အခန်း ၁၄၇
Vol. 11 Ch. 147
အခန်း ၁၄၇ - မိုကွမ်းရှန်း
ထိုအချိန်တွင် မိုကွမ်းရှန်းသည်လည်း ထိုနေရာတွင် ရှိနေခဲ့လေသည်။ ဝမ်မင်ချုံး၏ ကမ်းလှမ်းချက်သည် တော်တော်လေး ဆွဲဆောင်မှု ရှိလွန်းနေခဲ့ခြင်း ဖြစ်သည်။ ရေကူးကန်ထဲမှ ဖန်ဂေါ်လီ တစ်လုံး ကောက်ရရင် ယွမ် တစ်သောင်း ဆုချမည် ဟု ပြောခဲ့သည့် အတွက် ဖြစ်သည်။
ယွမ် တစ်သောင်း ဖြစ်သည်။ မိုကွမ်းရှန်းကဲ့သို့ သာမန် သန့်ရှင်းရေးသမား တစ်ယောက်သည် တစ်လလုံးမှ ယွမ် လေးထောင်လောင်သာ ရခြင်း ဖြစ်သည်။ ယခုမူ ဖန်ဂေါ်လီလေး ကောက်ရုံနှင့်တင် ယွမ် တစ်သောင်း ရမည် ဟု ဆိုခြင်း ဖြစ်သည်။
ထိုအချိန်တွင် အစေခံများ တင်မက ပါတီလာသည့် လူအတော်များများပါ စိတ်လှုပ်ရှားသွားကြကုန်သည်။ အားလုံးသည် ဝမ်မင်ချုံး၏ အသိုင်းအဝိုင်းမှ သူဌေးသားများသာ မဟုတ်ကြချေ။ သူငယ်ချင်းများ ခေါ်လာသည့် အွန်လိုင်းဆယ်လီ အများအပြားလည်း ပါဝင်သေးသည်။ အကုန်လုံးသည် ငွေမက်သည့် သူများချည်းသာ ဖြစ်သည်။
ဖန်ဂေါ်လီသေတ္တာတွေအား ရေကူးကန်ထဲသို့ သွန်ချလိုက်သည်နှင့် လူတော်တော်များများ ရေထဲသို့ ခုန်ဆင်းကြတော့သည်။ ထိုအထဲတွင် နွေရာသီ အချိန်ပိုင်းအလုပ် လာလုပ်နေသည့် မိုကွမ်းရှန်းနှင့် သူ၏ သား ဖြစ်သူလည်း ပါဝင်ခဲ့လေသည်။
သူ့မိသားစုသည် ဆင်းရဲပြီး သားဖြစ်သူသည် လည်း ထိပ်တန်း အထက်တန်းကျောင်းအား အနိုင်နိုင် ဝင်ခွင့်ရထားခြင်း ဖြစ်သည်။ ကျောင်းလခပင် အပြည့်အစုံ မစုရသေးချေ။ လူတစ်ယောက်၏ မိတ်ဆက်ပေးမှုနှင့် ဤနေရာတွင် အလုပ်လာ လုပ်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် မူလတန်းအဆင့်ပင် အောင်လက်မှတ် မရှိသည့် သူလိုလူသည် တစ်လအား ယွမ် လေးထောင်ရရန် မဖြစ်နိုင်ချေ။
မိုကွမ်းရှန်း၏ သား မိုရှောင်ရှန်းသည် လိမ္မာသည့် ကလေး တစ်ဦးဖြစ်သည်။ မိသားစု အခြေအနေအား သူ ကောင်းကောင်း သိလေသည်။ ဆင်းရဲလွန်း၍ သူ၏ အမေ ရုပ်ရည်ကိုပင် သူ မသိလိုက်ရချေ။ သူ မမွေးခင်ကတည်းမှ သူ့အမေသည် တခြားယောက်ျားနှင့် ခိုးရာလိုက်သွားခဲ့ခြင်း ဖြစ်သည်။ မွေးပြီးသည်နှင့် မိုကွမ်းရှန်း၏ အိမ်ရှေ့တွင် လာရောက် စွန့်ပစ်သွားခဲ့ခြင်း ဖြစ်သည်။
မိုရှောင်ရှန်းသည် တောင်ပေါ်သားလေး ဖြစ်သည့်အတွက် ရေကူး သိပ်မကျွမ်းပေ။ ထို့ကြောင့် မည်သည့် အဖြစ်အပျက် ဖြစ်သွားမည်အား အားလုံး ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။
ရေကူးကန်ထဲတွင် ဖန်ဂေါ်လီများ အများအပြား ပေါလောပေါ်နေခဲ့သည်။ ဝမ်မင်ချုံးသည်လည်း ကစားရသည်အား ငြီးငွေ့လာချိန်တွင် ချင်ကုန်းမင်အား စာရင်းမှတ်ထားရန်နှင့် နောက်မှ သူ့ထံမှ ငွေလာယူရန် ပြောကာ ထွက်သွားလေတော့သည်။
သူဌေးသား အတော်များများသည် ဝမ်မင်ချုံးနှင့်အတူ ထွက်သွားကြပြီ ဖြစ်ကာ တချို့မှာမူ ကိုယ့်လက်တွဲဖော်များအား ခေါ်ဆောင်ပြီး အခန်းထဲ ဝင်သွားကြကုန်သည်။ ရေကူးကန်ထဲမှာမူ ဆူညံပွက်လော ရိုက်နေဆဲဖြစ်ကာ မိုကွမ်းရှန်းကဲ့သို့ ဆင်းရဲသားများ အများအပြား ရှိနေသေးသည်။
သူ၏ သား မိုရှောင်ရှန်း မည်သို့ သေသွားမှန်းတောင် မိုကွမ်းရှန်း မသိလိုက်ပေ။ လူအများ အများအပြား ပြည့်ကြပ်နေ၍ ရေကူးကန် တစ်ခုလုံး လူများ အပြည့် ဖြစ်နေခဲ့သည်။ မိုရှောင်ရှန်း၏ အကူအညီ တောင်းသံကိုပင် သူ မကြားလိုက်ရချေ။ သူသည်လည်း ဖန်ဂေါ်လီများအား လုနေဆဲ ဖြစ်သည်။
ပင်ပန်းလာပြီးနောက် ရေကူးကန်ထဲတွင် ဖန်ဂေါ်လီ အနည်းငယ်လောက်သာ ကျန်တော့သည့် အချိန်ရောက်မှ အားလုံး ရပ်တန့်သွားကြလေသည်။
ထိုအချိန်တွင် အိတ်ကပ်ထဲမှ ဖန်ဂေါ်လီများအား ရေတွက်ရင်း မိုကွမ်းရှန်း အလွန်ပင် ပျော်ရွှင်နေခဲ့လေသည်။ ထိုငွေပမာဏဆိုလျှင် သူ၏ သား မိုရှောင်ရှန်း အထက်တန်းနှင့် တက္ကသိုလ်ပြီးသည် အထိ လောက်ငပေသည်။
မိုရှောင်ရှန်းသည်လည်း သူ့လိုပင် ဖန်ဂေါ်လီများ အများအပြား ရလောက်သည်ဟု သူ တွေးနေခဲ့ခြင်း ဖြစ်သည်။ ချွေချွေတာတာ သုံးလျှင် ဇာတိရွာတွင် အိမ်တစ်လုံးကိုပင် စရံပေး၍ ဝယ်နိုင်လောက်သည် မဟုတ်ပါလား။ သို့သော် ပျော်ရွှင်မှုသည် မကြာလိုက်ပေ။ သူ့သား မိုရှောင်ရှန်းအား ရှာမတွေ့တော့သည်အား သူ သတိထားမိလိုက်လေသည်။
"ဟယ်လို ဆောရီးပါ လမ်းလေး နည်းနည်းလောက် ဖယ်ပေးလို့ရမလား"
ဝမ်မင်ချုံးနှင့် သူဌေးသားများ ထွက်သွားကြပြီ ဖြစ်ကာ လူတိုင်းသည်လည်း ကိုယ်လိုချင်တာအား ကောက်ယူပြီး ဆယ်ယူပြီးသွားပြီ ဖြစ်သည်။ လူအတော် များများ ကုန်းပေါ်တက်ပြီးနောက် ချင်ကုန်းမင်ဆီမှာ စာရင်း သွားပေးနေကြပြီ ဖြစ်သည်။
"ရှောင်ရှန်း ရှောင်ရှန်း မင်း ဘယ်မှာလဲ"
မိုကွမ်းရှန်းသည် အနည်းငယ် စိုးရိမ်လာခဲ့တော့သည်။ သားအား ရှာမတွေ့၍ မဟုတ်ဘဲ အလွန် စိတ်လှုပ်ရှားနေ၍ ဖြစ်သည်။ သူ၏ သား ဖန်ဂေါ်လီ မည်မျှ ရသည် ဆိုသည်နှင့် ရှေ့လျှောက် သားအဖ နှစ်ယောက် သက်သောင့်သက်သာ နေရန် လောက်ငမည်လားဆိုသည်အား သူ အလွန် သိချင်နေမိခြင်း ဖြစ်သည်။
ထို့တိုင် တဖြည်းဖြည်းနှင့် မိုကွမ်းရှန်း ပြာယာခတ်လာတော့သည်။ ရေကူးကန်ထဲတွင် လူတစ်ဝက်ကျော်လောက်သည် တက်သွားကြပြီ ဖြစ်ကာ သူသည်လည်း ရေကူးကန် တစ်ဝက်လောက် အထိ တွန်းထိုး ရှာဖွေပြီးသွားပြီ ဖြစ်သည်။ မိုရှောင်ရှန်းသည် သူ၏ အနီးအနားမှာပင် ရှိခဲ့သည်အား သူ မှတ်မိနေသေးသည်။ တစ်နာရီလောက် ကြာသည်အထိ ရှာမတွေ့စရာ အကြောင်းမရှိပေ။
ထိုသို့ တွေးနေစဉ်မှာပင် မိုကွမ်းရှန်း၏ ခြေထောက်မှ ပျော့စိစိ အရာတစ်ခုအား နင်းမိသွားခဲ့သည်။
ရေကူးကန်သည် သိပ်မနက်ချေ။ အရပ် ၁.၈ မီတာ ရှိသည့် မိုကွမ်းရှန်းသည် ခေါင်းဖော်ပြီး အသက်ရှူ၍ ရသေးသည်။ ရေထဲတွင် လူနည်းသွား၍ တိုးဝှေ့နေသည့် သူလည်း မရှိတော့ချေ။ သို့သော် မိုကွမ်းရှန်း ခြေချော်ပြီး ရှေ့ကို လဲကျသွားတေ့သည်။
ထိုသို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ရင်ခွင်ထဲ ထည့်ထားသည့် ဖန်ဂေါ်လီများ အကုန် ပြန့်ကျဲကုန်တော့သည်။ မိုကွမ်းရှန်းသည် တောင်ပေါ်မှာ ကြီးပြင်းလာသူ ဖြစ်သည့်အတွက် ရေကူးတတ်သည့်တိုင် မကျွမ်းကျင်ပေ။ ထို့ကြောင့် လဲကျသွားသည့် အချိန်တွင် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ရကာ ရေထဲမှာ လက်များ ခြေများ ကယက်ကယက် ဖြစ်ကုန်တော့သည်။
"ချီးတဲ့မှပဲ ငါ့ဂေါ်လီတွေ"
မိုကွမ်းရှန်း၏ လှုပ်ရှားမှုသည် သိပ်မကြီးမားသည့်တိုင် ရေထဲမှလူ တော်တော်များများ ထွက်သွားကြပြီ ဖြစ်သည်။ ဒါကြောင့် သူ့ဂေါ်လီတွေ အကုန် ပြုတ်ကျသွားသည်အား အပြင်ရောက်နေသူများ အပါအဝင် အနားမှ လူတွေပါ မြင်သွားကြတေ့ာသည်။
ချက်ချင်းဆိုသလိုပင် လူတော်တော်များများ ရေထဲ ပြန်ခုန်ဆင်းလာပြီးနောက် မိုကွမ်းရှန်း အနားသို့ တိုးဝှေ့ကာ ပြုတ်ကျသွားသည့် ဖန်ဂေါ်လီများအား လုယူကြတော့သည်။
"ငါ ဂလု ငါ့ဂေါ်လီတွေ ငါ့ဂေါ်လီတွေ"
မိုကွမ်းရှန်း ရေမွန်းသွားခဲ့တော့သည်။ အားပြုစရာ နေရာ မတွေ့တာကြောင့် ရေပေါ်မှာသာ ပေါလော ပေါ်နေရတော့သည်။ သူ အပင်ပန်းခံ ရှာထားသည့် ဖန်ဂေါ်လီများအား တခြားလူများ လုယူသွားသည်အား ကြည့်ရင်း သူ့မျက်လုံးများတွင် နာကြည်းချက်များ ပြည့်နှက်လာခဲ့ရတော့သည်။ သူသည် အနာဂတ်အကြောင်း တွေးနေစဉ်မှာပင် ရှိသေးကာ အခုချိန်တွင် သူ့၏ လှပသည့် ဆန္ဒများ အားလုံး ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
"တောက်"
မိုကွမ်းရှန်းရဲ့ ဖန်ဂေါ်လီများ အကုန်လုံး လုယူခံလိုက်ရပြီး လူအတော်များများ ရေကူးကန်ထဲမှ ထွက်သွားကြတော့သည်။ မိုကွမ်းရှန်းသည် အနိုင်နိုင်ဖြင့် ကိုယ်နေဟန်ထားအား ထိန်းလိုက်သည့်တိုင် သေချာ မထိန်းနိုင်ခင်မှာပင် နောက်ထပ် တစ်ခုခုအား ထပ်နင်းမိပြန်တော့သည်။
သူ ဒေါသထွက်လွန်း၍ ရုန်းကန်ပြီး အသက်အောင့် ထားလိုက်တော့သည်။ သူ အပင်ပန်းခံ ရှာထားရသည့် ဖန်ဂေါ်လီများအား ဆုံးရှုံးစေသည့် အရာသည် မည်သည့်အရာ ဆိုသည်အား ကြည့်ချင်နေမိသည်။
သို့သော် မကြည့်မိလျှင်မှ ကောင်းဦးမည် ဖြစ်သည်။ ကြည့်လိုက်သည့်အခါ မိုကွမ်းရှန်း မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူရော်သွားခဲ့ရတော့သည်။ သူ နင်းမိသည့် အရာသည် တခြား မဟုတ်ဘဲ သတင်း အစအနမရဘဲ သူ လိုက်ရှာနေသည့် သူ့သား ဖြစ်နေသည့် အတွက် ဖြစ်သည်။
‘ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ သူ့သားက ရေအောက် ရောက်နေတာလဲ’
မိုကွမ်းရှန်း ပြာယာခတ်သွားခဲ့ကာ သားဖြစ်သူအား ဆွဲတင်ရန် အမြန် လက်လှမ်းလိုက်လေသည်။ သို့သေ် မိုရှောင်ရှန်း၏ ခန္ဓာကိုယ်သည် ပျော့ခွေနေခဲ့ပြီ ဖြစ်သည်။ မိုကွမ်းရှန်း မည်မျှပင် ကြိုးစားကြိုးစား သားဖြစ်သူအား ဆွဲမတင်နိုင်တော့ချေ။ သူပင်လျှင် ရေမွန်း၍ အပေါ်တောင် မတက်နိုင်တော့လုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
"ကယ်ကြပါဦး ကယ်ကြပါဦး တစ်ယောက်ယောက် ငါ့သားကို ကယ်ပေးကြပါ ငါ့သား ရေနစ်နေလို့ပါ"
မိုကွမ်းရှန်း ရေပေါ် ခေါင်းပြူထွက်ကာ အသက်အား ပြင်းပြင်းရှူလျှက် အသည်းအသန် ထပ်အော်လိုက်လေသည်။ သို့သော် ထိုနေရာတွင် အင်မတန် ဆူညံလွန်းနေခဲ့သည်။ ဖန်ဂေါ်လီများ အပ်ပြီးသည့်နောက် ထိုလူအများစုသည် ပြန်မသွားကြသေးချေ။
ရယ်စရာကောင်းလှပေသည်။ ဤနေရာသို့ ရောက်ရန် မလွယ်ကူလှချေ။ လူအများစုသည် ငွေပေး၍ လာရခြင်း ဖြစ်သည်။ မဟုတ်လျှင် သာမန်လူများသည် ဝမ်မင်ချုံး၏ ခြံထဲ ဝင်ခွင့် မရချေ။ အွန်လိုင်း ဆယ်လီလေးများဆိုလျှင် ဓာတ်ပုံရိုက်ကာ ဂုဏ်ဆယ်ရန် အတွက် ငွေပေးပြီး လာကြရခြင်း ဖြစ်သည်။ ဝမ်မင်ချုံး ထွက်သွားပြီ ဆိုလျှင်ပင် သူတို့က တစ်ခုခု လွတ်သွားမည် စိုး၍ ဓာတ်ပုံများ ဗီဒီယိုများ ရိုက်နေကြတုန်းပင် ဖြစ်သည်။ မည်သူမှ မိုကွမ်းရှန်း၏ အကူအညီတောင်းသံအား မကြားကြပေ။
"အဲဒီ ချင်ကုန်းမင် ခွေးအိုကြီးလည်း သေသင့်တယ် ဝမ်မင်ချုံးလည်း အတူတူပဲ"
မိုကွမ်းရှန်း ရင်ဘတ်ထဲကနေ စီးကရက်တစ်လိပ် ထုတ်ပြီး ပြင်းပြင်း တစ်ရှိုက် ရှိုက်လိုက်တော့သည်။