← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉

ကျန်းဟန်သည် ခရမ်းရောင်မိုးကြိုးတောင်ထွတ်၏ ထိပ်ဖျားတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသည်ကို မသိသော်လည်း ၎င်းသည် နဂါးများနှင့် ဆက်စပ်နေကြောင်းကိုမူ အသေအချာ သိရှိထားသည်။

“ဒါကို ခဏထားလိုက်ဦး။ ငါတို့ရဲ့ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လေ့ကျင့်မှုကိုပဲ ဆက်လုပ်ကြရအောင်။ လေ့ကျင့်လို့ပြီးမှ အပေါ်ကို တက်ကြည့်ကြတာပေါ့။”

ကျန်းဟန် စဉ်းစားကြည့်ပြီးနောက် ပိုင်လင်း၏ လေ့ကျင့်မှုကိုသာ ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်။

“ဝေါင်း ကောင်းပါပြီ။”

ပိုင်လင်းက သဘောတူလိုက်ပြီး ၎င်း၏ လေ့ကျင့်မှုကို စတင်လိုက်သည်။ အဆင့် ၃ ခေါင်းဆောင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ပိုင်လင်း၏ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုမှာ ယခင်ကထက်ပင် ပိုမိုကြီးမားလာခဲ့သည်။

၎င်းက အသက်ရှူသွင်း လေ့ကျင့်ခန်းများကို လုပ်ဆောင်သည့်အခါ သုံးကီလိုမီတာ ပတ်လည်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် စည်းချက်ညီညီ တုန်ခါလာကြ၏။ ၎င်းက ခန္ဓာကိုယ်သန့်စင်ရန်အတွက် မိုးကြိုးများကို လမ်းကြောင်းလွှဲ ဆွဲယူလိုက်သည့်အခါ မိုးတိမ်မည်းများထဲမှ မိုးကြိုးအများစုကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပြီး အလွန်တရာ ကျယ်ပြောလှသော မိုးကြိုးရေတံခွန်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားသော မိုးကြိုးရေတံခွန်ကြီးကြောင့်ပင် ဤနေရာ၏ အခြေအနေကို လာရောက်စုံစမ်းထောက်လှမ်းလိုသူများပင် လက်ဗလာဖြင့် ပြန်လှည့်သွားကြရပြီး ထိုမျှ ကြောက်စရာကောင်းသော မိုးကြိုးရေတံခွန်ကြီးထဲသို့ ရဲရဲဝံ့ဝံ့ မတိုးဝင်ရဲကြချေ။

ယခင်ကနှင့် မတူညီသည့်အချက်မှာ ယခုအကြိမ်တွင် ပိုင်လင်း၏ လေ့ကျင့်မှုကြောင့် နဂါးအရှိန်အဝါများ အမြောက်အမြား စုစည်းလာခြင်းပင် ဖြစ်သည်။ မိုးကြိုးတောင်တစ်ခုလုံးတွင် ပျံ့လွင့်နေသော များပြားလှသည့် နဂါးအရှိန်အဝါများသည် ၎င်းတို့၏ သခင်ကို ရှာဖွေတွေ့ရှိသွားသည့်အလား ပိုင်လင်း၏ လေ့ကျင့်မှုနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝှေ့ဝင်ရောက်သွားကြသည်။

ဤမျှ များပြားလှသော နဂါးအရှိန်အဝါများ စီးဝင်လာမှုကြောင့် ပိုင်လင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပြန်လည်ကြီးထွားလာကြောင်း ကျန်းဟန် သတိပြုမိလိုက်ပြီး သူကိုယ်တိုင်လည်း အသစ်စက်စက် စွမ်းအားတုံ့ပြန်မှုတစ်ခုကို ရရှိလိုက်သည်။

ပိုင်လင်း လေ့ကျင့်မှု ပြီးဆုံးသွားချိန်တွင် ၎င်း၏ အရှိန်အဝါမှာ ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုအရာက အရေးကြီးဆုံးမဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ ကျန်းဟန်၏ မျက်စိရှေ့မှောက်တွင် တောက်ပသော စာသားအသစ်များ အတန်းလိုက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

[များပြားလှသော နဂါးအရှိန်အဝါများ စီးဝင်လာမှုကြောင့် သင်၏ သားရဲ မိုးကြိုးနဂါးသည် ၎င်း၏ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်ကို အချိန်မတိုင်မီ ပြီးမြောက်အောင်မြင်သွားခဲ့ပြီး မိုးကြိုးနဂါး၏ အသစ်စက်စက် နဂါးကျိန်စာ ကောင်းကင်မိုးကြိုးကပ်ဘေးကို ရရှိသွားခဲ့သည်။

၎င်းကို အသက်သွင်းလိုက်ပါက ပြိုင်ဘက်သည် မိုးကြိုးအားလုံး၏ ရန်သူတော်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြာအဖြစ်သို့ လွင့်ပါးမသွားမချင်း မိုးကြိုးတိုက်ခိုက်မှုများကို အဆက်မပြတ် ခံစားရစေမည်ဖြစ်သည်။]

“ပိုင်လင်း… မင်း ခံစားမိရဲ့လား။”

ကျန်းဟန်က ပြုံးကာ မေးလိုက်၏။

“ဝေါင်း ခံစားမိတယ် သခင်။ ကျွန်တော် ကျိန်စာအသစ်တစ်ခုကို တတ်မြောက်သွားပြီ။ ဒါကို ယခင်က နဂါးကျိန်စာနဲ့ တွဲသုံးလို့ရသလို သီးသန့်လည်း ထုတ်လွှတ်လို့ရတယ်။”

ပိုင်လင်က စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး ကျန်းဟန်ကို ကျောပေါ်တင်ကာ ကောင်းကင်၌ စက်ဝိုင်းပုံစံ အကြိမ်ပေါင်းများစွာ ပျံသန်းပြခဲ့သည်။

“ကောင်းပြီ၊ ကောင်းပြီ။ ငါတို့ ဒီနေရာကနေ အရင်ထွက်သွားကြရအောင်။ ပြီးမှ လမ်းကြောင်းပြောင်းပြီး ခရမ်းရောင်မိုးကြိုးတောင်ထွတ်ရဲ့ ထိပ်ကို သွားကြည့်ကြမယ်။”

ကျန်းဟန်လည်း အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့သည်။ ခရမ်းရောင်မိုးကြိုးတောင်ထွတ်၏ ရုတ်တရက် အပြောင်းအလဲကြောင့် ပိုင်လင်း၏ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လေ့ကျင့်မှုကို အချိန်မတိုင်မီ ပြီးမြောက်စေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤနည်းဖြင့် သူသည် ဤနေရာတွင် ရက်သတ္တပတ်တစ်ပတ် သက်သာသွားခဲ့ပြီး ဟုတ်ဟုတ်ကို သွေးနက်တွင်းကြီးသို့ ပိုမိုစောစီးစွာ ခေါ်ဆောင်သွားနိုင်တော့မည် ဖြစ်သည်။

ဤနဂါးကျိန်စာအသစ် ကောင်းကင်မိုးကြိုးကပ်ဘေးသည်လည်း အလွန် လက်တွေ့ကျလှသည်။ ၎င်းကို သီးသန့်အသုံးပြုခြင်းကပင် အလွန်အမင်း အင်အားကြီးမားလှပြီး အခြားနဂါးကျိန်စာတစ်ခုဖြစ်သည့် မိုးကြိုးသံကြိုးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သည်။

ချုပ်နှောင်ရန်အတွက် မိုးကြိုးသံကြိုးကို သုံးပြီး အပေါ်စီးမှ ကျရောက်လာမည့် ကောင်းကင်မိုးကြိုးကပ်ဘေးနှင့် တွဲဖက်လိုက်ပါက ပြိုင်ဘက်သည် ထိမှန်သွားသည်နှင့် တပြိုင်နက် သေဆုံးရပေမည်။ သို့မဟုတ်လျှင်ပင် အပြင်းအထန် ဒုက္ခိတဖြစ်သွားပေလိမ့်မည်။

ထို့ပြင် အကြောက်စရာကောင်းဆုံး အပိုင်းကတော့ ၎င်းသည် သေချာပေါက်ထိမှန်မည့် စွမ်းရည် ဖြစ်ခြင်းပင်။ ဆိုလိုသည်မှာ ပိုင်လင်းက ၎င်းကို အသက်သွင်းလိုက်သည်နှင့် ပြိုင်ဘက်ကို သေချာပေါက် ထိမှန်မည် ဖြစ်သည်။

ထို့ကြောင့်လည်း နဂါးတစ်ကောင်သည် ၎င်း၏ တစ်သက်တာတွင် နဂါးကျိန်စာတစ်ခုသာ ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ ဤအရာက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လွန်းသည်။ အကယ်၍ တစ်ယောက်ယောက်က များစွာပိုင်ဆိုင်ထားမည်ဆိုပါက လက်တွေ့တွင် ယှဉ်ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။

ဤအချက်က ကျန်းဟန်ကို အကန့်အသတ်မရှိသော နဂါးကျိန်စာများကို ပိုင်ဆိုင်ထားသည့် ကျိန်စာသင့်နဂါး ကဲ့သို့သော သတ္တဝါများအပေါ် ပိုမိုတောင့်တမိစေ၏။ မိုးကြိုးနဂါးကဲ့သို့သော ဓာတ်ကြီးငါးပါး နဂါးများနှင့် နှိုင်းယှဉ်ပါက ကျိန်စာသင့်နဂါးသည် ပိုမိုထူးခြားပြီး အင်အားကြီးမားလွန်းလှသည်မှာ ထင်ရှားသည်။

ကျန်းဟန်တစ်ယောက် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် မျက်နှာပြင်ကို ထပ်မံကြည့်ရှုလိုက်၏။ လမ်းကြောင်းအသစ်များ ပေါ်မလာသေးချေ။ ယခုအခါ ကျိန်စာသင့်နဂါးနှင့် သက်ဆိုင်သော ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းတစ်ခုသာ ကျန်ရှိတော့သည်။

[လမ်းကြောင်း ၃ - ကျိန်စာသင့်နဂါး၏ ဆင့်ကဲဖြစ်စဉ်။

ကျိန်စာအမျိုးအစား သားရဲမိစ္ဆာမျိုးစုံ၏ အလောင်းပေါင်း ၃၀၀၀ ကို ရှာဖွေရန်။ သတ်မှတ်ချက်မှာ ဝိညာဉ်အမြုတေများ မပျက်မစီး ရှိနေရမည်။ အဆင့်မှာ အဆင့် ၃ ခေါင်းဆောင်အဆင့်ထက် မနိမ့်စေရဘဲ အဆင့်မြင့်လေလေ ပိုကောင်းလေလေ ဖြစ်သည်။

ကျိန်စာအမျိုးအစား သားရဲမိစ္ဆာများ၏ အလောင်းများကို အသုံးပြု၍ ကျိန်စာကုန်းမြေတစ်ခု တည်ဆောက်ရန်၊ တစ်ရက်လျှင် တစ်ကြိမ် ကျိန်စာစွမ်းအားကို စုပ်ယူပြီး ထိုနေ့၌ပင် ကျိန်စာစွမ်းအား၏ တိုက်စားမှုကို ကြံ့ကြံ့ခံရန်၊ တစ်ချိန်တည်းမှာပင် အသက်ရှူသွင်း လေ့ကျင့်ခန်း ၃၀၀၀၀၊ တိုးဝှေ့တိုက်ခိုက်ခြင်း ၁၀၀၀၀၊ အမြီးဖြင့်ရိုက်ခတ်ခြင်း ၁၀၀၀၀၊ ဆုတ်ဖြဲလက်သည်း ၁၀၀၀၀ ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်နှင့် အရိပ်သားရဲတစ်ကောင်ကို ဝါးမြိုရန် ဖြစ်သည်။

ကျိန်စာကုန်းမြေအတွင်းရှိ ကျိန်စာစွမ်းအားများ လုံးဝပျောက်ကွယ်သွားသည်အထိ ဆက်လက်လုပ်ဆောင်ရမည်။ ထိုအချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာစွမ်းအားကို အခြေခံ၍ ကျိန်စာသင့်နဂါးပုံရိပ် တစ်ခုကို စုစည်းကာ မိမိကိုယ်ကိုယ်နှင့် ပေါင်းစပ်နိုင်မည်ဖြစ်ပြီး ၎င်းက အကန့်အသတ်မရှိသော နဂါးကျိန်စာများကို ပေးစွမ်းနိုင်သည်။

အကန့်အသတ်မရှိသော နဂါးကျိန်စာများသည် နဂါးတစ်ကောင်အား ဓာတ်သဘာဝကန့်သတ်ချက်မရှိဘဲ နဂါးကျိန်စာမျိုးစုံကို သင်ယူခွင့်ပေးပြီး နဂါးတစ်ကောင်ကို သတ်ဖြတ်လိုက်သည်နှင့် ထိုနဂါး၏ နဂါးကျိန်စာကို တိုက်ရိုက်ထုတ်ယူနိုင်သည်။]

မိုးကြိုးနဂါးကဲ့သို့သော ဓာတ်ကြီးငါးပါး နဂါးများ၏ ဆင့်ကဲဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက ကျိန်စာသင့်နဂါးကဲ့သို့သော စည်းမျဉ်းအခြေခံနဂါးများ၏ ဆင့်ကဲဖြစ်စဉ်မှာ များစွာ ပိုမိုခက်ခဲလှပြီး အချိန်တိုအတွင်း ပြီးမြောက်နိုင်ခြင်း မရှိချေ။

အခြားအရာများကို ထည့်မပြောလျှင်ပင် ကျိန်စာအမျိုးအစား သားရဲမိစ္ဆာများကို ရှာဖွေရန်ပင်လျှင် အလွန်တရာ ခက်ခဲလှသည်။ ထိုကဲ့သို့သော သားရဲမိစ္ဆာအရေအတွက်မှာ အလွန်တရာ ရှားပါးလှပြီး ခေါင်းဆောင်အဆင့်ထက် မနိမ့်သော မပျက်မစီးသေးသည့် အလောင်းပေါင်း ၃၀၀၀ အထိ ရှာဖွေရမည်ဟူသော သတ်မှတ်ချက်က ဤခက်ခဲမှုကို သာမန်ကာလျှံကာ မဟုတ်စေတော့ချေ။

ထို့ကြောင့် ကျန်းဟန်သည် ဤကိစ္စကို လောလောဆယ်တွင် ထည့်မစဉ်းစားတော့ဘဲ သူ၏ အာရုံစိုက်မှုကို ဟုတ်ဟုတ်ထံသို့ အရင် ရွှေ့ပြောင်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

လမ်းကြောင်းအသစ်တစ်ခုသို့ ပြောင်းလဲပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ ခရမ်းရောင်မိုးကြိုးတောင်ထွတ်၏ ထိပ်ဖျားသို့ ဦးတည်လိုက်၏။ ထိုနေရာတွင် မိုးကြိုးများမှာ လုံးဝ သန့်စင်သွားခဲ့ပြီဖြစ်ပြီး သစ်ပင်ပန်းမန်များမှာလည်း မိုးကြိုးစွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဟုတ်ဟုတ်သည် မိုးကြိုးဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းကို ခံယူထားခဲ့လျှင်ပင် ဤနေရာတွင် နေထိုင်နိုင်မည့် နည်းလမ်းမရှိချေ။

ထို့ကြောင့် ဤခရီးစဉ်ကို ပိုင်လင်းနှင့် ကျန်းဟန် နှစ်ဦးတည်းသာ သွားရောက်နိုင်ခဲ့သည်။ ပိုင်လင်းကို သူတစ်ပါး ရှာဖွေမတွေ့ရှိစေရန်အတွက် ကျန်းဟန်သည် မြူခိုးမျက်နှာဖုံး၏ ဖုံးကွယ်ခြင်းလုပ်ဆောင်ချက်ကို ထပ်မံအသုံးပြုလိုက်၏။ ပိုင်လင်း၏ နဂါးအသွင်အပြင်များ ပျောက်ကွယ်သွားပြီး ဝေဟင်၌ ပျံသန်းနေသော ဧရာမ မြွေပျံကြီးတစ်ကောင်နှင့် တူညီသွားတော့သည်။

သူတို့ အပေါ်သို့ သိပ်ဝေးဝေး ခရီးမဆက်ရသေးခင်မှာပင် မိုးကြိုးများက ပိုမိုစိပ်လာပြီး မြူထုကလည်း တဖြည်းဖြည်း ပိုမိုသိပ်သည်းလာခဲ့သည်။

“ဂါးးးး”

ရုတ်တရက် အရှင်သခင်အဆင့် အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။ ရှေ့ရှိ တောင်ပူစာငယ်တစ်ခုပေါ်၌ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးလှိုင်းများ တဖျတ်ဖျတ် တောက်ပနေသော မိုးကြိုးအစွယ်တောဝက်တစ်ကောင် ထွက်ပေါ်လာ၏။ ၎င်းသည် အရှိန်အဝါအပြည့်ဖြင့် ခေါင်းကို မြင့်မြင့်မော့ထားသည်။

ဤသားရဲသည် ရှစ်မီတာ ကိုးမီတာခန့် ရှည်လျားပြီး သုံးမီတာကျော် မြင့်ကာ ၎င်း၏ ပါးစပ်ဘေးတစ်ဖက်စီတွင် သုံးမီတာကျော် ရှည်လျားသော ဧရာမ ခရမ်းရောင်အစွယ်ကြီး လေးခု ရှိနေသည်။ ၎င်းသည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်နှံ့သွားသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းဟန်သည် ၎င်း၏နောက်ကွယ်တွင် အဆင့် ၃ နှင့် အဆင့် ၂ မိုးကြိုးအစွယ်တောဝက်များစွာ ရှိနေပြီး အားလုံးက သူ့ကို ရန်လိုသောအကြည့်များဖြင့် စောင့်ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။ ပိုင်လင်း၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသာမရှိလျှင် ဤမိုးကြိုးအစွယ်တောဝက်များသည် သူတို့ကို မောင်းထုတ်ရုံတင်မကဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လာကြပေလိမ့်မည်။

သူတို့က ကျန်းဟန်ကို သတိပေးနေကြခြင်း ဖြစ်၏။

ဒါ ငါတို့နယ်မြေပဲ။ မြန်မြန် လစ်လိုက်တော့။ မဟုတ်ရင် ငါတို့ ယဉ်ကျေးနေမှာမဟုတ်ဘူး။

ကျန်းဟန် ထိုမိုးကြိုးအစွယ်တောဝက်ကို ကြည့်လိုက်သည်။ ဤသည်မှာ သူ တောရိုင်းထဲတွင် အဆင့် ၄ သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး မီတာနှစ်ရာခန့်သာ ကွာဝေးသော အကွာအဝေးတွင် ဖြစ်သည်။

အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင်သည် စိတ်ဝိညာဉ်စွမ်းအင် သန့်စင်မှု၊ ခံနိုင်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့တွင် အဆင့်ထက် ၃ များစွာကျော်လွန်နေရုံသာမက အရေးကြီးဆုံးအချက်မှာ သူတို့၏ ခြေဖဝါးအောက်တွင် အရှင်သခင်အဆင့် အရှိန်အဝါးစက်ဝန်းတစ်ခု ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ၎င်းက အောက်ခြေဆင့်သားရဲများအပေါ် ခြောက်လှန့်ခြင်းနှင့် အမိန့်ပေးနိုင်ခြင်း အကျိုးသက်ရောက်မှု ရှိသည်။ အရှင်သခင်အဆင့် သားရဲမိစ္ဆာတိုင်းတွင် အောက်ခြေဆင့်သားရဲ နောက်လိုက်နောက်ပါ အမြောက်အမြား ရှိတတ်ကြသည်။

ဤကဲ့သို့သော သားရဲတစ်ကောင်နှင့် တိုက်ခိုက်ခြင်းသည် မျိုးနွယ်စုတစ်ခုလုံးနှင့် တိုက်ခိုက်ခြင်းနှင့် အတူတူပင်။ အရှင်သခင်အဆင့် သားရဲများသည် အလွန်ဉာဏ်ပညာကြီးမားကြ၏။ သူတို့သည် တိုက်ခိုက်ရန်နှင့် အခြေအနေကို စုံစမ်းရန်အတွက် သူတို့၏ နောက်လိုက်များကို အမြဲ အရင်စေလွှတ်လေ့ရှိပြီး နောက်ဆုံးကျမှသာ သူတို့ကိုယ်တိုင် တိုက်ပွဲထဲသို့ ဝင်ရောက်လာတတ်ကြသည်။

ထို့ပြင် သူတို့သည် လူသားများ၏ အဓိက ပြိုင်ဘက်များ ဖြစ်ကြပြီး လူသားများ၏ အိုးအိမ်များကို တိုက်ခိုက်ရန်အတွက် သားရဲအုပ်စုများကို စုစည်းကာ သားရဲဒီရေလှိုင်းများ ဖန်တီးလေ့ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က လူသားများသည် အုပ်စိုးသူအဆင့် သားရဲမိစ္ဆာများစွာ ဦးဆောင်သော သားရဲဒီရေလှိုင်း၏ ချေမှုန်းမှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် ခုခံကာကွယ်ရန်အတွက် ယူရေးရှားတိုက်ကြီးသို့ စုပေါင်းဆုတ်ခွာခဲ့ကြရသည်ဟု ဆိုကြသည်။

“ဝူးးး ဝူးးးး ဂါးးး”

ကျန်းဟန် နောက်မဆုတ်သည်ကို မြင်သောအခါ မိုးကြိုးအစွယ်တောဝက်သည် နောက်ထပ် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ၎င်း၏ နောက်လိုက်များမှာ လှုပ်ရှားလာခဲ့ပြီး အဆင့် ၃ နှင့် အဆင့် ၂ မိုးကြိုးအစွယ်တောဝက် ဒါဇင်ပေါင်းများစွာ ကျန်းဟန်ထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

တစ်ကောင်ချင်းစီ၏ လျှပ်စီးလုံးများနှင့် မိုးကြိုးစွမ်းရည်များသည် မျှားမိုးရွာချလိုက်သည့်အလား အလွန်တရာ ကြီးမားသော အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်လာခဲ့တော့သည်။

အခန်း ၁၈၀

အကယ်၍ သာမန် အဆင့် ၂ သားရဲထိန်းချုပ်သူ တစ်ယောက်သာ ဤအခြေအနေကို မြင်တွေ့ပါက ခြေရာလက်ရာမထင် ထွက်ပြေးသွားခဲ့ပြီ ဖြစ်လိမ့်မည်။ အဆင့် ၃ သားရဲတစ်ကောင်ကို ခေါ်ဆောင်ပြီး အဆင့် ၄ သားရဲမိစ္ဆာတစ်ကောင်ကို လာရောက်စိန်ခေါ်ခြင်းမှာ သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ကျန်းဟန်ကမူ ထိတ်လန့်ခြင်းမရှိချေ။ သူက ပိုင်လင်းကို လှမ်းကြည့်လိုက်၏။ ပိုင်လင်းက သဘောပေါက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

“ဝေါင်းးး”

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် နွားတစ်ကောင်၏ အော်သံနှင့် အလွန်တူသော်လည်း များစွာ ပိုမိုစွဲရှသည်။ ပိုင်လင်း၏ ဟိန်းဟောက်သံနှင့်အတူ နဂါးကျိန်စာမှာလည်း အသက်ဝင်သွားခဲ့ပြီ ဖြစ်သည်။

နဂါးကျိန်စာ - မိုးကြိုးသံကြိုး။

နဂါးကျိန်စာ - ကောင်းကင်မိုးကြိုးကပ်ဘေး။

ပိုင်လင်း ဟိန်းဟောက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုနဂါးကျိန်စာများသည် ဟင်လင်းပြင်ထဲမှ အလိုအလျောက် ပုံဖော်ထွက်ရှိလာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် အဆင့် ၄ မိုးကြိုးအစွယ်တောဝက် အပါအဝင် သားရဲမိစ္ဆာအားလုံးသည် ခရမ်းရောင် မိုးကြိုးသံကြိုးများဖြင့် ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံလိုက်ရတော့သည်။ သူတို့သည် မလှုပ်ရှားနိုင်ရုံတင်မကဘဲ တစ်ကိုယ်လုံး ထုံကျင်သွားခဲ့ကြလေသည်။

ပိုင်လင်းသည် အဆင့် ၃ သာ ရှိသေးသဖြင့် မိုးကြိုးသံကြိုး တစ်ချောင်းသာ ထွက်ပေါ်လာနိုင်ပြီး ၎င်းက သူတို့ကို ချုပ်နှောင်ထားနိုင်ရုံသာ ရှိကာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့ခြင်း သို့မဟုတ် အခြားသော အာနိသင်များ မရှိချေ။

“ဝူးးးး ဂါးးး”

ဤရုတ်တရက် အခြေအနေကြောင့် မိုးကြိုးအစွယ်တောဝက်အားလုံး တစ်ဆတ်ဆတ် တုန်ရင်ကာ ဝေခွဲမရ ဖြစ်သွားခဲ့ကြသည်။ အဘယ်ကြောင့် ပြိုင်ဘက်က ဟိန်းဟောက်လိုက်ရုံဖြင့် သူတို့ အထိနာသွားရသနည်း။ ၎င်း သိပ္ပံနည်းမကျလှပေ။ သူတို့၏ တစ်သက်တာတွင် ဤကဲ့သို့သော စွမ်းရည်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထို့ပြင် ဤမိုးကြိုးသံကြိုးသည် အလွန်တရာ ခိုင်ခံ့လှ၏။ အထူးသဖြင့် ၎င်းသည် မိမိကိုယ်ကိုယ် ပြန်လည်အားဖြည့်ရန်အတွက် ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများကို အလိုအလျောက် စုပ်ယူနိုင်ခြင်း ဖြစ်သည်။ အဆင့် ၄ အရှင်သခင်အဆင့် မိုးကြိုးအစွယ်တောဝက်ကြီးပင်လျှင် ချက်ချင်း ရုန်းမထွက်နိုင်ခဲ့ချေ။

နောက်အခိုက်၌ သူတို့၏ တည်ရှိမှုကိုပင် ပို၍ သံသယဝင်သွားစေမည့်အရာတစ်ခု ဖြစ်ပျက်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ကီလိုမီတာ အနည်းငယ် ပတ်လည်ရှိ မိုးကြိုးများသည် ကောင်းကင်မှ ကျဆင်းလာပြီး မိုးကြိုးအစွယ်တောဝက်များကို တည့်တည့်မတ်မတ် အရှိန်အဟုန်ဖြင့် ထိမှန်သွားတော့သည်။ ထို့ပြင် ဤမိုးကြိုးများသည် ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိဘဲ ဆက်တိုက် ကျရောက်နေခဲ့သည်။

“ဝူး ဝူး ဂါးးး”

ဝက်အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ မိုးကြိုးအစွယ်တောဝက်များသည် မိုးကြိုးဒဏ်အောက်တွင် တဖြည်းဖြည်း သေဆုံးသွားကြပြီး ခန္ဓာကိုယ်များ မည်းတူးသွားကာ ကင်ထားသော အသားစိမ်းနံ့များ ပျံ့လွင့်လာခဲ့သည်။ မိုးကြိုးအစွယ်တောဝက်များသည် မိုးကြိုးဓာတ်သဘာဝရှိပြီး မိုးကြိုးအပေါ် တစ်စုံတရာ ခုခံနိုင်စွမ်း ရှိကြသော်လည်း ကောင်းကင်မိုးကြိုးကပ်ဘေး၏ ဆက်တိုက်နှင့် ကြီးမားလှသော တိုက်ခိုက်မှုများကိုမူ ကြံ့ကြံ့မခံနိုင်ကြချေ။

ပြောရလျှင် ပိုင်လင်း၏ နဂါးကျိန်စာ နှစ်ခုသည် မိုးကြိုးအစွယ်တောဝက် တစ်ရာကျော်၏ ပြဿနာကို ဘာမှ အားစိုက်ထုတ်စရာမလိုဘဲ ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။

“ဝူးးးး ဝူးးး ဂါးးး ဂါးးး”

ထိုအဆင့် ၄ မိုးကြိုးစွယ်တောဝက်ကြီး တစ်ကောင်တည်းသာ နဂါးကျိန်စာ နှစ်ခုအောက်တွင် သေဆုံးမသွားဘဲ ကျန်ရစ်ခဲ့၏။ ဤသတ္တဝါသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရေထူပြီး အသားထူသဖြင့် မိုးကြိုးအချက်ပေါင်း ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ ထိမှန်သော်လည်း သေဆုံးသွားခြင်းမရှိဘဲ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ယင်းအစား ၎င်းသည် မိုးကြိုးသံကြိုးကို ဇွတ်အတင်း ရုန်းကန်ဖျက်ဆီးပြီး နောက်ဘက်သို့ ထွက်ပြေးသွားတော့သည်။

သို့သော်လည်း ကောင်းကင်မိုးကြိုးကပ်ဘေးသည် တစ်ကြိမ် အာနိသင်ပြပြီးပါက ပစ်မှတ် လုံးဝသေဆုံးသွားသည့်အထိ ဆက်လက် တိုက်ခိုက်နေမည် ဖြစ်သည်။ မကြာမီမှာပင် မိုးကြိုးများသည် မိုးကြိုးစီးကြောင်းတစ်ခုအဖြစ် စုစည်းသွားပြီး မိုးကြိုးအစွယ်တောဝက်နောက်သို့ အဆက်မပြတ် လိုက်လံတိုက်ခိုက်တော့သည်။ သို့သော် ဤသားရဲသည် အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင် ဖြစ်သောကြောင့် မိုးကြိုးအပေါ် ၎င်း၏ နက်ရှိုင်းသော နားလည်မှုကို အခြေခံ၍ အချို့သော တိုက်ခိုက်မှုများကို ရံဖန်ရံခါ ရှောင်တိမ်းနိုင်ခဲ့သည်။

မှန်ပါသည်။ ဤအချက်သည် ပိုင်လင်း၏ အင်အားက မမြင့်မားသေးခြင်းနှင့်လည်း သက်ဆိုင်နေ၏။ ထို့ကြောင့် ၎င်းဆင့်ခေါ်လိုက်သော မိုးကြိုးများသည် အရေအတွက်ရော ပြင်းအားပါ လုံလောက်မှုမရှိသေးချေ။ နဂါးကျိန်စာသည် နဂါးနှင့် မသက်ဆိုင်ဟု ထင်ရသော်လည်း ၎င်း၏ စွမ်းအားသည် နဂါး၏ အင်အားနှင့် ချိတ်ဆက်နေဆဲပင်။

အဆင့် ၃ သာ ရှိသေးသော ပိုင်လင်းအနေဖြင့် ကမ္ဘာဂြိုဟ်တစ်ခုလုံး၏ မိုးကြိုးများကို ဆင့်ခေါ်ရန် မဖြစ်နိုင်သလို မည်သည့် ဗီဇပြောင်းမိုးကြိုးမျိုးကိုမျှလည်း ဆင့်ခေါ်နိုင်မည် မဟုတ်ချေ။ နဂါးမျိုးနွယ်စုသည် အင်အားကြီးမားသော်လည်း အရာခပ်သိမ်းကို လွှမ်းမိုးနိုင်သည်တော့ မဟုတ်ပေ။

ပိုင်လင်းသည် သေးငယ်သော အတိုင်းအတာအတွင်းရှိ သာမန်မိုးကြိုးများကိုသာ ဆင့်ခေါ်နိုင်သော်လည်း ထိုမျှကပင် မိုးကြိုးအစွယ်တောဝက်ကို ကိုင်တွယ်ရန် လုံလောက်နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။

“နောက်က လိုက်သွား။ ငါတို့ သူ့ကို သတ်နိုင်မလား ကြည့်ရအောင်။”

ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဝူး~ ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ။”

ပိုင်လင်က ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး နောက်ထပ် ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်ပြန်သည်။ နဂါးကျိန်စာများကို ထပ်ဆင့်၍ အသုံးမပြုနိုင်သဖြင့် ကောင်းကင်မိုးကြိုးကပ်ဘေးသည် ထပ်မံ အသက်မဝင်လာသော်လည်း စောစောက ရုန်းထွက်ဖျက်ဆီးခံလိုက်ရသော မိုးကြိုးသံကြိုးမှာ ပြန်လည်ပေါ်ပေါက်လာပြီး ထွက်ပြေးနေသော မိုးကြိုးအစွယ်တောဝက်ကို နောက်တစ်ကြိမ် ချုပ်နှောင်လိုက်ပြန်သည်။

“ဂါးးးး”

ထွက်ပြေးရန် မျှော်လင့်ချက်မရှိတော့သည်ကို မြင်သောအခါ မိုးကြိုးအစွယ်တောဝက်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ရေတံခွန်တစ်ခုကဲ့သို့သော ငွေဖြူရောင် မိုးကြိုးတစ်ချက်သည် ပိုင်လင်းထံသို့ တဟုန်ထိုး ကျရောက်လာပြီး ဤကျိန်စာသင့် သတ္တဝါကို အဆုံးစီရင်ရန် ကြိုးပမ်းတော့သည်။

သို့သော် ပိုင်လင်းတွင် မိုးကြိုးခုခံနိုင်စွမ်းရှိသည်ဖြစ်ရာ ၎င်းကို လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။ သို့သော်ငြားလည်း ၎င်းသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်တိမ်းလိုက်ပြီး မိုးကြိုးအစွယ်တောဝက်၏ ကိုယ်ထည်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။

မိုးကြိုးခုခံနိုင်စွမ်းသည် အရာခပ်သိမ်းကို ကာကွယ်နိုင်သည်တော့ မဟုတ်ပေ။ ပြင်းအားမြင့်မားသော မိုးကြိုးများ၏ ဆက်တိုက်တိုက်စားမှုကို ခံရပါက ၎င်းလည်း ထိခိုက်ဒဏ်ရာရနိုင်ခြေ ရှိသည်။

ထို့ကြောင့် အောင်ပွဲကို သေချာပေါက်ရယူနိုင်မည့် အရေးကြီးသော အခိုက်အတန့်မှလွဲ၍ မိုးကြိုးများကို ထိပ်တိုက်မရင်ဆိုင်ရန် ကျန်းဟန်က ပိုင်လင်းကို မှာကြားထား၏။

ပြိုင်ဘက်တွင် မည်သည့် ဝှက်ဖဲများ ရှိနေသည်ကို မည်သူမျှ မသိနိုင်ချေ။ မဆင်မခြင် ပြုလုပ်မိပါက ထိမှန်သွားနိုင်သဖြင့် ရှောင်ကွင်းနိုင်လျှင် ရှောင်ကွင်းပြီး ထိပ်တိုက်မတိုးမိရန် လိုအပ်သည်။

အနီးသို့ ချဉ်းကပ်မိပြီးနောက် ပိုင်လင်းသည် ၎င်း၏ လက်သည်းကို မြှောက်ကာ မိုးကြိုးအစွယ်တောဝက်၏ လည်ပင်းနောက်ဘက်သို့ ဦးတည်၍ ဆုတ်ဖြဲလက်သည်းဖြင့် ကုတ်ခြစ်လိုက်၏။ ဤတိုက်ခိုက်မှုသာ ထိမှန်ပါက သွေးအမြောက်အမြား ထွက်စေမည် ဖြစ်သည်။

သို့သော် အုန်းခနဲ မြည်သံနှင့်အတူ ပိုင်လင်း၏ လက်သည်းမှာ အလွန်အမင်း မာကျောလှသော အရာတစ်ခုခုကို သွားရောက်ရိုက်ခတ်မိသကဲ့သို့ ဖြစ်သွားပြီး မျှော်မှန်းထားသလောက် အာနိသင်မရှိဘဲ မိုးကြိုးစွယ်တောဝက်၏ ကျောကုန်းပေါ်တွင် နီမြန်းသော အမှတ်အသား အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။

“ဒါက ဘယ်လို အကာအကွယ်မျိုးလဲ။ အရမ်း ကြောက်စရာကောင်းတာပဲ။”

၎င်းကို မြင်သောအခါ ကျန်းဟန်တစ်ယောက် အံ့ဩသွားသော မျက်နှာအမူအရာကို မဖုံးကွယ်နိုင်တော့ချေ။ အကယ်၍ အဆင့် ၃ သားရဲသာဆိုလျှင် ဤတိုက်ခိုက်မှုသည် သေစေနိုင်လောက်သော တိုက်ခိုက်မှု ဖြစ်လိမ့်မည်။ သို့သော် ဤအဆင့် ၄ အရှင်သခင်အဆင့် မိုးကြိုးအစွယ်တောဝက်ကို ရင်ဆိုင်ရာတွင်မူ ပြိုင်ဘက်၏ အကာအကွယ်ကိုပင် မထိုးဖောက်နိုင်ခဲ့ချေ။

ဤသားရဲ၏ ခန္ဓာကိုယ်မျက်နှာပြင်သည် ဝိညာဉ်အရှိန်အဝါ အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ အလွန်တရာ သန်မာလှသော ရုပ်ခန္ဓာနှင့် ပေါင်းစပ်ထားသဖြင့် ပိုင်လင်း၏ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ကြောက်ရွံ့ခြင်းမရှိချေ။

“ဂါးးး ဂါးးး”

သို့သော်လည်း ပိုင်လင်း၏ လှုပ်ရှားမှုက မိုးကြိုးအစွယ်တောဝက်၏ ဒေါသကို လုံးဝ အထွတ်အထိပ်သို့ ရောက်သွားစေခဲ့၏။ ၎င်း၏ မျက်ဝန်းများထဲတွင် လျှပ်စီးကြောင်းများ ဖျတ်ခနဲ လက်သွားပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း ရုတ်တရက် နောက်ထပ် တစ်ဝက်နီးပါးခန့် ကြီးထွားလာကာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မိုးကြိုးသံကြိုး၏ ချုပ်နှောင်မှုမှ တိုက်ရိုက် ရုန်းထွက်ကာ ပိုင်လင်းထံသို့ တောဝက်တိုးဝှေ့တိုက်ခိုက်မှုဖြင့် ဇွတ်အတင်း ပြေးဝင်ဆောင့်တော့သည်။

ပိုင်လင်း၏ အရွယ်အစားမှာ ထိုမိုးကြိုးအစွယ်တောဝက်ထက် များစွာကြီးမားသော်လည်း လွင့်ထွက်သွားခဲ့ရပြီး တောင်ငယ်တစ်ခုလုံးနှင့် သွားရောက်ရိုက်ခတ်မိကာ ၎င်း၏နောက်ကွယ်ရှိ သစ်ပင်များနှင့် တောင်ထွတ်များကိုပါ ပြိုလဲပျက်စီးသွားစေခဲ့သည်။

စောစောက မိုးကြိုးအစွယ်တောဝက်သည် ၎င်း၏ ပင်ကိုယ်စွမ်းရည် တောဝက်တဟုန်ထိုးတိုက်ခိုက်ခြင်းကို အသက်သွင်းလိုက်သည်မှာ ထင်ရှားပြီး ယင်းကြောင့် ၎င်း၏ အရွယ်အစား ကြီးမားလာကာ ခွန်အားများလည်း အဆမတန် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

“ဂါးးး”

သို့သော်လည်း ထိုသို့ ဝင်ဆောင့်ပြီးနောက်တွင် ဤမိုးကြိုးအစွယ်တောဝက်သည် သာမန်သားရဲများကဲ့သို့ သွေးရူးသွေးတန်း လုံးဝရူးသွပ်မသွားဘဲ နောက်တစ်ကြိမ် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်မှ ကျဆင်းနေသော မိုးကြိုးများသည် ၎င်းကို အဆက်မပြတ် တိုက်ခိုက်နေဆဲ ဖြစ်သောကြောင့်ပင်။ ဤမျှ ကြာရှည်စွာ တောင့်ခံထားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒဏ်ရာများ စတင်ရရှိနေပြီ ဖြစ်သည်။

“နဂါးကျိန်စာကို နောက်တစ်ကြိမ် ထပ်သုံးလိုက်ဦး။”

ကျန်းဟန်လည်း ဤအခြေအနေကို အထင်အရှား မြင်တွေ့လိုက်ရသဖြင့် ပိုင်းလင်ကို ပြောလိုက်သည်။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ မိုးကြိုးအစွယ်တောဝက်သည် မိုးကြိုးသံကြိုးဖြင့် နောက်တစ်ကြိမ် ချုပ်နှောင်ခြင်း ခံလိုက်ရပြန်သည်။

“ဂါးးးးး”

မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံ ပေါ်ပေါက်လာသော မိုးကြိုးသံကြိုးကို ကြည့်ရင်း ၎င်းသည် အလွန်အမင်း ဒေါသထွက်သွားကာ ဝုန်းဒိုင်းကြဲ အော်ဟစ်တော့၏။ ၎င်းသည် ပါးစပ်ကို အဆက်မပြတ် ဖွင့်ဟပြီး မိုးကြိုးလှိုင်းမျိုးစုံကို စည်းမဲ့ကမ်းမဲ့ မှုတ်ထုတ်ပြီး သစ်ပင်များစွာကို ဒေါသတကြီး ကိုက်ဖြတ်ပစ်ခဲ့သည်။

၎င်းသည် ဤမိုးကြိုးသံကြိုးကြောင့် ရူးသွပ်မတတ် ဖြစ်နေရသည်ကို မြင်သာလှပေသည်။

ဒီထက် ပိုပြီး အရှက်မရှိတာ ရှိနိုင်ပါဦးမလား။ ၎င်းက မိမိ၏ ခွန်အားရှိသမျှ သုံးပြီး ရုန်းထွက်လိုက်တိုင်း ဟိုကောင်က နောက်တစ်စက္ကန့်မှာ ဟိန်းဟောက်လိုက်ရုံနှင့် ၎င်းက ထပ်ပြီး ချုပ်နှောင်ခံရပြန်သည်။ ဤအရာက ဝက်တစ်ကောင်အတွက်တော့ အလွန်တရာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှ၏။

ဤသည်မှာ နဂါးမျိုးနွယ်စု၏ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အချက်တစ်ချက်ပင် ဖြစ်သည်။ နဂါးကျိန်စာ အများစုသည် ထုတ်လွှတ်သည့်အခါ စိတ်ပိုင်းဝိညာဉ် စွမ်းအင် အနည်းငယ်သာ ကုန်ဆုံးစေသည်။ နဂါးမျိုးနွယ်စုအတွက် ၎င်းက အကန့်အသတ်မရှိဟု မဆိုနိုင်သော်လည်း တစ်ရက်လျှင် ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ ထုတ်လွှတ်ရန်မှာ ဘာပြဿနာမျှ မရှိချေ။

အဘယ်ကြောင့်ဆိုသော် စစ်မှန်သော နဂါးများသည် ရှားပါးလှသဖြင့် နဂါးထိန်းချုပ်သူဂိုဏ်းတွင်ပင် နဂါးကျိန်စာပါသော သွေးစစ်နဂါး အမြောက်အမြား ရှိချင်မှ ရှိလိမ့်မည်။ သာမန် သားရဲမိစ္ဆာများနှင့် သားရဲထိန်းချုပ်သူများသည် ၎င်းတို့ကို တစ်ခါမျှ မမြင်ဖူးကြသလို ၎င်းနှင့် ကိုက်ညီသော တန်ပြန်ခြေပမှုမျိုးလည်း မရှိကြချေ။ စစ်မှန်သော နဂါးတစ်ကောင်နှင့် တွေ့ဆုံသည့်အခါ သူတို့မှာ အရိုက်ခံရရုံနှင့် နှိပ်စက်ညှင်းပန်းခံရရုံသာ ရှိတော့သည်။

“ပိုင်လင်း ထပ်ပြီး တိုက်ခိုက်လိုက်။”

ကျန်းဟန်က ပြောလိုက်၏။ ဆက်တိုက် ကျဆင်းနေသော မိုးကြိုးတိုက်ခိုက်မှုများက မိုးကြိုးအစွယ်တောဝက်၏ ကာကွယ်ရေး ဝိညာဉ်အရှိန်အဝါကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ ယခုအချိန်က တိုက်ခိုက်ရန် အခွင့်ကောင်း ဖြစ်သည်။

ဆုတ်ဖြဲသံနှင့်အတူ ပိုင်လင်းသည် နဂါးဝဲပျံခြင်းကို အသုံးပြု၍ လျင်မြန်စွာ ချဉ်းကပ်သွားပြီးနောက် နောက်ဆုံးတွင် လက်သည်းတစ်ချက်ဖြင့် မိုးကြိုးအစွယ်တောဝက်၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းရှည်လျားသည့် ဒဏ်ရာ သုံးလေးခုကို ပေးစွမ်းနိုင်ခဲ့သည်။

“ဂါးးး”

မိုးကြိုးအစွယ်တောဝက်မှာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။ ၎င်းသည် ပိုင်လင်းကို ခေါင်းဖြင့် တိုက်ရိုက် ဝှေ့ယမ်းမောင်းထုတ်လိုက်ပြီး မိုးကြိုးသံကြိုးမှ နောက်တစ်ကြိမ် ရုန်းထွက်လိုက်ပြန်သည်။

ယခုအကြိမ်တွင်မူ ၎င်းသည် ကျန်းဟန်ထံသို့ ဒေါသတကြီး ပြေးဝင်လာ၏။ ၎င်းသည် လမ်းတလျှောက်ရှိ သစ်ပင်များကို အမြစ်မှ နှုတ်ပစ်ပြီး တောင်တန်းများကို ဖြတ်ကျော်လာခဲ့သည်။ ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်နေသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

၎င်းသည် တကယ့်ကို သွေးရူးသွေးတန်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအကြိမ်တွင် ၎င်းသည် ကျန်းဟန်ကို ပစ်မှတ်ထား သတ်မှတ်လိုက်ပြီး သူ့ကို သတ်ဖြတ်ရန် သန္နိဋ္ဌာန်ချလိုက်တော့သည်။

All Chapters