အခန်း ၇၆၂
Vol. 66 Ch. 762
အခန်း 762
ထိုစကားအဆုံး၌ နောက်ဆုံးတွင်တော့ အားစန်း၏မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျဲ့၏စကားများသည် အလွန်နားဝင်ချို၏။
သူအရင်က ဘာကြောင့်များ ချန်ကျဲ့၏စကားများကို အကောင်းမမြင်ခဲ့သနည်းဟုပင် တွေးမိလေသည်။
အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ အရင်က ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်၍ သူ့ထက် တစ်ဆင့်နိမ့်သည်။ ထို့ကြောင့် အားစန်းသည် ချန်ကျဲ့၏စကားများကို အရေးတယူ ဂရုမစိုက်ပေ။
ထို့ပြင် ချန်ကျဲ့သည် ကျောက်ယာနှင့် နိုင်ငံရေးအကြောင်း မကြာခဏ ဆွေးနွေးလေ့ရှိရာ အားစန်းသည် ထိုအကြောင်းအရာများကို နားမလည်ပေ။ ထို့ကြောင့် အားစန်းသည် ချန်ကျဲ့အား အစစ်အမှန် အရည်အချင်းမရှိသည့် မရိုးဖြောင့်သောလူလိမ်ဟု တွေးထင်ခဲ့သည်။
ယခုတွင် ချန်ကျဲ့အပေါ် သူ၏အမြင်မှာ ပြောင်းလဲသွားခဲ့ပြီ။ လိုဏ်ဂူအတွင်း၌ ချန်ကျဲ့သည် မိမိကိုယ်ကိုယ် သက်သေပြခဲ့ပြီးလေပြီ။
အားသာ့ကို ဖယ်လိုက်ပါက ချန်ကျဲ့သည် ကမာစစ်သားများကို အများဆုံး သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။ အားစန်းပင်လျှင် ချန်ကျဲ့လောက် မသတ်ဖြတ်နိုင်ခဲ့။ အဆုံးတွင်လည်း ချန်ကျဲ့သည် သူတို့အားလုံး၏အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အားလုံးသည် ချန်ကျဲ့ကို အမြင်သစ်ဖြင့် ကြည့်ရှုလာကြသည်။
သို့ဖြစ်ရာ အားစန်းသည်လည်း ချန်ကျဲ့အပေါ် အမြင်ပြောင်းလဲလာပြီး ချန်ကျဲ့ကို တန်းတူဆက်ဆံတော့သည်။
လူအချင်းချင်းကြား ဆက်ဆံရေးများသည် တစ်ခါတရံ ဤသို့ဖြစ်သည်။ အဆင့်အတန်းမတူညီပါက ကောင်းမွန်သည့်စကားများကို ထောင်ချီသောင်းချီပြောနေစေကာမူ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သို့သော် အဆင့်အတန်းတူညီလျှင် အများကြီး ပြောဆိုနေရန် မလိုအပ်ချေ။ စကားကောင်းလေးတစ်ခွန်းသည် နားထောင်သူကို စိတ်ကျေနပ်စေ၏။
ဤသည်မှာ အားစန်း၏ ချန်ကျဲ့အပေါ် အမြင်ပြောင်းလဲလာရသည့် အဓိကအချက်ဖြစ်ပြီး ချန်ကျဲ့၏ လူမှုဆက်ဆံရေးအရည်အချင်းကြောင့်လည်း ပါဝင်သည်။ ထို့ပြင် အားစန်းသည် ရှင်းလင်းပြတ်သားပြီး ရိုးရှင်းသည့်စိတ်နေစိတ်ထားရှိသူဖြစ်သောကြောင့်လည်း ဖြစ်သည်။
အားစန်းကဲ့သို့သော လူများကို နိုင်ငံရေးများ၊ စနစ်များ၊ စံသတ်မှတ်ချက်များအကြောင်း လုံးဝ သွားမပြောသင့်ပေ။
ငြီးငွေ့စရာကောင်းသည်ဟုသာ ထင်လိမ့်မည်။ ဤသို့လူမျိုးနှင့် အကြောင်းအရာတစ်ခုကိုသာ ပြောဆိုနိုင်သည်။ ၎င်းမှာ သိုင်းပညာအင်အားအေကြာင်း ဖြစ်သည်။
တစ်ဖက်လူ၏အကြိုက်ကို ဖြည့်ပေးပြီး တစ်ဖက်လူ ထူးချွန်သည့်အရာကို ချီးမွမ်းပေးပါက သေချာပေါက် ပြောင်းလဲလာလိမ့်မည်။ အားစန်းသည် ဤသို့လူမျိုးဖြစ်သည။
အနောက်ကျင်းကန်းဂိုဏ်းကို တည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ပြီးသော်ငြား အမြဲ တစ်နေရာတွင်သာ ကန့်သတ်နေခဲ့ကာ ဒေသခံအဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်နေခဲ့သည်။ နောက်ပိုင်းတွင်မူ ရူယန်မင်းသားသည် အရည်အချင်းရှိသူများကို ရှာဖွေနေခဲ့ရာမှ ရူယန်မင်းသားသည် အားစန်းတို့၏ဆရာဖြစ်သူ မီးဝိဉာဉ်အရှင်ထံ လူစေလွှတ် ဖိတ်ခေါ်ခဲ့သည်။
အားစန်းတို့သုံးဦးသည် ဆရာနှင့်အတူ အလယ်ပိုင်းမြေပြန့်ဒေသသို့ လိုက်လာခဲ့သည်။ ယခုတွင် သူတို့၏ဆရာသည် ရူယန်မင်သားအိမ်တော်တွင် ရွှမ်းပင်းအကြီးအကဲကြီးနှစ်ပါးနှင့် တန်းတူဆက်ဆံခံရသည့် ထိပ်တန်းအဆင့် ဧည့်သည်တော်ကြီးဖြစ်သည်။
သူတို့၏ဆရာဖြစ်သူ၏သိုင်းပညာသည် ရွှမ်းပင်းဒုတိယအကြီးအကဲထက် သာလွန်သည်။
မီးဝိဉာဉ်အရှင်သည် အလွန်အင်အားကြီးမားသောကြောင့် ရူယန်မင်းသားသည် မျှော်လင့်ချက်ကြီးထားရှိ၍ ခရိုင်မင်းသမီးကို ကာကွယ်ရန် တာဝန်ပေးအပ်ခဲ့သည်။
ချန်ကျဲ့မှ မေးသည်။
“မင်းသားအိမ်တော်မှာ သိုင်းပညာရှင်တွေ အများကြီးရှိတာလား”
အားစန်းမှ ပြန်ပြောသည်။
“အများကြီးပဲ။ မင်းသားအိမ်တော်မှာ ဧည့်သည်တော်နဲ့ အကြီးအကဲသုံးရာကျော်ရှိတယ်။ တစ်ဦးချင်းစီတိုင်းက အဆင့်မြင့်သိုင်းပညာရှင်ကြီးတွေပဲ”
ထိုအခါ သိုင်းပညာရှင်တိုင်းသည် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ကြသူများ မဟုတ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ သူတို့သည်လည်း မိမိ၏အကျိုးအမြတ်အတွက် မင်းသားအိမ်တော်ကို သစ္စာခံပြီး ဟန့်လူမျိုးများကို ဖိနှိပ်နိုင်လေသည်။
ထိုအတွေးတွင် ချန်ကျဲ့ ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
ချန်ကျဲ့နှင့် အားစန်းသည် ဥမင်လမ်းကြောင်းတစ်လျှောက် သိုင်းပညာအကြောင်းများကို ပြောဆိုခဲ့ကြသည်။ ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုအားစန်း”
သူတို့၏ဆက်ဆံရေးသည် သခင်ကြီးအားစန်းမှ အစ်ကိုအားစန်းသို့ တိုးတက်လာခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုက မဟာကျင်းကန်းလက်ဝါးသိုင်းကို သုံးရင်း နဂါးနိုင်လက်ဝါးသိုင်းကွက်အချို့ကိုလည်း သုံးတာ ကျွန်တော်သတိထားမိတယ်။ အစ်ကိုလည်း နဂါးနိုင်လက်ဝါသိုင်းကို လေ့ကျင့်ဖူးတာလား”
ထိုအခါ အားစန်းသည် ရယ်၏။
“အင်း မင်းသားက ငါ့ကို သိုင်းကွက်တစ်ကွက် ချီးမြှင့်ခဲ့တာလေ”
“အို ဘယ်သိုင်းကွက်လဲဗျ”
ချန်ကျဲ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။ အားစန်းမှ ပြန်ပြောသည်။
“၇ကွက်မြောက်သိုင်းကွက် နဂါးမြစ်ကူး”
“အို ၇ကွက်မြောက်သိုင်းကွက်လား”
ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။ အားစန်းသည်လည်း ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“ကျိုစစ် မင်းရဲ့သိုင်းကွက်က ၄ကွက်မြောက်သိုင်းကွက် လယ်ပြင်မှာနဂါးတွေ့လား”
ချန်ကျဲ့မှ ပြောသည်။
“ဟုတ်တယ်။ သူ့ရဲ့အနှစ်သာရက ဆန်းကြယ်ပြီး ခမ်းနားတယ်”
အားစန်းနှင့် ချန်ကျဲ့သည် တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း အကြံပြုလိုက်ကြသည်။
“ငါတို့ ဖလှယ်ကြရင်ရော”
သူတို့နှစ်ဦးသည် ပြုံးရယ်ကြလျက် နောက်ဘက်မှ တိုးတိုးတိတ်တိတ် စကားပြောဆိုရင်း လျှောက်လာခဲ့ကြသည်။
ရှေ့မှသွားနေသူများသည် သူတို့ကို လှည့်ကြည့်လာကြသည်။ ထိုအခါ အားစန်းနှင့်ချန်ကျဲ့သည် သူတို့ ဘာမှများများစားစားပြောမနေသည့်အလား အရေးမထားဟန် မျက်နှာအမူအရာရှိနေကြ၏။ သို့သော် ထိုလူများ ရှေ့ပြန်လှည့်သွားသည်နှင့် ချက်ချင်းပင် လက်ဟန်အမူအရာများ လုပ်ပြကြလျက် စကားပြောကြတော့သည်။
သူတို့ လမ်းတစ်လျှောက်လုံး စကားပြောလာခဲ့ကြသည်။ သူတို့၏ဆက်ဆံရေးသည် အနာဂတ်တွင် တစ်ဦးကိုတစ်ဦး ညီအစ်ကိုများအဖြစ် သတ်မှတ်နိုင်သည်အထိ ပို၍ကောင်းမွန်လာခဲ့သည်။
ဤသည်မှာ အချည်းနှီးသော စကားဝိုင်း မဟုတ်ခဲ့ပေ။
တစ်ဦးသည် စိတ်ထားရိုးရှင်းပြီး တစ်ဦးသည် လူမှုဆက်ဆံရေးကောင်းမွန်သည်။ စကားစမြည်ပြောဆိုရင်း သိုင်းပညာဖလှယ်မှုအပြီးတွင် နှစ်ဦးသည် မိတ်ဆွေကောင်းများဖြစ်သွားကြကာ ပေါ့ပေါ့ပါးပါး ရယ်မောစကားပြောဆိုကြသည်။
သူတို့စကားပြောနေစဉ် ရှေ့တွင် အဖွဲ့နှင့်အတူ လျှောက်နေသည့် ချီမုကောမှ သွေးနက်တစ်ပွက်အန်ထွက်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်ကျသွား၏။ ထိုအခါ အားလုံးမှာ ဘာဖြစ်သွားမှန်း မသိကြသဖြင့် ကြောင်အသွားကြသည်။
ထိုအခါ ယဲ့လုဖုန်းသည် ချီမုကောအနား အမြန်ပြေးသွား၏။ ချီမုကောသည် မြေပြင်ပေါ် ဒူးထောက်လျက် ကမာခွံအစိတ်အပိုင်းငယ်လေးများပါဝင်သည့် သွေးမည်းများ အဆက်မပြတ် အန်နေခဲ့သည်။
ထိုအခါ အားလုံး မင်သက်နေမိကြသည်။ ယဲ့လုဖုန်းသည် လေထဲ လက်ဝှေ့ယမ်းကာ ချီမုကော၏ဝတ်ရုံကို အသွင်ပြောင်းလိုက်သည်။ ထိုအခါ တစ်သက်လုံးမမေ့နိုင်လောက်မည့် မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
ချီမုကော၏ခန္ဓာကိုယ်ထက်တွင် ခါးမှ စတင်၍ လည်ပင်းအထိ ကမာခွံများ ထူထဲသိပ်သည်းစွာ ဖုံးလွှမ်းနေသည့်မြင်ကွင်းကို မြင်လိုက်ရသည်။
ချီမုကောသည် သူတို့ ခုနက ရင်ဆိုင်ခဲ့ရသည့် ကမာစစ်သားများကဲ့သို့ ဖြစ်နေလေသည်။
ဤကြောက်မက်ဖွယ်မြင်ကွင်းတွင် အားလုံးထိတ်လန့်တကြား ပင့်သက်ရှိုက်မိလိုက်ကြသည်။ ယဲ့လုဖုန်းမှ ချီမုကောကို ပြောသည်။
“ချီမုကော မင်းအဆင်ပြေရဲ့လား”
ချီမုကောမှ ပြောသည်။
“နာတယ် သခင်ကြီး၊ ကျွန်တော့်တစ်ကိုယ်လုံးနာနေတယ်”
ထိုအခါ ယဲ့လုဖုန်း လက်ဆန့်ထုတ်လိုက်သည်။ သူ၏လက်တွင် ချီစွမ်းအင်တစ်လွှာထွက်ပေါ်လာကာ ချီမုကော၏ ကိုယ်ပေါ်မှ ကမာခွံတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး အားပြင်းပြင်း ဆွဲခွာပစ်လိုက်သည်။
ဂျောက်…
ဆွဲခွာခံလိုက်ရသည့် ကမာခွံသည် မြေပြင်ထက် ပြုတ်ကျသွားပြီးနောက် ပါးစပ်ဖွင့်လိုက်ပိတ်လိုက် လုပ်နေသည်။ ၎င်းအတွင်းတွင် ချီမုကော၏အသားများရှိနေ၏။ ကမာခွံကို ဆွဲခွာလိုက်ခြင်းသည် သူ၏အသားကိုလည်း ဆွဲဖဲ့သကဲ့သို့ ဖြစ်သွားစေခဲ့ကာ အလွန်ပြင်းစွာ နာကျင်စေခဲ့သည်။
ချီမုကော၏ခန္ဓာကိုယ်မှ စီးကျလာသည့် သွေးများတွင်လည်း သဲတစ်မှုန်မျှ သေးငယ်သည့် ကမာခွံအစအနများ ပါဝင်နေခဲ့သည်။
ထိုမြင်ကွင်းတွင် အားလုံးမှာ ဦးရေပြားများ ကျိန်းစပ်သွားရသည်။
ဒါက လူက ကမာမွေးမြူရေးမြေဖြစ်သွားတာပဲ။