြစ်နေတာ။ အတော်ဆိုးတာပဲ…”
ဝူချင်းက ထိုပူဖောင်းထဲမှ သားရဲကို ကြည့်ကာ သက်ပြင်းချ၍ ခေါင်းယမ်းသည်။
“ဒါသာ မြူသားရဲအစစ်အမှန် ဖြစ်နေခဲ့မယ်ဆိုရင် ငါက ဘာကြောင့်များ ရောင်းရမှာလဲ…”
ထိုအဘိုးအိုက အေးစက်စက်နှာခေါင်းရှုံ့သည်။
***