အခန်း ၁၄၉
Vol. 11 Ch. 149
အခန်း ၁၄၉ - ဖမ်းဆီးရမိခြင်း
မိုကွမ်းရှန်းသည် သူ၏ ပစ္စတိုအား ထုတ်ရန် ပြင်လိုက်စဉ်မှာပင် ရဲ့ရှင်းချန်မှ သေနတ်တစ်ချက်တည်းဖြင့် သူ့အား အသက်ပျောက် သွားစေခဲ့တော့သည်။
"ဟက် ဒါပဲလား မင်းတို့ခေါင်းဆောင်က တအားစွမ်းတယ်လို့ ထင်နေတာလား"
ရဲ့ရှင်းချန်သည် လည်ပင်းအား တစ်ချက်လှည့်လိုက်ပြီးနောက် သေနတ်အား သူတို့ဆီ တစ်ယောက်ပြီး တစ်ယောက် လှမ်းချိန် လိုက်လေသည်။
"ဘာလဲ ခုနက မင်းတို့ ငါ့ကို ဘယ်လို ချက်စားမလဲဆိုပြီး ပြောနေကြတယ် မဟုတ်လား"
"အော် ငါ့ကို ကြိုးနဲ့တုပ် အတုံးလေးတွေ တုံးပြီး ဟော့ပေါ့ထဲ တစ်တုံးချင်းစီ ထည့်ပြုတ်စားမလို့ ဆိုပါလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်တို့ မှားသွားပါတယ် မှားသွားပါတယ် နောက်မလုပ်ရဲတော့ပါဘူး တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ ဗျာ"
အခြေအနေများသည် မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲသွားခဲ့တော့သည်။ သူတို့ အမြဲအားကိုးနေသည့် မိုကွမ်းရှန်းသည် ရုတ်တရက်ကြီး သေနတ် တစ်ချက်တည်းဖြင့် အလွယ်တကူ အသတ်ခံလိုက်ရသည် မဟုတ်ပါလား။ တစ်ပြိုင်နက်တည်းမှာပင် ကျန်သည့် လူအချို့ ထိတ်လန့် တုန်လှုပ်သွားကြ ပြီးနောက် ခြေဖျားလက်ဖျားများ အေးစက်ကာ ရဲ့ရှင်းချန်၏ ရှေ့တွင် ဒူးထောက် အညံ့ခံလိုက်ကြတော့သည်။
သူတို့ မိုကွမ်းရှန်းအား ထိုမှ အလေးထားနေသည်မှာ သူ့ထံတွင် သေနတ်ရှိ၍ ဖြစ်သည်။ ထိုသေနတ်အားလည်း မိုကွမ်းရှန်းသည် ချင်ကုန်းမင် ထံမှနေ၍ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ရဲ့ရှင်းချန် စိတ်ပျက် သွားခဲ့ရတော့သည်။ သတိလစ်ချင် ယောင်ဆောင်ပြီး ပွဲကြည့်နေရသည်မှာ တော်တော်ကြာပြီ ဖြစ်သည်။ မိုကွမ်းရှန်း၏ လူအင်အားသည် ဤမျှလောက် နည်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ထိုမျှတင် မက သေနတ်တစ်လက် မြင်ရုံနှင့်တင် အကုန် ဒူးထောက် အညံ့ခံကုန်ကြသည် မဟုတ်ပါလား။
အကယ်၍များ သူတို့ စော်ကားချင်နေသည့် မိုချီမှာ သေနတ်ထက် အဆပေါင်း တစ်ထောင်မက အစွမ်းထက်သည့် စွမ်းအင်ရှိသည် ဆိုသည်ကိုသာ သိလျှင် ထိုနေရာမှာတင် လန့်သေကုန်ကြမည်လညး မသိချေ။
"အော် မှားသွားတာလား မှားတော့ ဘာဖြစ်လဲ ငါနဲ့ ဘာဆိုင်လို့လဲ"
ရဲ့ရှင်းချန်သည် သူတို့အား အသက်ချမ်းသာပေးရန် မည်သည့် အချိန်ကမှ မစဉ်းစားခဲ့ပေ။ အစောပိုင်းလေးတင် သူ့အား စားရန် ကြံစည်နေကြသည့် မကောင်းဆိုးဝါးများသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
သေနတ်သံများ တရစပ် ထွက်ပေါ်လာပြီးနောက် ရဲ့ရှင်းချန်သည် ရှေ့သို့ လှမ်းလျှောက်ရင်း ကျည်ဆန်များ ကျွေးလိုက်တော့သည်။ ထိုအချိန်မှာပင် ရဲ့ရှင်းချန်သည် မိုကွမ်းရှန်း၏ ရင်ဘတ်ထဲမှ သေနတ်ကိုပါ နှိုက်ယူ လိုက်သေးသည်။
‘ဟက် ကျည်အိမ်ထဲမှာ ကျည်ဆန်တွေ အပြည့်ပဲ’
စုစုပေါင်း လူ တစ်ဆယ့်ရှစ်ယောက် ရှိလေသည်။ ရဲ့ရှင်းချန်သည် ကြမ်းပြင်ပေါ်မှ အလောင်းများအား ကန်ထုတ်ရင်း ပတ်ပတ်လည်အား ဝေ့ကြည့်လိုက်မိသည်။
"အစ်ကိုကျောက် ထလို့ရပြီ"
ရဲ့ရှင်းချန်သည် ဤနေရာမှ အဆောက်အဦး တစ်ခုထဲမှာသာ ရှိသေးခြင်း ဖြစ်သည့် အတွက် တခြားအဆောက်အဦးများထဲတွင် လူများ ရှိနေဦးမည်လား ဆိုသည်ကို မသိသေးပေ။ သို့သော် မိုချီအား ဤအတိုင်း ထားခဲ့ဖို့ရန်မှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့တော့သည်။ မိုချီသည် ဆေးရှိန်ကြောင့် အမှန်တကယ် သတိလစ်နေခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုကျောက် မိုချီကို ပိုးလိုက် ကျွန်တော် အပေါ်ထပ် တက်ကြည့်ဦးမယ်"
လေးထပ်မြောက်အထိ ဆက်တိုက် တက်ကြည့် ပြီးသည့်နောက်တွင် အလောင်းများသာ ရှိကာ ရှင်ကျန်သူ တစ်ဦးမှ မရှိတော့သည်အား ရဲ့ရှင်းချန် တွေ့လိုက်ရလေသည်။
ကံကောင်းသည်မှာ အလောင်းများအား ပထမထပ် မီးဖိုချောင်ထဲ၌သာ စုပုံထားခြင်း ဖြစ်၍ ရဲ့ရှင်းချန် အတွက် လူခေါ်ပြီး ရှင်းခိုင်းရမည့် ဒုက္ခမှနေ သက်သာသွားခဲ့ရသည်။
အိမ်ထဲမှ ထွက်လာ ပြီးနောက် ရဲ့ရှင်းချန်သည် သေနတ်အား ကိုင်ကာ အပူအာရုံခံ မျက်မှန်အား တပ်၍ ရှေ့သို့ လှမ်းလျှောက်လာခဲ့လေသည်။ ကျောက်ဟောင်သည် မိုချီအား ပုခုံးပေါ် ထမ်း၍ ရဲ့ရှင်းချန်နှင့် ဘေးချင်းယှဉ် လျှောက်လာလေသည်။
ထိုအချိန်ကျမှသာလျှင် ရဲ့ရှင်းချန်သည် ဤနေရာ၏ ဖွဲ့စည်းပုံအား သေသေချာချာ မြင်ရလေတော့သည်။ ဤနေရာသည် အမှန်တကယ် ကျယ်ဝန်းလှသည်ကိုလည်း သူ ဝန်ခံရပေမည်။ အရင်တွင် သူ ကားများ သွားယူခဲ့သည့် ကားဂိုဒေါင်ထက်ပင် ပို၍ ကြီးမား ကျယ်ဝန်းသေးသည်။
‘နေဦး ကား ဟုတ်လား’
ထိုသည်အား တွေးမိသည်နှင့် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ နေ၍ လူစီးဒရုန်းနှစ်စီးအား ချက်ချင်း ထုတ်ယူလိုက်လေသည်။
"အစ်ကိုကျောက် ဒါကို ဘယ်လိုမောင်းရမလဲ သိလား"
ဤနေရာသည် အလွန်တရာ ကြီးမား ကျယ်ဝန်းလွန်းလှပေသည်။ အကယ်၍များ လမ်းလျှောက်သွားမည် ဆိုလျှင် မိုးချုပ်သည်အထိ အိမ်ပြန်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ရဲ့ရှင်းချန်တွင် ကိရိယာများ အများအပြား ရှိနေပေသည်။ ထိုမျှလောက် ကိရိယာများ အများအပြား ရှိနေသည်အား မသုံးလျှင် နှမြောစရာ ဖြစ်နေပေလိမ့်မည်။
ကျောက်ဟောင်သည် လူစီးဒရုန်းအား လှမ်းယူလိုက်လေသည်။ ရဲ့ရှင်းချန်၏ စွမ်းရည် အကြောင်း သိထားပြီးသား ဆိုသည့်တိုင် လေထဲမှနေ ပစ္စည်းများ အလိုအလျောက် ထွက်လာသည်အား မြင်ရချိန်တိုင်း အံ့ဩမဆုံး ဖြစ်နေရတုန်းပင် ဖြစ်သည်။
"နည်းနည်းတော့ သိတယ် စစ်တပ်ထဲတုန်းက စမ်းဖူးတယ်"
ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ ရှေ့မှနေ၍ မောင်းလာခဲ့သည်။ ကိုယ့်ကျောပြင်အား တခြားလူဆီ မပြချင်သည့်တိုင် ကျောက်ဟောင်သည် သူ၏ နောက်တွင် ရှိနေပြီး လူတစ်ယောက်အားလည်း ထမ်းထားရခြင်း ဖြစ်သည်။ အကယ်၍ သူ့အား တစ်ခုခု ကြံစည်ရန် မိုချီအား ပစ်ချလိုက်လျှင်ပင် ရဲ့ရှင်းချန်ဘက်မှ အချိန်မီ တုံ့ပြန်နိုင်ဖွယ် ရှိလေသည်။
အဆောက်အဦး တော်တော်များများထဲတွင် ရဲ့ရှင်းချန် မည်သည့် သက်ရှိကိုမှ ရှာမတွေ့ခဲ့ပေ။ တခြားတစ်ဖက်မှာမူ မိုကွမ်းရှန်းတို့ လူစုသည် အစီအစဉ် တော်တော်ကျသည် ဟု ဆိုနိုင်ပေသည်။ သူတို့သည် အလောင်း အများစုအား မီးဖိုချောင် အတွင်းရှိ အလယ်ဗဟိုတွင် စုပုံထားခဲ့ကြခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံး ရဲ့ရှင်းချန် တော်တော်လေး မျက်စိပွင့် သွားခဲ့ရလေသည်။ ဤနေရာသည် ကြီးမားလှသည့် ပြပွဲခန်းမကြီး တစ်ခုကဲ့သို့ပင် အစုံအလင် ရှိနေခြင်း ဖြစ်သည်။ ပရိဘောဂများမှ အစ ထိပ်တန်းအဆင့်များသာ ဖြစ်သည်။
"အခုချက်ချင်းပဲ ပြောင်းလာချင်တော့တာပဲ"
ရဲ့ရှင်းချန် သက်ပြင်းချလိုက်မိသည်။ ဘတ်စကက်ဘောကွင်း ဘောလုံးကွင်း ဘော်လီဘောကွင်း ဘေ့စ်ဘောကွင်းများ သာမက မြင်းပြိုင်ကွင်း ရေကူးကန်တွေ ရိုလာစကိတ်ကွင်းနဲ့ ရေခဲစကိတ်ကွင်းများကိုပါ သူ တွေ့ခဲ့ရပြီး ဖြစ်သည်။
"မိုက်လိုက်တာ အိုလံပစ် ပွဲတော်တောင် ဒီမှာ ကျင်းပလို့ ရတယ်"
ရဲ့ရှင်းချန် အနည်းငယ် ဗိုက်ဆာလာသည့် အချိန်မှာပင် သူတို့သည် ဤနေရာရှိ ဂိုဒေါင်ကြီး တစ်ခုဆီသို့ ရောက်လာကြတော့သည်။ ဂိုဒေါင်ထဲတွင် စားစရာများ သိပ်မကျန်တော့ပေ။ အခြေခံအားဖြင့် ပုပ်ပွနေသည့် ဟင်းသီးဟင်းရွက်များသာ ရှိတော့သည်။ ရဲ့ရှင်းချန်မှ လက်ဝှေ့ယမ်းပြီးနောက် ကျောက်ဟောင်အား လှမ်းခေါ်လိုက်လေသည်။
ထို့နောက် နေရာလွတ်ထဲမှနေ တစ်ရှူးအစို ထုတ်ယူလိုက်ကာ ဂိုဒေါင်အဝင်ဝရှိ ကျောက်စားပွဲခုံပေါ်မှ ဖုန်များအား သုတ်လိုက်လေသည်။ ထို့နောက် စားစရာများအား ထုတ်ယူတော့သည်။
"အချိန်တော်တော် ကြာသွားပြီ အစ်ကိုကျောက်လည်း ဗိုက်ဆာနေပြီ မဟုတ်လား"
"လာ မိုချီကို အရင်ချထားပြီး လာစားဦး"
အခန်းတွင်း အပူချိန်သည် အနုတ် ၃ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိသည့်တိုင် အပြင်ဘက်ထက်စာလျှင် အများကြီး တော်သေးသည် ဟုပင် ပြောရမည် ဖြစ်သည်။ ချင်ကုန်းမင်သည် လျှပ်စစ်မီး သက်သာစေရန် အတွက် အပူချိန်အား လျှော့ထားခြင်း ဖြစ်နိုင်သကဲ့သို့ မိုကွမ်းရှန်းသည်လည်း အပူချိန်ကို ပြန်မတိုးထားခဲ့ချေ။ အပူချိန်ညှိသည့် အခန်းအား သူ ရှာမတွေ့၍ သာ ဖြစ်ရမည်။အဘယ်ကြောင့် ဆိုသော် ဤနေရာသည် အလွန်တရာ ကြီးမား ကျယ်ပြန့်နေသည့် အတွက် ဖြစ်သည်။
တကယ်လို့ လူစီးဒရုန်းသာ မရှိခဲ့လျှင် ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့သည် ဤနေရာသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။ တောင်၏ သုံးပုံတစ်ပုံ အထိပင် ရောက်ပါ့မလား မသေချာချေ။
"ဒီနေရာရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက သာမန်တော့ မဟုတ်ဘူးပဲ"
ရဲ့ရှင်းချန် စတင် တွက်ချက်နေပြီ ဖြစ်သည်။ ထိုမျှလောက်ကြီးသည် နေရာတစ်ခုလုံးအား သူ့အတွက် အပူပေးစနစ် သုံးမည် ဆိုလျှင် သူ့၏ ကိုယ်ပိုင် အီလက်ထရွန်နစ် လျှပ်စစ်ထုတ်စက်များနှင့်ပင် အနိုင်နိုင် ဖြစ်လိမ့်မည် ဖြစ်သည်။
ထိုသည်အား ကြည့်လျှင် သူ နေည့် အိမ်မှ လွဲ၍ ကျန်သည့် အဆောက်အဦးများအား လျှပ်စစ်မီး မပေးဘဲ ဖြတ်ထားရမည် သို့မဟုတ် လျှပ်စစ်ဓာတ်အား အမြဲရနေစေရန် တခြား နည်းလမ်း တစ်ခုခုအား စဉ်းစားရမည် ဖြစ်သည်။
ရဲ့ရှင်းချန် ထုတ်လိုက်သည့် ဟင်းလျာများသည် ရိုးရိုးရှင်းရှင်းလေးများသာ ဖြစ်သည်။ ကျောက်စားပွဲခုံသည် သိပ်မကြီးသည့် အတွက် ငါးပွဲသည ဆံ့လေသည်။
မာဖိုတိုဟူး ဘဲသွေးအစပ်ဟင်း အမဲသားစပ်စပ်ကြော် ဟင်းသီးဟင်းရွက်ကြော်နှင့် နောက်ဆုံးက ငရုတ်သီးဆီ ဆမ်းထားသည့် ဘဲဥမွှေကြော်တို့ပင် ဖြစ်သည်။ ရဲ့ရှင်းချန်သည် ထမင်းပေါင်းအိုးအား ထုတ်ပြီးနောက် ကျောက်ဟောင်နှင့်အတူ စားသောက်ကြတော့သည်။
သူတို့ သည် ဤနေရာတွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရသည့် အတွက်ကြောင့် အင်မတန် ဆာလောင် မွတ်သိပ်နေကြပြီ ဖြစ်သည်။ ရဲ့ရှင်းချန် နေရာလွတ်ထဲမှ ထုတ်လိုက်သည့် အအေးခံ လက်ဖက်ရည်ကြမ်းသည် အကြီးဆုံးဗူး ဖြစ်သည်။ သူနှင့် ကျောက်ဟောင် တစ်ယောက် တစ်ဗူး သောက်လိုက်သည်မှာ မျက်စိတစ်မှိတ် အတွင်းမှာတင် ဗူးဝက်လောက် ကုန်သွားတော့သည်။
အပူချိန်သည် နိမ့်ပါးနေသည့် အတွက်ကြောင့် ရဲ့ရှင်းချန် ထုတ်လိုက်သည့် ဟင်းငါးပွဲလုံးသည် အစပ်ဟင်းများသာ ဖြစ်တော့သည်။ ထို့တိုင် ကံကောင်းသည်မှာ ကျောက်ဟောင်သည် ထိုကဲ့သို့ အစားအသောက်များအား ကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ ဆီးနှင်းများကြောင့် မြို့တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရစဉ်ကတည်းမှ သူ ခေါက်ဆွဲခြောက် သာ စားခဲ့ရခြင်း ဖြစ်သည်။
ခေါက်ဆွဲခြောက် မည်မျှပင် ရှိသည် ဖြစ်စေ တစ်နေ့တွင် ကုန်သွားမည်သာ ဖြစ်သည်။ သူ့၏ အစပ်ကြိုက်တတ်သည့် အာရုံခံစားမှုသည် ပျောက်ကွယ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ တခြားလူများမှာမူ စားစရာ တစ်လုပ်ပင် မရှိသည့် ဤကဲ့သို့ အချိန်မျိုးတွင် ကျောက်ဟောင်၏ အခြေအနေသည် လူအများစုထက် အများကြီး သာလွန်နေခဲ့ပြီ မဟုတ်ပါလား။
"မွှေးလိုက်တာ"
ကျောက်ဟောင် ယခုလိုမျိုး မစားရသည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ ဟင်းလျာများအား ကျောက်စားပွဲပေါ် ချလိုက်သည့်အချိန်မှာပင် အနည်းငယ် အေးစက်နေပြီ ဖြစ်သည့်တိုင် ကျောက်ဟောင်မှာမူ ပျော်ပျော်ရွှင်ရွှင်နှင့်သာ ထမင်းအား တလုပ်ပြီး တလုပ် မြိန်ရေယှက်ရေ စားနေတော့သည်။
ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့ မြိန်ရည်ယှက်ရည် စားနေကြစဉ်မှာပင် ရုတ်တရက် ဂိုဒေါင်ထဲမှနေ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။