← Chapters

အခန်း ၃၀၁

Vol. 27 Ch. 301

အခန်း ၃၀၁

Vol. 27 Ch. 301

အခန်း (၃၀၁) တက်လှမ်းခြင်းက နီးကပ်လာပြီဖြစ်ပြီး ယနေ့ တစ်စုံတစ်ယောက် ကပ်ဘေးကို ဖြတ်ကျော်လိမ့်မည်

မိုဝန်ထျန်း သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရရှိပြီးနောက်ပိုင်း နေ့ရက်များတွင် သူက ပို၍ ကြိုးစားပမ်းစား ကျင့်ကြံလေ၏။

ပိုင်ယွဲ့ကမူ သုံးကြိမ်သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးကို စတင်သန့်စင်နေပြီ ဖြစ်သည်။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး တက်လှမ်းခြင်းအတွက် ပြင်ဆင်နေခြင်း ဖြစ်၏။

ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးတွင်မူ လွန်ခဲ့သော နှစ်ရက်အတွင်း ကျင့်ကြံသူများစွာ ထပ်မံ ရောက်ရှိလာကြပြန်သည်။ ချမ်ချန်ကန်းမှာ ကြက်သွန်မြိတ် အများအပြားကို ထပ်မံ ရိတ်သိမ်းလိုက်ရပြန်၏။

တစ်ချိန်တည်းမှာပင် ကျွမ်းရွှယ်က အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၏ ပထမဆုံး အင်မော်တယ်ဖြစ်လာရန် ရွေးချယ်ခံလိုက်ရသဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မနာလိုဖြစ်ကာ မျက်နှာများပင် ပျက်သွားကြရသည်။ ဤအရာက သူတို့၏ ကျင့်ကြံလိုစိတ်ကို ပို၍ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ရှိ၏။

အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းတွင် မည်သူက ကံထူးရှင် မဖြစ်ချင်ဘဲ နေမည်နည်း။

မည်သို့ပင်ဖြစ်စေ လက်ရှိကျွမ်းရွှယ်က အခိုင်မာဆုံးသော သက်သေပင် ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှု တိုးတက်နှုန်းကို စီနီယာတို့က အမြဲတစေ တွေ့မြင်နေရ၏။ ထို့ကြောင့် စီနီယာကတို့က သူမကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ တက်လှမ်းမှု တိုးတက်နှုန်း မြန်ဆန်နေသရွေ့ စီနီယာတို့၏ ရွေးချယ်ခြင်းကို သေချာပေါက် ခံရမည်သာ ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကြက်သွေးများကဲ့သို့ပင် ဖြစ်နေကြ၏။ သွေးများ ဆူပွက်နေပြီး ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်။

ပြင်ပကိစ္စများနှင့် ပတ်သက်၍မူ ချမ်ချန်ကန်းက ဂရုမစိုက်ပေ။ သို့သော် မြင့်မြတ်သောစည်းချက် ပေါင်းစပ်ခြင်းမှတစ်ဆင့် သူက အကောင်းဆုံး တာအိုစည်းချက်ပစ္စည်းများကို ဖန်တီးရန် ကြိုးစားနေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ဤထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများ အားလုံးက ငွေကြေးများပင် ဖြစ်သည်။

နောက်ထပ် အနည်းငယ် ဖန်တီးရမည်။ ထိုအခါမှသာ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများ ပိုမို ရောင်းချနိုင်မည်ဖြစ်သည်။ ကျန်းမိသားစု၏ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများ အားလုံးကို အကုန်အစင် ညှစ်ထုတ်နိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်ဦးမည် ဖြစ်၏။

သူက သက်ပြင်း မချဘဲ မနေနိုင်တော့ချေ။ သူ၏ ပြိုင်ဘက်ကင်းနယ်မြေစနစ် ရှိနေပြီး နယ်မြေအတွင်း ပြိုင်ဘက်ကင်း ဖြစ်နေသော်လည်း ယခုမူ အင်မော်တယ်ကျောက်တုံးများ ရရှိရန် ကြိုးစားပမ်းစား အလုပ်လုပ်နေရသည့် အလုပ်သမားတစ်ယောက်နှင့် တူနေ၏။

သူ သက်ပြင်းချလိုက်မိ၏။

*အလုပ်သမားများ... အလုပ်သမား ဝိညာဉ်များ... အလုပ်လုပ်ခြင်းက လူတွေအတွက်ပါပဲ... ငါ အလုပ်လုပ်ရတာကို ဂုဏ်ယူတယ်... အိပ်မက်တွေ ဖန်တီးဖို့ လုပ်အားကို အသုံးပြုမယ်…*

ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများကို ချမ်ချန်ကန်း ဖန်တီးနေသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍မူ သူက ကျန်းယုချန်၏ ရှေ့တွင် လုံးဝ ဖုံးကွယ်မထားပေ။ ထို့ကြောင့် ကျန်းယုချန်က ရှင်းလင်းစွာ မြင်တွေ့နိုင်လေ၏။

သူမမှာ လုံးဝ ဆွံ့အသွားရသည်။

*စီနီယာ... တစ်ခုခု မှားနေတာလား…*

ထိုထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများက သူ့အမွေအနှစ်များသာဖြစ်မည်ဟု သူမက အစက ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများ အားလုံးက သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် တစ်ခုစီတိုင်းက အလွန်ကောင်းမွန်နေ၏။

သူမထံတွင် အင်မော်တယ်ကျောက်တုံးများ ရှိနေသရွေ့ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများကို လိုသလောက် ပေးနိုင်သည်ဟု ချမ်ချန်ကန်းက ကျန်းယုချန်အား ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်မှာ မဆန်းတော့ချေ။

ယခုမှပင် သဘောပေါက်တော့သည်။

ဤထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများ မည်သို့ ဖြစ်ပေါ်လာသည်ကို သိရှိပြီးနောက် ကျန်းယုချန်မှာ ချမ်ချန်ကန်းအား ပို၍ပင် ကြောက်ရွံ့ ထိတ်လန့်လာခဲ့၏။ ချမ်ချန်ကန်းက ဗုဒ္ဓအရှင်သခင်ဖြစ်ရသည်နှင့် တန်ပေသည်။ သို့သော် သူက အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။

သေချာပေါက်ပင်။ ကျန်းယုချန်၏ ရင်ထဲတွင်လည်း အလွန်ဝမ်းသာနေခဲ့သည်။

ချမ်ချန်ကန်း ပေးအပ်သော ဤထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများဖြင့် အချိန်တိုအတွင်း ကျန်းမိသားစုက အင်မော်တယ်နယ်မြေ၌ အစွမ်းထက်သော အင်မော်တယ်များစွာကို မွေးထုတ်နိုင်မည် ဖြစ်သည်။ ကျန်းမိသားစု၏ အင်အားက ပို၍ပင် မြင့်မားလာပေလိမ့်မည်။

ချမ်ချန်ကန်းနှင့် ပူးပေါင်းရန် ကျန်းမိသားစုကို ဖျောင်းဖျနိုင်ခဲ့သည့်အတွက် သူမကိုယ်သူမ ပို၍ပင် ကံကောင်းသည်ဟု ခံစားနေရ၏။ ချမ်ချန်ကန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ချက်က အကျိုးကျေးဇူးသာရှိပြီး အန္တရာယ် မရှိသည်မှာ သေချာသွားပြီ ဖြစ်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တက်လှမ်းခြင်း အစီအရင်ရှိ ယုံကြည်မှုစွမ်းအားများက စုဆောင်းမိသလောက်နီးပါးဖြစ်နေပြီ ဖြစ်၏။ တစ်ရက်သာ လိုတော့ပြီး ဤတက်လှမ်းခြင်း အစီအရင်ကို ဖွင့်လှစ်ကာ တက်လှမ်းခြင်းကို လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

ယနေ့ ကျူးရှိူ့တိုက်ကြီးက အလွန်တရာ ဆူညံလှုပ်ရှားနေ၏။

တည်ငြိမ်နေနိုင်သော ကျင့်ကြံသူ မရှိသလောက်ပင်ဖြစ်သည်။ သူတို့က တက်လှမ်းခြင်း အစီအရင် ဖွင့်လှစ်မည့်အချိန်နှင့် တက်လှမ်းခြင်း ကပ်ဘေး ကျရောက်လာမည့်အချိန်ကို မျှော်လင့်နေကြသည်။ ထိုအချိန်ရောက်လျှင် ကျူးရှိူ့တိုက်ကြီးမှ ငါးကလေးများက နဂါးအဖြစ်ပြောင်းလဲကာ ကောင်းကင်ယံသို့ တက်လှမ်းသွားမည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။

စီနီယာ၏ စွမ်းဆောင်ရည်နှင့် အင်အားက ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲရာတွင် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၏။ လူတိုင်းက အိပ်မက်မက်ကာ မျှော်လင့်နေကြသည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့မူ ကျင့်ကြံသူများ ပို၍သာ ရောက်ရှိလာကြသည်။

အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်တွင် ကျွမ်းရွှယ်၏ ကျင့်ကြံခြင်းက အခြေတည်စိတ်ဝိညာဉ်အဆင့် ကောင်းကင်ဘုံ အလွှာခြောက်အဆင့်အထိ ဖောက်ထွက်သွားပြီ ဖြစ်သည်။ ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်းအဆင့်က ကြီးမားသော ခြေလှမ်းများဖြင့် တိုးတက်လာခဲ့ပြီး ဤကျင့်ကြံခြင်းအဆင့်၏ ဖောက်ထွက်မှုနှုန်းက အံ့မခန်းဖြစ်ကာ ယခင်က မကြုံစဖူးပင် ဖြစ်၏။

ရက်အနည်းငယ်အတွင်း ရွှေဗဟိုချက်နယ်ပယ်အဆင့် ခြောက်မှ အခြေတည်စိတ်ဝိညာဉ်အဆင့် ခြောက်သို့ ကျွမ်းရွှယ်၏ ဖောက်ထွက်နိုင်မှုကို ကျူးရှိူ့တိုက်ကြီးတွင် မည်သူမျှ လုပ်ဆောင်နိုင်မည် မဟုတ်ဟု ထင်မိသည်။

ကျွမ်းရွှယ်၏ အလွန်မြန်ဆန်သော ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်မှုအပြင် သူမ၏ ရောင်ဝါကလည်း ပြောင်းလဲသွားပုံရကြောင်း သူတို့ သတိပြုမိလိုက်ကြ၏။

သူမ၏ ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး သေသပ်လှပစွာ ထွင်းထုထားကာ အင်မော်တယ်အလင်းများ တောက်ပနေပြီး မြင့်မြတ်ကာ ထူးကဲနေသည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား အတက်အကျများ စီးဆင်းနေပြီး လူများကို မှုန်ဝါးဝါး ဖြစ်စေ၏။

အစပိုင်းတွင်မူ ၎င်းက မည်သည့်အရာမှန်း သူတို့ မသိခဲ့ကြပေ။ သို့သော် နောက်ပိုင်းတွင် ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့ထံမှ အကြောင်းရင်း အားလုံးကို သိလိုက်ရသည်။

ထင်မှတ်မထားဘဲ ဤကျွမ်းရွှယ်က တာအိုစည်းချက် အင်မော်တယ်သွေးကြောကို စုပ်ယူနေခြင်း ဖြစ်ပြီး သာမန်ခန္ဓာကိုယ်မှ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနေခြင်း ဖြစ်၏။

ဤစကား ထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူ အားလုံးကို လုံးဝ အံ့အားသင့်သွားစေသည်ဟု ဆိုနိုင်၏။

စီနီယာပြောခဲ့သည်မှာ အမှန်ပင် ဖြစ်နေသည်။ ဤအင်မော်တယ်တက်လှမ်းခြင်းစင်မြင့်က လူများကို အင်မော်တယ် ဖြစ်လာစေရန် အမှန်တကယ် ကူညီပေးနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤအရာက အင်မော်တယ်နယ်မြေမှ ပါရမီရှင်ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်၏။ သူတို့က ယခင်က အင်မော်တယ်များဖြစ်ခဲ့ကြပြီး ကျွမ်းရွှယ်၏ အသွင်ပြောင်းလဲမှုကို သိရှိထားကြသည်။ ထိုအခါ ဤအရာအားလုံးက လုံးဝ အတုအယောင် မဖြစ်နိုင်တော့ပေ။

ထိုကျင့်ကြံသူများက အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက တောက်ပနေကာ အားလုံးက မျှော်လင့်နေကြ၏။ တစ်နေ့တွင် အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပေါ်သို့ ခြေချနိုင်ပြီး တစ်လအတွင်း အင်မော်တယ် ဖြစ်လာရန် မျှော်လင့်နေကြသည်။

ဘုန်း...

ရုတ်တရက် ထိုအခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းပြီး အံ့သြဖွယ်ကောင်းသော နိမိတ်တစ်ခုက ကောင်းကင်နှင့် မြေကြီးမှ ပေါက်ကွဲထွက်လာပြီး ကမ္ဘာလောကကို ထိတ်လန့်သွားစေ၏။

အဆုံးအစမဲ့သော အင်မော်တယ်အလင်းများက ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားပြီး ပျက်စီးခြင်း ရောင်ဝါကို သယ်ဆောင်လာသည်။ မည်းမှောင်နေသော တိမ်တိုက်များက အထပ်တစ်သောင်းရှိသော ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ လေထုထဲတွင် ပြည့်နှက်နေ၏။

မိုးခြိမ်းသံများနှင့် လျှပ်စီးများ ပါဝင်လာသဖြင့် ကြည်လင်နေသော ကောင်းကင်ကြီးက ဤတစ်မုဟုတ်ချင်းမှာပင် မှောင်မည်းသွားတော့သည်။ တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်းရှိ ကျင့်ကြံသူအားလုံး၏ ရင်ထဲတွင် လေးလံသွားပြီး ကြီးမားသည့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပြီဟု ခံစားလိုက်ရ၏။

ရုတ်တရက် မှောင်မည်းနေသော လောကကြီးထဲတွင် စူးရှတောက်ပသော အင်မော်တယ်အလင်း တစ်ခုက ချက်ချင်း လင်းလက်လာသည်။ မျက်စိကျိန်းလောက်သော ဧရာမ နေမင်းကြီးကဲ့သို့ပင် ဆွဲဆောင်မှု ရှိလှ၏။

၎င်းက ကောင်းကင်ကိုးထပ်ဆီသို့ တိုက်ရိုက်သွားသော တံခါးပေါက်တစ်ခု ဖြစ်ပြီး အင်မော်တယ်အလင်းများ စီးဆင်းနေကာ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ် မိုးကြိုးများ တောက်ပနေသဖြင့် လူများကို တုန်လှုပ်သွားစေသည်။

ထိုတံခါးကို မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက်က ချက်ချင်း မှတ်မိသွား၏။

"ကျစ်... အဲဒါက ဒဏ္ဍာရီလာ တက်လှမ်းခြင်း အင်မော်တယ်တံခါးပဲ..."

"သေစမ်း... တောင်ပေါင်းတစ်သိန်းတောင်တန်းထဲမှာ တစ်ယောက်ယောက် အင်မော်တယ်အဖြစ် တက်လှမ်းတော့မယ်... ဘယ်သူများလဲ..."

"အဲ့ဒါက တက်လှမ်းခြင်းကပ်ဘေးပဲ... ကျူးရှိူ့တိုက်ကြီးမှာ ဘယ်သူက အင်မော်တယ် ဖြစ်လာမှာလဲ..."

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားနေကြသည်။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သူမျှ အင်မော်တယ်အဖြစ် မတက်လှမ်းနိုင်ခဲ့ကြောင်း သိထားရမည် ဖြစ်၏။ ထင်မှတ်မထားဘဲ ကျွမ်းရွှယ်က တစ်လပြည့်ရန် လိုသေးပြီး အင်မော်တယ် မဖြစ်သေးချိန်တွင် ယနေ့ တစ်စုံတစ်ယောက်က အင်မော်တယ် ဖြစ်လာခဲ့သည်။ မည်သူဖြစ်မည်နည်း။

ဘုန်း…

ကမ္ဘာမြေကို တုန်လှုပ်စေသော အသံကြီးနှင့်အတူ မှောင်မည်းနေသော လောကကြီးက မိုးကြိုးတစ်ချက်၏ ဖောက်ထွင်းမှုကို ခံလိုက်ရပြီး လောကကြီး တစ်ခုလုံးက နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွား၏။ ၎င်းက တက်လှမ်းခြင်း အင်မော်တယ်တံခါးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် မြင့်မြတ်မိုးကြိုးဖြစ်သည်။ အပြင်းအထန် ရိုက်ခတ်လာ၏။

ကျင့်ကြံသူများက ဖေးရှန့်တောင်မှ ပစ်လွှတ်လိုက်ပြီး မြင့်မြတ်မိုးကြိုးဆီသို့ ပြေးဝင်သွားသော အဖြူရောင် အလင်းတန်း တစ်ခုကိုသာ မြင်လိုက်ရသည်။

ဖြူစင်သော လမင်း ဓားအလင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကျဆင်းလာသော ကြောက်မက်ဖွယ် မြင့်မြတ်မိုးကြိုးကို အလွယ်တကူ ပိတ်ဆို့လိုက်၏။ အဖြူရောင် အလင်းတန်း ပျောက်ကွယ်သွားသောအခါ ၎င်းက ချမ်ချန်ကန်း၏ တပည့် ပိုင်ယွဲ့ ဖြစ်နေသည်။ ယနေ့ ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအို အစောင့်အရှောက်လည်း ဖြစ်ပေ၏။

ဤပိုင်ယွဲ့၏ ကျင့်ကြံခြင်းအဆင့်က ယခုအခါ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး တက်လှမ်းခြင်း ကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်နှင့် သူမက အင်မော်တယ် ဖြစ်လာနိုင်ပြီ ဖြစ်သည်။

ပိုင်ယွဲ့ကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာမေဍိတ်သံများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့၏။

"သူမ ဖြစ်နေတာပဲ..."

"ကျူးရှိူ့တိုက်ကြီးက တက်လှမ်းတော့မှာလား..."

"မင်းက တုံးလိုက်တာ... ဒါက ကျူးရှိူ့တိုက်ကြီး တက်လှမ်းတာနဲ့ ဘာဆိုင်လို့လဲ... တက်လှမ်းခြင်း ကပ်ဘေးကို ဖြတ်ကျော်မယ့်သူက သခင်မလေး ပိုင်ယွဲ့လေ... အဲဒါကြောင့် သူ တက်လှမ်းတော့မှာပေါ့..."

"ဟုတ်တယ်... သူက ကျူးရှိူ့တိုက်ကြီး တက်လှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ရမယ်... ဘာပဲဖြစ်ဖြစ် ကျူးရှိူ့တိုက်ကြီးရဲ့ တက်လှမ်းခြင်း အစီအရင်က စတင်တော့မယ်လို့ ငါ ကြားထားတယ်..."

"နောက်ဆုံးတော့ ရောက်လာပြီပဲ... သခင်မလေး ပိုင်ယွဲ့ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေလို့ မျှော်လင့်ပါတယ်..."

"သေချာပေါက် အောင်မြင်မှာပါ... ဘာပဲဖြစ်ဖြစ် စီနီယာရှိနေသေးတာပဲ... သာမန် မိုးကြိုးကပ်ဘေးလောက်က စီနီယာ ဖြေရှင်းလို့ မရနိုင်စရာ အကြောင်းမှ မရှိတာ..."

All Chapters