အခန်း ၇၆၇
Vol. 66 Ch. 767
အခန်း ၇၆၇
တာ့အိုဆရာအိုကြီး ရပ်သွား၏။
“အပြင်က အဲဒီကျင့်ကြံသူပေါက်စလေးတွေလား”
ဘုန်းတော်ကြီးမှ ပြောသည်။
“ဟူတ်တယ်။ လောကကြီးမှာ ကံကြမ္မာလမ်းကြောင်းတွေ မြောက်မြားစွာရှိတယ်။ ဘာလို့များ သူတို့ကို အခွင့်အရေးပေးမကြည့်ရမှာလဲ”
ၔ တာ့အိုဆရာကြီးသည် ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
“တကယ်တော့ သူတို့ထဲက လူငါးယောက်က ငါနဲ့ရေစက်ရှိတယ်။ ဒါပေမဲ့ နှစ်ယောက်က မိန်းကလေးဖြစ်နေတယ်”
ဘုန်းတော်ကြီးမှ ပြောသည်။
“ဆရာကြီး ဗုဒ္ဓက ပြောကြားခဲ့တယ်၊ အရာအားလုံးက ကြိုတင်စီစဉ်ထားပြီးသားပဲတဲ့။ ဆရာကြီးရဲ့အမွေကို ဆက်ခံခွင့်ရတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ရင်လည်း အဲဒါက ချန်ချွမ်းတောင်ကြားအတွက် အမျိုးသမီးဆက်ခံသူလိုအပ်နေလို့ပါပဲ။ ကောင်းကင်ရဲ့ဆန္ဒပဲပေါ့။ ဆရာကြီး ဘယ်လိုထင်ပါသလဲ’
ထိုအခါ တာ့အိုဆရာကြီးသည် ူူတူဘုန်းတော်ကြီးကို ကြည့်လိုက်သည်။ ဘုန်းတော်ကြီးသည် ပြုံးနေ၏။
“အာ ထားလိုက်ပါတော့ ထားလိုက်ပါတော့။ သူတို့ကို အခွင့်အရေးတစ်ခုပေးလိုက်တာပေါ့”
ထိုသို့တွေးလျက် တာ့အိုဆရာကြီးသည် ဘုန်းတော်ကြီးကို ကြည့်လိုက်သည်။
“ဘုန်းတော်ကြီးက တကယ် ကျုပ်ရဲ့အမွေကို မဆက်ခံချင်တာ သေချာတယ်နော်”
ဘုန်းတော်ကြီးမှ ပြန်ပြောသည်။
“ဟုတ်ပါတယ်။ မလိုချင်ပါဘူး”
“ခင်ဗျား ကျုပ်အမွေကို ဆက်ခံလိုက်ပြီးမှ တခြားသူကို ပြန်လွှဲပေးလိုက်လို့ရတယ်။ အဲဒါဆို ကျုပ်တို့ရဲ့ ကတိကို ဖျက်ရမကျတော့ဘူးပေါ့”
တာ့အိုဆရာကြီးမှ ပြောသည်။
ဘုန်းတော်ကြီးမှ ပြောသည်။
“မလိုပါဘူးး။ ကျုပ်က ကိုယ့်စကားကိုတည်တဲ့သူပါ။ လှည့်ဖျားဖို့မတတ်နိုင်ပါဘူး”
တာ့အိုဆရာကြီးမှ သက်ပြင်းချလျက် ပြောသည်။
“ထားလိုက်ပါတော့ ထားလိုက်ပါတော့။ ဒါဆိုလည်း ခင်ဗျားသဘောပါပဲ”
စကားအဆုံး၌ တာ့အိုဆရာကြီးသည် လက်ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအင်တစ်ခု ပျံထွက်လာသည်။
ထို့နောက်တွင် ၎င်းစွမ်းအင်သည် လူငါးဦးထံ တန်းတန်းမတ်မတ် ဦးတည်သွား၏။
ချန်ကျဲ့၊ ပါးထန်၊ နန်ပါးထျန်း၊ ယွီမေ့ဇစ်၊ မိစ္ဆာဘွားဘွားကြီး။
နောက်တဒင်္ဂ၌ လူငါးဦးထံမှ အဆောင်ပစ္စည်းများထွက်လာကြသောကြောင့် အားလုံးအံ့ဩသွားကြသည်။
ထိုအဆောင်များသည် အလောင်းများမှ ရှာတွေ့ထားသည့် တံဆိပ်ပြားများဖြစ်သည်။
ချန်ကျဲ့၏ဦးခေါင်းထက်၌ အရှေ့ပိုင်းမိုးပြာနဂါး သစ်သား
ပါးထန်၏ဦးခေါင်းထက်၌ တောင်ပိုင်းဟင်္သာပဒါးငှက်နှင့် ပင်တင်း
နန်ပါးထျန်း၏ဦးခေါင်းထက်၌ မြောက်ပိုင်းရွှမ်ဝူ ရန်ကွေရေ
ယွီမေ့ဇစ်၏ဦးခေါင်းထက်၌ အနောက်ပိုင်းကျားဖြူ ကန်းရှင်းရွှေ
မိစ္ဆာဘွားဘွားကြီး၏ဦးခေါင်းထက်၌ အလယ်ပိုင်းနဂါးဝါ မြေ ဟူ၍ အသီးသီး ပေါ်လာကြသည်။
သူတို့၏ဦးခေါင်းထက် ပေါ်ထွက်လာသည့် အဆောင်များကိုမြင်လျှင် အားလုံးသည်
ထိုအဆောင်များ၏ စီစဉ်ထားရှိပုံကို စဉ်းစားကြသည်။
ချန်ကျဲ့သည် ချီစွမ်းအင်ဖြစ်ဟန်ရသော အလင်းတစ်ခု၏ လွှမ်းခြုံခံထားရသည်။ သို့သော် ချီစွမ်းအင်မဟုတ်ဟုလည်း ထင်ရပြန်သည်။ ထိုစွမ်းအင်သည် ချန်ကျဲ့ကို တန်းအဆောင်အတွင်းသို့ ဆွဲခေါ်နေသည်။
ချန်ကျဲ့ ရုန်းကန်ကြည့်သည်။ သို့သော် သူ၏အင်အားမှာ ထိုအလင်းလွှမ်းခြုံမှုအောက်တွင် အချည်းနှီးဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် ထိုလူငါးဦးအနီးရှိလူများမှာ အံ့အားသင့်ကုန်ကြသည်။
ထိုလူငါးဦးသည် မှန်တံခါးကို ဖြတ်သန်းသွားသည်။ အပြင်ဘက်တွင်ကျန်နေခဲ့သူများသည် သူတို့ကို အားကျမှုများဖြင့် ကြည့်နေကြသည်။
သူတို့ငါးဦး အထဲရောက်သွားသောအခါ သူတို့သည် လွတ်လွတ်လပ်လပ် လှုပ်ရှားမသွားလာနိုင်ပေ။ လေဟာနယ်ထဲ လွင့်နေ၏။
ထိုအချိန်၌ တန်းအဆောင်၏ တတိယထပ်ရှိ အထူးနေရာတွင် ဖန်းယင်းယွီသည် ချောင်းဟန့်သံ ခပ်သာသာ အသံပြုလိုက်သည်။ ချန်ကျဲ့လည်း ငါးဦးထဲတွင် ပါဝင်နေမည်ဟု သူမျှော်လင့်မထားခဲ့ချေ။
ဖန်းယင်းယွီမှ အသံပြုလိုက်သည်တွင် တာ့အိုဆရာကြီးသည် ဖန်းယင်းယွီကို ပြန်လှည့်ကြည့်သည်။
“ဘုန်းတော်ကြီး ခင်ဗျားဘာတွေ ချောင်းဟန့်နေတာလဲ”
ဖန်းယင်းယွီမှ ပြောသည်။
“မိတ်ဆွေဟောင်းတစ်ယောက်ကို မြင်လိုက်လို့ပါ”
ထိုအခါ တာ့အိုဆရာကြီး၏မျက်လုံးများ တောက်ပသွားပြီး ပြောသည်။
“အို ဘုန်းတော်ကြီး လောင်းကြေးထပ်ချင်လား”
ဖန်းယင်းယွီမှ မေးသည်။
“ဘာလောင်းမှာလဲ”
“ဘုန်းတော်ကြီးရဲ့ အဲဒီမိတ်ဆွေဟောင်းက ကျုပ်ရဲ့ဆက်ခံသူဖြစ်လာမယ်လို့ လောင်းကြေးထပ်မယ်”
ဖန်းယင်းယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မေးသည်။
“လောင်းမယ်ပေါ့လေ”
“ဘုန်းတော်ကြီး ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းကို သိပါတယ်၊ ဉာဏ်အလင်းပွင့်ဆေးလုံး”
“အဲဒီဆေးက လူတွေနဲ့ သားရဲတွေရဲ့ စိတ်ဝိဉာဉ်ဉာဏ်ပညာကို ဖွင့်ပေးနိုင်တဲ့ဆေးပဲ၊ ဖော်စပ်ဖို့ မလွယ်ကူဘူး”
“သားရဲတွေလား”
ဖန်းယင်းယွီ အံ့ဩသွားသည်။ တာ့အိုဆရာကြီးသည် ရယ်မော၏။
“အရင်တုန်းက ချန်ချွမ်းတောင်ကြားရဲ့ အစောင့်အရှောက်သားရဲတွေအကြောင်းကို ဘုန်းတော်ကြီး မကြားဖူးဘူးလား။ သူတို့ရဲ့ဉာဏ်ရည်က လူသားတွေထက် အောက်မကျဘူးနော်”
“ဆေးရဲ့အာနိသင်ကြောင့်လား”
ဖန်းယင်းယွီမှ အံ့အားသင့်စွာ မေးလျှင် တာ့အိုဆရာကြီးသည် ရယ်မောသည်။
“ဒါပေါ့”
“ကံဆိုးစွာနဲ့ ဉာဏ်အလင်းပွင့်ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ အဓိကပါဝင်ပစ္စည်းက ရှာမရတော့ဘူး။ ဆေးညွှန်းသိခဲ့ရင်တောင်မှ ဆေးဖော်စပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျုပ်မှာတော့ တစ်လုံးကျန်နေသေးတယ်”
တာ့အိုဆရာအိုကြီးသည် အနီရောင်စန္ဒကူးသေတ္တာကို ထုတ်ယူလိုက်သည်။
ထိုအခါ ဖန်းယင်းယွီမှ မျက်လုံးမှေးကျုံ့လိုက်ပြီး ပြောသည်။
“ဒီပစ္စည်းကလည်း ခင်ဗျားလို ပုံရိပ်ယောင်ပဲတော့ မဟုတ်ပါဘူးနော်”
တာ့အိုဆရာကြီးသည် ရယ်၏။
“မဟုတ်ပါဘူး၊ ဒါက အစစ်ပါ”
တာ့အိုဆရာကြီးသည် စန္ဒကူးသေတ္တာကို ဖွင့်ပြသည်။ အထဲတွင် ရွှေရောင်ဖျော့ဖျော့ဆေးတစ်လုံးရှိနေသည်။
ဖန်းယင်းယွီမှ တာ့အိုဆရာကြီးကို ကြည့်လိုက်ပြီး မေးသည်။
“ကျုပ် ရှုံးခဲ့ရင်ရော”
တာ့အိုဆရာကြီးမှ ပြန်ကြည့်လာကာ ပြောသည်။
“ကျုပ်ရဲ့ဆက်ခံသူအဖြစ် လက်ခံပြီး ဗုဒ္ဓကိုစွန့်လို့ တာ့အိုဝါဒီကို ကျင့်ကြံရမယ်”
ထိုအခါ ဖန်းယင်းယွီ မျက်မှောင်ကြုတ်သွား၏။ ဗုဒ္ဓကိုစွန့်ပြီး တာ့အိုဝါဒီကို ကျင့်ကြံခြင်းသည် သူ့အတွက်မူ တိုင်းတာလို့မရနိုင်သည့် ဆုံးရှုံးမှုကြီးဖြစ်သည်။ သူ၏ ဗုဒ္ဓစိတ်နှလုံး မသန့်စင်တော့ပါက သူ၏ကျင့်ကြံဆင့်လည်း ထိခိုက်မည်ကို စိုးရိမ်ရသည်။ အဆင့်ကျသွားခြင်းတော့ မဖြစ်နိုင်သော်ငြား အဆင့်ထပ်မံတက်လှမ်းခြင်းမှာမူ ကောင်းကင်ဘုံကို တက်လှမ်းရသကဲ့သို့ ခက်ခဲလိမ့်မည်။
ဤသည်မှာလည်း ဖန်းယင်းယွီ တာ့အိုဆရာကြီး၏ဆက်ခံသူ မလုပ်ချင်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။
သို့သော်လည်း ဉာဏ်အလင်းပွင့်ဆေးလုံးကို သူလိုချင်သည်။ ဆေးလုံးမရှိပါက သူ၏တိုင်းပြည်ကို တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။ လက်ရှိတွင် ကောင်းကင်ဘုံ၏ဗျာဒိတ်တော်အဖြစ် သူရွေးချယ်ထားသည့် ရွှီရှို့ဟွေးသည် ဦးနှောက်မကောင်းသူဖြစ်နေသည်။
ရွှီရှို့ဟွေးသာ ဧကရာဇ်မဖြစ်လာနိုင်ပါက သူလုပ်ခဲ့သမျှ အရာအားလုံးသည် အဓိပ္ပာယ်မရှိဖြစ်သွားလိမ့်မည်။
သို့ဖြစ်ရာ သူ၏ဗုဒ္ဓနှလုံးသားနှင့် အနာဂတ်အစီအစဉ်ကြား ရွေးချယ်ရခြင်းသည် ဖန်းယင်းယွီအတွက် အလွန်ခက်ခဲပေသည်။
ဖန်းယင်းယွီ ခဏမျှစဉ်းစားနေပြီးနောက် တန်းအဆောင်ထဲရှိ လူငါးဦးကို ကြည့်လိုက်သည်။ နောက်ဆုံး၌ ချန်ကျဲ့ထံတွင် အကြည့်ရပ်သွား၏။
ခဏမျှထပ်စဉ်းစားပြီးနောက် သူပြောလိုက်သည်။
“ကျုပ်လောင်းကြေးထပ်မယ်၊ လောင်းမယ်”
ထိုအခါ တာ့အိုဆရာအိုကြီးသည် ရယ်မော၏။
“ဟားဟားဟား ဘုန်းတော်ကြီးက ဆုံးဖြတ်ချက်ပြတ်သားတာပဲ။ ဒါဆို ဆေးလုံးကို လောင်းကြေးထပ်လိုက်ကြတာပေါ့”
ထို့နောက် တာ့အိုဆရာကြီးမှ လက်ဝှေ့ယမ်းလိုက်ရာ အသံတစ်ခုသည် တန်းအဆောင် ပထမထပ်အတွင်း ပျံ့နှံ့သွားခဲ့သည်။
“ဟားဟား.. လူငယ်လေးတို့ ချန်ချွမ်းတောင်ကြား တန်းအဆောင်ကနေ ကြိုဆိုပါတယ်။ ငါက တောင်ကြားသခင် ချန်ချွမ်းဇီပဲ”
ချန်ချွမ်းဇီ…
နေရာရှိလူများမှာ ချန်ချွမ်းဇီဟူသည် မည်သူမည်ဝါမှန်း မသိသောကြောင့် ကြောင်အနေကြလေသည်။ ထိုအသံကို အပြင်ဘက်ရှိ ကျောက်ယာလည်း ကြားလိုက်သည်။
ကျောက်ယာ မျက်မှောင်ကြုတ်သွားရင်း ပြောသည်။
“ချန်ချွမ်းဇီ.. ချန်ချွမ်းတောင်ကြားသခင်တွေရဲ့ ဘွဲ့အမည်ပဲ။ လက်ရှိအချိန်နဲ့ အနီးစပ်ဆုံး ချန်ချွမ်းဇီက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကပဲ”