အခန်း ၇၆၆
Vol. 66 Ch. 766
အခန်း ၇၆၆
တန်းအဆောင်
ထိုအဆောက်အဦကို မြင်လိုက်ရသည်တွင် အားလုံးသည် အလိုအလျောက် အနီးကပ် တိုးကပ်သွားမိကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆောက်အဦထဲရှိ ဆေးများသည် အလွန်ရှားပါးသောကြောင့် ဖြစ်သည်။
အားလုံးသည် နေရာအနှံ့ကို ရှာဖွေပြီးသည့်တိုင် အသုံးဝင်သည့် ဆေးပစ္စည်းများ များများစားစား မရရှိခဲ့ကြပေ။ သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ကာ အထဲတွင် အရည်အသွေးမြင့်ဆေးများ ပေါပေါများများ ရှိမနေခဲ့။ ထိပ်တန်းအဆင့်ဆေးပစ္စည်းများဟု မသတ်မှတ်နိုင်သည့် အနည်းငယ်သော ဆေးအချို့သာ ရှာတွေ့နိုင်သောကြောင့် စွန့်စားခဲ့ရခြင်းထက် အကျိုးအမြတ်သည် နည်းပါးနေခဲ့သည်။
ထို့ကြောင့် တန်းအဆောင်ကို မြင်တွေ့လိုက်ရသည်တွင် အားလုံး၏အကြည့်များသည် ထိုအဆောက်အဦထက် ကျရောက်နေကြတော့သည်။
တန်းအဆောင်သည် သုံးထပ်အဆောက်အဦဖြစ်ပြီး ဓာတ်ကြီးငါးပါးဥယျာဉ်အလယ်၌ မြင့်သွန်းစွာ တည်ရှိနေသည်။ ထို့ပြင် ဓာတ်ကြီးငါးပါးဥယျာဉ်ငါးခုကို ကိုယ်စားပြုသည့် တံခါးငါးချပ်ရှိနေသည်။
သေချာဂရုတစိုက်ကြည့်ရှုပါက ဥယျာဉ်ကြီးသည် စက်ဝိုင်းသဏ္ဍာန်ဖြစ်ကြောင်း မြင်တွေ့ရလိမ့်မည်။ ဥယျာဉ်အလယ်၊ စက်ဝိုင်းသဏ္ဍန်၏အလယ်၌ တန်းအဆောင်ဟု ရေးထွင်းထားသည့် နံရံ၅ဖက်ရှိသည့် အထပ်မြင့်အဆောက်အဦကြီး တည်ရှိသည်။
၎င်းစက်ဝိုင်းဥယျာဉ်ကို အပိုင်းငါးပိုင်း အညီအမျှ ခွဲခြားထားပြီး တစ်ပိုင်းလျှင် ဓာတ်ကြီးတစ်ပါး၏ဆေးဥယျာဉ်တစ်ခုကို ကိုယ်စားပြုသည်။
ဤဆေးဥယျာဉ်ကြီး၏အပြင်ဘက်၌ ဥယျာဉ်၏အကာအကွယ်အဖြစ် လုပ်ဆောင်သည့် ပါးကွာ့ ဂိတ်တံခါးကြီးများ ရှိသည်။
ဤရတနာသိုက်ကြီး၏ ပုံသဏ္ဍာန်ကို အထက်မှ ကြည့်ရှုပြီးပါက မည်သူမဆို ဖန်တီးတည်ဆောက်သူ၏ ဥာဏ်ထက်မြက်မှုကို အသိအမှတ်ပြုလေးစားမိကြပေလိမ့်မည်။
ထိုသို့တွေးတောရင်း ချန်ကျဲ့သည်လည်း တန်းအဆောင်ဆီသို့ ဦးတည်လျှောက်သွားနေခဲ့သည်။
မကြာမီ၌ လူအုပ်စုသည် တန်းအဆောင်သို့ရောက်ခဲ့ကြပြီး တန်းအဆောင်၏တံခါးများသည် မှန်သားဖြင့် ပြုလုပ်ထားကြောင်း မြင်တွေ့လိုက်ရသည်။
ဟုတ်ပါ၏။ မှန်တံခါးများဖြစ်သည်။ သို့သော် အားလုံးသိထားသည့် မှန်တံခါးများကဲ့သို့ မဟုတ်ပါဘဲ တစ်ဖက်ကို ဖောက်ထွင်းမြင်နေရသော်ငြား အလွန်အင်မတန် မာကြောခိုင်ခံ့သည့် မှော်ပစ္စည်းတစ်မျိုးဖြစ်သည်။
အားစန်းသည် မှန်တံခါးကို ထိကိုင်ကြည့်ရာ တံခါးသည် အလွန်မာကြောခိုင်ခံ့ပြီး တွန်းရွှေ့မရနိုင်ကြောင်း သိလိုက်ရသည်။ သို့သော် တန်းအဆောင်အတွင်းမှ ရှုပ်ပွပျက်စီးနေသော ဆေးဖော်စပ်သည့် အဂ္ဂိရတ်ဖိုများကို မြင်တွေ့နေရသည်။
ကြည့်ရသည်မှာ လူအုပ်စုတစ်စုသည် တန်းအဆောင်ထဲသို့ အတင်းကျူးကျော်ဝင်ရောက်ခဲ့ဟန်ရလေသည်။
သို့သော်လည်း ပျက်စီးနေသည့် ဆေးဖိုများဘေးတွင် အကောင်းပကတိအတိုင်းရှိနေသည့် မီးခိုးဖျော့ဖျော့ထွက်ရှိနေသည့် ဆေးဖိုကိုလည်း မြင်တွေ့နေရသည်။
ထိုအခါ အားလုံး အံ့ဩသွားကြသည်။
မီးခိုးတွေ.. အထဲမှာ ဆေးဖော်နေတဲ့သူရှိသေးတာလား ဒါမှမဟုတ် အနည်းဆုံး နှစ်သုံးဆယ်လောက်ကြာမြင့်အောင် ဖိုထဲမှာ သန့်စင်ဖော်စပ်ခံထားရတဲ့ ဆေးတွေ ရှိနေတာလား။
အားလုံး၏စိတ်ထဲ အံ့အားသင့်မှုနှင့်အတူ တွေးနေကြသည်။
ပွင့်လင်းသည့်စိတ်သဘောထားရှိသူ အားစန်းသည် ၎င်းကိုမြင်သောအခါ တွန့်ဆုတ်မနေဘဲ တံခါး၏အလယ်တည့်တည့်သို့ မဟာကျင်းကန်းလက်ဝါးသိုင်းဖြင့် ချီစွမ်းအင်ထုတ်လွှတ်လိုက်သည်။
ဤလက်ဝါးသိုင်းတစ်ချက်သည် နိယာမအားဖြင့် တောင်ကိုခွင်းလို့ ကျောက်တုံးများကို အပိုင်းပိုင်းကွဲကြေစေနိုင်သော်ငြား ဤမှန်တံခါးအပေါ် ကျရောက်သည့်အခါတွင်မူ ရေပြင်ကို ထိခတ်လိုက်သည့်အလား ရေလှိုင်းတွန့်ငယ်ကလေးများ ဖြစ်ပေါ်သွားခဲ့သည်။ သို့သော် တံခါးသည် စိုးစဉ်းသော်မျှ ထိခိုက်ယိုယွင်းသွားခြင်း မရှိချေ။
ထိုအခါ အားစန်းသည် ဒေါသတကြီးပြော၏။
“ဟေး ငါ ဒီလှည့်စားတတ်တဲ့အရာကို မဖျက်ဆီးနိုင်ဘူးလို့ ငါမယုံဘူး”
ထိုသို့ပြောလျက် အားစန်းသည် လက်ကို ပင့်မြှောက်လိုက်သည်။ ထိုအခါ နဂါးဟိန်းဟောက်သံ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ နဂါးနိုင်လက်ဝါးသိုင်း ဟုတ်ပါ၏၊ အားစန်းသည် နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုနေခြင်းဖြစ်သည်။
အားစန်းသည် ခုနစ်ကွက်မြောက်သိုင်းကွက် မြစ်ပြင်ဖြတ်ကူးသိုင်းကွက်ကို အသုံးပြုလိုက်သည်။ ၎င်းသိုင်းကွက်သည် နတ်နဂါးမှ နတ်ဘုရားတောင်ကို ဖြိုခွင်းသကဲ့သို့ အရှိန်အဝါမျိုးရှိသည်။
အားစန်းသည် မှန်တံခါးကို အရှိန်ပြင်းစွာ ရိုက်ချလိုက်ရာ ထို့နောက်တွင်မူ သူကိုယ်တိုင်သာ အော်ဟစ်ရင်း နောက်သို့လွင့်ထွက်သွားရလေသည်။ ထိုအခါ ချန်ကျဲ့နှင့် အားအာ့တို့လည်း ထိတ်လန့်သွားရသည်။ ဒီတံခါးက အရမ်းမာကြောပါရောလား။
အားစန်း၏ ခုနက လက်ဝါးသိုင်းကွက်သည် တံခါးတစ်ချပ်ကို မဆိုထားနှင့် ကျောက်တုံးကြီးများကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေစေနိုင်ပေသည်။
သို့သော်ငြား လွင့်ထွက်သွားရသူမှာ အားစန်းဖြစ်နေသည်။
ဒီတံခါးက ဘာတွေနဲ့လုပ်ထားလို့ ဒီလောက်တောင် ခိုင်မာနေရတာလဲ။
ချန်ကျဲ့နှင့်အားသာ့တို့ အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ချန်ကျဲ့ တံခါးမှ ကြည့်လိုက်ရာ အခြားဆေးဥယျာဉ်များမှ လူများလည်း တစ်ဖက်တံခါးများတွင် ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုသူများသည်လည်း မှန်တံခါးများမှတစ်ဆင့် တန်းအဆောင်အတွင်းရှိ အခြေအနေများနှင့် မီးခိုးဖျော့ဖျော့ထွက်နေသည့် ဆေးဖိုကို မြင်တွေ့ပြီးကြလေပြီ။
သူတို့အားလုံးသည်လည်း ကိုယ်စီလက်နက်များနှင့် သိုင်းပညာများကို အသုံးပြု၍ မှန်တံခါးကို ချိုးဖျက်ရန် ကြိုးပမ်းနေကြသည်။
ထို့နောက် ရေဓာတ်ဥယျာဉ်မှ ယွီမန်အာသည် ရေခဲလက်ဝါးသိုင်းဖြင့် တံခါးကို ချိုးဖျက်သည်။ ရလဒ်သည်တော့ အားစန်းကဲ့သို့ပင် နောက်သို့လွင့်ထွက်သွားခဲ့လေသည်။
အခြားလူများသည်လည်း မရပ်နားတမ်း မှန်တံခါးကို ချိုးဖျက်ကြသည်။ သို့သော်ငြား သူတို့၏ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်စွမ်းအင်သည် တန်းအဆောင်၏တံခါးကို ဖွင့်လှစ်ခြင်းငှာ မတတ်နိုင်ပေ။
သူတို့သည် တန်းအဆောင်၏အပြင်ဘက်တွင်သာ နေ၍ ကူကယ်ရာမဲ့စွာဖြင့် အထဲသို့ ကြည့်နေရန်သာ တတ်နိုင်လေသည်။
ထို့ပြင် သူတို့အချင်းချင်း မှန်တံခါးများမှတစ်ဆင့် မြင်တွေ့နိုင်ကြလေသည်။ သူတို့အားလုံး ကြံရာမရဖြစ်နေကြစဉ် တန်းအဆောင်ကြီးသည် ရုတ်တရက် အပြင်းအထန် တုန်ခါလာ၏။
အားလုံး ထိတ်လန့်သွားကြပြီး နောက်ဆုတ်လိုက်ကြသည်။ ဖြစ်ပျက်နေသည့်အခြေအနေများကို သူတို့နားမလည်ပေ။
တန်းအဆောင်အတွင်း၌ ဘုန်းတော်ကြီးတစ်ပါးသည် တာ့အိုဆရာအိုကြီးတစ်ဦးနှင့် မျက်နှာချင်းဆိုင်နေ၏။ တာ့အိုဆရာသည် ဘုန်းတော်ကြီးကိုကြည့်ပြီး ပြောသည်။
“ဘုန်းတော်ကြီး ခင်ဗျားက အရမ်းအင်အားကြီးမားပါတယ်။ ကျုပ်ရဲ့စွမ်းအင်အထွတ်အထိပ်ရောက်ချိန်မှာတောင် ဘုန်းတော်ကြီးရဲ့ပြိုင်ဘက်မဖြစ်နိုင်မှ စိုးမိပါတယ်။ အခုလိုအချိန်မှာတော့ ကျုပ်က အရိပ်သာသာပါပဲ”
ဘုန်းတော်ကြီးမှ တာ့အိုဆရာကို ပြောသည်။
“လူကြီးမင်း ခင်ဗျားက ကွယ်လွန်သွားပြီဆိုပေမဲ့ ဒီလိုပုံစံနဲ့ ရှင်သန်နေတာဟာလည်း ထူးကဲတဲ့ အထွတ်အထိပ်ပုံစံတစ်မျိုး ဖြစ်ပါလိမ့်မယ်”
တာ့အိုဆရာအိုကြီးမှ ပြောသည်။
“အသက်ရှင်ရုံမျှ ရှင်သန်နေဖို့က ကျုပ်ရဲ့ရည်ရွယ်ချက် မဟုတ်ပါဘူး။ ကျုုပ် ဒီလိုတည်ရှိမှုအဖြစ် ဆက်ရှင်သန်နေရတဲ့အကြောင်းအရင်းက ဆက်ခံသူတစ်ယောက်ကို ရှာဖွေဖို့ပါ။ ကံဆိုးစွာနဲ့ လွန်ခဲ့တဲ့နှစ်သုံးဆယ်က မိန်းကလေးတစ်ယောက်ပဲ ရောက်လာခဲ့တယ်”
ဘုန်းတော်ကြီးမှ ပြောသည်။
“မိန်းကလေးက မရဘူးလား”
တာ့အိုဆရာအိုကြီးမှ ပြန်ပြောသည်။
“ပုံမှန်အားဖြင့်တော့ မရဘူး။ ချန်ချွမ်းတောင်ကြားမှာ ကျုပ်တို့ရဲ့ဆက်ခံသူကို အမျိုးသားတွေကိုပဲ သတ်မှတ်ခဲ့တာ။ အဲဒါကြောင့် ကျုပ် နောက်ထပ်နှစ်သုံးဆယ်စောင့်ဆိုင်းခဲ့တယ်။ အခုတော့ ခင်ဗျားရောက်လာတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ခင်ဗျားကလည်း ချန်ချွမ်းတောင်ကြားရဲ့ဝတ်လုံကို မဆက်ခံချင်ပြန်ဘူး”
ဘုန်းတော်ကြီးသည် အားရပါးရရယ်မောလိုက်၏။“ကျုပ်ရဲ့လမ်းဟာ ကောင်းကင်နဲ့မြေကြီးကြား နေရာအလုံးစုံပါပဲ။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓအဖြစ်ကျင့်ကြံတယ်။ တထာဂတ တောင်မှ ကျုပ်ရဲ့စိတ်နှလုံးထဲမှာ အရေးမပါလှဘူး။ လူကြီးမင်းရဲ့အမွေကို ဆက်ခံဖို့ကတော့ ပြောမနေပါနဲ့တော့”
တာ့အိုဆရာအိုကြီးသည် သက်ပြင်းချ၏။
“ကျုပ် နောက်ထပ်နှစ်သုံးဆယ် ထပ်စောင့်ရဦးမှာလား။ ဒီမှာရှင်သန်ရတဲ့ဘဝက တကယ်မလွယ်ကူဘူး”
ဘုန်းတော်ကြီးမှ ပြောသည်။
“လူကြီးမင်း ခင်ဗျား တကယ်တော့ နောက်ထပ်နှစ်သုံးဆယ်စောင့်ဖို့ မလိုပါဘူး။ ဒီတံခါးအပြင်ဘက်မှာ အလားအလာကောင်းမွန်တဲ့ လူငယ်လေးတွေ အများကြီးရှိပါတယ်။ ခင်ဗျားဘာလို့ သူတို့ထဲက တစ်ယောက်ကိုရွေးပြီးတော့ အမွေဆက်ခံခွင့်မပေးလိုက်တာလဲ”