အခန်း ၁၄၆
Vol. 11 Ch. 146
အခန်း ၁၄၆ - မထင်မှတ်ထားသော အဖြစ်အပျက်
"ဟင် ဆက်မစားနိုင်တော့ဘူးလား ဘာသဘောလဲ"
ရဲ့ရှင်းချန်မှ သူ၏ ဘေးတွင် စားနေသည့် မိုချီအား တစ်ချက်ကြည့် လိုက်ပြီးနောက် သူမလက်ခုံအား ပုတ်လိုက်လေသည်။
"လျှော့စားဦး တော်ကြာ ညစာ မစားနိုင်ဘဲ နေမယ်"
တကယ်တမ်းတွင် မိုချီအား အများကြီး ပေးမစားချင်ခြင်း ဖြစ်သည်။ ချင်ကုန်းမင်အား ကြည့်ရသည်မှာ ဖော်ရွေပုံ ပေါက်သည့်တိုင် ထို အပြုံး၏ နောက်ကွယ်တွင် မည်သို့ ရှိနေမည်အား ဘယ်သူမှ မသိနိုင်ဘူးချေ။
သူစိမ်း ပြင်ဆင်ပေးသည့် အစားအသောက်များအား မိုချီ တစ်ယောက် ဇွတ်စား နေခဲ့လေသည်။ အကယ်၍များ ဆေးခတ်ထားခဲ့လျှက် သူ့ဘက်မှ တိုက်ခိုက်ရေး အင်အား တစ်ယောက် လျော့သွားမည် ဖြစ်သည်။
ချင်ကုန်းမင်သည် ရဲ့ရှင်းချန်၏ အမေးအား မဖြေဘဲ လက်အား မြှောက်ကာ အင်္ကျီလက်အား ပင့်လျှက် လက်ပတ်နာရီအား ကြည့်လိုက်လေသည်။
"မင်းတို့ ဒီမှာ ခဏစောင့်နေကြဦးနော် မီးဖိုချောင်မှာ တခြားစားစရာများ ရှိမလား သွားကြည့်လိုက်ဦးမယ် ဒီမှာပဲ ညစာစားပြီးမှ ပြန်လိုက်ကြပေါ့"
ရဲ့ရှင်းချန် ပြန်မဖြေရသေးခင်မှာပင် သူသည် ထွက်သွားခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်၏ စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာတော့သည်။ ထိုခံစားချက်သည် ချင်ကုန်းမင်ထံမှ လာခြင်း ဖြစ်ပေသည်။
ချင်ကုန်းမင်မှ အင်တာနက်မရ၍ ပျင်းနေသည့်အတွက် ဧည့်ဝတ်ကျေနေသည် ဖြစ်စေ သူစိမ်းများအား မည်သည့်အတွက် အိမ် အတွင်းထိ ခေါ်သွင်းရလေသနည်း။ ယခုတွင် လက်ဖက်ရည်နှင့် မုန့် ကျွေးရုံတင်မက ညစာပါ စားသွားရန် အတွက် တကူးတက ဖိတ်ခေါ်နေသေးသည်။
ကောင်းကင်မှ နေ၍ မုန့်များ အလကား ကျလာလိမ့်မည်ဟု ရဲ့ရှင်းချန် မယုံကြည်ပေ။ ထောင်ချောက်များသာ ကျလာနိုင်စရာ ရှိလေသည်။
ရဲ့ရှင်းချန်သည် စားစရာ မလိုသည့်တိုင် တခြားလူများလည်း မလိုဟု မဆိုလိုနိုင်ချေ။ အထဲရောက် စဉ်ကတည်းမှ မည်သူ့ကိုမှ မတွေ့ရသေးချေ။ ရဲ့ရှင်းချန် ခဏမျှ စဉ်းစား ပြီးနောက် အိတ်ကပ်သို့ လက်နှိုက်လိုက်ကာ နေရာလွတ်ထဲမှနေ အပူအာရုံခံ ညကြည့်မျက်မှန်အား တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။ မျက်မှန် တပ်လိုက်တာသည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန် အသက်ရှူ မှားသွားခဲ့ရတော့သည်။
လူမရှိ ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ နံရံ၏ နောက်တွင် လူတွေ ရှိနေခြင်း ဖြစ်သည်။
ဤ တစ်ကြိမ်တွင်မူ ရဲ့ရှင်းချန် ပို၍ သံသယဝင်သွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းတွင် သူထ၍ လျှောက်ကြည့်နေစဉ်တွင် မည်သူ့ကိုမှ မတွေ့ခဲ့ရချေ။ ဤလူများသည် အတော်လေး ပုန်းကွယ်တတ်ကြပေသည်။ သူတို့အား အခုချိန်ထိ စောင့်ကြည့်နေပုံ ရလေသည်။
"မစားနဲ့တော့ မဟုတ်ရင် ပြန်ရောက်တဲ့အခါ ဘာမှ ကျွေးမှာ မဟုတ်ဘူးနော်"
ရဲ့ရှင်းချန် မျက်မှောင် ကြုတ်လိုက်မိကာ မိုချီကိုင်ထားသည့် ကွတ်ကီးတစ်ဝက်အား စားပွဲပေါ် ပုတ်ချလိုက်တော့သည်။ သူ့ခန့်မှန်းချက်သာ မမှားခဲ့လျှင် မီးဖိုချောင်ထဲမှ လူရိပ်သည် ချင်ကုန်းမင် ဖြစ်ရပေမည်။ အစောပိုင်းတွင် သူသည် ထိုဘက်သို့ ထွက်သွားခြင်း ဖြစ်သည်။
သူ နောက်ထပ် ရဲရဲတင်းတင်း ခန့်မှန်းကြည့်လိုက်မိသည်။ ချင်ကုန်းမင် ယူလာသည့် အစားအသောက်များ ထဲတွင် တစ်စုံတစ်ခု ထည့်ထားသည်မှာ သေချာလှသည်။ အစောပိုင်း၌ နာရီကြည့်လိုက်ခြင်းသည် ဆေးမည်သည့် အချိန်တွင် အာနိသင်ပြမည် ဆိုသည်အား တွက်နေခြင်း ဖြစ်ရပေမည်။
"တစ်နေရာရာက နေမကောင်းသလို ဖြစ်နေလား"
ရဲ့ရှင်းချန်မှ မိုချီ့အား တိုးတိုးလေး မေးလိုက်လေသည်။ ရဲ့ရှင်းချန်သည် စားစရာများအား လုံးဝ မထိသကဲ့သို့ လက်ဖက်ရည်ကြမ်းကိုပင် အဆိပ်ခတ်ထားမည် စိုး၍ မသောက်ခဲ့ချေ။ ကျောက်ဟောင်မှာမူ အနည်းငယ်သာ သောက်ခဲ့သည့်တိုင် မိုချီ တစ်ယောက်မှာမူ မတူညီချေ။
သူတို့ ခရီးနှင်လာသည်မှာ တော်တော်ကြာမြင့်နေပြီ ဖြစ်သည်။ မိုချီလေးသည် မနက်စာပင် ဖြောင့်ဖြောင့် မစားရဘဲ ဆွဲခေါ် ခံလိုက်ရခြင်း ဖြစ်သည်။ ကြီးထွားနေဆဲ ကလေးဖြစ်သဖြင့် သရေစာဆိုလျှင် အမြဲမက်တတ်သည်။ ချိုမြမြ လက်ဖက်ရည်နှင့် ထောပတ်ကွတ်ကီးများအား မြင်ချိန်တွင် မည်ကဲ့သို့ အောင့်အီး သည်းခံနိုင်လိမ့်မည်နည်း။ လက်ဖက်ရည် တစ်ခွက်လုံး ပြောင်သလောက်ရှိနေခဲ့ကာ ကွတ်ကီးသည်လည်း ဆယ်ချပ်လောက် စားပြီးသွားပြီ ဖြစ်သည်။
"ဟင့်အင်း ဒီကွတ်ကီးက တအားစားကောင်းတာပဲ မမကျားကျားကော ဒါမျိုး လုပ်တတ်လားဟင် ပြန်ရောက်ရင် ထပ်စားချင်သေးတယ်"
ဤအရာများထြတွင်် ဆေးခတ်ထားသည်မှာ သေချာနေပြီဟု ရဲ့ရှင်းချန် ခံစားလိုက်ရတေ့ာသည်။ မည်သည့် ဆေးအား ခတ်ထားသည် ဆိုသည်ကိုမူ မသိသေးပေ။ အာနိသင် မည်သည့် အချိန်တွင် ပြမည် ဆိုသည်အားလည်း မသိသေးချေ။
"အစ်ကိုကျောက် ရေဆာနေပြီလား ရေနည်းနည်း သောက်လိုက်"
ရဲ့ရှင်းချန်က အင်္ကျီထဲမှနေ၍ ရေသန့်ဗူးသေး သုံးဗူး ထုတ်ယူလိုက်ကာ တစ်ယောက်တစ်ဗူး ပေးလိုက်လေသည်။ သူသည်လည်း ဗိုက်ဆာရေဆာ ဖြစ်နေသည့်တိုင် ဟင်းလျာများ အပြည့်ချပေး၍ မရချေ။ ထို့အပြင် ခဏနေလျှင် တိုက်ပွဲ ဖြစ်လာနိုင်သည်ဟု သူ၏ အလိုလို သိစိတ်မှ သတိပေးနေခဲ့ခြင်း ဖြစ်သည်။ မိနစ်နှစ်ဆယ်လောက် အကြာတွင် မိုချီမှ ရုတ်တရက် ညည်းသံလေး ထွက်လာခဲ့တော့သည်။
"အစ်ကိုရှင်းချန် ညီမ ရုတ်တရက်ကြီး အိပ်ချင်လာတယ်"
ရဲ့ရှင်းချန်သည် စောင့်ရတာ စိတ်မရှည်ဖြစ်နေသည့်တိုင် မိုချီ၏ စကားကြောင့် မျက်လုံးများ အရောင်လက်သွားခဲ့တော့သည်။
"အိပ်ချင်လာပြီလား ခေါင်းမူးနေသလိုရော ခံစားရလား"
"ဟုတ် ခေါင်းမူးပြီး အိပ်ချင်နေတယ် ပြီးခဲ့တဲ့ညက ကောင်းကောင်း အိပ်ထားပါရက်နဲ့"
'ည' ဆိုသည့် စကားလုံးပင် ဆုံးအောင် မပြောနိုင်သေးခင်မှာပင် မိုချီသည် ခေါင်းငိုက်စိုက်ကျသွားခဲ့ကာ ရဲ့ရှင်းချန်၏ ရင်ခွင်ထဲ လဲကျသွားတော့သည်။
"သူ ဘာဖြစ်သွားတာလဲ"
ကျောက်ဟောင် မေး၍ မဆုံးခင်မှာပင် ရဲ့ရှင်းချန်မှ လှမ်းဆွဲပြီး စကားမပြောရန် အချက်ပြလိုက်တော့သည်။ ထို့နောက် အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြလိုက်တော့သည်။
"အစ်ကိုကျောက် အခြေအနေ ဘယ်လိုနေလဲ ခေါင်းမူးနေလား ဘာတွေ ဖြစ်ကုန်တာလဲ ကျွန်တော်လည်း အိပ်ချင်လာပြီ"
ကျောက်ဟောင်သည်လည်း တုံးအသူ တစ်ဦး မဟုတ်ချေ။ ရဲ့ရှင်းချန် မည်သည်အား ဆိုလိုခြင်း ဖြစ်သည်အား ချက်ချင်း သဘောပေါက် သွားတော့သည်။
"ငါလည်း မသိဘူး ငါရောပဲ ဘာတွေဖြစ်နေတာလဲ"
ဒိုမီနိုတုံးများ လဲကျသွားသလိုပင် မိုချီနှင့် ကျောက်ဟောင်တို့သည် ရဲ့ရှင်းချန် ၏ ကိုယ်ပေါ် သို့ မှီကျသွားတော့သည်။ ရဲ့ရှင်းချန်သည်လည်း မျက်စိမှိတ်လိုက်ကာ ကျောက်ဟောင် ခေါင်းပေါ် မှီချလိုက် လေတော့သည်။
"ဟူး တော်ပါသေးရဲ့ ကံကောင်းလို့ ဆေးများများ ခတ်လိုက်မိလို့ပေါ့"
ချင်ကုန်းမင်မှ ရဲ့ရှင်းချန်တို့ သုံးယောက် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်အား အဝေးမှနေ၍ ကြည့်နေခြင်း ဖြစ်သည်။ ထိုအခါမှသာ ရင်ဘတ်အား ဖိရင်း မီးဖိုချောင်ထဲမှ ထွက်လာတော့သည်။
"ကဲ ထွက်ခဲ့ကြတော့"
ရဲ့ရှင်းချန် မျက်လုံးအား တိတ်တဆိတ် နည်းနည်း ဖွင့်ကြည့်လိုက်မိသည်။ ကံကောင်းတာသည်မှာ ညကြည့်မျက်မှန်၏ အပြင်ဘက်တွင် အလွှာပါးလေး ဖုံးနေခြင်းကြောင့် မျက်လုံးနည်းနည်း ဖွင့်လာသည်အား မည်သူမှ သတိမထားမိကြချေ။ အစောပိုင်း၌ နံရံနောက်တွင် ပုန်းနေသည့် လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြကုန်တော့သည်။
"အသားမစားရတာ ကြာပြီဟေ နောက်ဆုံးတော့ ကုန်ပစ္စည်းတွေ ရောက်လာပြီပေါ့ ဟားဟား ဦးလေးမို ခင်ဗျားက တကယ် စွမ်းတာပဲဗျ"
ရဲ့ရှင်းချန် နားစွင့်လိုက်လေသည်။
‘ဦးလေးမို ဟုတ်လား ချင်ကုန်းမင်ဆိုတာ ချင် မျိုးရိုး မဟုတ်ဘူးလား’
သို့သော် သူ၏ သံသယများ ချက်ချင်းဆိုသလို ရှင်းလင်းသွားတော့သည်။
"ဒါပေါ့ကွ မင်းတို့ ငါ့နောက်လိုက်တာ မမှားပါဘူး အဲဒီ ချင်ကုန်းမင် အဖိုးကြီး နောက်သာ လိုက်ရင် မင်းတို့တွေ ငတ်သေနေတာ ကြာလှပေါ့"
ရဲ့ရှင်းချန်တို့အား အိမ်ထဲသို့ ခေါ်သွင်းလာသည့် သူမှာ မိုကွမ်းရှန်းဟု ခေါ်ကာ ဤနေရာမှ အချိန်ပြည့် အလုပ်သမား တစ်ယောက် ဖြစ်နေခဲ့သည်။ ချင်ကုန်းမင်သည် ဤခံတပ်၏ အိမ်တော်ထိန်း အစစ်အမှန် ဖြစ်သည့်တိုင် မိုကွမ်းရှန်းမှာမူ ချင်ကုန်းမင် မဟုတ်ပေ။ ဆီးနှင်းများ စကျလာသည့် ပထမလမှာတင် ချင်ကုန်းမင်အား မိုကွမ်းရှန်းတို့ လူစုမှ သတ်၍ စားပစ်လိုက်ကြပြီ ဖြစ်သည်။
မိုကွမ်းရှန်းသည် အသက် လေးဆယ်ကျော်သာ ရှိသေးသော်လည်း ရုပ်ကျနေခြင်းကြောင့် ချင်ကုန်းမင်နှင့် အရွယ်တူလောက် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
"အင်း နှမြောစရာပဲ ဒီကောင်လေးက ရုပ်ဖြောင့်သားဟ သူ ကံဆိုးတာကိုပဲ အပြစ်တင်ရမှာပေါ့လေ တခြား ဘယ်နေရာကိုမဆို သွားလို့ရက်နဲ့ ဒီကိုရောက်လာတာကိုး"
မိုကွမ်းရှန်း၏ ကလေးသာ အသက်ရှင်နေမည် ဆိုလျှင် အခုချိန်တွင် ရဲ့ရှင်းချန် အရွယ်လောက် ရှိနေလောက်ပြီ ဖြစ်သည်။ ဝမ်းနည်းစရာမှာ မိုကွမ်းရှန်း၏ ကလေးသည် ဆယ်ကျော်သက်အရွယ်တွင် ရေနစ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုသည်အား တွေးမိတိုင်း ဝမ်မင်ချုံးအား သူ နာကြည်းနေတုန်းပင် ဖြစ်သည်။ သူ၏ ကလေး သေရသည်မှာ ဝမ်မင်ချုံး ကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဝမ်မင်ချုံး၏ ခြံကြီး ဆောက်ပြီးခါစ ဖြစ်သည့် အတွက် ရေကူးကန် ပါတီလုပ်ရန် လူများအား အလောတကြီး ဖိတ်ခေါ်ခဲ့လေသည်။
သို့သော် ပါတီလုပ်ရုံနှင့် လူကုံထံ သူဌေးသားများ အတွက် အားမရသေးချေ။ တစ်ယောက်မှ အကြံပေးသည်နှင့် အစေခံများ အကုန်လုံးအား စုခေါ်ကာ ပွဲလေးတစ်ခု လုပ်မည်ဟု ဝမ်မင်ချုံးမှ ကြေညာခဲ့လေသည်။