အခန်း ၃၀၅
Vol. 27 Ch. 305
အခန်း (၃၀၅) ဤသည်က သေရမည့် အခြေအနေလား
ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးကြီး ကျရောက်လာ၏။
ယနေ့တွင် ထိုမိုးကြိုးကပ်ဘေးက တစ္ဆေပြည်နယ်၌သာ စုပြုံကျရောက်နေသည်။
တစ္ဆေပြည်နယ် တစ်ခုလုံး ပြာကျသွားတော့မည့် အလားပင်။
အထူးသဖြင့် ပိုင်ယွဲ့၊ မိုဝန်ထျန်း၊ အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့် ကျူးပါကျဲတို့မှာ ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံစားနေကြရ၏။
ယနေ့ ကျရောက်လာသည့် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး၏ စွမ်းအားက ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။
သူတို့သာ အနည်းငယ်မျှ ပေါ့ဆသွားပါက အလွန်အဖြစ်ဆိုးစွာ သေဆုံးသွားကြမည် ဖြစ်၏။
ဖေးရှန့်တောင်။
အမြီးလေးက ချမ်ချန်ကန်း၏ ပေါင်ကို ဖက်ထားသည်။ သူမက ခေါင်းမော့၍ မိုးကြိုးများ ပြည့်နှက်နေသော ကောင်းကင်ယံကိုကြည့်ကာ ပိုင်ယွဲ့တို့၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်နေ၏။
ယနေ့အချိန်အထိ ကျူးရှိူ့တိုက်ကြီးက ချောမွေ့စွာ ရှေ့ဆက်နေဆဲ ဖြစ်သည်။
ဤသည်က ပိုင်ယွဲ့တို့အဖွဲ့ လောလောဆယ် ဘေးကင်းလုံခြုံနေသေးကြောင်းကို ဆိုလို၏။
သို့သော်လည်း ယခုအခိုက်အတန့်၌ ကျူးရှိူ့တိုက်ကြီးက ထိုအက်ကွဲကြောင်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ၎င်းခံစားနေရသော တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး၏ စွမ်းအားကလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအို စွမ်းအားပင်လျှင် ယခုအခါ မတားဆီးနိုင်တော့ချေ။
တောင်တန်းများနှင့် မြစ်ပြင်များ ပျက်စီးကာ မြေကြီးများ အက်ကွဲကုန်ပြီး ကျူးရှိူ့တိုက်ကြီးမှာ ပြိုကွဲပျက်စီးခြင်း အခြေအနေသို့ ရင်ဆိုင်နေရ၏။
ဤကြောက်မက်ဖွယ် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးကြီးထဲတွင် သက်ရှိများစွာ အဖြစ်ဆိုးနှင့် သေဆုံးခဲ့ကြရသည်။ မရေမတွက်နိုင်သော သက်ရှိများမှာ မျှော်လင့်ချက် မဲ့နေကြပြီ ဖြစ်၏။
ကျူးရှိူ့တိုက်ကြီး၏ တက်လှမ်းခြင်းက ကျရှုံးသွားတော့မည်လား။
သို့သော်လည်း သူတို့ ဘာမှမတတ်နိုင်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့က အလွန်တရာ အားနည်းကာ ပျော့ညံ့လွန်းလှသည်။
ထို့ပြင် တခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိတော့ချေ။
ချမ်ချန်ကန်းက သူ၏ ပြိုင်ဘက်ကင်းနယ်မြေ စွမ်းအားကို အသုံးပြု၍ ထိုတက်လှမ်းခြင်း မိုးကြိုးကပ်ဘေးများ၏ စွမ်းအားကို ခုခံထားသည်။
ချမ်ချန်ကန်းအတွက်မူ ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားဖြင့် သူက လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နေ၏။ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး၏ စွမ်းအားက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါစေ သူ့အတွက်တော့ အချည်းနှီးသာ ဖြစ်သည်။
ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ သစ်ပင်တစ်ပင်ကိုပင် အနည်းငယ်မျှ ထိခိုက်စေနိုင်ခြင်း မရှိချေ။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့က ချမ်ချန်ကန်း အပေါ်တွင် လေးစားမှု၊ ကြောက်ရွံ့မှု၊ ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေကြ၏။
ဤအရာအားလုံးက စီနီယာ၏ လုပ်ဆောင်မှုများ ဖြစ်ရမည်။ စီနီယာသာ မရှိပါက သူတို့အားလုံး ထိုကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးထဲတွင် သေဆုံးသွားကြလောက်ပြီ ဖြစ်သည်။
သေချာပေါက်ပင် ချမ်ချန်ကန်း ကာကွယ်ပေးနိုင်သည့် ပြိုင်ဘက်ကင်းနယ်မြေ အပြင်ဘက်တွင်မူ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် ပျက်စီးဆုံးရှုံးမှုများကို သူလည်း မတတ်နိုင်သကဲ့သို့ ဖြစ်နေသည်။
ပိုင်ယွဲ့တို့အဖွဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ အမြန်ဆုံး ပြန်ရောက်လာနိုင်ရန်သာ သူ မျှော်လင့်နေ၏။ ထိုသို့မှသာ ထိုကြောက်မက်ဖွယ် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးများကို အမှန်တကယ် အောင်မြင်စွာ ခုခံနိုင်မည် ဖြစ်သည်။
ပြိုင်ဘက်ကင်းနယ်မြေနှင့် ပတ်သက်၍မူ ချင်းယွင်ဖေးနှင့် ချင်ရှို့ဝမ်တို့မှာ ချမ်ချန်ကန်းက တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးများကို လွယ်လွယ်ကူကူ ခုခံလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်သွားကြသည်။
တကယ်ပင် ချမ်ချန်ကန်း၏ စွမ်းအားက ခန့်မှန်း၍မရနိုင်အောင် နက်နဲလှသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးက သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်းမရှိဘဲ လွယ်လွယ်ကူကူပင် ခုခံကာကွယ်နိုင်ခဲ့၏။
ဤသည်က သာမန်တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး မဟုတ်ကြောင်း သိထားရမည်။ အောက်ဘုံမှ တက်လှမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အင်မော်တယ်နယ်မြေ အရှင်သခင်နှင့် အင်မော်တယ်တာအို သူတော်စင်များပင် ခုခံနိုင်စွမ်း မရှိကြပေ။
သေချာသည်က တောင်ပေါင်းတစ်သိန်းတောင်တန်း၏ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးမှာ အစစ်အမှန် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး မဟုတ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့်သာ ချမ်ချန်ကန်းက ခုခံနိုင်ခြင်း ဖြစ်မည်။ ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့က စိတ်ထဲမှ ထိုသို့သာ တွေးကာ ခန့်မှန်းလိုက်ကြ၏။
ချမ်ချန်ကန်းသာ အစစ်အမှန် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည်ဆိုပါက ယခုကဲ့သို့ လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လုံးဝ မဖြစ်နိုင်ဟု သူတို့ ထင်မှတ်နေကြသည်။
တစ်ချိန်တည်းမှာပင် ကျူးရှိူ့တိုက်ကြီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြစဉ် ပိုင်ယွဲ့၊ အင်မော်တယ်အင်ပါယာ ယီဟိုင်၊ ကျူးပါကျဲနှင့် မိုဝန်ထျန်းတို့မှာ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးများကြားမှ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာကြသည်။
ချမ်ချန်ကန်းက ချက်ချင်းပင် သတိပြုမိသွား၏။ သူက စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ကာ သူတို့အား ဖေးရှန့်တောင်ဆီသို့ ခေါ်ဆောင်လိုက်သည်။
သူတို့လေးယောက်လုံး၏ မျက်နှာများက သွေးဆုတ်ဖြူရော်နေပြီး အလွန်အမင်း အားနည်းနေကြသည်။ အထူးသဖြင့် လမ်းတစ်လျှောက် တက်လှမ်းခြင်း မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်မှုများကို ခံခဲ့ရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားကြ၏။
သို့သော်လည်း ကံကောင်းစွာဖြင့် သူတို့က တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့သဖြင့် နောက်ဆုံးတွင် စိတ်အေးလက်အေး သက်ပြင်းချနိုင်သွားကြသည်။
အကယ်၍ အချိန် အနည်းငယ် ထပ်ကြာသွားပါက သူတို့အားလုံး တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးထဲတွင် သေဆုံးသွားနိုင်ပေသည်။ ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုကို တာဝန်ယူထားသော ကောင်းကင်တာအို၏ အစောင့်အရှောက်ဖြစ်သည့် ပိုင်ယွဲ့အတွက်ပင် အဆုံးသတ်က သေချာပေါက် သေလမ်းသာ ဖြစ်၏။
"အရမ်းကောင်းတယ်... မင်းတို့အားလုံး အောင်မြင်စွာ ပြန်ရောက်လာကြပြီပဲ... နောက်ပိုင်း ကိစ္စတွေကို ငါ့ဆီသာ လွှဲထားလိုက်တော့..."
ချမ်ချန်ကန်းက ပြောလိုက်သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သူက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြု၍ သူတို့၏ ဒဏ်ရာများကို ကုသပေးကာ သူတို့ ခန္ဓာကိုယ်ထဲမှ သက်စောင့်စွမ်းအားများကို ပြန်လည် နိုးထစေလိုက်၏။
ထို့နောက် ချက်ချင်းပင် ချမ်ချန်ကန်းက ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းကြီးကို တစ်ယောက်တည်း ရင်ဆိုင်လိုက်သည်။
တက်လှမ်းခြင်း အစီအရင်က ကျူးရှိူ့တိုက်ကြီး တက်လှမ်းခြင်းအတွက် အဓိကသော့ချက် ဖြစ်သည်။ အထူးသဖြင့် အစီအရင်မျက်လုံးများ ဖြစ်၏။
သို့ဖြစ်၍ အစီအရင်မျက်လုံးလေးခုကို တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုတက်လှမ်းခြင်း မိုးကြိုးကပ်ဘေးများကို တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ အပြည့်အဝနီးပါး လမ်းကြောင်းလွှဲ ခေါ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်၏။
တောင်ပေါင်းတစ်သိန်းတောင်တန်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးပြူးသွားကြပြီး သွေးဆုတ်ဖြူရော်နေသော မျက်နှာများဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ထက်တွင် အဆုံးအစမဲ့သော မိုးကြိုးပင်လယ်ကြီးကို တွေ့လိုက်ရ၏။ ထိုနေရာတွင် ကြောက်မက်ဖွယ် ကောင်းလှသည့် ရင်တုန်ဖွယ်ရာ အငွေ့အသက်များ ရှိနေသည်။
"ပျက်စီးပြီဟေ့..."
"တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးတွေ အကုန်လုံး တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ လာစုနေကြပြီ..."
"ငါတို့ အကုန်သေရတော့မှာပဲ..."
"ဒီမိုးကြိုးကပ်ဘေးအောက်မှာ အကုန်လုံး သေရတော့မယ်..."
"မကြောက်ကြနဲ့... ဒီတောင်ပေါင်းတစ်သိန်းတောင်တန်းက စီနီယာ့ရဲ့ နယ်မြေပဲ... စီနီယာရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းအားနဲ့ဆိုရင် သေချာပေါက် ခုခံနိုင်မှာပါ..."
"ဟုတ်တယ်... စီနီယာက သေချာပေါက် လုပ်နိုင်မယ်ဆိုတာ ငါတို့ ယုံကြည်ထားရမယ်..."
“စီနီယာ... စီနီယာကရော... တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ မိုးကြိုးကပ်ဘေးကို ခုခံနိုင်ပါ့မလား..."
"..."
တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်း၌ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဆွေးနွေးပြောဆိုနေကြပြီး သူတို့မှာ အံ့အားသင့်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း စသည့် မတူညီသော အမူအရာများ ကိုယ်စီ ရှိနေကြ၏။
ထိုမျှ ကြီးမားကျယ်ပြန့်၍ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးအောက်တွင် သူတို့မှာ လှုပ်ပင် မလှုပ်နိုင်ကြချေ။ သူတို့ ထွက်ပြေးချင်လျှင်ပင် လုံးဝ ထွက်ပြေး၍ မရနိုင်ပေ။
အစပိုင်းက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးမှာ မကြောက်မက်ဖွယ် မကောင်းလှပေ။ သို့သော်လည်း ပိုင်ယွဲ့တို့ လေးယောက်က တက်လှမ်းခြင်း အစီအရင်မျက်လုံးများနှင့်အတူ ပြန်ရောက်လာသောအခါ ထိုတက်လှမ်းခြင်း မိုးကြိုးကပ်ဘေးကို ဤနေရာသို့ အပြည့်အဝ လမ်းကြောင်းလွှဲ ခေါ်ဆောင်လာခဲ့သကဲ့သို့ ဖြစ်သွား၏။
ယနေ့ စုရုံးရောက်ရှိလာသော မိုးကြိုးကပ်ဘေးက ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသည်။ တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ကျင့်ကြံသူအားလုံးပင် သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ကြရ၏။
ဤသည်က သေရမည့် အခြေအနေလား။