အခန်း ၁၅၃
Vol. 11 Ch. 153
အခန်း ၁၅၃ - အဖွဲ့ထဲ ဝင်ရောက်ခြင်း
"မင်း ငါ့နောက် မလိုက်ချင်ဘူး ဆိုရင်လည်း ရပါတယ် စိတ်မပူပါနဲ့ မင်းကို ငါ မသတ်ပါဘူး ဒါပေမဲ့ မင်း ငါ့နောက်မလိုက်ဘူး ဆိုရင်တော့ ဒီမှာ ဆက်နေလို့ မရတော့ဘူး"
ရဲ့ရှင်းချန်၏ စကားအား ကြားချိန်တွင် ချင်ထျန်းမင်သည် တုံ့ဆိုင်းမနေဘဲ ခေါ်လိုက်လေသည်။
"အစ်ကိုရဲ့"
သူ့တွင် သွားစရာ နေရာမရှိတော့ချေ။ သူနှင့် ချင်ကုန်းမင်သည် ဤနေရာနှင့် အဝေးကြီးတွင် ရှိသည့် တိုက်ခန်းငယ်လေး တစ်ခုတွင် နေကြခြင်း ဖြစ်သည်။ ကလေး တစ်ယောက်ဆိုသော်လည်း သူသည် အရူး မဟုတ်ချေ။ အပြင်ဘက်တွင် မည်သည့် အဖြစပျက်များ ဖြစ်ပျက်နေသည်အား သူ သိသကဲ့သို့ သူတစ်ယောက်တည်း အိမ်မပြန်နိုင်သည်အားလည်း ကောင်းစွာ သိပေသည်။
ချင်ကုန်းမင် မသေခင်တွင် သူ့အား ဤဘေးကင်းရေး ခံတပ်မှနေ၍ အကြိမ်အနည်းငယ် ခေါ်ထုတ်သွားဖူးလေသည်။ ထိုအချိန်တွင် အပြင်ဘက်မှာ နှင်းတွေ ကျနေဆဲဖြစ်သည်။ တောင်ထိပ်တွင် ဆောက်ထားတာ၍သာ မဟုတ်ခဲ့လျှင် သူတို့ နှင်းမုန်တိုင်း အတွင်း မြုပ်သွားလောက်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ချင်ကုန်းမင်သည် သူ့အား ဘေးကင်းရေးခံတပ် အဝင်ဝ၌ နှင်းများ ရှင်းရန် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ သစ်တောစပ်တွင် ရပ်၍ အောက်သို့ ငုံ့ကြည့်ရင်း ချင်ကုန်းမင် သက်ပြင်းချသံအား ချင်ထျန်းမင် တစ်ကြိမ်မက ကြားခဲ့ရလေသည်။ သူ တစ်ယောက်တည်း ပြန်၍ မရသည်အား မဆိုထားနှင့်။ ချင်ကုန်းမင် သက်ရှိထင်ရှား ရှိနေစဉ်ပင် သူ့အား ပြန်မခေါ်သွားနိုင်ခဲ့ချေ။
ချင်ကုန်းမင်သည် သူတို့အား အိမ်ပြန်ခွင့် မပေးသည်မှာ ဝမ်မင်ချုံး ရုတ်တရက် ရောက်လာခဲ့ကာ ပြုစုမည့်သူ မရှိသည်အား မြင်လျှင် ဒေါသထွက်မည်အား စိုး၍ ဖြစ်သည်။ နောက်အကြောင်းရင်း တစ်ခုမှာမူ ချင်ကုန်းမင်သည် သူတို့နှင့် အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ ဤဘေးကင်းရေး ခံတပ်၏ အိမ်တော်ထိန်း တစ်ယောက် ဆိုသည့်တိုင် သူတို့အား မိတ်ဆွေများ မိသားစုဝင်များကဲ့သို့ သဘောထားနေခဲ့သည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သည်။
နှင်းဖုံးနေသည့် တောင်တက်လမ်းသည် စိုစွတ်ကာ ချော်နေခဲ့သည်။ တောင်သည် သိပ်မမြင့်သည့်တိုင် အနိမ့်ကြီးလည်း မဟုတ်သည့် အတွက် ဤနေရာမှ ပြုတ်ကျခဲ့လျှင် အသက် သေသွားနိုင်လေသည်။
ချင်ကုန်းမင်သည် သူတို့အား ထွက်မသွားစေချင်ခြင်း မဟုတ်ချေ။ ရာသီဥတုသည် ထူးဆန်းလှကာ ဆိုးရွားလွန်းနေခြင်းကြောင့် တောင်အောက်ဆင်းလျှင် တစ်ခုခုဖြစ်မည်အား စိုးရိမ်၍ အပြင်မထွက်ရန်နှင့် အိမ်မပြန်ရန် တားဆီးကာ တင်းခံနေခဲ့ခြင်း ဖြစ်သည်။
သို့သော် အစားအစာ ပြတ်လပ်မှုသည် တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာချိန်တွင် လူတိုင်းမှ ညည်းညူလာကြကုန်သည်။ နောက်ဆုံးတွင်မူ လူတိုင်းသည် ချင်ကုန်းမင်၏ စေတနာအား နားမလည်သည့် အပြင် လူအများစုသည် သူ့အား လူအိုအရူးကြီး တခြားသူများအား အိမ်မပြန်နိုင်ရန် ပိတ်လှောင်ထားသူ ဟူ၍ပင် လက်ညှိုးထိုး ဆဲဆိုကြကုန်လေသည်။ ထို့နောက်တွင်မူ ချင်ကုန်းမင်သည် မိုကွမ်ရှန်း၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရတေ့ာသည်။
ယခင်တွင် ချင်ထျန်းမင်၌ သေရုံမှလွဲ၍ တခြား ရွေးချယ်စရာ မရှိခဲ့ချေ။ သို့သော် ယခုမူ မတူတော့ချေ။ ရဲ့ရှင်းချန် ရုတ်တရက် ပေါ်လာသည်မှာ သူ့၏ အမှောင်ကမ္ဘာထဲအား ရုတ်တရက် ဖြာကျလာသည့် အလင်းတန်း တစ်ခုကဲ့သို့ ဖြစ်နေချေတော့သည်။
အသက်ရှင်သန်ရန် အခွင့်ရေး ရှိခဲ့လျှင် မည်သူသည် သေချင်လိမ့်မည်နည်း။
ထိုသည်အား ကြားချိန်တွင် ချင်ထျန်းမင်သည် ရဲ့ရှင်းချန်အား အစ်ကိုဟု ခေါ်ရုံသာမက ကျောက်ခုံပေါ်မှ ထလာခဲ့ကာ ရဲ့ရှင်းချန်၏ ရှေ့တွင်တ ဒူးထောက်ချလိုက်တော့သည်။
"နောင်ကျရင် အစ်ကို့စကားကို ကျွန်တော် နားထောင်ပါ့မယ် ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော့်ကို သေခိုင်းရင်တောင် သေပါ့မယ်"
ချင်ကုန်းမင်သာ မရှိခဲ့လျှင် သူ သေသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။ ရဲ့ရှင်းချန် ကျွေးသည့် အစားအစာသာ မရှိလျှင် သူ သိပ်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သူ ငတ်သေလျှင်သေ မဟုတ်လျှင် မိုကွမ်ရှန်းနှင့် သူ၏ လူများ၏ သတ်ဖြတ်ခြင်းအား ခံရမည်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ သူ သေဆုံးရမည်သာ ဖြစ်သည်။
နောက်ဆုံးတွင်မူ ရဲ့ရှင်းချန်သည် သူ့အား ထပ်မံ၍ အသက်ရှင်သန်ရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ချင်ထျန်းမင် စိတ်လှုပ်ရှားသွားခဲ့ရကာ ကြည်နူးသွားခဲ့ရသည်။ ချက်ချင်းပင် ရဲ့ရှင်းချန်အား အကြိမ်အနည်းငယ် ဦးညွှတ်လိုက်လေသည်။
"ဒီလောက်ကြီး ရိုသေပြနေစရာ မလိုပါဘူးကွာ ငါ ရဲ့ရှင်းချန် ဆိုတဲ့သူက အလကားလူတွေကိုတော့ မကျွေးမွေးထားဘူး ငါ့အတွက် အလုပ် လုပ်ပေးရင် မင်းကို အစားအစာ ကျွေးမယ်"
"ကျောင်းပိတ်ရက်တွေဆို ချင်ကုန်းမင်နဲ့အတူ ဒီကို လာတယ်ဆိုတော့ မင်းက ဒီနေရာကို ကျွမ်းကျင်တယ်လို့ ဆိုလိုတာလား"
ချင်ထျန်းမင် မှ ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့ အရင်က အဖေက ဒီနေရာအနှံ့ကို ခေါ်သွားဖူးတယ် သူ အသက်ကြီးလာရင် သူ့နေရာမှာ ကျွန်တော့်ကို အိမ်တော်ထိန်း အဖြစ် ဆက်ခံစေချင်လို့လေ"
ရဲ့ရှင်းချန် သူ့ကိုယ်သူ စိတ်ထဲမှာ လက်မထောင်၍ ချီးကျူးလိုက်မိသည်။
‘ကြည့်စမ်း ကြည့်စမ်း ငါ့ကံတရားနဲ့ ငါ့ဆုံးဖြတ်ချက်က တကယ်ကောင်းတာပဲ’
အစပိုင်း၌ အထူးစွမ်းအားပါသည့် ကလေးတစ်ယောက်အား တွေ့ရသည်မှာ ရှားသည် ဟုသာ သူ ထင်ခဲ့ခြင်း ဖြစ်သည်။ နောင်ကျလျှင် သူ့၏ ကိုယ်ပျောက်စွမ်းအားအား သုံး၍ ရနိုင်မည်ဟု ထင်ခဲ့သည့်တိုင် ထို့ထက် ပိုပြီး အသုံးဝင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ့တွင် အိမ်တော်ထိန်း တစ်ယောက် ရသွားသည့် ပုံရသည်။ သို့သော် ဤအိမ်တော်ထိန်းအား လတ်တလောတွင် ယုံကြည်၍ ရမရကိုမူ သူ မသိသေးချေ။ ထို့အပြင် လတ်တလောတွင် သူသည် အနည်းငယ် ငယ်လွန်းနေသေးသည်။
"ကောင်းပြီ ဒါဆို မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲ"
ချင်ထျန်းမင် ခဏတာ တုံ့ဆိုင်းသွားခဲ့ရသည်။
"သိပ်တော့ မကျွမ်းကျင်သေးဘူး အခု လောလောဆယ် ကိုယ်ပျောက်တာကိုပဲ ထိန်းချုပ်နိုင်သေးတယ်"
ရဲ့ရှင်းချန် ခဏတာ စဉ်းစားလိုက်လေသည်။
‘လောလောဆယ်တော့ ဒီလောက်နဲ့တင် လုံလောက်တဲ့ပုံပဲ ဒီည ဒီမှာ တစ်ညအိပ်ရလိမ့်မယ် ထင်တယ်’
"ကောင်းပြီ မင်းလည်း အခု ဗိုက်ဝသွားပြီ ဆိုတေ့ာ ထပြီး စားထားတာတွေ ချေဖျက်လိုက်ဦး လမ်းပြပြီး ဒီက အရေးအကြီးဆုံး နေရာတွေကို လိုက်ပြပေးဦး"
ညတွင်းချင်း နေရာတိုင်းအား စစ်ဆေးရန် ရဲ့ရှင်းချန် မမျှော်လင့်ထားချေ။ မည်သို့ပင် ဖြစ်စေ ဤနေရာသည် ကြီးလွန်း၍ ယနေ့ည သူ ဤနေရာတွင် မအိပ်ရင်လျှင်ပင် အနားယူရန် လိုအပ်သေးသည် မဟုတ်ပါလား။
အိပ်မောကျသွားမည်ကိုလည်း သူ စိုးရိမ်မိလေသည်။ သူ မည်သူ့ကိုမှ မယုံကြည်ချေ။ သူနှင့် အချိန်အတော်ကြာ အတူနေခဲ့သည့် လင်းစစ်ကျားကိုပင် သူ မယုံကြည်ချေ။
"ဒီမှာ သက်ရှိထင်ရှား ရှိနေသေးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ မင်း သိလား မင်း ဟိုပြေးဒီပြေး လုပ်နေခဲ့တာပဲ မဟုတ်လား"
"သိပ်မကျန်တော့ပါဘူး ၃၀ လောက်ပဲ ရှိတော့မယ် ထင်တယ် ကျန်တဲ့လူတွေ အကုန်လုံး ဦးလေးမို သတ်လိုက်တာ"
"ကျွန်တော်လည်း လျှောက်မပြေးရဲပါဘူး တစ်ခါတော့ သေမလိုတောင် ဖြစ်သွားသေးတယ် အဲ့ဒီတုန်းက ဦးလေးမိုက ဓားကြီးကိုင်ပြီး ကျွန်တော့်ရှေ့ ရောက်နေတာ ကျွန်တော် သိပ်ကြောက်သွားပြီး သတိလစ်သွားတယ်"
"အဲ့ဒီနောက် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ ကျွန်တော်က ကိုယ်ပျောက် နေတာကို သတိထားမိလိုက်တယ်လေ"
နားထောင်ရင်း ရဲ့ရှင်းချန် တွေးတောနေမိလေသည်။ ချင်ထျန်းမင်သည် ထိုအချိန်တွင် သူ၏ စွမ်းအားအား နိုးကြားသွားစေပုံ ရလေသည်။ မိုကွမ်ရှန်းကြောင့် သေမလောက် ကြောက်သွားခဲ့ကာ စွမ်းရည် နိုးထလာခြင်း ဖြစ်ပုံရသည်။
"ကောင်လေး မင်းက သတ္တိတော့ ရှိသားပဲ"
ချင်ထျန်းမင် နောက်မှနေ လိုက်လာသည့် ရဲ့ရှင်းချန်သည် မစဘဲ မနေနိုင်တော့ချေ။
"မင်းက ကြောက်တတ်တာကို အစားအစာကလည်း ခိုးစားချင်သေးတယ်ပေါ့လေ စောစောက ခိုးစားမလို့ မလား ငါမိသွားပြီး အသတ်ခံရမှာကို တကယ် မကြောက်ဘူးလား"
ရဲ့ရှင်းချန် စကားအား ကြားချိန်တွင် ချင်ထျန်းမင် တစ်ယောက် မျက်နှာ ရဲသွားခဲ့ရလေသည်။ သူသည် သိပ်ဆာလွန်း၍ ရဲ့ရှင်းချန် သတိမထားမိခင် တစ်လုတ်လောက် အမှန်တကယ် ခိုးစားချင်နေခဲ့ခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ် အစ်ကိုရဲ့ ကျွန်တော် အရမ်း ဗိုက်ဆာနေလို့ပါ မမိလောက်ဘူး ထင်ထားတာ နောက်ဆုံးတော့ အစ်ကိုရဲ့ မိသွားတာပဲလေ"
ချင်ထျန်းမင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရဲ့ရှင်းချန်အား လှည့်ကြည့်လေသည်။
"ဒါပေမဲ့ အရမ်း အံ့သြဖို့ကောင်းတယ် ကျွန်တော်က ကိုယ်ပျောက်နေတာကို အစ်ကိုရဲ့က ဘယ်လိုလုပ် ကျွန်တော့်ကို တွေ့သွားတာလဲ"
"အရင်က ဦးလေးမိုတို့ ဆီကနေ ခိုးထွက်လာတုန်းက သူတို့ ကျွန်တော့်ကို မမြင်ဘူးလေ ဒါပေမဲ့ အစ်ကိုကတော့ မျက်စိတစ်မှိတ် အတွင်းမှာ ကျွန်တော့် လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တာပဲ စောစောက ကျွန်တော် သေမလောက်ကို ကြောက်သွားတာ"
ရဲ့ရှင်းချန် ပြုံးလိုက်ကာ မည်သည်ကိုမှ ပြန်မပြောတော့ဘဲ ချင်ထျန်းမင်၏ နောက်မှနေသာ တစ်လှမ်းချင်း လိုက်သွားလိုက်တော့သည်။
‘လူ ၃၀ ကျော်’
သူ အစောပိုင်း၌ လူဆယ်ယောက်ကျော်လောက်သာ သတ်ခဲ့သည်အား ရဲ့ရှင်းချန် ပြန်သတိရ လိုက်လေသည်။