အခန်း ၇၆၄
Vol. 66 Ch. 764
အခန်း ၇၆၄
လျိုလောင်ကွေ့သည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ချန်ကျဲ့ကို ပေးသည်။
“ဒီတံဆိပ်ပြားကိုယူလိုက်ပါ။ ဒီတံဆိပ်ပြားနဲ့ ငါ့အစား ချောင်ကုန်သည်အဖွဲ့ကို အမိန့်ပေးနိုင်တယ်”
ထိုအချိန်၌ မနီးမဝေးတွင် ရပ်နေသည့် ယဲ့လုဖုန်း၏မျက်နှာအမူအရာသည် အလွန်ဆိုးဝါးနေခဲ့သည်။ လျိုလောင်ကွေ့ သေသေရှင်ရှင် သူနှင့်မဆိုင်ပေ။ သို့သော် ချန်ကျိုစစ်ကို ချောင်ကုန်သည်အဖွဲ့၏ဆက်ခံသူအဖြစ် ပေးအပ်ခဲ့သည်ကတော့ မဖြစ်သင့်ချေ။
ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ ပေါင်းစည်းလိုက်လျှင် မည်မျှကြောက်မက်ဖွယ်ဖြစ်လိမ့်မည်နည်း။ အနောက်မြို့နှင့်မြောက်မြို့ ပေါင်းစည်းသွားခြင်းဟူသည် မျန့်ရွှေမြို့တစ်မြို့လုံးနီးပါးကို သိမ်းပိုက်သွားခြင်းပင် ဖြစ်သည်။ ဤအင်အားပေါင်းစည်းမှုကြီးသာ အတည်ဖြစ်လာပါက မျန့်ရွှေစီရင်စုတွင် ယဲ့လုဖုန်းကိုယ်တိုင်အပါအဝင် ၎င်းအင်အားကို ဖက်ပြိုင်နိုင်မည့်အင်အားစု မရှိနိုင်တော့ပေ။
ထိုသို့တွေးလျက် ယဲ့လုဖုန်းမှ ရှေ့တစ်လှမ်းတိုး၍ ချန်ကျဲ့ကို တားရန်ပြင်သည်။ သို့သော် အားစန်းမှ ယဲ့လုဖုန်းရှေ့တွင် ပိတ်ရပ်လိုက်ပြီး ပြောသည်။
“ယဲ့လုဖုန်း ခင်ဗျားဘာလုပ်မလို့လဲ”
“ငါ…”
“ငါမင်းကိုပြောလိုက်မယ်။ ငါ့ညီနောင်ချန်ကျိုစစ်က သူ့မိတ်ဆွေကို နှုတ်ဆက်စကားပြောနေတယ်။ ခင်ဗျား အနားသွားပြီး ပြဿနာရှာဖို့လုပ်မနေနဲ့။ ဒီမှာပဲစောင့်နေ”
“ညီနောင်တဲ့လား”
ယဲ့လုဖုန်း အားစန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ချန်ကျိုစစ်က ဘယ်လိုမှော်ပညာတွေများ သုံးလိုက်လို့ သူ့ကို အမြဲအထင်သေးနေတဲ့ အားစန်းကို မိတ်ဆွေဖွဲ့နိုင်သွားရတာလဲ။ ဒီလောကကြီးက အမြင်ကန်းနေပြီလား။
အားစန်းသည် ယဲ့လုဖုန်း ပြဿနာမရှာနိုင်အာင် ဟန့်တားထားသည်။
ချန်ကျဲ့ လျိုလောင်ကွေ့ကိုကြည့်၍ ပြောသည်။
“အစ်ကိုလျို ဒီအကြောင်းတွေ မပြောရအောင်။ အစ်ကို့ဒဏ်ရာတွေ အရမ်းမပြင်းထန်ခင်မှာ ဒီကနေ ထွက်ဖို့လမ်း အမြန်ရှာကြတာပေါ့။ လမ်းက အဆုံးမသတ်သေးပါဘူး။ ဘာလို့ ရာထူးလွှဲပြောင်းအပ်နှံဖို့အကြောင်းတွေ ပြောနေရတာလဲ”
ထိုအခါ လျိုလောင်ကွေ့သည် တည်ကြည်လေးနက်သည့် မျက်နှာအမူအရာသို့ ပြောင်းလဲလိုက်ပြီး ပြောသည်။
“ကျိုစစ် ငါ ငါ့တစ်ကိုယ်လုံး အဆိပ်တွေပျံ့နှံ့ပြီးသေတဲ့အထိ မစောင့်နိုင်ဘူး။ ငါ ချီမုကောလိုမျိုး မခံစားရချင်ဘူး။ ငါလည်း အသက်ရှင်ချင်ပေမဲ့ အဲဒီလိုမျိုးတော့ မဟုတ်ဘူး”
“မျန့်ရွှေမှာ နှစ်၂၀ကျော် ကျင်လည်ခဲ့တဲ့ လျိုယွဲ့ထျန်းကိုပဲ စဉ်းစားလိုက်ပါ။ ငါ ဒီနေ့ ဆေးဘုရင်ရတနာသိုက်ထဲ ဝင်ရောက်ပြီး တံလျှပ်သတ္တဝါရဲ့ဗိုက်ထဲမှာ သေဆုံးရတာ ငါ့ရဲ့သူရဲကောင်းဘဝအတွက် အရှက်ရစရာ မဖြစ်ပါဘူးလေ”
“ကျိုစစ် ငါ့သားကို မင်းလက်ထဲ ယုံကြည်အပ်နှံခဲ့ပြီ”
“ဟားဟားဟား… ငါလျိုလောင်ကွေ့က မင်းတို့ကမာမိစ္ဆာလေးတွေလက်ထဲမှာတော့ အသေမခံနိုင်ဘူးကွ”
အားး
ဝုန်း
လျိုလောင်ကွေ့သည် သူ၏နောက်ဆုံးလက်ကျန်အင်အားအလုံးစုံကို သူ၏စိတ်ဝိဉာဉ်ထံ ထုတ်လွှတ်လိုက်သည်။ ရုတ်ချည်းပင် ဦးခေါင်းပေါက်ကွဲသွားခဲ့ကာ ထိတ်လန့်ချောက်ချားဖွယ် သေဆုံးသွားခဲ့သည်။
မြေပြင်ပေါ် လဲကျသွားသည့် လျိုလောင်ကွေ့ကိုကြည့်လျက် အားလုံး အသိအမှတ်ပြုမိကြလေသည်။
လျိုလောင်ကွေ့သည် မျန့်ရွှေ၏အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်ဂုဏ်ပုဒ်နှင့် ထိုက်တန်စွာ သူရဲကောင်းဆန်ဆန် သေဆုံးသွားခြင်းဖြစ်သည်။
လဲကျနေသည့် လျိုလောင်ကွေ့ကိုကြည့်ရင်း ချန်ကျဲ့ သက်ပြင်းချလိုက်သည်။
လျိုလောင်ကွေ့နှင့် သူ၏ဆက်ဆံရေးကို မည်သို့ဖော်ပြရမည်နည်း။ ကနဦးတွင် သူတို့သည် ရန်သူဆက်ဆံရေးဖြစ်ခဲ့သည်။ ထို့နောက်တွင် နန်ပါးထျန်း၏ကြံစည်ချောက်ချမှုများကို ခုခံတုံ့ပြန်ရန်အတွက် ပူးပေါင်းခဲ့ကြသည်။
ထိုသို့ပူးပေါင်းခဲ့ချိန်အတွင်း၌ အချင်းချင်း နားလည်လာကြပြီး တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခုတွင်မူ ဆေးဘုရင်ရတနာသိုက်ထဲသို့ အတူဝင်လာခဲ့ပြီး လျိုလောင်ကွေ့သည် ဤနေရာတွင် သေဆုံးသွားခဲ့လေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းနာကျင်ဖွယ်ဖြစ်လေရာ ချန်ကျဲ့ အနည်းငယ် စိတ်ပျက်ညှိုးငယ်နေခဲ့သည်။
သို့သော် ချန်ကျဲ့သည် စိတ်ခံစားချက်များကို အမြန်ပင် ထိန်းချုပ်လိုက်ပြီး လက်ထဲမှ ချောင်ကုန်သည်အဖွဲ့တံဆိပ်ပြားကို တင်းတင်းဆုပ်လိုက်သည်။ မနီးမဝေးရှိ ယဲ့လုဖုန်းသည် ချန်ကျဲ့လက်ထဲရှိ တံဆိပ်ပြားကို အကြည့်မလွှဲတမ်း စိုက်ကြည့်နေသည်။
ချန်ကျဲ့သည် ယဲ့လုဖုန်းကို ကြောက်ရွံ့နေရန် မလိုအပ်တော့သဖြင့် ယဲ့လုဖုန်း၏အကြည့်ကို မရှောင်လွှဲပေ။
သူ၏လက်ရှိသိုင်းပညာအင်အားသည် ယဲ့လုဖုန်းထက် သာလွန်၏။ ရာထူးအားဖြင့် သူ့တွင် ဘာမှမရှိသေးသော်ငြား ခရိုင်မင်းသမီးကျောက်ယာသည် သူ၏ကျောထောက်နောက်ခံအဖြစ် ရှိနေသည်။
သူပိုင်ဆိုင်ထားသည့် အင်အားနှင့်ထောက်ပံ့မှုများအရ ချန်ကျဲ့သည် ယဲ့လုဖုန်းကို မကြောက်ရွံ့တော့ပေ။
ထိုစဉ် ကျောက်ယာမှ ပြောသည်။
“အားလုံးပဲ ကိုယ့်ဒဏ်ရာကိုယ် ပြဿနာရှိမရှိ သေချာစစ်ဆေးကြ။ ဒီကမာအဆိပ်က အရမ်းအန္တရာယ်များတယ်။ ပေါ့ပေါ့တန်တန် သဘောမထားကြနဲ့”
ထိုအခါ အားလုံး၏အကြည့်များ လေးနက်သွားကြသည်။
သူတို့သည် ဒဏ်ရာလည်း မရထားဘဲ ဒဏ်ရာပေါ် သွေးများလည်း ပေကျံထားခြင်းမရှိသောကြောင့် များများစားစား စိုးရိမ်ပူပန်မနေကြချေ။
သို့သော်လည်း လုံခြုံဘေးကင်းရေးအတွက် အားလုံးသည် မိမိကိုယ်ကိုယ် တစ်ခေါက်စစ်ဆေးကြည့်ကြပြီးနောက် ခရီးဆက်ခဲ့ကြသည်။
သူတို့အားလုံး၏စိတ်အခြေအနေမှာ ရောက်ခါစကဲ့သို့ တက်ကြွမှုမရှိတော့ပေ။ ကိုယ်စီ ခံစားချက်များ ထွေပြားနေလျက် မှုန်မှိုင်းနေကြသည်။ သို့သော်လည်း ဤသည်မှာ စွန့်စားခန်း၏ မလွှဲရှောင်နိုင်သည့် ဖြစ်စဉ်ပင် မဟုတ်ပါလော။ ကြီးမားသည့် အကျိုးအမြတ်သည် ကြီးမားသောစွန့်စားမှုကို ရင်ဆိုင်ရသည်ချည်းသာ။
ထိုစဉ် အားစန်းမှ ချန်ကျဲ့အနားရောက်လာပြီး မေးသည်။
“မင်းရော ဘယ်လိုလဲ။ အကုန်အဆင်ပြေတယ်မလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော်အဆင်ပြေပါတယ်။ ဒီတိုင်း နည်းနည်း ဝမ်းနည်းနေလို့ပါ။ ခေါင်းဆောင်လျိုက ကျွန်တော့်မိတ်ဆွေလေ”
“အင်း ဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်။ သိုင်းလောကမှာ ဆွေမျိုးနဲ့မိတ်ဆွေတွေ ဆုံးရှုံးရတယ်ဆိုတာ မလွှဲရှောင်နိုင်တဲ့အရာပဲ”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။
“အင်း ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းချုပ်နိုင်ပါတယ်”
အားစန်းမှ ပြောသည်။
“ဒါပေမဲ့ ဒီရတနာသိုက်က တကယ် အရမ်းအန္တရာယ်များတယ်။ ဘယ်သူဒီဇိုင်းဆွဲထားတာလဲ သိချင်မိသား။ အထူးသဖြင့် အဲဒီကမာကောင်တွေက ဘာလို့ အသက်ရှိနေရတာလဲ။ ပြီးတော့ အဲဒီကမာအဆိပ်က အရမ်းကြောက်ဖို့ကောင်းတယ်”
ချန်ကျဲ့လည်း မသိသဖြင့် ဘာမှပြန်မဖြေလိုက်ပေ။
အားစန်းသည်လည်း ချန်ကျဲ့မှ အဖြေပြန်ပေးလာရန် မျှော်လင့်မထားပေ။ ဒီတိုင်းပြောဆိုခြင်းသာ ဖြစ်သည်။
လူအုပ်စုသည် ရှေ့သို့ ခရီးဆက်ခဲ့ကြပြီး မိနစ်သုံးဆယ်ခန့်ကြာမြင့်ပြီးနောက်တွင် ရှေ့တည့်တည့်၌ တံခါးအကြီးကြီးကို မြင်တွေ့လိုက်ရသည်။
သူတို့ တံခါးအနီးသို့ သွားလိုက်ကြသည်။ အားစန်းသည် တံခါးကို စူးစမ်းကြည့်ရင်း တွန်းဖွင့်လိုက်သည်။ တံခါးသည် ချက်ချင်းပင် ပွင့်သွားခဲ့ပြီး အံ့အားသင့်ဖွယ်မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
၎င်းသည် လိုဏ်ဂူနံရံများနှင့် ဆက်နွယ်နေသည့် ဧရာမ အဝိုင်းသဏ္ဍာန်နံရံကြီးဖြစ်ပြီး စင်္ကြံလမ်းတစ်ခုရှိနေသည်။
စင်္ကြံလမ်း၏အဆုံး၌ သူတို့ အရင်က ကြုံတွေ့ခဲ့ပြီးဖြစ်သည့် တံခါး၈ချပ်ရှိနေသည်။
အခြားအဖွဲ့များလည်း အသီးသီး တံခါးမှ ထွက်လာကြသည်ကိုလည်း မြင်တွေ့ရလေသည်။