အခန်း ၁၅၀
Vol. 11 Ch. 150
အခန်း ၁၅၀ - ချင်ထျန်းမင်
ချင်ထျန်းမင်သည် ချင်ကုန်းမင်၏ တစ်ဦးတည်းသော သားဖြစ်သည်။ ချင်ကုန်းမင်သည် အသက်ကြီးမှ သား တစ်ယောက် ရသည့်အတွက် ချင်ထျန်းမင်အား အထူးပင် အလိုလိုက် အချစ်ပိုခဲ့ရသည်။ ထို့ကြောင့် ချင်ထျန်းမင် အိမ်တွင် အားနေသည့် အချိန်အတော်များများမှာ ချင်ကုန်းမင်မှ သူ့အလုပ်ခွင်အား ခေါ်ခေါ် လာတတ်ပေသည်။
မည်သို့ပင် ဖြစ်စေ ဤနေရာတွင် လေအေးပေးစက် ရှိသည်။ စားစရာ သောက်စရာများ ရှိသည် မဟုတ်ပါလား။ ချင်ထျန်းမင်အတွက်မူ တခြားနေရာများ ထက်စာလျှင် ဤနေရာတွင် နေရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိပေသည်။
ထိုမျှ မကသေး အသက်ကြီးမှ ကလေးမွေးရခြင်း ဖြစ်သည့် အတွက် ချင်ထျန်းမင်၏ မိခင်သည် ကလေးမွေး ပြီးနောက် ကျန်းမာရေး သိပ်မကောင်းလှချေ။ နှစ်အနည်းငယ် အကြာမှာပင် ကွယ်လွန်သွားခဲ့သည့် အတွက် ချင်ကုန်းမင်နှင့် ချင်ထျန်းမင် သားအဖနှစ်ယောက်သာ အပြန်အလှန် အားကိုးပြီး နေခဲ့ကြရခြင်း ဖြစ်သည်။
ရာသီဥတု ဖောက်ပြန်လာသည့် အချိန်မှာပင် ချင်ထျန်းမင်သည် ချင်ကုန်းမင်၏ နောက်သို့ လိုက်ကာ ဤဘေးကင်းရေး ခံတပ်ကြီးထဲတွင် ရောက်နေခဲ့ခြင်း ဖြစ်သည်။ ဆီးနှင်းများသည် ယခုလိုမျိုး ရေရှည် ကျလိမ့်မည် ဟု သူတို့ မထင်ထားခဲ့ကြပေ။
ချင်ကုန်းမင် အသတ်ခံရသည့် အချိန်တုန်းတွင် ချင်ထျန်းမင်သည် ဗီရိုထဲ၌ ပုန်းအောင်း နေခဲ့ရခြင်း ဖြစ်သည်။ မိုကွမ်းရှန်းသည် သူ၏ အဖေအား သတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလုံးအား သူ မျက်ဝါးထင်ထင် တွေ့ခဲ့ရလေသည်။
ချင်ကုန်းမင် သေဆုံးသွားသည့် အချိန်တွင် သူ၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့လေသည်။ မိုကွမ်းရှန်းသည် ချင်ကုန်းမင်၏ အလောင်းအား ကြမ်းပြင်ပေါ် ပစ်ချလိုက်သည့် အချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ချင်ကုန်းမင်၏ ပြူးကျယ်နေသည့် မျက်လုံးများသည် ချင်ထျန်းမင်ရှိရာ ဗီရိုဆီသို့ စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့လေသည်။
ထိုအချိန်တွင် ချင်ထျန်းမင် အလွန် ထိတ်လန့် ဝမ်းနည်းခဲ့ရလေသည်။ မည်သို့ပင် ဖြစ်စေ သူသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလား။ ထိုတင်မက ချင်ကုန်းမင်သည် သူ့အား ဗီရိုထဲ အတင်း တွန်းထည့်ကာ ပုန်းခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။ မိုကွမ်းရှန်း ရှာတွေ့သွားမည်အား စိုး၍ သူ အပြင်မထွက်ရဲခဲ့ပေ။ သူ့အဖေသည် သူ့အသက်အား ကယ်ရန် အတွက် အသေခံသွားခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ဤနေရာသည် တအား ကြီးမားကျယ်ဝန်းလှပေသည်။ ချင်ထျန်းမင်သည် ဤနေရာသို့ ခဏခဏ လာလေ့မရှိဘဲ ကျောင်းပိတ်ရက်များ ကျမှသာ လာတတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိုကွမ်းရှန်းမှ အလောင်းများအား စစ်ဆေးနေချိန်တွင် ချင်ထျန်းမင် အကြောင်းအား သတိတောင် မရခဲ့ပေ။ ချင်ထျန်းမင် သေမင်းလက်မှနေ သီသီလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
ဂိုဒေါင်ထဲမှ ပစ္စည်းအများစုအား မိုကွမ်းရှန်းတို့ လူစုမှ သယ်ထုတ်သွားကြပြီ ဖြစ်သည်။ ချင်ထျန်းမင်သည် သူတို့ အိပ်ပျော်နေသည့် အချိန်ကျမှသာ တိတ်တဆိတ် ထွက်ပြီး အစားအသောက်များ ခိုးစားခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်း ရက်များတွင်မူ မိုကွမ်းရှန်းတို့ အုပ်စုတွင် စားစရာ ပြတ်လပ်သွား ပြီးနောက် အလောင်းများအား စတင် စားသုံးနေကြပြီ ဖြစ်သည်။ ချင်ထျန်းမင် အပြင်သို့ မထွက်ရဲတော့ပေ။ ဂိုဒေါင်ထဲမှ အပေါ်ထပ် အခန်းကျဉ်းလေးထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေရင်း သူခိုးထားသည့် စားစရာများကိုသာ နေ့တိုင်း နည်းနည်းချင်းစီ ဖဲ့စားနေခဲ့ရခြင်း ဖြစ်သည်။
သူ ယခုလိုသာ သေသွားချင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ချမ်းလည်းချမ်း ဆာလည်းဆာလှပြီ မဟုတ်ပါလား။ ကံကောင်းသည်မှာ မိုကွမ်းရှန်းတို့သည် အလောင်းများအား စုပုံထားသည့် အချိန်တွင် အဝတ်အစားများအား အကုန် ချွတ်မပစ်ခဲ့ကြချေ။ ချင်ထျန်းမင်သည် အခု သူဝတ်ထားသည့် အဝတ်အစားများသည် မည်သည့် ဦးလေး မည်သည့် အန်တီ၏ အဝတ်များ ဖြစ်နေသည် ဆိုသည်ကိုပင် မသိတော့ပေ။ ဤသည်မှာ မိုကွမ်းရှန်းတို့ အိပ်ပျော်နေသည့် အချိန်တွင် အလောင်းများ ထံမှ ချင်ထျန်းမင် ချွတ်ယူထားသည့် အဝတ်အစားများ ဖြစ်လေသည်။
သူ တကယ်ပင် ဤအတိုင်း သေသွားချင်ခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ရှိသည့် သူ့၏ တစ်ဦးတည်းသော မိသားစုဝင်အား ဆုံးရှုံးသွားခဲ့ရပြီ မဟုတ်ပါလား။ သို့သော် ယခုထက်တိုင် သူ အသက်ရှင်နေရခြင်းမှာလည်း သူ့အား ဗီရိုထဲ ထည့်ခဲ့ချိန်တွင် ချင်ကုန်းမင်မှ အသက်ရှင်အောင် နေပါဟု ထပ်ခါတလဲလဲ မှာကြားခဲ့၍ ဖြစ်သည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ချင်ထျန်းမင် အစာမစားရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ကံကောင်းသည်မှာ ဤခံတပ်ကြီးထဲတွင် ရေစနစ်သည် အလုပ်လုပ်နေသေး၍ ဖြစ်သည်။ မဟုတ်လျှင် ချင်ထျန်းမင်သည် အစာငတ်မသေခင်မှာပင် ရေငတ်၍ သေသွားလောက်ပြီ ဖြစ်သည်။
သူ မှုန်ရီစွာဖြင့် မျက်လုံးများ ဖွင့်လိုက်လေသည်။ ဗိုက်ဆာလွန်း၍ ပြန်နိုးလာပြန်ပြီ ဖြစ်သည်။ အိပ်မက်ထဲမှာမူ သူသည် တော်ဝင်နန်းတွင်း ဟင်းလျာကြီးအား မြိန်ရည်ယှက်ရည် စားနေခဲ့ခြင်း ဖြစ်သည်။ အိပ်မက်မှပင် မနိုးချင်တော့ချေ။ ဤအတိုင်းသာ ဆက်လက်၍ အိပ်နေချင်တော့သည်။
ချင်ထျန်းမင်သည် ချိုင့်ဝင်နေသည့် သူ့ဗိုက်အား စမ်းကြည့်လိုက်ပြီးနောက် ပိန်လိန်ကာ အရိုးပေါ် အရေတင်နေသည့် သူ၏ လက်ကလေးအား ကြည့်ရင်း ငေးမောနေမိလေသည်။
‘အော် အားလုံးက အိပ်မက်တစ်ခုပဲကိုး ငါ မသေသေးပါလား ငါ အသက်ရှင်နေသေးတယ်ပဲ’
"ဗိုက်ဆာလိုက်တာ ဗိုက်ဆာလိုက်တာ ဒါ ဘာအနံ့လဲ သိပ်မွှေးတာပဲ"
ချင်ထျန်းမင် တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထလိုက်လေသည်။ ရေသောက်ရန် အပေါ်ထပ်မှနေ၍ အောက်သို့ ဆင်းချင်နေခြင်း ဖြစ်သည်။ အနည်းဆုံးတွင် ဗိုက်ထဲ ရေရှိနေလျှင် ထိုမျှအထိ ဆာလောင်မှုအား ခံစားရမည် မဟုတ်ချေ။
မိုကွမ်းရှန်းတို့သည် ဤနေရာတွင် မည်သည့် အချိန်ကမှ ချက်ပြုတ် စားသောက်လေ့ မရှိသည့် အတွက်ကြောင့် သူ ရနေသည့် အနံ့သည် စိတ်ကူးယဉ်မှု တစ်ခု ဟုသာသူ ထင်နေခဲ့ခြင်း ဖြစ်သည်။ မိုကွမ်းရှန်းတို့ လူတစ်စု လူသားစားကတည်းမှ ချင်ထျန်းမင် ဗဟိုမီးဖိုချောင်အနားသို့ မချဉ်းကပ်ရဲတော့ချေ။ ဗိုက်ဆာ၍ သေသွားပါစေဦး ထို မိစ္ဆာများ သူ၏ အဖေဖြစ်သူအား စားသောက် နေသည်အား မြင်ရမည်ကို သူ ကြောက်ရွံနေခြင်း ဖြစ်သည်။
ချင်ထျန်းမင်၏ တစ်ကိုယ်လုံးသည် ပိန်လိန်နေလျှက် ရှိကာ ခြေထောက်များသည်လည်း အားမရှိတော့ပေ။ ကံကောင်းသည်မှာ တစ်ရက်တွင် သူ နိုးလာချိန်တွင် သူ့ခန္ဓာကိုယ်ထဲ၌ တစ်ခုခု ပြောင်းလဲသွားသည်အား သတိထားမိလိုက်လေသည်။ သူ ကိုယ်ပျောက်၍ ရနေသည်အား သူ သိလိုက်ရလေသည်။ မဟုတ်လျှင် မိုကွမ်းရှန်းတို့သာ သူ့၏ ယခုလို အခြေအနေအား မြင်သွားခဲ့လျှင် သူ ချက်ချင်း အသတ်ခံရမည်မှာ အသေချာပင် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ သူ အစာမစားရသည်မှာ ကြာပြီ ဖြစ်၍ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။ မိုကွမ်းရှန်းတို့သာ မြင်သွားခဲ့လျှင် သူ ထွက်ပြေးရန် အားရှိလိမ့်မည် မဟုတ်ဘူးချေ။
"မွှေးလိုက်တာ သိပ်မွှေးတာပဲ ဗိုက်ဆာလိုက်တာ"
ချင်ထျန်းမင် အောက်ထပ်သို့ ဆင်းလာလေလေ သူရသည့် အနံ့သည် ပို၍ ပြင်းပြင်းထန်ထန် ရလာလေလေ ဖြစ်သည်။ မိုကွမ်းရှန်းတို့ လူစုများ ဖြစ်နေမည်လား။
ချင်ထျန်းမင် ကြောက်လန့်တုန်လှုပ် သွားပြီးနောက် ချက်ချင်း မျက်စိမှိတ်ကာ ကိုယ်ဖျောက်လိုက်လေသည်။ ထို့နောက် ခြေသံအား တိတ်တဆိတ် ဖွဖွနင်းရင်း နံရံနှင့် လက်ရန်းများအား အားပြုလျှက် တရွေ့ရွေ့ ချဉ်းကပ်လာခဲ့တေ့ာသည်။ မထင်မှတ်ထားသည်မှာ ဂိုဒေါင်ထဲတွင် မည်သူမှ မရှိပေ။ အနံ့သည် ဂိုဒေါင် ၏ အပြင်ဘက်မှနေ လွင့်ပျံလာပုံ ရလေသည်။
ချင်ထျန်းမင် တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် သတ္တိမွေးကာ နံရံအား အားပြုရင်း ဂိုဒေါင်အဝင်ဝဆီသို့ ဖြည်းဖြည်းချင်း ရွေ့လာခဲ့တော့သည်။
‘သူတို့က ဘယ်သူတွေလဲ’
ချင်ထျန်းမင် ကြောင်အသွားခဲ့ရသည်။ သူစိမ်း သုံးယောက်သည် မည်သူများ ဖြစ်နေသည်အား သူ ဝေခွဲမရဖြစ်နေသည့်တိုင် နောက်တစ်စက္ကန့်တွင်မူ သူတို့၏ ရှေ့မှ စားစရာများထံသို့သာ အာရုံ ရောက်သွားတော့သည်။
သူတို့အနားသို့ မည်သို့ လျှောက်သွားမိသည် ဆိုသည်ကိုပင် ချင်ထျန်းမင် မသိလိုက်ပေ။ ယခု သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ထိုသည်မှာ သူ တအား ဗိုက်ဆာနေပြီ ဖြစ်ကာ စားချင်တယ် ဒီစားစရာတွေကို စားချင်တယ် ဆို၍သာ ဖြစ်တော့သည်။ ထိုသည်အား တွေးမိသည်နှင့် သူ၏ ခန္ဓာကိုယ်သည် စတင် လှုပ်ရှား သွားတော့သည်။