အခန်း ၇၆၃
Vol. 66 Ch. 763
အခန်း 763
ထိုသို့တွေးမိသည်တွင် အားလုံးသည် ချီမုကောအနီးမှ ခွာလိုက်ကြသည်။
ကမာခွံများသည် သူ၏အသွေးအသားများကို အဆက်မပြတ် စုပ်ယူနေသောကြောင့် ချီမုကောသည် နာကျင်ပြင်းပြစွာ အော်ဟစ်နေသည်။ ချီမုကောမှာ တဖြည်းဖြည်း အားနည်းလာနေကြောင်းကို သာမန်မျက်လုံးဖြင့်ပင် သိမြင်နိုင်ပေသည်။
ချီမုကောသည် နာကျင်စွာ အော်ညည်းနေ၏။
ကျန်လူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ထိုစဉ် အားစန်းမှ ပြောသည်။
“ဘာလဲ ဘာဖြစ်တာလဲ”
ထိုအခါ အားလုံးသည် တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြပြန်သည်။ ကျောက်ယာမှ ပြောသည်။
“သွေး”
ထိုစကားတွင် အားလုံး ထိတ်လန့်သွားကြ၏။
သွေး.. သွေးက ဘာဖြစ်လဲ။
ကျောက်ယာမှ ဆက်ပြောသည်။
“သွေးပဲ ဟုတ်တယ် သွေး။ ခုနက တိုက်ပွဲမှာတုန်းက ချီမုကော ဒဏ်ရာရခဲ့တယ်။ ပြီးတော့ ကမာစစ်သားတွေကို သတ်တော့ ကမာစစ်သားတွေရဲ့သွေးတွေ သူ့ဒဏ်ရာထဲ ဝင်ကုန်တာပဲ”
“ကျွန်မအထင် ကမာစစ်သားတွေရဲ့ သွေးတွေထဲမှာ အဆိပ်ဥတွေရှိလိမ့်မယ်။ အဲဒီသွေးတွေက ချီမုကောရဲ့သွေးကြောထဲ ဝင်သွားလို့ ဒီလိုအသွင်ပြောင်းလဲလာတာပဲ”
ကျောက်ယာမှ ပြောသည်။
ထိုစကားတွင် အားလုံး မျက်နှာပျက်ယွင်းသွားကြ၏။
ကြောက်လန့်ေချာက်ချားမှုကြောင့် ဦးရေပြားများ ကျိန်းစပ်သွားရလေသည်။ လျိုလောင်ကွေ့သည်လည်း တစ်ခုခု၏ညှို့ငင်ခံလိုက်ရသည့်အလား မျက်နှာဖြူဖတ်သွားတော့သည်။
ချီမုကောသည် နာကျင်စွာ အော်ညည်းနေဆဲပင်။ ယဲ့လုဖုန်းမှ မေးသည်။
“အဆိပ်ဖြေနိုင်မယ့်နည်းလမ်းရှိလား”
ကျောက်ယာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ချန်ကျဲ့ ခဏမျှစဉ်းစားနေပြီးနောက် ပြောလိုက်သည်။
“ကျွန်တော့်မှာ ရသာကိုးပါးအဆိပ်ဖြေဆေးရှိတယ်။ အဲဒီဆေးနဲ့ အဆိပ်ဖြေနိုင်မလား စမ်းကြည့်လို့ရတယ်”
ထိုအခါ ယဲ့လုဖုန်းမှ တိုက်တွန်းသည်။
“အမြန် ချီမုကောကို ကယ်လိုက်ပါ”
ချီမုကောလည်း ချန်ကျဲ့ကို တောင်းပန်တိုးလျှိုးလာသည်။
“ငါ့ ငါ့ကိုကယ်ပါ”
ထိုအခါ ချန်ကျဲ့သည် ဆေးဘူးထဲမှ ဆေးလုံးကို ထုတ်ယူပြီး ချီမုကော၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
ချီမုကောလည်း အမြန် မျိုချလိုက်သည်။ အားလုံးသည် မျှော်လင့်တကြီး စောင့်စားနေ၏။ သို့သော် အချိန်အတော်ကြာပြီးသည့်တိုင် ကမာခွံများတွင် ပြောင်းလဲမှုမရှိပေ။ ကမာခွံများသည် ပိုကြီးမားလာကာ ချီမုကော၏နာကျင်မှုသည် ပိုမိုပြင်းထန်လာသည်။
ကျန်သူများမှ ပြောသည်။
“အသုံးမဝင်ဘူး၊ အဆိပ်ပြယ်မသွားဘူး”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဒါ ဒီဆေးပ အဆိပ်မပြယ်ဘူးဆိုရင် အဆိပ်က အရမ်းပြင်းထန်လို့ပဲဖြစ်လိမ့်မယ်”
သူတို့စကားပြောနေစဉ် ချီမုကော၏ဦးခေါင်းသည် တစ်ဖက်လှည့်သွား၏။ ကမာခွံများသည် ချီမုကော၏မျက်နှာအထိ လွှမ်းမိုးလာကာ မျက်လုံးများအထိ ဖုံးလွှမ်းသွားသည်ကို သူတို့မြင်လိုက်ရသည်။
“အာ ကျွန်တော် မမြင်ရတော့ဘူး၊ ကယ်ပါ ကယ်ကြပါ…”
ချီမုကောသည် မြေပြင်ပေါ် တွားသွားနေ၏။ ကမာခွံများသည် အဆစ်နေရာများကိုလည်း ဖုံးလွှမ်းထားရာ ချီမုကောသည် မတ်တပ်မရပ်နိုင်တော့ပေ။ ချီမုကောသည် အဆက်မပြတ် နာကျင်စွာ အော်ညည်းနေ၏။
ထိုမြင်ကွင်းတွင် ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်တဒင်္ဂတွင်မူ ယဲ့လုဖုန်းသည် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီးနောက် ချီမုကော၏ဦးခေါင်းကို ရိုက်ချလိုက်လေသည်။ အသံကျယ်ကြီးနှင့်အတူ ချီမုကော၏ဦးခေါင်းသည် ကြေမွသွား၏။
ကမာခွံအစအနများ ရောနှောနေသည့် ဦးနှောက်အစများ နေရာအနှံ့ပြန့်ကျဲသွားသည်။
ထိုအခါ ချန်ကျဲ့ အမြန်ရှောင်တိမ်းလိုက်သည်။ စိတ်ထဲတွင်တော့ သက်ပြင်းချမိ၏။
“အနည်းဆုံးတော့ နာကျင်ခံစားရတာ ရပ်သွားပြီပေါ့။ ဒါကိုပဲ အကောင်းတွေးရမှာပဲ”
အခြားသူများသည်လည်း ဝမ်းနည်းမှုဖြင့် စိတ်ဓာတ်ညှိုးနွမ်းကုန်ကြသည်။ ရောက်လာပြီး ဤမျှအချိန်တိုလေးအတွင်း၌ အဖွဲ့ဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရမည်ဟု သူတို့မျှော်လင့်မထားခဲ့ချေ။
ကျောက်ယာမှ သက်ပြင်းချလျက် ပြောသည်။
“သူ့အနားမကပ်ကြနဲ့၊ ရှောင်သွားကြ”
အားလုံးသည် ချီမုကော၏အလောင်းကို ရှောင်ကွင်းသွားကြသည်။ သို့သော် ထိုအချိန်တွင် လျိုလောင်ကွေ့သည် ချန်ကျဲ့ကို ခေါ်လာ၏။
“ညီနောင်ကျိုစစ်”
ဟမ်
ချန်ကျဲ့ အလိုလို ထိတ်လန့်သွားရပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် ဖြူဖျော့နေသည့် လျိုလောင်ကွေ့ကို လှည့်ကြည့်လိုက်သည်။
လျိုလောင်ကွေ့မှ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“ညီနောင်ကျိုစစ်”
“အင်း အစ်ကိုကြီးလျို ဘာ ဘာဖြစ်လို့လဲ”
လျိုလောင်ကွေ့သည် သက်ပြင်းချလိုက်ပြီး ပြောသည်။
“ညီနောင်ကျိုစစ် ငါ ငါ ဆက်မသွားနိုင်တော့ဘူးထင်တယ်”
“ဗျာ”
ချန်ကျဲ့ ထိတ်လန့်သွားလျက် လျိုလောင်ကွေ့ကို ပြောသည်။
“အစ်ကိုကြီးလျို ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
လျိုလောင်ကွေ့သည် ကသိကအောက်နိုင်လှစွာသော အပြုံးဖြင့် ချန်ကျဲ့ကို ပြုံးပြလာရင်း ပြောသည်။
“ညီနောင်ကျိုစစ် မင်းကြည့်”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် သူ၏အဝတ်များကို ဆွဲဟလိုက်သည်။ လျိုလောင်ကွေ့၏ လက်မောင်းများ၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ကမာခွံလေးများ ဖြစ်တည်နေလေပြီ။ ထိုမြင်ကွင်းတွင် ချန်ကျဲ့၏ဦးရေပြားများ ကျိန်းစပ်သွားရ၏။
“အစ် အစ်ကိုလည်း အဆိပ်မိထားတာလား”
လျိုလောင်ကွေ့ ကျယ်လောင်စွာ ရယ်မော၏။
“ငါ့ကိုယ်ငါ အဆင်ပြေမယ်ထင်ထားခဲ့ပေမဲ့ ကြည့်ရတာ ငါက ကံမကောင်းဘူးပဲ”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုလျို ဒီမှာ ရသာကိုးပါးအဆိပ်ဖြေဆေးတွေ။ အစ်ကို အမြန်သောက်လိုက်။ သောက်ပြီး တောင့်ခံထားပါ။ ကျွန်တော်တို့ မကြာခင် ဒီက ထွက်နိုင်တော့မှာပါ”
လျိုလောင်ကွေ့သည်
ထောင့်စွန်းတစ်ခုရှာကာ ထိုင်ချလိုက်ပြီး ငြင်းဆန်သည်။
“ဟင့်အင်း။ ဒီအဆိပ်ဖြေဆေးက ငါမိထားတဲ့အဆိပ်ကို မကုသနိုင်ဘူး။ ဆေးတွေကို မဖြုန်းတီးနဲ့တော့။ ကျိုစစ် မင်းက လူကောင်းတစ်ယောက်ပါ၊ ငါ…”
“အစ်ကိုလျို”
ချန်ကျဲ့ လျိုလောင်ကွေ့ကို ခေါ်လိုက်သည်။
လျိုလောင်ကွေ့မှ ပြောသည်။
“ကျိုစစ် မင်းအရင်ဆုံး ငါပြောတာကို နားထောင်ပေးပါဦး”
“ငါ ဒီနေရာကို ဝင်လာရဲမှတော့ သေဖို့လည်း မကြောက်ပါဘူး။ ဒါက ငါ့ရဲ့ကံကြမ္မာပဲ။ ကောင်းကင်ဘုံရဲ့စီစဉ်မှုကို ငါတို့ မဖီဆန်နိုင်ဘူး။ ဒါပေမဲ့ ကျိုစစ်၊ ငါ စိတ်မချနိုင်တာ တစ်ခုရှိနေတယ်”
ချန်ကျဲ့ ရှေ့တစ်လှမ်းတိုးလိုက်ပြီး ပြောသည်။
“အစ်ကိုလျို ပြောပါ”
လျိုလောင်ကွေ့သည် လက်မြှောက်လျက် ပြောသည်။
“မင်း ထပ်ပြီး အနားကပ်မလာနဲ့တော့။ ဒီအရာကြီးက ကူးစက်နိုင်လား မသိရသေးဘူး။ အဲဒီမှာပဲနေ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကောင်းပြီ ကောင်းပြီ၊ ကျွန်တော် အစ်ကို့စကားနားထောင်မယ်။ အစ်ကိုပြောပါ”
ထို့နောက် လျိုလောင်ကွေ့မှ ပြောသည်။
“အင်း ငါသေရတာက ကိစ္စမရှိပါဘူး။ ငါစိတ်မချနိုင်တာက ငါ့ရဲ့အသုံးမကျတဲ့သားလေး လျိုစုန့်ကိုပဲ”
“သူက လျိုမိသားစုရဲ့တစ်ဦးတည်းသောကလေးပဲ။ သူက ငယ်ငယ်လေးတည်းက သူ့အမေနဲ့ငါ အလိုလိုက်တာ ခံထားရတာ။ ငါရှိနေသ၍တော့ သူ့အနေနဲ့ ချောင်ကုန်သည်အဖွဲ့မှာ ချမ်းသာကြွယ်ဝမှုတွေကို ခံစားနိုင်တယ်။ ဒါပေမဲ့ အခု ငါသေသွားတော့ သူ့အတွက် ခက်ခဲလိမ့်မယ်”
“သူက ကိစ္စကြီးတွေကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့သူ မဟုတ်ဘူးဆိုတာ ငါသိတယ်။ သူ့ကို ထောက်ပံ့ပေးမယ့်သူသာ မရှိရင် မျန့်ရွှေမှာ သူ အသက်တောင် မရှင်နိုင်လောက်ဘူး။ အဲဒါကြောင့် ညီနောင်ကျိုစစ် ငါမင်းကို တစ်ခုတောင်းဆိုပါရစေ.. မင်း ငါ့ကို ကတိပေးရမယ်”
ချန်ကျဲ့ လျိုလောင်ကွေ့၏ရည်ရွယ်ချက်ကို ခန့်မှန်းမိပါ၏။
သို့သော် ချန်ကျဲ့ ပြောလိုက်သည်။
“အစ်ကိုလျို ပြောပါ”
လျိုလောင်ကွေ့မှ ပြောသည်။
“ငါ ချောင်ကုန်သည်အဖွဲ့ကို မင်းဆီ အပ်နှံခဲ့ချင်တယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့အသုံးမကျတဲ့သားလေးကို စောင့်ရှောက်ပေးပါ။ သူက ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်မလာနိုင်ဘူး။ သူ ချောင်ကုန်သည်အဖွဲ့ကို ဆက်ကပ်တွယ်နေရင် သူ့ရဲ့အဆုံးသတ်က သေချာပေါက် ဆိုးရွားလိမ့်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အာ အစ်ကိုလျို၊ ချောင်ကုန်သည်အဖွဲ့မှာ လူကြီးမင်းပိုင်ရှိပါသေးတယ်။ လူကြီးမင်းပိုင်ရဲ့အရည်အချင်းနဲ့ဆို ချောင်ကုန်သည်အဖွဲ့ကို သေချာကာကွယ်ပေးနိုင်ပါတယ်”
လျိုလောင်ကွေ့မှ ရယ်သည်။
“ဟား ပိုင်မော့ရှန်းက ဗျူဟာရှင်တစ်ယောက်ပဲ။ သူက နည်းဗျူဟာဆွဲတာတော်ပြီး ပရိယာယ်ကြွယ်ဝပေမဲ့ ဆုံးဖြတ်ချက်ပြတ်သားမှု မရှိဘူး။ အဲဒါကြောင့် ညီနောင်ကျိုစစ်ကပဲ ချောင်ကုန်သည်အဖွဲ့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်”
“အကယ်၍ ဒီလိုက အလုပ်မဖြစ်ခဲ့ရင် ချောင်ကုန်သည်အဖွဲ့ကို မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့ထဲ ပေါင်းထည့်လိုက်လည်း ရတယ်။ မျန့်ရွှေစီရင်စုသေးသေးလေးမှာ ဒီကုန်သည်အဖွဲ့နှစ်ခုရပ်တည်နေတာ ရယ်စရာကောင်းပါတယ်ကွာ… တကယ်ရယ်ချင်စရာပဲ…”